Wednesday, February 13, 2013

ချစ်ခြင်း မုန်းခြင်း ကင်းသည့် ခရီးသည်

ချစ်ခြင်း မုန်းခြင်း ကင်းသည့် ခရီးသည်


"မကောင်းမှု ဒုစရိုက်"ဆိုတာ "ချစ်ခြင်း၊ မုန်းခြင်း" ဆိုတဲ့ အစွန်း တစ်ခုခုနဲ့ ငြိသူတွေသာ ကျူးလွန်လေ့ရှိတဲ့ အမှုမျိုး ဖြစ်ပါတယ်။ မြတ်ဗုဒ္ဓရဲ့ မဇ္ဈိမလမ်းစဉ် မပေါ်ခင်က လူတို့(သတ္တ၀ါတို့) လျှောက်လှမ်းနေတဲ့ လမ်းစဉ်ဟာ အမည်တွေ အမျိုးမျိုး ကွဲပြားကြပေမယ့် အမျိုး တူရာ ပေါင်းလိုက်တဲ့အခါ အာရုံကို အချစ်ကြီး လွန်းသူတို့ရဲ့ "ကာမသုခလ္လိက"လမ်းစဉ်နှင့် အာရုံကို အမုန်းကြီးလွန်း သူတို့ရဲ့ "အတ္တကိလမထ" လမ်းစဉ် ဆိုပြီး နှစ်မျိုးသာရှိကြောင်း တရားဦးအစမှာ မြတ်ဗုဒ္ဓက ထောက်ပြခဲ့ပါ တယ်။

ဒီခရီးသည် နှစ်မျိုးတို့ဟာ အချင်းချင်း ဖြောင့်ဖြောင့် ဆန့်ကျင်တဲ့ လမ်းနှစ်ခုကို လျှောက် လှမ်းနေကြတယ်လို့ ထင်ရပေမယ့် တကယ့်ပန်းတိုင် ရှိရာ ရှေ့တည့် တည့်ကို ကြည့်ရကောင်း မှန်း မသိကြတာချင်းကတော့ အတူတူပါပဲ။ ရှေ့တည့်တည့်ကို ကြည့်ရြကောင်းမှန်းမသိလို့ ဘေးကို ကြည်မိ နေကြပေမယ့် ဘေးကို လည်း တကယ် မမြင်ကြပါဘူး၊ ဘေးကို မမြင်ဘဲ ဘေးဘက်ကို ဦးတည် ဇွက်တိုးနေကြလို့ နောက်ဆုံးမှာ ဘေးစွန်းနဲ့ ငြိပြီး ဘေးတွေ့ကြတာ ချင်းလည်း အတူတူပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း မြတ်ဗုဒ္ဓက အစွန်းတရား နှစ်ခုလုံးတို့ရဲ့ နိဂုံးကို "အနရိယော အနတ္ထသံဟိတော= သူမြတ်တို့ လက်မခံတဲ့ အကျိုးမဲ့လမ်း ဖြစ်တယ်" လို့ တစ်ပေါင်းတည်း မှတ်ချက်ချတော်မူတာပါ။

ကာမသုခလ္လိက ခရီးသည်များက အာရုံကို အချစ်ကြီးလွန်းတယ်၊ အတ္တကိလမထ ခရီး သည်တို့က အာရုံကို အမုန်းကြီးလွန်းတယ်။ သတ္တ၀ါတွေကို ဒုက္ခခရီးရှည်စေတဲ့ မကောင်းမှု ဒုစရိုက် ဆိုတာက ချစ်ခြင်း၊ မုန်းခြင်းဆိုတဲ့ အစွန်းတစ်ခုခုနဲ့ ငြိသူတွေသာ ကျူးလွန်လေ့ရှိတဲ့ အမှုမျိုး ဖြစ်ပါတယ်။

ဘေးရောက်ရင် ဘေးတွေ့တတ်တဲ့အတွက် ဘေးဘက်ကို မလျှောက်ဘဲ ဘေးလွတ်ရာ ရောက်အောင် ရှေ့တည့်တည့် လျှောက်ရမယ့် မဇ္ဈိမခရီးသည်ဆိုတာ ချစ်ခြင်း၊ မုန်းခြင်း ကင်း သူ ဖြစ်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် မဇ္ဈိမ ချဉ်းကပ်လမ်းမှာ ဣန္ဒြိယသံဝရ= ဣနြေ္ဒကိုစောင့် စည်းမှုနဲ့ ပြည့်စုံဖို့ လမ်းညွန်ခဲ့တာပါ။ မျက်စိ၊ နား၊ နှာ စတဲ့ ဣနြေ္ဒများနဲ့ အပြင်အာရုံတို့ တိုက် ဆုံမိခြင်းကို အကြောင်းပြုပြီး ချစ်ခြင်း၊ မုန်းခြင်း ဆိုတဲ့ ဘက်တစ်ခုခုစီ ရောက်မသွားအောင် ထိန်းသိမ်း စောင့်ရှောက်နိုင်မှုနဲ့ ပြည့်စုံရမှာပါ။ ဣနြေ္ဒလုံခြုံရင် ဒုစရိုက်ကင်းပြီး ချမ်းသာခြင်းကို ဆောင်နိုင်ပါတယ်။

"စိတ္တံ ရက္ခေထ မေဓာဝီ၊ စိတ္တံ ဂုတ္တံ သုခါဝဟံ= စိတ်ကို လုံခြုံအောင် စောင့်ကြပါ။ စိတ်လုံခြုံရင် ချမ်းသာကို ဆောင်နိုင်ပါတယ်။(ဓမ္မပဒ၊၃၆)ဆိုတာ ဒီသဘောကို ရည်ညွန်းတာ ပါပဲ။ ဒုစရိုက်ကင်းပြီး သုစရိုက် သုံးပါးနဲ့ ပြည့်စုံတဲ့တွက် သီလသိက္ခာ ပြည့်စုံသူ လို့လည်း ဆိုနိုင်ပါပြီ။ သမာဓိသိက္ခာ၊ ပညာသိက္ခာ တိုးပွားရေးအတွက် အဆင့်မီသူလည်း ဖြစ်ပါပြီ။ ဒါကြောင့် "သုစရိုက်နဲ့ ပြည့်စုံရင် သတိပဋ္ဌာန်လေးပါး ပြည့်စုံစေတယ်"လို့ အ၀ိဇ္ဇာသုတ်မှာ ဆက်ပြီး ဟောတာပါ။ သတိပဋ္ဌာန်လေးပါး ပြည့်စုံစေတယ်ဆိုတာ မဂ္ဂင်ရှစ်ပါး(မဇ္ဈိမပဋိပဒါ) ကိုပြည့်စုံအောင် အားထုတ်ဖို့ လုံလောက်ပြီလို့ ဆိုတာနဲ့ အတူတူပါပဲ။

"မဇ္ဈိမ ချဉ်းကပ်လမ်း" လို့ ပြောခဲ့တဲ့ သူတော်ကောင်းတို့ကို မှီဝဲဆည်းကပ်ခြင်းကစပြီး သုစရိုက်သုံးပါး ပြည့်စုံလို့ သီလသိက္ခာကို မိမိသန္တာန်မှာ အိမ်ရှင်သဖွယ် တည်ရှိတဲ့အထိကို အသေအချာ ပြန်ပြီး စဉ်းစားသုံးသပ်ကြည့်မယ်ဆိုရင် စိတ်ရဲ့ စွမ်းအားစုဖြစ်တဲ့ သဒ္ဓါ၊ ၀ီရိယ၊ သတိ၊ သမာဓိ၊ ပညာ ၊ ငါးပါးထဲမှာ "သဒ္ဓါ"တရားက ဦးဆောင်ခဲ့တာ ဖြစ်ပြီး ကျန်စွမ်းအား လေးခုက ကူညီ ထောက်ပံ့ပေးတဲ့ အဆင့်မှာပဲ ရှိတယ် ဆိုတာကိုလည်း သဘောပေါက်သင့် ပါတယ်။ သဒ္ဓါစွမ်းအား ကောင်းမှ ဒီအဆင့်ကို ရောက်မယ်လို့ ဆိုလိုတာပါ။

မှန်ပါတယ်။ ကျိုး ပေါက် ပြောက် ကြားခြင်းမရှိ၊ တဏှာကျွန် အဖြစ်က လွတ်အောင် ရုံးပြီး တဏှာဒိဋ္ဌိ တို့နဲ့ လည်းမှားမှားယွင်းယွင်း စွဲကပ်မထားဘဲ မသာဓိကို အထောက်အကူ ပေးနိုင်လောက်တဲ့ သီလသိက္ခာ ဆိုတာ အနည်းဆုံး သောတာပန် ဖြစ်နိုင်လောက်တဲ့ သောတာ ပတ္တိယင်္ဂ တရားလေးပါးထဲမှာ အဓိက အကျဆုံးလည်း ဖြစ်ပါယ်။ " စတူသု -သောတာပတ္တိ ယင်္ဂေသု ဧတ္ထ သဒ္ဓါဗလံ ဒဋ္ဌဗ္ဗံ= သောတာပတ္တ အင်္ဂါလေးပါးတို့မှာ သဒ္ဓါ တရားကို အဓိက ဦးဆောင်တဲ့ တရားလို့ မှတ်ရမယ်" (အံ၊၂။၁၀ ဒဋ္ဌဗ္ဗသုတ်) ဆိုတဲ့အတိုင်း သိလသိက္ခာမှာ သဒ္ဓါ စွမ်းအားက အဓိက ဦးဆောင်ဖြစ်ပါယတ်။

ဆက်လက် လျှောက်လှမ်းကျင့်သုံးရမယ့် မဇ္ဈိမ လမ်းမှာ ကျန်တဲ့ သိက္ခာ နှစ်ခုထဲက သမာဓိသိက္ခာဖြစ်တဲ့ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိ မဂ္ဂင်သုံးပါးတို့ကို အဓိက ပွား များ အားထုတ်ကြရမှာပါ။ သမာဓိသက္ခာဟာ သီလနဲ့ ပညာတို့ကို တပေါင်းတည်း အပြည့်အ၀ ဖြစ်အောင် ပေါင်းစပ်ပေးပါတယ်။ မဂ်အဆင့် ရောက်တဲ့အခါ သီလဟာ စောင့်သီလ( သမာဒါန၀ိရတိ) ရှောင်သီလ (သမ္ပတ္တ၀ိရတီ) အဆင့်ကို ကျော်လွန်ပြီး မြဲသီလ (သမုစ္ဆေဒ၀ိရတီ) အဆင့် ရောက်သွားတဲ့အတွက် သီလနဲ့ ပညာ တစ်ပေါင်းတည်း ဖြစ်သွားပါ တယ်။ ဒါကြောင့် "သီလ ပညာနံ အဂ္ဂမက္ခာယတိ= သီလနဲ့ ပညာကို အမြတ်ဆုံးလို့ ဆိုရ မယ်"လို့ ဘုရားရှင် ဟောတော်တော်မူတာပါ။ (ဒီ၊၁။ ၁၁၇)။

သမာဓိမဂ္ဂင် သုံးမျိုးတို့ကို ပွားများရာမှာ ဈာန်လမ်းစဉ်အတွက် ဆိုရင်သာ သမာဓိက ဦးဆောင် ဖြစ်ပေမယ့် ဉာဏ်လမ်းစဉ်ဖြစ်တဲ့ မဇ္ဈိမပဋိပဒါ အကျင့်မှာတော့ ၀ိပဿနာ ၊ မဂ် ပညာ တို့ကို အထောက်အကူ ပေးရေးသာ အဓိက ရည်ရွယ်ပွားများရမှာ ဖြစ်လို့ သတိက ဦးဆောင်ပါတယ်။ ဒါကြောင့် "သတိပဋ္ဌာန်အလုပ်"လို့ ဆိုကြတာပါ။

ဒီနေရာမှာ သတိရဲ့ ဦးဆောင်နိုင်ပုံနဲ့ ပတ်သက်လို့ ပိဋကတော်မှာ လာတဲ့အတိုင်း တိပိဋကဓရ(ယော)ဆရာတော် ဟောကြားတော်မူတဲ့ "ဧမြရွှင်ပြုံး လူ့နှစ်လုံး"တရားတော်ကို အခြေခံပြီး ပြည့်ြုပည့်စုံစုံလေး ပြောချင်ပါတယ်။

သတိရဲ့ အဓိက တောင်းဆိုချက်ကတော့ ပစ္စုပ္ပန်ကို တန်ဖိုးထားဖို့ပါပဲ။ သတိ ဆိုတာ-
(၁) အာရုံကို ပုံဖော်ရမယ်၊ ဘာပဲဖြစ်ဖြစ် ဆောက်ရွက်လိုတဲ့ အာရုံဟာ အသိစိတ်ထဲ ပြတ်ပြတ် သားသား ပေါ်လာရမယ်။


(၂) အာရုံ၌ စိတ်ကင်းလွတ်မသွားအောင် ချပ်ချပ် ရပ်ရပ် ကပ်ပေးရမယ်။


(၃) မလုပ်မပြီးမီ အာရုံမပျောက်အောင် အသိစိတ်ကို အာရုံပေါ်မှာ မိမိရရ စွပ်ထားရမယ်။


(၄)အလုပ်တစ်ခု လုပ်နေတုန်း တစ်ခြားအာရုံကြားဖြတ်ဝင်မလာအောင် စောင့်ရှောက်ရတယ်။ အာရုံကို သတိရဲ့ အစီအစဉ်အတိုင်း လာစေရမယ်၊ အစီအစဉ်ကင်းမဲ့တဲ့ အာရုံတွေကို လက်ခံ ထားခြင်ဟာ ရှုတ်ထွေးတဲ့ အလုပ်ဖြစ်တယ်။ အာရုံရှုတ်တော့ အသိရှုတ်တယ်။ အသိရှုတ် တာ ကို အလုပ်တယ်လို့ ပြေနေကြတာ၊ အမှန်က အရှုပ်လုပ်နေကြတာပါ။ အရှုပ် လုပ်လို့ အသိ ရှုပ်ပြီး စိတ်ရှုတ်ရတာပါ။ ဘာအလုပ် လုပ်လုပ် ၊ ဘယ်လောက် အလုပ်များများ၊ သတိနဲ့ မပြတ် အောင် စောင့် ကြည့်တတ်ရင် အာရုံမရှုပ်အတွက် အသိလည်း မရှုတ်၊ စိတ်လည်း မရှုတ်ပါဘူး၊ အရပ်စကားမှာ အလုပ်များကိုပဲ အလုပ်ရှုတ်တယ်လို့ ပြောကြပါတယ်။

အဲဒီစကားအရ ပြောရရင်" အလုပ်ရှုပ်တာဟာ စိတ်ရှုပ်စရာလည်း မဟုတ်ဘူး၊ နောက်ဆက်တွဲ အကျိုးလည်း မရှုပ်ပါဘူး။ အရှုပ်လုပ်တာက စိတ်လည်း ရှုပ်ရ တယ်၊ နောက်ဆက်တွဲ အကျိုး တွေလည်း ရှုပ်လာမယ်"လို့ပဲ ပြောရပါလိမ့်မယ်။


(၅)ဘာပဲလုပ်လုပ် အလုပ်မပြီးမချင်း ရှေ့အသိနဲ့ နောက်အသိ စပ်ထားပါ။ အသိချင်း ကွာသွားရင် ပမာဒ ကြားဝင်လာတဲ့အတွက် မဓာနအလုပ် အာရုံမျက် ခြည် ပြတ်ပြီး ကြားဝင် လာတဲ့ အာရုံ အရှုပ်တွေနောက် လိုက်မိသွားမယ်။ အဲဒါဟာ အရှုပ်လုပ်တာပါ။ အသိရှုပ်၊ စိတ်ရှုပ်ရတာဟာ ဒါကြောင့်ပါ။ သမဓိပျက်ရတယ် ၊ စိတ်မတည်ငြိမ်ဘူး ဆိုတာလည်း ဒါကိုပဲ ပြောတာပါ။


အာရုံရှုပ်ရင် အသိရှုပ်၊ စိတ်ရှုပ်၊ အာရုံရှင်းရင် အသိရှင်း၊ စိတ်ရှင်ရပုံနဲ့ ပတ်သက်လို့ မြတ်စွာဘုရားရှင်ပေးတဲ့ ဥပမာနဲ့ မိုးပြီး ပြောရရင်တော့-
အောက်ခြေ၀န်းကျင်က စိမ့်ရေတွေ အမြဲထွက်ပြီး အလွန်နက်တဲ့ ရေအိုင်ကြီးတစ်အိုင်၊ လေးဖက်လေးတန် ကလည်း ရေတွေ စီးဝင်နေမယ်၊ အထက်ကလည်း မိုးတွေ တဝေါဝေါ ရွာချနေမယ်၊ အဲ ဒီလို "ရှေ့ နောက် ၀ဲ ယာ အထက်" ဆိုတဲ့ ငါးဖက်ငါးတန်က ရေတွေ ဒလဟော ၀င်နေမယ် ဆိုရင် အဲဒီ ရေအိုင်ကြီးဟာ ရေ မျက်နှာပြင် လှုပ်ရှားနေမယ်၊ အဲဒီလို လှုပ်နေတဲ့ ရေပြင်မှာ မိမိမျက်နှာကို ငုံ့ပြီး ကြည့်ကြည့် ပုံရိပ်မှန် မပေါ်နိုင်သလို ဘာမှ ရှင်းရှင်း လင်းလင်း မသိနိုင်ဘူး။

လေးဘက်လေးတန်ကလည်း ရေတွေစီးမ၀င်တော့၊ အပေါ်ကလည်း မိုးမရွာတော့ဘူး၊ အပြင်မှာရှိတဲ့ ငါးဖက်က ရေတွေ မ၀င်တော့ဘဲ အတွင်းက စိမ့်ရေလေး နဲ့သာ ပြည့်နေတဲ့ အိုင်ကြီးဆိုရင် ရေမျက်နှာပြင် ငြိမ်သက်နေတဲ့ အတွက် မိမိမျက်နှာကို ငုံ့ကြည့်လိုက်ရင် နဂို ပုံရိပ်မှန်ပေါ်ပြီး မှဲ့၊ ညှင်း၊ တင်းတပ်၊ ၀က်ခြံ အစက် အပြောက် ကလေးပါ မကျန် မြင်ရ နိုင် တယ်။


အပြင်က ရေတွေ၊ မိုးတွေ ၀င်နေတာက အပြင် အာရုံတွေ ကြားဝင်ရှုပ်တဲ့ သဘော၊ ရေမျက်နှာပြင် လှိုင်းလှုပ်နေတာက စိတ်ရှုပ်တဲ့သဘော( သမာဓိပျက်တဲ့ သဘော) ။ ဘာမှ ပီပီပြင်ပြင် မမြင်၊ မသိရတာက အသိရှုပ်တဲ့သဘောပါ။ အပြင်က ရေတွေ မ၀င်တော့ဘဲ စိမ့်ရေ လေးသာ ရှိတယ် ဆိုတာက အပြင်အာရုံ တွေ မရှုပ်စေဘဲ "မနော"ဆိုတဲ့အတွင်းစိတ် ကလေး ကို သတိနဲ့ ကပ်ထားတဲ့ သဘော၊ ရေမျက်နှာပြင် ပြင်မသက်တာက စိတ်မရှုပ်တော့ဘဲ သမာဓိ ဖြစ်နေတဲ့ သ ဘော၊ မျက်နှာကို အသေးစိတ် သိမြင်ရတာက အမြင်ရှင်း၊ အသိရှင်း( ၀ိပဿနာ ပညာဖြစ်) တဲ့ သဘောပါ။


(၆) အလုပ်တိုင်း အရေးကြီးတယ်။ (အရေးပါစေပါတယ်)။
မဇ္ဈိမခရီးသည်တို့ရဲ့ လုပ်ခဆိုတာ ကုန်သွားသမျှ "အား"ဖြစ်ရတာပါပဲ။ ကုန်ဆုံးခြင်းရဲ့ ရလာဒ်ဟာ စွမ်းအား ဖြစ်စေရပါမယ်။ ဒါကြောင့် မဇ္ဈိမခရီးမှာ အရေးမကြီး တဲ့(အရေးမပါတဲ့) အလုပ်ဆိုတာ မရှိပါဘူး။ စားတာ၊ သွားတာ၊ ကျင်ကြီး ကျင်ငယ် စွန့်တာအထိ( မဟာသတိပဋ္ဌာနသုတ်မှာ ပါတဲ့အတိုင်း) လှုပ်ရှားမှု မှန်သမျှ အလုပ်တိုင်းရဲ့ နောက်မှာ "အသိ" ဆိုတဲ့ လုပ်ခတန်ဖိုး ပေးတာချည်းပါပဲ မိမိက ရယူနိုင်အောင် မပြတ်"သတိ"ထားနေရမှာပါ။


ထင်းကို အမှတ်မဲ့ မီးရှို့ထားရင် ထင်ကုန်တဲ့အခါ "ပြာ"ပဲ ကျန်မှာပါ။ ထင်းမှာ မီးလောင် နေတယ်ဆိုတာ သတိထားမိသူ အတွက်တော့ အိုးထဲမှာ ဆန်နဲ့ရေ အလောတော် ထည့်ပြီး တည်ထားလိုက်ရင် ထင်းကုန် သလောက် "ထမင်း" အမြတ် ကျန်ခဲ့တဲ့ သဘောပါပဲ။ "သတိထား အသိပွားနိုင်ကြပါစေ"ဆိုတာ ဒါကို ပြော တာပါ။

သတိ အမြဲရှိရေးအတွက် အခြေခံ ထားရှိရမယ့် မူသုံးချက် ရှိပါတယ်။
(၁) ဘာမဆို အေးအေးဆေးဆေး လုပ်ပါ။ သတိ သမာဓိရှိဖို့ ပြောတာပါ။ အောင်ပွဲရဖို့ဆိုတာ တာထွက် လိုက်တာနဲ့ ပန်းတိုင်ကို မျက်ခြည်မပြတ်ဖို့၊ သေချာဖို့ လိုပါတယ်။ အလုပ်မှာ စူးစိုက် တည်ငြိမ်အေးချမ်းဖို့ အရေးကြီးပါတယ်။ ဒါမှ ပစ္စုပ္ပန် သေချာမှာပါ။ ပစ္စုပ္ပန်ကို တန်ဖိုးထားဖို့ ဆိုတာလည်း ဒါကိုပဲ ပြောတာပါ။

(၂) "မအားဘူး"လို့ မပြောပါနဲ့၊ လူဆိုတာ နတ်များလို ကံဟောင်းကို ထိုင်စားနေတဲ့ ဘ၀မဟုတ်လို့ စားဝတ်နေရေးအတွက် အလုပ်လုပ်နေရတယ်။ ရှိတာကို သိအောင် လုပ်ပါ၊ သတိနဲ့ကပ်ပြီး ကြည့်တတ်ရင် အလုပ်များတာဟာ တရားဝင်ပေါက်တွေ များတာပဲလို့ အားရှိ စရာ ကို တွက်တတ်ဖို့ လိုပါတယ်။ အလုပ်နဲ့ တရား တွဲမိအောင် သတိက အမြဲ စေ့စပ် ပေးနေ ဖို့ လိုပါတယ်။

(၃) မဇ္ဈိမခရီးသည်တို့ရဲ့ အစွမ်းက ကုန်သွားတာဟာ "အား" ပဲ၊ ကုန်ဆုံးခြင်းရဲ့ နောက်မှာ စွမ်းအားရလာဒ် ကျန်နေခဲ့ရမယ်။ လူရဲ့ လက်ထဲမှာ ရှိနေတဲ့ သက်ရှိ သက်မဲ့ မှန်သမျှ ကိုယ်လိုချင်သလောက် ရှိနေကြမှာ မဟုတ်ဘဲ သူ ရှိ နိုင်သလောက်သာ ရှိနေပြီး ကန့်သတ်ချိန် ပြည့်ရင် ကုန်ဆုံးပျောက်ကွယ်မြဲ ဖြစ်တယ်။ "ထင်း"ကုန်ရင် "ထမင်း"ကျန် ရစ်စေရမယ်လို့ အမြဲ ခံယူချက်ထားပါ။ ဒီ အခြေခံမူ သုံးခုကိုတော့ လက် မလွှတ်မိပါစေနဲ့။

"ဟင်း"တိုင်းမှာ "ဆား" သင့်ဖို့ အရေးကြီးသလို မဇ္ဈိမခရီးသည်ဟာလည်း ကိုယ်၊ နှုတ်၊ စိတ် လှုပ်ရှားမှုတိုင်း သတိအမြဲရှိဖို့ လိုအပ်လှတဲ့အတွက် ဒီလောက် အပြည့်အစုံ ပြောနေရ တာပါ။ ဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်က ဆိုရင် နေ့ခင်း ဆွမ်းဘုဉ်းပေးပြီးချိန်တိုင်း ရဟန်းတော်တို့ကို "အပ္ပမာဒေန သမ္ပာဒေထ= သတိနဲ့ ပြည့်စုံစေကြ"လို့ နေ့စဉ် ဆုံးမတော်မူပါ သတဲ့၊ နောက်ဆုံး ပရိနိဗ္ဗာန် စံခါနီး ဆဲဆဲ တဲတဲကလေးလိုတော့တဲ့ အချိန်မှာလည်း နောက်ဆုံး သြ၀ါဒ အနေနဲ့ ဒီစကားကိုပဲ မိန့်ကြားသွားပါတယ်။ နောက်ဆုံးစကား ဆိုတာ အလေးထားတတ်ကြမြဲ ဖြစ်တဲ့အတိုင်း အလွန်ကို အလေးအနက် ထားစေချင်တဲ့ မဟာ ကရုဏာတော်ရှင်ရဲ့ ကရုဏာ စကားတော်ဟာ တစ်သာသနာလုံးအတွက် အရေးပါဆုံး စကားပါပဲ။ ဒါကြောင့်လည်း အဋ္ဌကထာ ဆရာတော်က ဒီနောက်ဆုံး စကားတော်ဟာ ၄၅-၀ါပတ်လုံး ဟောကြားသမျှတို့ကို ခြုံငုံမိစေတဲ့ မှာတမ်း တော် ဖြစ်တယ်လို့ မှတ်ချက်ချပါတယ်။

ဘယ်အရာမဆို "အကျင့်ပါတယ်"ဆိုတာ အကြိမ်များမှ ဖြစ်လာတာပါ။ အကြိမ်များ တယ်ဆိုတာ ဟာလည်း တစ်ကြိမ်က စ ရတာချည်းပါပဲ။ အကြိမ်များလို့ အကျင့်ပါလာပြီ ဆိုရင်တော့ "သတိ"ဟာ ကိုယ်က ကြောင့်ကြစိုက်ပြီး ထားနေရတဲ့ "ထားသတိ"အဆင့်ကနေ အမြဲအသင့်ရှိနေတဲ့ "မြဲသတိ" အဆင့်ရောက် လာ ပါတယ်။ ဘယ်အချိန်မဆို ဘယ်လို အာရုံနဲ့ တွေ့တွေ့ အမြဲ သတိရှိနေရင် ပမာဒ ကြားမ၀င်နိုင်တော့တဲ့ အတွက် သမာဓိသိက္ခာလည်း လုံခြုံ ပြီး ပညာသိက္ခာပါ ပြည့်စုံသွားပါတော့တယ်။
ပညာသိက္ခာ ပြည့်စုံပြီဆိုရင် ကိလောသာတွေဟာ ခွာရတဲ့ အခြေအနေတွေကနေ ကွာ ကျတဲ့ အခြေအနေ ရောက်သွားပါတယ်။ မဂ်ပညာနဲ့ ဖယ်ခွာပြီးတဲ့ ကိလေသာများတာ နောက်ထပ် ဘယ်တော့မှလည်း ဖြစ်ခွင့် မရတော့ပါဘူး။ ဒါဟာ မဇ္ဈိမခရီးသည်တို့ရဲ့ ပန်းတိုင် ရောက်ပြီး ပြည့်စုံမှုပဲ ဖြစ်ပါတယ်။

အေးအေးဆေးဆေး သတိ ထား၊ အသိ ပွားနိုင်ကြပါစေ။

ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)