မဟာကဗျာ
မိတ်ဆွေတဦးက သိုးဆောင်းစကားလုံးဖြစ်သည့် 'အက်ပစ်' ကို မြန်မာဘာသာဖြင့်
ဘယ်လိုပြန်မည်နည်းဟု တခါကကျနော့်ကိုမေးဖူး သည်။ ကျနော်က 'မဟာကဗျာ' ဟု
ပြန်နိုင်ပါသည်ဟု ပြန်ဖြေခဲ့ဖူးသည်။ ထိုအတိုင်းပင် အက်ပစ်ကိုမြန်မာပြန်ရန်
ကြုံလာသည့်အခါ တိုင်း (ဥပမာ၊ 'နေရူး၏သမီးထံသို့ ပေးစာများ' ၌ ကဲ့သို့)
ကျနော်သည် မဟာကဗျာဟူသော ဝေါဟာရကိုသာသုံးနှုန်း၍ ဘာသာပြန်ခဲ့ ပေသည်။
စစ်စစ်မှာမူ မဟာကဗျာဟူသောစကားလုံးမှာ ကျနော်တီထွင်လိုက်သည့်
ကိုယ်ပိုင်စကားလုံးမဟုတ်ပေ။ သက္ကတ၊ သို့မဟုတ် ဟိန္ဒီဘာသာဖြင့် အက်ပစ်ကို
'မဟာကဗျာ' ဟူ၍သုံးနှုန်းပြန်ဆိုထားသည်ကို တွေ့ရ၍ယင်းစကားလုံးကိုယူပြီး
'မဟာကဗျာ' ကို 'မဟာကဗျာ' ဟူ၍ မြန်မာဆန်ဆန်သုံးနှုန်းလိုက်ခြင်း ဖြစ်ပေသည်။ ကြီးကျယ်မြင့်မြတ်သည့် ပုဂ္ဂိုလ်များ၏ စွန့်စားခန်းများနှင့်အကြောင်းအရာ အတ္ထုပ္ပတ္တိကို ရှည်လျားသောကဗျာ အဖွဲ့အနွဲ့များဖြင့် ဖွဲ့နွဲ့ရေး စပ်ထားသည့်ကဗျာ ကျမ်းကြီးကျမ်းခိုင်ကို အက်ပစ်ဟူ၍ခေါ်ကြလေသည်။ မြန်မာကဗျာ စာပေလောက၌ထင်ရှားနေသော ပျို့များမှာ အက်ပစ်၊ သို့မဟုတ် မဟာကဗျာစာရင်းတွင် သွတ်သွင်းနိုင်ပေလိမ့်မည်။
ကမ္ဘာ့စာပေသမိုင်း၌ ထင်ရှားနေသော မဟာကဗျာများကိုထုတ်ပြရမည်ဆိုလျှင် အိန္ဒိယပြည်၌ အထွတ်အမြတ်ထားသော မဟာကဗျာ ကျမ်းကြီးနှစ်စောင် ရှိလေသည်။ ရာမာယဏနှင့် မဟာဘာရတတို့ ဖြစ်ကြသည်။ နှစ်ပရိစ္ဆေဒ ထောင်ပေါင်းများစွာအထိ အိန္ဒိယပြည် ဘုရင့်နန်းတော်များမှစ၍ တဲကုပ် တဲပုတ်အထိ လူမျိုး အသီးသီး၊ နယ်ပယ်အသီးသီး၊ ထောင့်အသီးသီးတို့ ခေတ်မတိမ်းခဲ့သော ကဗျာ ကျမ်းကြီးများဖြစ်ကြသည်။ ရာမာယဏကို ၀ါလမိကိရသေ့ကြီးက ရေးပြုခဲ့သည်။ မဟာဘာရတကား ဗျာသရသေ့ကြီးရေးပြုခဲ့သည့် ကဗျာအဖွဲ့အနွဲ့များမှ တဆင့်ပွားပြီးဖြည့်စွက်ချက်များဖြင့် ပေါ်ပေါက်လာသည့် ကျမ်းဖြစ်၏ဟု အဆိုရှိကြသည်။
ဂရိကဗျာဆရာကြီး ဟိုမားရေးသားဖွဲ့နွဲ့သည့် ‘အိလိယက်’ နှင့် ‘အော့ဒီစီ’ တို့သည်လည်း ကမ္ဘာ့စာပေသမိုင်း၌ ထင်ပေါ်ကျော်ကြား သည့် မဟာကဗျာများဖြစ်ကြသည်။ အိလိယက်ကို မဟာဘာရတနှင့်လည်းကောင်း၊ အော့ဒီစီကို ရာမာယဏနှင့်လည်းကောင်း နှိုင်း ယှဉ်သမှုပင် ပြုကြ၏။ ထို့ပြင် အမည်မသိ ကဗျာဆရာတဦးရေးသည့် "သလေးအော့ဖ သနိုက်ဘလွန်းစ်" သည်လည်းကောင်း၊ ကဗျာ ဆရာကြီး ဒန်တေရေးသည့် "လာဒီဗင်နာ ကောမက်ဒိယာ" သည်လည်းကောင်း၊ ဂိုသေရေးသည့် "ဖော့စ်တ်" သည်လည်းကောင်း၊ ဆာသောမတ်မလိုရီရေးသည့် "မော့တေဒါသာ" သည်လည်းကောင်း၊ ဘာဂျိလ်ရေးသည့် လက်တင်ဂန္တ၀င် "အင်နိဒ်" သည်လည်း ကောင်း၊ ကမ္ဘာ့စာပေသမိုင်း၌ သမိုင်းဝင်ဖြစ်သည့် မဟာကဗျာကျမ်းများ ဖြစ်ကြသည်။
ဤဆောင်းပါး၌ အထူးရေးလိုသည်ကား ပါဋ္ဌိစာပေသမိုင်း၌ ထင်ပေါ်ကြော်ကြားသည့် မဟာကဗျာတခု၏ အကြောင်းဖြစ်သည်။ ထိုမ ဟာကဗျာကား မဟာဝံသခေါ် မဟာဝင်ဖြစ်လေသည်။ မဟာဝံသကို မဟာနာမအမည်ရှိသော ပုဂ္ဂိုလ်က ရေးသားဖွဲ့ဆိုခဲ့လေသည်။ မဟာဝံသသည် သီဟိုသာသနာဝင်ကို ပါဠိကဗျာဖြင့်ရေးသားဖွဲ့ဆိုထားသည့် ကျမ်းဖြစ်သည်။ မဟာဝံသကို ရေးသားဖွဲ့နွဲ့သည့်ကဗျာဆ ရာသည် ကဗျာဉာဏ် ကဗျာ့နှလုံး အပြည့်အသရှိသူဟူ၍ဆိုရပေမည်။
ဒေ၀ါနံပိယတိဿမင်းကြီးနှင့် ဒုဋ္ဌာဂါမဏိမင်းတို့၏ အကြောင်း ကိုရေးသားဖွဲ့နွဲ့ပုံမှာ ပြောင်မြောက်လှပေသည်။ ကဗျာကျမ်း၏ အစဦး၌ပင် ကဗျာဆရာက "ရှေးလူများလည်း `ဤမဟာဝင်´ အ ကြောင်းကို ရေးသားခဲ့ဖူးကြသည်။ ယင်းစာများ၌ကား ကျယ်သည့်နေရာကျယ်၊ ကျဉ်းသည့်နေရာက ကျဉ်း၊ စကားထပ်သည့်နေရာက စကားထပ်နေလေ၏။ ယင်းအပြစ်အနာအဆာတို့မှ လွတ်ကင်းသော၊ သိမှတ်ရန်လွယ်ကူသော၊ ရွှင်ပြုံးနှစ်သိမ့်ရမည်နေရာ၌ ရွှင်ပြုံး နှစ်သိမ့်စေသော၊ တရားရမည့်နေရာ၌ တရားရစေသော ဤမဟာဝံသကဗျာကို နားထောင်ကြပါကုန်" ဟု နိဒါန်းပျိုးထားလေသည်။
မဟာမှာ ကြီးကျယ်မြင့်မြတ်သော သူများဟူ၍ အဓိပ္ပာယ်ရသည်။ ၀ံသကား ရာဇ၀င်သမိုင်းဖြစ်သည်၊ နှစ်ရပ်ပေါင်းသော် ကြီးကျယ်မြင့် မြတ်သော သူတို့၏ရာဇ၀င်သမိုင်းဟူ၍ အဓိပ္ပာယ်ရသည်။ ယင်းကြီးကျယ်မြင့်မြတ်သော ဘုရင်စသူတို့၏ သမိုင်းဖြစ်သည့် ‘မဟာဝံသ’ ကိုရေးသားဖွဲ့ဆိုရာ၌ ကဗျာဆရာသည် ထိုပုဂ္ဂိုလ်များ၏ ခေတ်ကောင်းလာပုံ၊ ခေတ်တိမ်သွားပုံများကို ရေးသားဖွဲ့ဆိုပြီးစာဖတ်သူများ အားသင်ခန်းစာ ပေးထားလေသည်။
မဟာဝံသ၏ အပိုင်း ၁ ၌ သီဟိုရ်ကျွန်းသို့ ဗုဒ္ဓသုံးကြိမ်ကြွရောက်တော်မူကြောင်း ရေးသားဖွဲ့ဆိုထား၏။ အပိုင်း ၂ ၌ ဗုဒ္ဓ၏မျိုးရိုးဖြစ်သည့် မဟာသမ္မတ မင်းဆက်အကြောင်းကို ရေးသားထားသည်။ အပိုင်း ၃၊ ၄၊ ၅ တို့၌ အစဉ်အတိုင်း ပထမသင်္ဂါယနာ၊ ဒုတိယသင်္ဂါယနာ၊ တတိယသင်္ဂါယနာ အကြောင်းများကိုရေးသားထားသည်။ အပိုင် ၆ ၌ ၀ိဇယမင်းသား သီဟိုရ်ရောက်ပုံကိုလည်းကောင်း၊ အပိုင်း ၇ ၌ ၀ိဇယမင်းသား ရာဇဘိသိက်ခံယူပုံကို လည်းကောင်း၊ အပိုင်း ၈၊ ၉၊ ၁၀ တို့၌ ၀ိဇယမင်း အဆက်အနွယ်ကိုလည်းကောင်း ရေးပြထား လေသည်။ အပိုင်း ၁၁ ၌ ဒေ၀ါနံပိယတိဿမင်း နန်းတက်ပုံကို ရေးသားထားလေသည်။
သီဟိုရ်ကျွန်းသို့ ဗုဒ္ဓသာသနာ ရောက်လာသည်မှာ ထိုအချိန်၌ဖြစ်လေသည်။ ပိုင်း ၁၂ ၌ သာသနာပြုစေလွှတ်ရေးကို လည်းကောင်း၊ အပိုင်း ၁၃ ၌ ရှင်မဟိန္ဒ သီဟိုရ်ကျွန်းသို့သာသနာပြုကြွပုံကို လည်းကောင်း ရေးသားဖွဲ့ဆိုထားလေသည်။ ရှင်မဟိန္ဒ သီဟိုရ်သို့ကြွခန်း မှာကဗျာဟန်ပါလှပေသည်။ အပိုင်း ၁၄ တွင် ရှင်မဟိန္ဒ မြို့တွင်းသို့ ကြွရောက်ပုံကို လည်းကောင်း၊ အပိုင်း ၁၅ မှ ၂၀ အထိ သီဟိုရ် ကျွန်းသာသနာ တိုးတက်ကြီးပွားလာပုံကို လည်းကောင်း၊ အပိုင်း ၂၁ တွင် ဒေါဝါနံပိယတိဿမင်းနှင့် ဒုဋ္ဌငါမဏိမင်းအကြားတွင်နန်း စံသည့် ဘုရင်ငါးပါးအကြောင်းကို လည်းကောင်းရေးသားထားလေသည်။
အပိုင်း ၂၂ မှ ၃၀ အထိ ဒုဋ္ဌဂါမဏိမင်းအကြောင်းကိုရေး သားထားလေသည်။ ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများ မကြာခဏ ကိုးကားပြောဆိုသည့် ဒုဋ္ဌဂါမဏိမင်း ဒမိဋ္ဌ (ဒရဗီရ်) ကျေးကုလား များကိုနှိမ်နင်းသုတ်သင်ပုံမှာ ဤအခန်း၌ပါဝင်ပေသည်။ အပိုင်း ၃၃၊ ၃၄၊ ၃၅၊ ၃၆ တို့၌ ဒုဋ္ဌဂါမဏိမင်း၏ အရိုက်အရာခံမင်းများ၏ အကြောင်းကို ရေးသားထားလေသည်။
မဟာဝံသ အကြောင်းကို မိုင်းခိုင်းမြို့စားရေးသည့် ပိဋကတ်သမိုင်းစာတမ်း၌ ‘သီဟိုရ်ကျွန်း အနုရာဓမြို့ ဒီဃသန္တသေနာပတိစစ်သူကြီး တောင်းပန်၍ ရှင်မဟာနာမပြုသည်။ မဟာဝင်စာကိုယ်နိဂုံး၌ ပဒါဒေါရုဝံသဂန္တော နိဋ္ဌိတောဟုရှိသည်။ ၎င်းမဟာဝင်ကျမ်းကို (ပဒျဒေါရု ၀ံသကျမ်း) ဟု အမည်မှည့်သည် အလိုကား ပဒျပုဒ်နေ အင်္သကရိုက်ဘာသာ ပဒျသဒ္ဒါကို မာဂဓဘာသာလျှင် ပဇ္ဇသဒ္ဒါပင်ဖြစ်သည်။ ယင်းပဇ္ဇကား ဂါထာဟော၊ ပဒသဒ္ဒါပုဒ်ဟော၊ ဥရုသဒ္ဒါမဟာအနက်ဟော၊ ၀ံသသဒ္ဒါအနွယ်ဟော ဖြစ်ရကား ၀ိဝဋ္ဋဋ္ဌာယီ ကပ်ဦးအစမြတ် သော ဂေါတမဘုရားအလောင်းတော် မဟာသမ္မတမင်း အဆက်အနွယ်ကို ဂါထာဗန္ဓ သိလောကနှင့် ဖွဲ့ဆိုထားသောကျမ်း ဆိုလိုသည်’ ဟု ရေးထားလေသည်။
ဝံသဒီပနီ၊ သာသနာလင်္ကာရ စာတမ်းစသော မြန်မာဘာသာဖြင့်ရှိသည့် သာသနာဝင်ကျမ်းများမှာ ယေဘုယျအားဖြင့် မဟာဝံသကို အခြေပြု၍ ရေးသားထားသည့် ကျမ်းများဖြစ်ကြသည်။ ကျီးသဲလေးထပ်ဆရာတော်ကြီးက မဟာဝံသကို မဟာဝင်ဝတ္ထုအမည်ဖြင့် မြန်မာစကားပြေဖြင့် ပြန်ဆိုရေးသားထားလေသည်။ ဥရောပတိုက်ဘာသာဖြင့် ပထမဦးဆုံးဘာသာပြန်ဆိုသော ပါဋ္ဌိစာအုပ်မှာမဟာဝံသ ဖြစ်သည်ဟု အဆိုရှိလေသည်။
ပါရဂူ
ပိတောက်ပွင့်သစ် စာပေအနုပညာမဂ္ဂဇင်း၊ အမှတ် (၂၇)၊ အောက်တိုဘာလ၊ ၂၀၀၉ ခုနှစ်၊