"ရဟန်း ဆိုတာ အလုပ်လက်မဲ့ တွေ လား"
"မဟာဗုဒ္ဓ၀င်၊စတုတ္ထတွဲ"-စာမျက်နှာ(၅၅) ၌ ပါရှိသော "ဗုဒ္ဓ"မြတ်စွာဘုရား "ကသိဘာရဒ္ဓါဇ ပုဏ္ဏားကြီး"ထံကြွရောက်၍ တရားဟောချေချွတ်ရသည့်အကြောင်းကို ဖတ်ရပါသည်။
"ဗုဒ္ဓ"မြတ်စွာဘုရားရှင်သည် "ကသိဘာရဒ္ဓါဇ
ပုဏ္ဏားကြီး"ကျွတ်တမ်းဝင်မည့်အရေးကို မြင်တော်မူသဖြင့် ထို "ပုဏ္ဏားကြီး"
လယ်ထွန်မင်္ဂလာ ကျင်းပနေရာဌာန သို့ ကြွရောက်ပြီး ဆွမ်းရပ်တော်မူပါသည်။"ဗုဒ္ဓ" မြတ်စွာဘုရားရှင် ဆွမ်းလာရပ်သည်ကို "ပုဏ္ဏားကြီး" မြင်လေလျှင်-
"ဤ ရဟန်း ဂေါတမ သည် အကယ်၍ စီးပွားဖြစ်ထွန်းရေးအလုပ် ကိုလုပ်ခဲ့လျှင် ဇမ္ဗူဒိပ် တစ်ကျွန်းလုံး၌ လူတကာတို့၏ ဦးခေါင်းထက်ဝယ် ပတ္တမြား ဥသျှောင်သဖွယ်ဖြစ်ပေလိမ့်မည်။ထိုသို့ဖြစ်ပါလျှက် ဤ ရဟန်းဂေါတမသည် ပျင်းရိ သည့်အတွက် အလုပ်အကိုင်များကိုမလုပ်ဆောင်ဘဲ လူအများ၏ လယ်ထွန်မင်္ဂလာသဘင်စသည်တို့ ၌ ဆွမ်းခံ၍ စားသောက်ပြီးလျှင် ကိုယ်ခန္ဓာ ကြံ့ခိုင်ရေးကိုသာ အသားပေးလျက် လှည့်လည်ကျက်စား နေဘိ၏" ဟု အကြံအစည်မှားဖြစ်ကာ ဗုဒ္ဓမြတ်စွာဘုရားရှင်ကို "အလုပ်လုပ်ရမှာပျင်း၍ ရဟန်းဝတ်သူ၊ စားပြီးအိပ်နေသူ၊အလုပ်လက်မဲ့ဖြစ်သူ" ဟု စိတ်ထဲက စွပ်စွဲလေသည်။
မျက်မှောက်ခေတ်တွင်လည်း သာသနာတော်နှင့်အလှမ်းဝေးကြသူများက ရဟန်းတော်များကို "ကသိဘာရဒ္ဓါဇ ပုဏ္ဏားကြီး"စွပ်စွဲသလိုမျိုး စွပ်စွဲ တတ်ကြပါသည်။ ထို့ပြင်"အိပ်လို ရဟန်း၊ စားလိုမှန်း၊ပုစ္ဆန်း လုပ်ပါလေ"ဟူသော "က၀ိလက္ခဏာသတ်ပုံသံပေါက်(ပိုဒ်ရေ-၇၂၇)"ကလည်းစားပြီးအိပ်နေလိုလျှင်"ရဟန်းပြုပါ၊သင်္ကန်းဝတ်ပါ၊ဘုန်း
ကြီးလုပ်ပါ" ဟု တိုက်တွန်းနေသယောင် ထင်ရသည်။
ဦဇင်းတစ်ပါး က ဤသို့ပြောခဲ့ဖူးသည်။
"ဦးဇင်းဆွမ်းခံတဲ့အိမ်က ဒကာမကြီးက (ဦးဇင်း ဘယ်နယ် ကလဲ? )လို့မေးလို့ (……………)နယ် က လို့ဖြေတော့
(အဲဒီနယ် ကလူတွေဟာ လူပျင်းများတယ် ထင်တယ်နော်။ဘုန်းကြီးအ၀တ်များတယ်)လို့ ဦးဇင်းကိုပြောလိုက်တယ်"
"အရှင်ဘုရား က ဘာပြန်ပြောခဲ့သလဲ"
"သူက ရယ်ကျဲကျဲနဲ့ပြောတာဆိုတော့ နောက်တာနေမှာပေါ့၊ဒါကြောင့် ဘာမှ မပြောခဲ့ဘူး"ဟု ဆိုသည်။
ရဟန်းဝတ်ခြင်းသည် ပျင်းလို့ဝတ်ခြင်းမဟုတ်ပါ။သူ့အဆိုအတိုင်းဝတ်သည်ပင်ထားဦး ရဟန်းဝတ်ရခြင်းသည်မလွယ်ကူပါ။
"ဘာကြောင့်မလွယ်ကူသလဲ" ဟု မေးလာသော် မလွယ်ကူလို့ပဲဟုသာပြောရန်ရှိပါသည်။
မလွယ်ကြောင်းကိုစာနှင့်ရေးပြရုံနှင့် အပြည့်အစုံသိနိုင်မည်မဟုတ်။သိချင်ရင် ကိုယ်တိုင်ဝတ်ကြည့်မှသာဟုဆိုရ
မည်ဖြစ်သည်။အကယ်၍ ပျင်း၍ ၀တ်သည်ဆိုပါလျှင် ရဟန်းဘ၀သည်အပျင်းပြေသည်။ပျော်စရာကောင်းသည်။
အလုပ်ငြိမ်းသည် ဟု အဓိပ္ပါယ်ရသည်။
ထိုသို့ ဆိုလျှင် ယောက်ျားတိုင်း ရဟန်းဝတ်ကြလိမ့်မည်။ဝတ်ကြပါသလား။မ၀တ်ကြပါ။ထိုသို့ဝတ်နိုင်စွမ်းမရှိ
ခြင်း ကပင် ရဟန်းဘ၀သည် အပျင်းမပြေကြောင်း၊မလွယ်ကူကြောင်း အဖြေပေးနေသလိုဖြစ်နေသည်။
ရဟန်းဝတ်မည့်သူသည်"နည်းသည်ဖြစ်စေ၊များသည်ဖြစ်စေပစ္စည်းဥစ္စာကိုလည်းကောင်း၊ဆွေစဉ်မျိုးဆက်ကို
လည်းကောင်းစွန့်လွှတ်နိုင်ရမည်။ အပူဒဏ်,အအေးဒဏ်,ဆာလောင်မွတ်သိပ်မှု,မှက်၊ခြင်၊ယင်၊လေ၊နေပူ၊မြွေ၊
ကင်း၊သန်းတို့၏ဒဏ်ကိုခံနိုင်ရမည်။ကိုယ်မှာဖြစ်သောဝေဒနာ၊ပြင်းထန်ကြမ်းကြုတ်ခါးစပ်သောဝေဒနာ၊သာယာ
မှုကင်းသော ဝေဒနာ၊နှစ်သက်စရာမကောင်း သေလောက်အောင်ဆင်းရဲသောဝေဒနာများကိုလည်း သည်းခံနိုင်ရမည်"ဟု ဗုဒ္ဒမြတ်စွာက ဟောခဲ့ပါသည်။ထို့ကြောင့် ဤဒဏ်များကို ခံနိုင်ဦးမည်မဟုတ်သော အသက်နှစ်ဆယ်မပြည့်သူများကို ရဟန်းဝတ်ခွင့်မပေးခဲ့။
ရဟန်းဟူသည် "ဦးခေါင်း၊ခြေ၊လက်နှင့် တစ်ကွ မျက်စိ,နား,နှာခေါင်း,ပါးစပ် ပါ မကျန် ထိန်းချုပ်မှုရှိရ၏။မိမိစိတ်ရှိတိုင်းပြုမူ လှုပ်ရှား၍ မရပါ။ခံစားချင်တိုင်း ခံစားခွင့်မရှိပါ။မတင့်တယ်၊မစင်ကြယ်မှုဟူသမျှကိုရှောင်ကြဉ်စောင့်
ထိန်းရပါမည်။စိတ်ပိုင်းရော၊ရုပ်ပိုင်းပါ ယဉ်ကျေးပြီးအဆင့်တန်းမြင့်မှု ရှိရပါသည်။"ဤသည်မှာ ရဟန်းဘ၀ကိုအကျဉ်းရုံးပြီးရုပ်လုံးဖော်ပြလိုက်ခြင်းမျှသာဖြစ်ပါသည်။
ထိုသို့ဆိုသဖြင့် ရဟန်းဟူသမျှ ခြောက်ပြစ်ကင်းသဲလဲစင်အကောင်းကြီးဟု မဆိုလိုပါ။သိက္ခာပုဒ်မစောင့်စည်းသော "စုန်းပြူး"များလည်း အနည်းငယ် ရောပွမ်းနေခြင်းကိုကား ၀န်ခံရပါမည်။
ထို့ကြောင့်"မဟာဂန္ဓာရုံဆရာတော်(အရှင်ဇနကာဘိဝံသ)"က (တစ်ဘ၀သံသရာ-၄၈၀) ၌ "ရဟန်းဘ၀ဆိုတာကတော့ လူဝတ်ကြောင်များရဲ့လုပ်စာကို စား,၀တ်,နေ,ရလို့ သီလမစင်ကြယ်ရင် အပါယ်ကျဖို့သေချာပါတယ် ဒါကြောင့်ရဟန်း ၊သာမဏေဘ၀နဲ့ပေါ့ပေါ့နေမယ့်အစားလူဝတ်ကြောင်ဘ၀ဖြင့်နေခြင်းကတွက်ခြေကိုက်တယ်လို့ဆိုပါတယ်။
ယောက်ျားဖြစ်ပါလျှက်သူများလုပ်စာကိုမှီခိုပြီးအချောင်စားနေခြင်းဟာလဲယောက်ျားမပီသရာရောက်ပါတယ်"ဟူ၍လည်းကောင်း။
စာရေးဆရာဒေါက်တာအောင်ကျော်(သွား-ဆရာဝန်)က(ပေါ့ပေါ့လေးမတွေးပါနဲ့)အမည်ရ ဓမ္မဆောင်းပါးတွင်
"ရဟန်းသံဃာများအပေါ် အထင်လွဲ၊အမြင်လွဲကာ ပေါ့ပေါ့ကလေး ပြောကြသူများသည် သူတို့ကိုယ်နှိုက်ကလေ့လာမှုနည်းပါးသောကြောင့်ဖြစ်ရသလို သာသနာ့ဝန်ထမ်းရဟန်းတစ်ချို့၏နေထိုင်မှုပေါ့လျော့သောကြောင့်
လည်းအပြစ်ဆိုဖွယ်ရာပါဝင်နေပါသည်" ဟူ၍လည်းကောင်း သတိပေးကြ၊ဝေဖန်ကြခြင်း ဖြစ်ပါသည်။
"အနေကျပ်၊အသေချောင်,အနေချောင်၊အသေကြပ်"ဟုအဆိုရှိပါသည်။ဝိနည်းကိုမစောင့်ရှောက်ဘဲအပျင်းပြေရုံဝတ်လာသော ရဟန်းအတွက် ဤဘ၀ ၌ အနေချောင်၍ပျော်စရာကောင်းမည် ဖြစ်သော်လည်း၊သေသောအခါ ဒုဂ္ဂတိဘ၀ သို့ ရောက်ပါလိမ့်မည်။
အချို့ ရဟန်းတော်များသည် သမထ၊၀ိပဿနာ ဘာဝနာများ ကျင့်ကြံပွားများ အားထုတ်နေပါသည်။အချို့ ရဟန်းတော်များကမူ ပရိယတ္တိစာပေများကို သင်ယူ၊ကိုယ်တိုင် စာချ ပေးနေကြပါသည်။ထိုရဟန်းတော်များအား ဆွမ်း စသည် လောင်းလှူပါက လောကစည်းစိမ်များတိုးပွားရုံသာမက တမလွန်ဘ၀ ၌ နတ်ရွာသုဂတိသို့ရောက်ရှိခြင်းနှင့် မဂ်ဖိုလ်နိဗ္ဗာန်ထိပါကောင်းကျိုးများ ရရှိနိုင်ပါသည်။ဤသို့ကောင်းကျိုးချမ်းသာများပေးခြင်းသည်ပင်လျှင် လူသားတို့ အကျိုးစီးပွားကိုဆောင်ရွက်ခြင်း၊အလုပ် လုပ်ပေးခြင်းပင်ဖြစ်လေသည်။
ကောင်းကျိုးချမ်းသာများကိုပေးခြင်း(ဖြစ်စေခြင်း)၊တရားထူးများရစေခြင်းဖြင့်ဗုဒ္ဓမြတ်စွာဘုရားရှင်၏လူသားတို့၏အကျိုးစီးပွားဆောင်ရွက်ပုံမှာ အထူးပြောစရာ မလိုတော့ပါ။
နိရောဓ သမာပတ်မှ ထတော်မူလာ သော အရှင်သာရိပုတ္တရာမထေရ် မြတ်ကြီးအား ဒန်ပူ၊မျက်နှာသစ်တော်ရေ၊ ဆွမ်း လှူဒါန်းလိုက်ရသဖြင့် ဆင်းရဲသား မောင်ပုဏ္ဏ နှင့် မယ် ဥတ္တရာ တို့မှာ ထိုးပြီးသားထယ်ခဲ များက ရွှေတုံး များက ရွှေတုံးများ ဖြစ်သွားကာ ချက်ချင်း သူဋ္ဌေးဘ၀ ရောက်သွားကြပါသည်။
နိရောဓ သမာပတ်မှပင်ထတော်မူသော အရှင်မဟာကဿပမထေရ်ကြီးအား ပေါက်ပေါက်များလှူဒါန်းလိုက်သ
ဖြင့် လယ်စောင့်အမျိုးသမီးကလေးမှာ ထိုဘ၀မှကွယ်လွန်သောအခါ တာဝတိံ သာနတ်ပြည်ရောက်ခဲ့ပါသည်။
သုဘူတိမထေရ် သည် ဆွမ်းခံကြွရာတွင် အိမ်တိုင်းအိမ်တိုင်း ၌ မေတ္တာဈန်ဝင်စားရာမှ ထ ပြီးမှ ဆွမ်းကိုအလှူခံလေ့ရှိပါသည်။"ဤ သို့ မေတ္တာပွား၍အလှူခံသည်ရှိသော် ဆွမ်းဒကာတို့အားအကျိုးများပေလိမ့်မည်"ဟုမထေရ်
နှလုံးသွင်းတော်မူပါသည်။
ဗုဒ္ဓမြတ်စွာဘုရားရှင်က "လက်ဖျစ်တစ်တွတ်မျှလည်း မေတ္တာဘာဝနာကိုပွားများသောရဟန်းကို မြတ်စွာဘုရား အဆုံးအမ ကို လိုက်နာသောရဟန်း၊ပြည်သူတို့၏ ဆွမ်းကို အချည်းအနှီးမဖြစ်စေမူ၍ စားသုံးသောရဟန်းဟူ၍
ဆိုထိုက်ကြောင်းဟောတော်မူပါသည်။
"(အံ၊၁။စာ-၉။အစ္ဆရာ သင်္ဃာတ၀ဂ္ဂ)
"အိပ်လို ရဟန်း၊ စားလိုမှန်း၊ပုစ္ဆန်း လုပ်ပါလေ"ဟူသော "က၀ိလက္ခဏာသတ်ပုံ သံပေါက်(ပိုဒ်ရေ-၇၂၇)"၏တွင်
ဆိုလိုသည့်အဓိပ္ပါယ်မှာ[လူထွက်လိုသော]"စစ်ကိုင်းတိလောကဂုရုချောင်းဆရာတော်လောင်းလျာ"အားအမျိုးသ
မီးတစ်ဦးမှ လျှောက်ထားသည့် "ရဟန်းမည်သည်ကား သူလှူသော အ၀တ်အစား၊သူလှူသော အရိပ်သင်္ခန်းကို
သုံးဆောင်စားသောက်၍ ချမ်းသာစွာနေထိုင်ရပေသည်။စာပေကျမ်းဂန်သင်လိုလျှင်လည်း သင်ရ၏။မသင်လို
လျှင်လည်း သင်္ကန်းကြီးကိုခြေကန်ကာသာအိပ်လိုသမျှ အိပ်နေရသည်" ဟူသောစကားကိုရည်ရွယ်စပ်ထား
ဖြင်းဖြစ်လေသည်။
ထိုစကားရပ်၌"စားပြီးအိပ်ချည်းနေလိုလျှင် ရဟန်းပြုပါ။ဘုန်းကြီးဝတ်ပါ"ဟု တိုက်တွန်းလိုခြင်းမဟုတ်ပေ။
"ရဟန်းဘ၀ဟူသည်စားဝတ်နေရေးအတွက် ဘာပူပန်မှုမှမရှိဘဲ ကြောင့်ကြမဲ့နေထိုင်နိုင်သောဘ၀မျိုးဖြစ်၍ နောက်ဆုံးဘာအလုပ်မှမလုပ်ဘဲအိပ်နေလိုလျှင်အိပ်နေနိုင်သောဘ၀မျိုးဖြစ်ပါသည်"ဟုပျင်းရိတတ်သောရဟန်းတော်များအတွက်စကားကုန်ပြောဆိုထားခြင်းမျိုးသာဖြစ်လေသည်။တကယ်တမ်းတွင်မူပရိယတ္တိ၊ပဋိပတ္တိတစ်မျိုးမျိုးကိုလုပ်ကြရမည်သာဖြစ်လေသည်။
ရဟန်းဘ၀ဆိုသည်မှာ အလုပ်လက်မဲ့ဘ၀မျိုးမဟုတ်ပါ။စားပြီးအိပ်နေရသောဘ၀မဟုတ်ပါ။အလုပ်ရှိကြပါသည်။
လုပ်ကြဖို့လည်းလိုပါသည်။ရဟန်းတော်များသည် ပရိယတ္တိ၊ပဋိပတ္တိ ကိုသင်ယူအားထုတ်ကြပါသည်။ဒကာ၊
ဒကာမများ ပစ္စည်းလေးပါး ထောက်ပံ့လှူဒါန်းရကျိုးနပ်အောင် မေတ္တာပို့သပေးကြရပါသည်။ဘာသာရေးစာပေ၊
ကျမ်းဂန်များကိုလည်းစွမ်းနိုင်သမျှသင်ကြား၊သင်ယူ၊ဟောကြားရပါသည်။
"ပဗ္ဗိဇ္ဇိတ ဘာဝေါ ဒုလ္လဘော"ဟု ဗုဒ္ဓမြတ်စွာဘုရားရှင်ကဟောကြားတော်မူသည့်အတိုင်း ရဟန်းဘဝ
ရရှိနိုင်ရေးမှာ ခက်ခဲလွန်းလှပါသည်။
မြင့်မြတ်သော ရဟန်းဘ၀သို့ တက်ရောက်နိုင်ရန် ရဟန်းလောင်းပုဂ္ဂိုလ်အတွက် သတ်မှတ်ထားသော အရည်အချင်းများ ရှိပါသည်။၎င်းတို့မှာ-
(၁) နူနာ စသော ရောဂါကြီးများမရှိရ
(၂) လူသားစစ်စစ် ဖြစ်ရမည်။
(၃) ယောက်ျား စစ်စစ်ဖြစ်ရမည်။
(၄) ကျွန်အဖြစ်မှ လွတ်မြောက်ရမည်။
(၅) ကြွေးမြီ ကင်းရှင်းရမည်။
(၆) မင်းခယောက်ျားမဟုတ်ရ။
(၇) မိဘ ခွင့်ပြုသူဖြစ်ရမည်။
(၈) အသက်(၂၀)ပြည့်ပြီးသူ ဖြစ်ရမည်။
(၉) ကိုယ်ပိုင်သပိတ်၊သင်္ကန်းပြည့်စုံရမည်။
(၁၀) အပြစ်ကြီးငယ်ကို အနီးကပ်ကြည့်ရှုဆုံးမမည့် ဆရာလည်းရှိရမည် .. စသည်တို့ဖြစ်ပါသည်။
ရဟန်းဘ၀ရရှိရန် အဘယ်မျှ ခက်ခဲပါသနည်း ဆိုသော် လေးအသင်္ချေ နှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့်တော်မူစဉ်ကာလ အတွင်း မြတ်စွာဘုရားအလောင်းတော် ကိုယ်တိုင်ပင်လျှင် ရဟန်းဘ၀ (၉)ဘ၀သာ ရရှိခဲ့ဖူးသည်။
ဗုဒ္ဓမြတ်စွာဘုရားသည် သုမေဓာ ရသေ့ဘ၀၊ဒီပင်္ကရာမြတ်စွာဘုရားထံ နိယျာတဗျာဒိတ်ခံယူစဉ်မှ ကဿပဘုရားရှင်ပွင့်တော်မူသည်အထိ လေးအသင်္ချေ နှင့် ကမ္ဘာတစ်သိန်း ကာလအတွင်း ၌-
(၁) ကောဏ္ဍည (၂) သုမင်္ဂလ (၃) သုမေဓာ (၄) သုဇာတ (၅) ဖုဿ (၆) ဝေဿဘူ (၇) ကကုသန် (၈) ကောဏာဂမန (၉) ကဿပ - ဟူသောဘုရားရှင်တို့လက်ထက် ၌ သာ ရဟန်းဘ၀ဖြစ်ကြောင်းပြဆိုချက်ဖြစ်သည်။
ရဟန်းများစောင့်စည်းရသော သိက္ခာပုဒ်(၂၂၇)သွယ်၊အကျယ် ကုဋေ ကိုးထောင်ကျော်ရှိအကျင့်သီလများသည်
မလွယ်ကူလှပါ။ဆွမ်းစားပြီးအိပ်နေ၍မရပါ။ပိဋကတ်စာပေ၊ပရိယတ္တိ သင်ကြားကျက်မှတ်ခြင်း ဟူသော ဓန္ထဓူရ ကိုဆောင်လျှင်ဆောင်၊ သို့တည်းမဟုတ် ကမ္မဋ္ဌာန်းဘာဝနာပွားများအားထုတ်ခြင်း တည်းဟူသော ၀ိပဿနာဓူရကို ဆောင်ကြရသည်။
တစ်ချို့က စာဝါ လိုက်ခြင်း ကို လွယ် သည် ဟု ထင်မှတ်ကြသည်။
အမရပူရမြို့၊မဟာဂန္ဓာရုံဆရာတော်ကြီး၏ တေးထပ် တစ်ပုဒ် ကိုဖတ်ကြည့်စေလိုပါသည်။
"လွယ်တယ် မထင်နဲ့"
ရဟန်းဘ၀ အလွယ်မမှတ်နှင့်
တကယ်ကျပ်သကွဲ့ ဒကာ တို့ရေ
အနယ်နယ် အရပ်ရပ် ငါတို့ပြေ မှာ
ဝါ လို့နေအောင် သံဃာ အများ။
လုပ်ကြောက် စားရဲ အလကားနေသည်
အလွဲ၊အမှားတွေ ထင်ကြလေ၏တကား။
ကာမဂုဏ်ယုတ် ခွာဆုတ်ကာနော်
စာအုပ်ကိုသာ အဖော်ထား။
မသမာအလုပ် ဆိုတာ
မတော်ပါ ကလားရယ်လို့
အပျော်အပါး မလိုက်ပေ။
သပိတ်ပိုက်ကာ လမ်းတကာသွားလို့
ဆွမ်းရှာစားရ ပဲ နှင့်ချဉ်ပေါင်ရေ။
မ၀တ၀ မျှတလေသည်
ရသမျှတွေ သောင်းပြောင်းရောလို့
ကောင်း မကောင်းသော
ဘာ ကမျှ မချန်ပေါင်
ပါသမျှ ပန်းကန်ပြောင်။
စားပြီး စာကျက် နှုတ်တက်ဆောင်တယ်
အမြုပ်ထွက်အောင် စာအံရသဗျလေး။ …..ဟူ၍ဖြစ်ပါသည်။
"ရဟန်းကျင့်ဝတ်၊ တစ်ပါးချွတ်က၊လူနတ်မကြိုက်၊ကဲ့ရဲ့ထိုက်၏"ဟူသောအဆုံးအမ ကိုမမေ့သင့်သလို
"ရဟန်းကျင့်ဝတ်၊တစ်ပါးတက်က၊လူနတ်ဦးခိုက်၊ပူဇော်ထိုက်၏"ဟူ၍ ဖြစ်ရန်လည်းအစဉ်သတိရှိရန်လိုအပ်ပါ
သည်။မည်သည့်ကိစ္စမဆို အရင်းအမြစ်ကျနစွာ မသိပါဘဘဲနှင့် ပေါ့ပေါ့ကလေးအပြောမလွယ်သင့်ပါ။
အမြင်မှား၊အယူမှား ရှိနေသည်ကို သိခဲ့ပါလျှင် သိသောသူက မသိသောသူအား ပြုပြင်သွန်သင်မှုပြုအပ်ပါသည်။
သို့မဟုတ်ပါကသူ၏"ခံယူချက်မှန်ကန်သည်၊အများက သဘောတူလက်ခံသည်"ဟု ယူဆပြီး မှားသည်ထက်မှားမိုက်တွင်းနက် သည်ထက် နက်ရှာပေတော့မည်။
အထူးသဖြင့် သာသနာရေး နှင့်ပတ်သက်၍ ပိုမိုဆင်ခြင်သင့်လှ၏။"၀ဇီဗေဒ ထိတိုင်းရှသည်" ဟု ဆိုရိုးစကားရှိပါသည်။ထို့ကြောင့် ပေါ့ပေါ့ကလေး ပြောဆိုမှုကြောင့် လေးပင်သောအပြစ်ကြီးများမရကြစေရန် အထူးသတိချပ်သင့်ပါကြောင်းနှင့် ရဟန်းတော်များအပေါ် အချို့သော လူဝတ်ကြောင်တို့၏ "အလုပ်လက်မဲ့တွေပါ"ဟူသောအထင်သေးမှုဘေးမှ ကင်းရှင်းကြစေလိုပါကြောင်း စေတနာကောင်းနှင့်ရေးသားတင်ပြလိုက်ပါသည်။
မှီငြမ်း ကျမ်းကိုး-
၂၀၁၀ခုနှစ်၊စက်တင်ဘာလထုတ်- Dhamma Digest (ဓမ္မဒိုင်ဂျက်-ဓမ္မစာစောင်)မှ
"တက္ကသိုလ် သောတုဇန(မဟာဓမ္မာစရိယ)"၏"အလုပ်လက်မဲ့တွေလား"
"အညတရ-ဘိက္ခု"၏"ဘုန်းကြီးဝတ်ကြည့်စမ်းပါ"
"ဒေါက်တာအောင်ကျော်(သွား-ဆရာဝန်)"၏"ပေါပေါ့လေး မတွေးပါနဲ့"
(အထက်ပါ ဆောင်းပါးများကို မှီငြမ်း၍ ,ပြန်လည်,မျှဝေ,ဓမ္မဒါနပြုခြင်းဖြစ်ပါသည်)
ချမ်းသာပါစေ၊အေးငြိမ်းပါစေ၊
သံသရာဝဋ်ဆင်းရဲမှ..လွတ်မြောက်ကြပါစေ။
ဘ၀တုသဗ္ဗမင်္ဂလံ
(ည.ည.တ)
nyinyitindrums@gmail.com