Tuesday, February 12, 2013

စိတ်တံခါး ပိတ်မထားပါနှင့်



 
စိတ်တံခါး ပိတ်မထားပါနှင့်

မိမိတို့သည် ၃၁ ဘုံ သံသရာထဲဝင်ရောက်လာကြပြီး သုဂတိ၊ ဒုဂ္ဂတိတွေမှာ ပေါ်လိုက်၊ မြုပ်လိုက် တ၀ဲလည်လည်နှင့် သံသရာထဲမှနေပြန် မထွက်နိုင်ဘဲရှိကြသည်၊ သံသရာထဲမှာ အိုကြ၊ နာကြ၊ သေကြ၊ စိုးရိမ်ပူဆွေး ငိုကြွေကြ၊ ငြင်းခုံကြ၊ ခိုက်ရန်ဒေါသဖြစ်ကြ၊ လောဘ၊ ဒေါသ၊ ဒေါမနဿတွေနှင့် လုံးထွေးရစ်ပတ်နေကြသည်၊ ထွက်ပေါက်ကိုလည်းမရှာ၊ ထွက်ပေါက်ကိုလည်း မသိ၊ မမြင်၊ မိုက်တွင်းနက်ကာနေကြသည်။

ရှေးတုန်းက ရောဟိတဿအမည်ရှိ ရသေ့ကြီးတစ်ပါး ရှိခဲ့သည်၊ ထွက်ရပ်ပေါက်ပုဂ္ဂိုလ်ဟု ပြောနိုင်သည်၊ ရသေ့ကြီးသည် တန်ခိုးဣဒ္ဓိပါဒ် အလွန်ကြီးမားသည်၊ အလွန်လျင်မြန်သောအဟုန်ကို ပိုင်ဆိုင်သည်၊ ယခုခေတ် အသံထက်မြန်သော ဂျက်လေယာဉ်တွေလောက်ကတော့ ရသေ့ကြီးက ပျင်းတောင်ပျင်းသေးဟု ပြက်ရယ်ပြုလိမ့်မည်၊ သူ၏ လျင်မြန်မှုအဟုန်သည် အရှေ့သမုဒ္ဒရာနှင့် အနောက်သမုဒ္ဒရာ ခြေတစ်လှမ်းသာ လှမ်းရသည်၊ စကြ၀ဠာတစ်ခုက စကြ၀ဠာတစ်ခု၊ တစ်ကမ္ဘာက တစ်ကမ္ဘာ ခြေတစ်လှမ်းသာ လှမ်းရသည်၊ ဤမျှ တန်ခိုးထက်မြက်သည်၊ တစ်နေ့တော့ ရသေ့ကြီးက စဉ်းစားသည်၊ “ကမ္ဘာကြီးထဲမှာ နေနေရလို့ ပဋိသန္ဓေနေကြရ၊ မွေးကြရ၊ အိုကြရ၊ နာကြရ၊ သေကြရနှင့် ဒုက္ခတွေ ပင်လယ်ဝေနေသည်၊ ကမ္ဘာထဲက ထွက်သွားနိုင်လျှင်ဖြင့် ပဋိသန္ဓေနေရခြင်း၊ မွေးခြင်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်းတို့မှ လွတ်မြောက်လိမ့်မည်၊ ငါသည် တန်ခိုးဣဒ္ဓိပါဒ်နှင့် ပြည်စုံသူဖြစ်သည်၊ ငါ့တန်ခိုးနှင့် ကမ္ဘာ့အပြင်ဘက်သို့ ထွက်သွားတော့မည်”။

ရသေ့ကြီးက သူ့တန်ခိုးအဟုန်မျိုးနှင့်ဆိုလျှင် ကမ္ဘာ့အပြင်ဘက်ကိုရောက်လိမ့်မည်ဟု ယုံကြည်ထားသည်၊ ရသေ့ကြီးက ပုံမှန် စားချိန်သောက်ချိန်၊ အိပ်ချိန်၊ ကိုယ်လက်သန့်စင်ချိန်မှတစ်ပါး ကျန်ရှိအချိန်တွင် ခြေတစ်လှမ်း ကမ္ဘာသစ်တစ်ခု၊ ခြေတစ်လှမ်း ကမ္ဘာသစ်တစ်ခုနှုန်းဖြင့် မနေမနားသွားလိုက်တာ အနှစ်တစ်ရာပြည့် သက်တမ်းကုန်လို့ အသက်သာဆုံးသွားရသည်၊ စကြ၀ဠာတွေက မဆုံးနိုင်ဘဲရှိတော့သည်၊ ထွက်ရပ်ပေါက်ပုဂ္ဂိုလ်ကြီး ထွက်မရဘဲရှိတော့သည်။

ရသေ့ကြီးသည် ဈာန်စိတ်နှင့် သေဆုံးတာမို့ ဗြဟ္မာ့ပြည်ရောက်သွားသည်၊ သူရောက်လိုသော ကမ္ဘာ အပြင်ဘက် မရောက်ဘဲ ကမ္ဘာထဲသာ ပြန်လည်ရောက်ရသည်၊ နောင်နှစ်ပေါင်းအတော်ကြာမှ ဂေါတမဘုရားပွင့်လာသောအခါ သူ့အတွေ့အကြုံနှင့်ယှဉ်ပြီး ဘုရားထံ လာရောက် မေးလျှောက်သည်။
“အရှင်ဘုရား… အကြင်လောက၏ အဆုံးအပြင်ဘက်အရပ်သည် ပဋိသန္ဓေမနေရ၊ မအိုရ၊ မနာရ၊ မသေရ၊ ထိုအရပ်ကို ပကတိခြေထောက်နှင့်သွားလို့ ရနိုင်ပါသလားဘုရား” ၊ ဘုရားက “မရနိုင်ပါ” ဟု ဖြေသည်။

ထိုအခါ ရောဟိတဿဗြဟ္မာက ဘုရားဖြေတာ အလွန်မှန်ကန်ကြောင်း၊ ရသေ့ဖြစ်စဉ်က သူ ကမ္ဘာထဲက ထွက်ဖို့ ကြိုးစားခဲ့ကြောင်း၊ ဘယ်လိုမှ မထွက်နိုင်ခဲ့ကြောင်း ဖြစ်ကြောင်းကုန်စင် ပြန်လည်လျှောက်ထားသည်။

ဘုရားက ဆက်ပြီးတော့ “ရောဟိတဿ . . . အကြင်လောက၏ အဆုံး အပြင်ဘက်အရပ်သည် ပဋိသန္ဓေမနေရ၊ မအိုရ၊ မနာရ၊ မသေရ၊ ထိုအရပ်ကို ပကတိခြေထောက်နှင့် သွားလို့မရောက်နိုင်၊ လောက၏အဆုံးကို မရောက်လျှင်လည်း ဒုက္ခတွေမဆုံးနိုင်၊ တစ်လံမျှသော ဤခန္ဓာကိုယ်၏ အတွင်းမှာ လောကလည်းရှိသည်၊ လောကဖြစ်ကြောင်း၊ လောကချုပ်ကြောင်း၊ လောကချုပ်ရာရောက်ကြောင်း အကျင့်ကောင်းလည်းရှိသည်” ဟု မိန့်တော်မူသည်။

ရောဟိတဿက စကြ၀ဠာလောက (သြကာသလောက) ကို ရည်ရွယ်၍ မေးသည်၊ ဘုရားက ရုပ်နာမ်ဓမ္မဟူသော သင်္ခါရလောကကို ရည်ရွယ်ပြီးဖြေသည်၊ ရောဟိတဿက သြကာသလောထဲက ထွက်နိုင်လျှင် အိုနာသေမှုတွေ လွတ်လိမ့်မည်ဟု ယူဆသည်၊ ဘုရားက သင်္ခါရလောကက ထွက်နိုင်မှသာ အိုနာသေမှုတွေ လွတ်မြောက်ချမ်းသာလိမ့်မည်ဟု ဆိုလိုသည်။

ဘုရားရှင်က မိမိတို့ထွက်ပေါက်ကို ခြေထောက်နှင့်သွားလို့ မရောက်နိုင်၊ ဉာဏ်နှင့်သွားမှသာ ရောက်နိုင်သည်၊ မိမိတို့ထွက်ပေါက်ကို အပြင်မှာ မရှာနှင့်၊ အတွင်းမှာပဲ ပြန်ရှာပါဟု သိစေလိုသဖြင့် လောကဆိုတာ ဤခန္ဓာကိုယ်ထဲမှာပဲရှိသည်ဟု မိန့်ခဲ့သည်၊ အမှန်တော့ သင်္ခါရလောကဟူသည် မိမိတို့စိတ်ကူးစိတ်သန်းတွေသာ ဖြစ်သည်၊ မိမိတို့ ထွက်ပေါက်ကို မိမိတို့စိတ်ကူးထဲမှာသာ ရှာရမည်။

မိမိတို့တစ်တွေသည် ကာမာသ၀စသော အာသဝေါတရားတွေနှင့် ယစ်မူး၍နေကြလေသည်၊ ကာမောဃစသော သံသရာဝဲသြဃထဲမှာ နစ်မြုပ်မျောပါနေကြလေသည်၊ ကာမုပါဒါန်စသော ဥပါဒါန်တရားတွေနှင့် အစွဲကြီးစွဲ၊ အလွဲကြီးလွဲကာ နေကြလေသည်၊ ကာမရာဂစသော သံယောဇဉ်အနှေင့်အဖွဲ့တွေနှင့် တုပ်ချသည်နှောင်ဖွဲ့ခံထားကြရသည်၊ ကာမစ္ဆန္ဒစသော နီဝရာဏတရားတွေနှင့် ပိတ်ဆို့တားဆီးခံနေကြရသည်။

နီဝရာဏဟူသည် မိမိတို့ထွက်ပေါက်ကို ပိတ်ဆို့တားဆီးထားသော အတားအဆီးတွေဖြစ်သည်၊ သူက ကာမစ္ဆန္ဒ၊ ဗျာပါဒ၊ ထိနမိဒ္ဓ၊ ဥဒ္ဓစ္စ ကုက္ကုစ္စ၊ ၀ိစိကိစ္ဆာ၊ အ၀ိဇ္ဇဟု ခြောက်ပါးရှိသည်၊ ခြုံပြီးအရကောက်လိုက်လျှင်တော့ လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ အာဃာတ စတာတွေက ပိတ်ထားကြသည်။ (သူများပိတ်ဆို့တာတွေကို မပြောပါနှင့်တော့)
နီဝရဏတရားတွေက တံတိုင်းသုံးထပ်ကာရံခတ်ကာ ပိတ်ဆို့ထားကြသည်၊ ပထမက အထူစား၊ ဒုတိယက အလယ်အလတ်စား၊ တတိယက အပါးစား၊ အနုစားဖြစ်သည်၊ ပထမအထူစားကို သီလနှင့်တွန်းဖြိုဖွင့်ရမည်၊ သို့မဟုတ် ပထမတံခါးကို သီလသော့နှင့် ဖွင့်ထွက်ရမည်၊ ဒုတိယ အလယ်အလတ်စားကို သမာဓိနှင့် ထုရိုက်ဖွင့်ရမည်၊ သို့မဟုတ် ဒုတိယတံခါးကို သမာဓိသော့နှင့် ဖွင့်ရမည်၊ တတိယ အနုစား၊ အပါးစားကို ပညာနှင့်ဖြိုခွင်းရမည်၊ သို့မဟုတ် တတိယတံခါးကို ပညာသော့နှင့် ဖွင့်ရမည်၊

သီလဟူသည် ကောင်းသောအပြုအမူ၊ ကောင်းသောအပြောအဆိုဖြစ်သည်၊ သမာဓိဟူသည် ကောင်းမြတ်သောစိတ်ထားဖြစ်သည်၊ ပညာဟူသည် စူးရှသောအသိအမြင်၊ ကြီးမားသောအမြော်အမြင် ဖြစ်သည်။

မိုးကုတ်ဆရာတော်ကြီးက “ခန္ဓာဘုရားက ဗောဓိပင်အောက်မှာပွင့်သည်၊ ဉာဏ်ဘုရားက ဝေဒနာနှင့်တဏှာကြားမှာ ပွင့်သည်” ဟု မိန့်ခဲ့သည်၊ ပဋိစ္စသမုပ္ပါဒ်နှင့်ကြည့်လျှင် ထွက်ပေါက်ဟူသည် ဝေဒနာနှင့်တဏှာကြားမှာ ရှိသည်၊ သံသရာထဲမှ အမှန်တကယ်ထွက်သွားသော ဘုရား၊ ရဟန္တာမှန်သမျှ ဤထွက်ပေါက်မှ ထွက်သွားကြသည်၊ ထို့ကြောင့် ထွက်ရပ်ပေါက်ရှာနေသူသည် ဝေဒနာနှင့်တဏှာကြားမှာ ရှာရမည်၊ ထွက်ရပ်ပေါက်လိုလျှင် ဝေဒနာနှင့်တဏှာကြားမှသာ ထွက်ရမည်။

မျက်စိခံစား၊ နားခံစား၊ လျှာခံစား၊ စိတ်ခံစား၊ ခံစားမှုမျိုးစုံ ခံစားကြသည်၊ ခံစားတာက ဝေဒနာဖြစ်သည်၊ ခံစားပြီးလျှင် မသာယာနှင့်၊ သာယာလျှင် တဏှာဘက်ကူးသွားသည်၊ သာယာပြီးစွဲလမ်းလျှင် ဥပါဒါန် ဖြစ်သွားသည်။၊ ထို့ကြောင့် တဏှာဥပါဒါန်မရောက်ခင် မြင်ခိုက်၊ ကြားခိုက်၊ နံခိုက်၊ စားခိုက်၊ ထိခိုက်၊ သိခိုက်၊ အခိုက်အတန့်လေးမှာ ရပ်သွားအောင် သတိထားဆင်ခြင်ရှုမှတ်နိုင်ရမည်၊ သို့ဆိုလျှင် ထွက်ပေါက်တွေ့ပြီ။

ဝမ္မိကသုတ္တန်အရ ကြည့်လျှင် မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ တံခါးပေါက်ပိတ်ထားကာ မနောဒွါရဟူသော စိတ်တံခါးပေါက်က စောင့်ကြည့်ပြီး လောဘဒေါသစသည့် အပိတ်အဆို့တွေ မပိတ်မဆို့နိုင်အောင် ဖယ်ရှားပစ်ရမည်၊ ခြုံလိုက်တော့ မိမိတို့ထွက်ပေါက်သည် မိမိတို့ စိတ်ထဲမှာသာရှိသည်၊ ပိတ်ထားတာလည်း သည်စိတ်၊ ဖွင့်ထားတာလည်း သည်စိတ်သာဖြစ်သည်။

မိမိတို့ ညတိုင်အိပ်သည့်အခါ တံခါးတွေ အလုံပိတ်အိပ်လျှင် အောက်ဆီဂျင်ပြတ်၊ လေထုညစ်ညမ်း၊ ကျန်းမာရေးချို့တဲ့၊ ရောဂါရ ဒုက္ခဖြစ်နိုင်သည်၊ တံခါးတွေ လိုအပ်သလောက် ဖွင့်အိပ်ကြလျှင် အောက်စီဂျင် ကောင်းကောင်းရပြီး လေထုညစ်ညမ်းမှုကင်းစင် ကျန်းမာရေးကောင်းလိမ့်မည်၊ ထို့ကြောင့် အတော်အသင့် တံခါးဖွင့်ပြီး အိပ်ကြရသည်။

ထို့အတူ စိတ်တံခါး အလုံပိတ်မထားပါနှင့်၊ စိတ်တံခါး အသေပိတ်မထားပါနှင့်၊ မိမိတို့စိတ်တံခါးက နီဝရဏအပိတ်အဆို့တွေကို ဖယ်ခွာ၍ ထွက်ပေါက်တွေ့အောင်ရှာရမည်။

အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်) ၏ စိတ်တံခါး ပိတ်မထားပါနှင့် မှ ကောက်နှုတ်ဖော်ပြအပ်ပါသည်။