Saturday, February 16, 2013

မြေကြီးရယ်သံ


မြေကြီးရယ်သံ

အော် … ဂရမ်မီဆုပေးပွဲတောင် နီးလာပြန်ပါပေါ့လား။
အစိုင်ဖြစ်နေသော ပင့်သက်ကို မျှဉ်း၍ ချလိုက်မိသည်။ ပြီးခဲ့သည့် ငါးဆယ့်လေးကြိမ်မြောက် ဆုပေးပွဲ အကြိုနေ့က ကွယ်လွန်သွားခဲ့သော "ဝှစ်တနီ ဟူစတန်" ကြောင့်တော့မဟုတ်။ ထိုဆုပေးချိန်က ကိုယ် နယူးယောက်မှာ ရှိနေခဲ့ သည်လေ။
 
    သည်နှစ်တွက် ဂုဏ်ထူးဆောင် အဖိတ်ကြားခံထားရသူ L.A က တည်းခိုနေသည့်ဟိုတယ်တွင် ကွယ်လွန်သွားကြောင်း။ ကြေငြာသံ၊ ဝမ်းနည်းသံ၊ ကြေကွဲဟန်တွေလွှမ်းနေသည့်ဆုပေးပွဲကို အဲဒီညက ကိုယ်ကြည့်နေခဲ့သည်။ ဂရမ်မီဆု ခြောက်ဆုပင်ရခဲ့သော ကွယ်လွန်သူ အဆိုကျော်ကို မြင်လိုက်ရသောအခါ သူမအကြောင်းကို သိသလိုလို၊ ဖတ်ဖူးသလိုလို၊ ဇဝေဇဝါနှင့် စုတ်သပ် လိုက်မိသည်။

    နောက်နေ့ မိုးအသောက်မှာတော့ ကိုယ်တို့တတွေ ပုံမှန်လမ်းလျှောက် ထွက်ဖြစ်ကြသည်။ Laguardia လေယာဉ်ကွင်းနားက ပန်းခြံအထိ၊ နှစ်နာရီခန့်လျှောက်ကြပြီး အပြန်တွင် ရုစဘဲ့လမ်း ဘူတာတွင် အခမဲ့ယူနိုင်သည့် A.M နှင့် Metro ဆိုသည့် သတင်းစာလေးနှစ်စောင်ကိုလည်း ယူကြမြဲ။

  ဒီနေ့တော့ ခါတိုင်းယူနေကျ ဘူတာဝမှာ မရတော့၊ တဖက်ခြမ်း ခုံးကျော်တံတားလှေကားမှ သွားယူရသည်။ ကံကောင်းလို့ A.M တမျိုးသာ ရခဲ့သည်။ မျက်နှာဖုံးမှ သူမဓာတ်ပုံနှင့် သူမသတင်း ကြောင့် အကုန်မြန်ခဲ့ပြီ။

    သူမအကြောင်း စေ့ငုမိတော့ အမိမြေမှာတုန်းက သူမပါဝင်ခဲ့သော ရုပ်ရှင်ကို  အမှတ်ရသည်။ မင်းသား Kevin Costner နှင့်တွဲ၍ ရိုက်ကူးခဲ့သော The Bodyguard ဆိုသည့်ဇာတ်ကား၊ နှစ် နှစ်ဆယ်ထက်မနည်း ရှိရော့မည်။ ဆရာဦးအောင်သင်းအိမ်မှာ ကိုယ်တို့အတူ သူမ၏အနုပညာ၊ သူမဂီတတွေကို ချီးကျူးဝေဖန်ဖူးခဲ့ကြ၊ အထူးသဖြင့် အဆိုတော် Dolly Parton ရဲ့ "I Will Always Love You” သီချင်းကို သူမ ပြန်လည်သီဆိုမှု အနုပညာအကြောင်း။

   အော် … ခုတော့ … ခမျာ ကြွေလွင့်ရှာပြီ။
ရေချိုးကန်မှာ ခေါင်းနစ်လျက်တဲ့၊ အကြောင်းမသိရသေးတဲ့၊ ရင်သွေးနှင့် ကွဲကွာနေ သည့်ခင်ပွန်း၊ ပြီး … မိဘများနှင့် အောင်မြင်ကျော်ကြားမှုများ … ထားရစ်ခဲ့ရပြီ။ ကြားသူတိုင်းက နှမြောကြ၊ တသကြ၊ ကြေကွဲကြ၊ သတင်းစာမျက်နှာတွေ၊ ဖန်သားပြင်တွေ၊ နှုတ်ဖျားတွေမှာ ပဟေဠိဖြင့် လိမ်းကြံနေသော နှမြောတသမှုများ။ နောက်နေ့တွေမှာတော့ တစ တစ သတင်းရုပ်လုံး ပေါ်လာသည်။ သူမသေဆုံးရခြင်း အကြောင်းရင်းက … သည် အမေရိကကလူတွေ၊ အို … အမေရိကမှ မဟုတ်ပါဘူးလေ၊ ဟိုတလောက အင်္ဂလန်မှာလည်း နာမည်ကျော် အဆိုတော်မလေး တယောက်၊ တကယ်တော့ အောင်မြင်သူတွေ စိတ်ကျသည့်အခါတိုင်း အသုံးပြုကြလေ့ရှိသည့် ထွက်ပေါက်မှား၊ မူးယစ်ဆေးဝါးကြောင့်တဲ့။

   ဖြစ်ရလေ။ ပြည့်စုံကြွယ်ဝမှုတွေ၊ အောင်မြင်ကျော်ကြားမှုတွေနှင့် အလိုရှိတိုင်း ယစ်မူးနိုင် ပါလျှက်နှင့်၊ ဘာဖြစ်လို့များ အသက်ပေးရတဲ့ မူးယစ်ဆေးကို မက်မောကြပါလိမ့်။

   မြို့လေးတမြို့က ဘုရားကျောင်းမှာ ဓမ္မတေးသီဆိုသူဘဝမှစခဲ့သည့် ကြီးကျယ်ခမ်းနားသော အောင်မြင်မှုဘဝကို မူးယစ်ဆေးနဲ့ ဖြိုချလိုက်တာပါလား ဝှစ်တနီဟူစတန်ရယ်။

အရွယ်ကောင်းဆဲ၊ အများအတွက်၊ လောကအတွက် တေးတွေသီကျူးလို့ အကောင်းဆုံး အချိန်မှာ … ခုတော့ ...။
ကိုယ်လည်း သို့နှယ် နှမြောမိသည်။ တ, တော့ မတသ, မိ။

မကြာမကြာ ကိုယ်နှမြောပြီး တသနေတတ်မိသူက သူမနှင့် အချိန်တည်းလို ကွယ်လွန်သွားရှာ သည့် သီလရှင်လေးတပါးကိုပါ။ "TenZin ChoeDon” တဲ့။ ဇီချွမ်ပြည်နယ်က တိဘက်မလေး။ အသက် (၁၈) နှစ်တဲ့။ သူ့အကြောင်းကို သည်ထက်ပိုမသိခဲ့။ သို့စဉ်လျက်နှင့် နှမြော တ, သ ရသည့် အကြောင်းက … သီလရှင်လေးသည် သူ့ပြည်သူတွေလွတ်မြောက်ဖို့အတွက် သူမကိုယ်ကို မီးရှို့ဆန္ဒ ပြသွားသောကြောင့်ပင်။

မြောက်ပိုင်းက ဗုဒ္ဓ သမီးငယ်လေးသည်၊ သူတပါးအသက် သတ်ဖြတ်မှုကို တားဖြစ်တော် မူသကဲ့သို့၊ မိမိအသက်ကို မိမိ သတ်ဖြတ်ခြင်းကိုလည်း အဖမြတ်စွာ လိုလားတော်မမူခြင်းကို မသိများ မသိရှာလို့လား၊ သိတော့သိမှာပါလေ … အဲဒီအဆုံးအမထက် သူ့မျိုးသူ့ဆွေ၊ သူ့ပြေ (ပြည်) သူ့မြေကို ချစ်မှုက ကဲလွန်နေရှာလို့ထင့်။

ဘဝကို စွန့်ပစ်ကြသူချင်းအတူတူ သူမရဲ့ စွန့်မှုကတော့ … ။
ကိုယ်မှတ်ခဲ့ဖူးသည်၊ ဖိနှိပ်မှု၊ ချုပ်ချယ်မှု ခံရသူတွေ လွတ်မြောက်လိုမှုဆန္ဒကို ထုတ်ဖေါ်ပုံ သုံးမျိုးရှိသည်တဲ့။
(၁)    နှုတ်မှ ထုတ်ဖေါ်ကြွေးကြော်ခြင်း၊
(၂)    အစာငတ်ခံခြင်း၊
(၃)    ကိုယ့်ကိုယ်ကို မီးရှို့ခြင်း … တဲ့။

သည်သုံးနည်းတွင် နောက်ဆုံးနည်းကိုသုံးပြီး ဆန္ဒပြလာပြီဆိုလျှင် စာနာတတ်သည့် အုပ်ချုပ် သူတွေဟာ အလျှော့ပေးကြသတဲ့၊ တချိန်က ဗီယက်နမ် မှာဆို … ။

ဒီ သီလရှင်လေး ထုတ်ဖေါ်ပြသသွားတဲ့ သူမဆန္ဒကိုရော တဘက်က မြင်မှမြင်ကြပါလေစ။ တနေ့မမြင်၊ တနေ့မြင်ကြပါစေ၊ မြင်ကြပါစေ … ။
ရှေ့နည်းတွေအသုံးမပြုဘဲ အမြင့်ဆုံး နောက်ဆုံးနည်းကို သုံးသွားတာဟာ လွတ်လပ်မှုကို ဘဝထက် တန်ဖိုးထားတဲ့သဘောလား။
ဒါဆို ... ဝှစ်တနီဟူစတန်တို့ သုံးသွားသည့် ထွက်ပေါက်မှားနှင့်အတူဟု ကိုယ်မဆိုရက်နိုင်၊ ဒါပေမယ့် ... ဟူး ... ။
မကုန်ခန်းနိုင်သေးသော ပင့်သက်ကို ကိုယ်ချလိုက်မိပြန်သည်။

အရင်းရှင်ဖြစ်ဖြစ်၊ ကွန်မြူနစ်ဖြစ်ဖြစ် နယ်ချဲ့စိတ်ဝင်လာရင် ဘယ်လောက် တိုင်းပြည်ကြီး ကျယ်ကျယ်၊ သူတို့လောကအတွက်တော့ ကျဉ်းနေကြဦး မှာပါပဲလေ။

သို့ ... အခိုက် "လူတကိုယ်တွင် မြေမည်မျှလိုသနည်း" ဆိုသည့် ဝတ္တုလေးကို အမှတ်ရ လိုက်သည်။ လီယိုတော်စတွိုင်းကြီး ရေးခဲ့ မှတ်ထင့်။ မြေဧကတွေ ကြိုက်သလောက် ကန့်၍ ယူစေဆို၍ မဆည်နိုင်၊ မတန့်နိုင် မြေကွက်တွေ သတ်မှတ်သူတဦးအကြောင်း။ နောက်ဆုံးတွင် ခြောက်ပေ တကွက်မျှသာလိုကြောင်း သဘောပေါက်သွားသူ။

နောက်ပြီး ... စိန္တေကျော်သူဦးသြရဲ့ သြဝါဒထူးပျို့လာ "ရယ်သူသုံးမျိုး" ထဲမှ တမျိုး။
"ငါ ရေမြေ့သနင်း၊ ပြည့်ရှင်မင်း" လို့ ကြုံးဝါးမာန်ထောင်တဲ့အခါ မြေကြီးက ရယ်သတဲ့။
အင်း ... ဒီ သီလရှင်လေးအတွက်တော့ မြေကြီး ငိုနေမယ် ထင်ပါရဲ့ ... ။   


ကံထွန်းသစ်
06. 01. 2013
4:10 A.M