Monday, February 11, 2013

အေးအေးသာကြည်နည်းရဲ့ စွမ်းပကား

အေးအေးသာကြည်နည်းရဲ့ စွမ်းပကား

{၂၀၀၁ခုနှစ် ဇွန်လ ၁၉ရက်နေ့က “ပြူအာတိုရီကို တက္ကသိုလ်” (University of Puerto Rico) မှာ မဟက်တမဂန်နီ ရဲ့မြေးဖြစ်သူ ဒေါက်တာအေရန်ဂန်နီက သင်ကြားပို့ချခဲ့ပါတယ်။ အဲသည့် ပို့ချချက်ထဲက ဇာတ်လမ်းလေးတစ်ပုဒ်ကတော့ သားသမီးတွေကို အပြစ်ပေးဒဏ်ခတ်တဲ့နည်းနဲ့ ဆုံးမရင် ကလေးတွေလိမ်မာလာလိမ့်မယ်လို့ ယုံကြည်တတ်လေသူ မိဘများအတွက် နမူနာယူချင်စရာ ဖြစ်ရပ်လေးတစ်ခုပါပဲ။}

         
 ဒေါက်တာအေရန်ဂန်နီရဲ့ ဟောပြောချက်အပြည့်အစုံကို ဖတ်ကြည့်လိုက်ကြပါစို့လား။
          အဲတုန်းက ကျွန်တော် ၁၆နှစ်ပဲရှိပါသေးတယ်။ မိဘတွေနဲ့အတူ တောင်အာဖရိကနိုင်ငံရဲ့ ဒါဘန်မြို့ပြင် ၁၈ မိုင်မှာရှိတဲ့ ခြံဝိုင်းလေးမှာ နေနေတဲ့အချိန်ပေါ့ဗျာ။ အဲသည့်ခြံဝိုင်းလေးက ကျွန်တော့်အဘိုးတည်ခဲ့တဲ့ ခြံလေးပဲဗျ။
 
          ခြံဝိုင်းလေးက ကြံစိုက်ခင်းတွေအလယ်မှာဆိုတော့ တကယ့်တောခေါင်ခေါင်ထဲ ရောက်နေသလိုပါပဲ။ အိမ်နီးနားချင်းဆိုလို့လည်း အနီးအနားမှာ တစ်အိမ်မှမရှိဘူး။ အဲတော့ ကျွန်တော်တို့မောင်နှမနှစ်ယောက်အတွက် မြို့တက်ရမယ့်အချိန်ကိုပဲ မျှော်နေရတာပေါ့။ မြို့ကိုတက်တော့မှပဲ ကျောင်းနေဘက် သူငယ်ချင်းတွေနဲ့တွေ့ရ၊ ရုပ်ရှင်လေး ဘာလေး ကြည့်ရနိုင်တာကိုး။
 
          တစ်နေ့ကျတော့ အဖေက သူ့ကိုကားလိုက်မောင်းပေးဖို့ပြောတယ်။ အဖေ့မှာ တစ်နေကုန် တက်ရမယ့် အစည်းအဝေးတစ်ခုရှိနေသတဲ့။ ကျွန်တော်လည်း အဖေ့ကိုလိုက်ပို့ရင်း မြို့ထဲသွားရမယ့် အခွင့်အရေးဆိုတော့ ပျော်သွားတယ်။
          မြို့တက်မှာဆိုတော့ အမေကလည်း အိမ်အတွက်ဝယ်ရခြမ်းရမယ့် စာရင်းတွေ ကျွန်တော့်လက်ထဲ ထည့်ပေးပါတယ်။ အဖေကလည်း မြို့မှာ ကျွန်တော်တစ်ယောက် တစ်နေကုန်နေနေရမယ့်အတူတူ ကားကြံ့ခိုင်ရေးလုပ်တာ၊ ရေဆေးဆီထိုးတာအပါအ၀င် တခြားဗာဟီယလေးတွေ လုပ်ထားခိုင်းပြန်တယ်။
 
          အဲလိုနဲ့ အဲသည့်နေ့မနက်က အဖေသွားတဲ့အစည်းအဝေးခန်းမရှိရာ အဆောက်အအုံရှေ့ကို ရောက်သွားတော့ အဖေက ကားပေါ်က မဆင်းခင် ကျွန်တော့ကို မှာသွားတယ်။
          ဖေဖေ့ကို ညနေ၅နာရီကျ ပြန်လာကြိုနော်၊ သား.. တဲ့။
          အဖေ့ကို အစည်းအဝေးမှာထားခဲ့ပြီးတော့ ကျွန်တော်လည်း အမေနဲ့အဖေတို့ ခိုင်းထားတာတွေကို ခပ်သွက်သွက်လုပ်လိုက်ပါတယ်။ ပြီးတာနဲ့ အနီးဆုံး ရုပ်ရှင်ရုံကို ပြေးတော့တာပဲ။
 
          ရုပ်ရှင်ရုံထဲလည်းရောက်ရော ကျွန်တော်ကြိုက်တဲ့ ဂျော်(န်)ဝေး(န်)ကားနဲ့ တိုးနေတယ်ဗျ။ ဂျော်(န်)ဝေး(န်)နဲ့လည်းတွေ့ရော အားလုံးကို မေ့သွားတော့တာပဲ ဆိုပါဆို့။ အားလုံး မေ့ဆို၊ အချိန်ကိုပါ မေ့သွားတော့တာဗျ။
          ရုပ်ရှင်ပြီးတော့ ၅နာရီခွဲ။ အဲတော့မှ ၅နာရီမှာ အဖေ့ကို ကြိုရမှာ သွားသတိရတယ်။ ကားကို ရေဆေးဆီထိုးရုံမှာ ထားခဲ့တာဆိုတော့ အဲသည့်ကို အပြေးသွားပြီး ကားပြန်ယူရသေးတယ်။ ပြီးမှ အဖေ့ကို သွားကြိုတော့ အဖေက ကျွန်တော့်ကို စိတ်ရှည်လက်ရှည်စောင့်နေတယ်။ နာရီကြည့်လိုက်တော့ ၆နာရီထိုးခါနီးနေပြီ။
 
          အဖေက ကျွန်တော့်ကို စိတ်ပူနေတဲ့အသံနဲ့ မေးတယ်။
          ဘာလို့ နောက်ကျတာလဲသား… တဲ့။
          အနောက်တိုင်း ရုင်ရှင်ကားတစ်ကားကို ကြည့်နေတဲ့အကြောင်း အဖေ့ကို ပြောလိုက်ရမှာရွံ့နေမိတာနဲ့ ပါးစပ်ထဲရှိသလို ဖြေလိုက်မိရပါတယ်။
          ကား ရေဆေးဆီထိုးတဲ့နေရာမှာ သည်ကနေ့မှ ကားတွေများနေလို့ တန်းစီနေရတယ် ဖေဖေရဲ့.. ပေါ့။
          တကယ်တော့ ကျွန်တော်မသိလို့ပါ။ အဖေက အဲသည့်ကား ရေဆေးဆီထိုးတဲ့အလုပ်ရုံကို တယ်လီဖုန်းဆက်ကြည့်ပြီးသားဆိုတာကို ကျွန်တော် မရိပ်မိခဲ့ဘူး။
 
          အဖေက အဲသည့်ကိုလှမ်းဆက်ပြီးသားဆိုတော့ သူ့ကို ကျွန်တော်လှိမ့်မှန်း တန်းသိသွားမှာပေါ့။
          သည်အခါ အဖေက ကျွန်တော့်ကို ဘာပြောတယ်မှတ်လဲ။
          အေးကွာ၊ အဖေနဲ့သား ပွင့်ပွင့်လင်းလင်း ဘာမဆို အမှန်အတိုင်းပြောရဲအောင် သားကိုတစ်သက်လုံး လေ့ကျင့်သင်ကြားပေးနိုင်ခဲ့တယ်လို့ ဖေဖေထင်ခဲ့တာ။ အခုကျတော့မှ ဖေဖေ့ဘက်က တစ်ခုခုမှားနေမှန်း သတိထားမိတော့တယ် သားရေ။ သားကို လိမ်တတ်ညာတတ်သူဖြစ်သွားအောင် ဖေဖေဘယ်နည်းနဲ့များလုပ်မိသွားခဲ့သလဲဆိုတာ စဉ်းစားလိုက်ဦးမယ်ကွာ။ အဲတော့ သည်လိုလုပ်၊ သားက ကားမောင်းပြီးပြန်တော့။ 
 
 ဖေဖေကတော့ ဖေဖေ ဘယ်နေရာမှာ မှားသွားသလဲဆိုတာ စဉ်းစားရင်းနဲ့ သည်၁၈မိုင်ကို ခြေလျင်ပဲလျှောက်တော့မယ်နော်.. တဲ့။
          အဲလိုနဲ့ အစည်းအဝေးတက်တဲ့အ၀တ်အစား၊ အစည်းအဝေးတက်တဲ့ အလှစီးခြေနင်းနဲ့ အဖေဟာ အိမ်အပြန်လမ်းကို ခြေလျင်လျှောက်ပါတော့တယ်။ လမ်းကလည်း ချိုင့်တွေ၊ ကျင်းတွေ၊ ခလုတ်တွေ၊ ကန်သင်းတွေနဲ့။ လမ်းမီးကလည်း မရှိတော့ မှောင်နဲ့မည်းမည်း။
 
          အဖေ့စိတ်ကိုသိနေတော့ ကားပေါ်တက်ပါ အဖေရယ်လို့လည်း မပြောရဲဘူး။ အဖေ့ကို တစ်ယောက်တည်းထားပြီးတော့လည်း ကားမောင်းပြီး မပြန်ရက်ဘူး။ အဲဒါနဲ့ ကျွန်တော်လည်း အဖေ့နောက်ကနေ တစ်လိမ့်ချင်းလိမ့်ရုံမောင်းပြီး လိုက်ခဲ့ရတော့တာပေါ့။ အဲသည့်နေ့က အိမ်ကိုရောက်ဖို့ ၅နာရီခွဲတိတိကြာတယ်။ ကျွန်တော့်ရဲ့မိုက်မဲစွာ လိမ်လည်ဖြီးဖြန်းမှုကြောင့် ကျွန်တော့်အဖေမှာ နာကျင်ထိခိုက်နေတာကို မြင်နေရတော့ ကျွန်တော့်ရင်ထဲမှာ ဘယ်လိုမှ မချိတော့ပါဘူး။ အဲသည့်အချိန်ကစပြီး နောင်လွဲနောင်ခါ ဘယ်သောအခါမှ မလိမ်တော့၊ မညာတော့ဘူးလို့လည်း ကျွန်တော် ဆုံးဖြတ်လိုက်မိရပါတော့တယ်။
 
          သည်အဖြစ်အပျက်ကလေးကို ကျွန်တော် မကြာကြာသတိရမိတယ်။ တကယ်လို့သာ ကျွန်တော့်အဖေဟာ ..ငါ့သား မင်းငါ့ကိုလိမ်ရကောင်းလား.. ဆိုပြီး သားသမီးတွေကို ကျွန်တော်တို့ဆုံးမနေကျ နည်းလမ်းတွေထဲက တစ်နည်းနည်းနဲ့သာ ကျွန်တော့်ကို အပြစ်ပေးခဲ့မယ်ဆိုရင် ကျွန်တော် အဲသလောက်မှတ်ပါ့မလားလို့လည်း စဉ်းစားမိတယ်။ ဟုတ်တယ်။ အဲလိုသာ အဖေက အပြစ်ပေးမယ်ဆိုရင် ကျွန်တော် ဘယ်သည်လောက် မှတ်ပါ့မလဲ။ အဖေပေးတဲ့အပြစ်ဒဏ်ကို နာကျင်စွာခံယူလိုက်ပြီးတဲ့နောက် အလားတူပြစ်မှုကို လစ်ရင်လစ်သလို ကျူးလွန်ဖြစ်နေဦးမှာပါပဲ။
 
          ဒါပေမယ့် ဘာအပြစ်မှ မပေးဘဲ အေးအေးဆေးဆေး၊ အသာတကြည်နဲ့ အဖေလုပ်လိုက်တာလေးကတော့ သိပ်ကို အစွမ်းထက်လွန်းအားကြီးလှပါတယ်။ ဘယ့်ကလောက်များလဲဆိုရင် သည်အဖြစ်အပျက်ဟာ မနေ့တစ်နေ့က ဖြစ်ပျက်ခဲ့သလို ကျွန်တော့်ရင်ထဲမှာ အမြဲ လတ်ဆတ်နေပြီး နောင်တစ်ကြိမ် မလိမ်ဖြစ်အောင်လည်း နေ့စဉ်နဲ့အမျှ သတိပေးသလို ဖြစ်နေခဲ့ပါတော့တယ်။
 သည်ဖြစ်ရပ်ဟာ တကယ်တော့ အေးအေးသာကြည်နည်းရဲ့ စွမ်းပကားပါပဲ။
 
          စာဖတ်သူလူကြီးမင်းများခင်ဗျား…
          ကျွန်တော့်ဆီ ရောက်လာတဲ့စာထဲမှာ ပါတဲ့ဇာတ်လမ်းလေးကတော့ သည်လောက်ပါပဲ။
          တိုက်ဆိုင်တယ်လို့ဆိုရပါလိမ့်မယ်။ သည်စာကို သြဂုတ်လ(၁၄)ရက်နေ့မှာရတာပါ။ သြဂုတ်လ(၁၁)ရက်နေ့ညနေခင်းမှာတော့ လူရင်းတစ်ယောက်ရဲ့ လိမ်လည်မှုတစ်ခုကြောင့် ကျွန်တော်ရင်ကွဲခဲ့ရပါသေးတယ်။ လိမ်လည်သူလူရင်းကတော့ ကျွန်တော့်ကို ထိခိုက်နစ်နာစေလိုတဲ့ ရည်ရွယ်ချက်လုံးဝမရှိဘူးလို့ ကျိန်တွယ်ပြောဆိုပါတယ်။ သည်အချက်ကို ကျွန်တော့်ဘက်ကလည်း နည်းနည်းမှသံသယမရှိပါဘူး၊ လက်ခံနိုင်ပါတယ်။ ဒါပေမယ့် လက်တွေ့မှာ ကျွန်တော့် ဘက်ပေါင်းစုံက ထိခိုက်နာကျင်လွန်းလှတာ စာနဲ့တောင်ရေးမပြတတ်အောင်ပါပဲ။
 
          သည်ကိတ်စကိုပြောတဲ့အခါ မိတ်ဆွေလေးတစ်ယောက်က ကျွန်တော့်ကို လိမ်လည်သူ လူရင်းဘက်က ရှေ့နေလိုက်ပါတယ်။ လိမ်ညာဖုံးဖိရခြင်းရဲ့အကြောင်းရင်းကို ထောက်ညှာပေးဖို့ပါပဲ။ ကျွန်တော် ပြန်ရှင်းပြရပါတယ်။ မိသားစုတစ်ခုမှာဖြစ်စေ၊ မိတ်ဆွေရင်းချာများကြားမှာဖြစ်စေ၊ လုပ်ငန်းခွင်တစ်ခုခု၊ အသင်းအဖွဲ့တစ်ခုခုအတွင်းမှာဖြစ်စေ၊ တခြားဆက်ဆံရေးတစ်ခုခုမှာဖြစ်စေ လိမ်ညာဖုံးဖိမှုတွေ ပေါ်ပေါက်ပြီဆိုတာနဲ့ ယုံကြည်မှုပျက်ယွင်းသွားပြီး ဆက်ဆံရေးတစ်ရပ်လုံး ယိမ်းယိုင်ပြိုလဲသွားတတ်မြဲ သဘာဝကိုပါ။ တစ်နည်းပြောရရင် အတွင်းလှိုက်စားတဲ့ဆက်ဆံရေးဆိုတာ အဲလိုလိမ်ညာ ဖုံးဖိမှုတွေနဲ့ ပြည့်နှက်နေတဲ့ ဆက်ဆံရေးမျိုးပါပဲ။ ဘာအေကြာင်းကြောင့်ပဲဖြစ်စေ၊ လိမ်ညာဖုံးဖိတာဟာ ယုံကြည်မှုကို လျော့ပါးစေတဲ့အကျိုးဆက်ကို ဖြစ်ပေါ်စေတာချည်းပါပဲ။
 
          တစ်ဆက်တည်းမှာ မြန်မာစကားအမှတ်မှားနေတာတစ်ခုကိုလည်း စာဖတ်သူများအတွက် ထောက်ပြလိုက်ချင်ပါသေးတယ်။ ..မုသားမပါ၊ လင်္ကာမချော.. လို့ အမှတ်မှားနေတာကိုပါ။ မူရင်းဆိုရိုးစကားအမှန်က ..မုတမပါ၊ လင်္ကာမချော..ပါ၊ ..မုတ.. လို့ ပါလိလိုခေါ်တဲ့၊ သိုးဆောင်းဘာသာစကားနဲ့ mood လို့ခေါ်တဲ့၊ အာရုံဝင်စားမှု (၀ါ) ခံစားချက်မပါရင် လင်္ကာမချောနိုင်ဘူးလို့ ဆိုလိုရင်းပါ။ အဲဒါကိုမှ လိမ်ညာပြောဆိုဖို့ အထုံပါသူများက ကြားဖူးနားဝနဲ့လိုရာဆွဲပြီး ..မုတ.. ကို ..မုသား.. လုပ်ထည့်ကာ လိမ်ညာဖုံးဖိတာပဲတရားသလိုလို၊ ဘာလိုလို ထင်ယောင်ထင်မှားဖြစ်အောင် လုပ်လိုက်ကြတာပါ။
 
          ကျွန်တော်ဟာ ကျွန်တော့်သားသမီးလေးတွေကို တစ်ခုပဲသင်ပါတယ်၊ မလိမ်ဖို့ပါပဲ။ မှားတာကို ကျွန်တော်သည်းခံနိုင်ပါတယ်။ ပုထုဇဉ်မှန်သမျှ ဘယ်သူမှ အမှားမကင်းပါဘူး။ ဒါကြောင့် ကြိုက်သလောက် မှားလို့ရပါတယ်။ ဒါပေမယ့် မလိမ်ပါနဲ့လို့တော့ ကျွန်တော် အထပ်ထပ်မှာထားပါတယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း ကျွန်တော့်မိသားစုကို ဘယ်တုန်းကမှ မလိမ်ခဲ့၊ မညာခဲ့ပါဘူး။ အားလုံးကို အမှန်အတိုင်းပြောခဲ့ပါတယ်။
 
          တစ်ဆက်တည်းမှာပဲ ကလေးတွေကို လိမ်ညာတတ်အောင်၊ ဖုံဖိတတ်အောင် လေ့ကျင့်ပေးသူများကလည်း မိဘများကိုယ်တိုင်သာဖြစ်တယ်ဆိုတာ သတိထားမိနေခဲ့တာကြာပါပြီ။ အမှန်အတိုင်း ၀န်ခံလိုက်တဲ့အခါ အပြစ်တင်လိုက်မယ်၊ မောင်းမဲလိုက်မယ်၊ အပြစ်ပေးလိုက်မယ်ဆိုရင် နောင်အခါကျအပြစ်တင်ခံရမှာ၊ မောင်းမဲခံရမှာ၊ အဆော်ခံရမှာကြောက်ပြီး အမှန်ကိုပြောဖို့ဝန်လေးကုန်တတ်တာ သဘာဝပါ။ ကျွန်တော့်ကလေးတွေက အမှန်အတိုင်းပြောလာရင် သူတို့ရဲ့အမှန်ကို ၀န်ခံရဲတဲ့သတ်သိကို နှုတ်နဲ့ ထုတ်ဟချီးကျူးပါတယ်။ 
 
 ဘယ်လောက်ကြီးမားတဲ့အပြစ်ကိုဖြစ်စေခွင့်လွှတ်ပေးလိုက်ပါတယ်။ တစ်နည်းအားဖြင့်အမှန်ကို ပြောပြတဲ့အတွက် ဆုပေးလိုက်တဲ့သဘောပါပဲ။
          သည်နည်းနဲ့ သူတို့တွေ အမှန်ကိုအခါခပ်သိမ်း ပြောရဲလာပြီဆိုရင် မိသားစုဆက်ဆံရေး လမ်းကြောင်းလည်း ပွင့်ထွက်သွားပါပြီ။ ဒါဆိုရင် တခြားမိသားစု အရေးကိတ်စအားလုံးကို အဆင်ပြေအောင် ဆောင်ရွက်နိုင်ဖို့ အလွန်အင်မတန် လွယ်ကူသွားပါတော့တယ်။
 
          ကျွန်တော့်ကို လိမ်ညာဖုံးဖိသူလူရင်းကို ပထမအကြိမ်ကတည်းက အပြင်းအထန်သတိပေးခဲ့ပါတယ်။ နောင်တစ်ကြိမ်ဆိုရင် သေခန်းဖြတ်တဲ့အထိ အရေးယူမယ်လို့တောင် မှာခဲ့တာပါ။ အဲဒါ ၁၉၉၇ခုနှစ်လောက်ကပါ။ အဲဒါ ၂၀၀၀ ပြည့်နှစ်မှာ ဒုတိယနဲ့ တတိယအမှုတွေ ကြုံရပါတယ်။ ပထမအကြိမ်တုန်းက ကျွန်တော်သတိပေးခဲ့တဲ့အတိုင်းသာ အရေးယူရမယ်ဆိုရင် နစ်နာမယ့်သူက သူတစ်ယောက်တည်း မဟုတ်တော့ပါဘူး။ ဒါကြောင့် ဘာမှ မတတ်နိုင်တော့ဘဲ လက်ပိုက်ကြည့်နေခဲ့ရတာမို့ တော်တော်ကြီးကို ကြိတ်မနိုင်ခဲမရ ဖြစ်နေခဲ့ပါတယ်။
 
          အခု စာထဲက ဒေါက်တာအေရန်ဂန်နီရဲ့ ဇာတ်လမ်းလေးဟာဖြင့် ကျွန်တော် ဘာလုပ်ရမယ်ဆိုတာကို ကွက်ကွက်ကွင်းကွင်း မြင်စေခဲ့ပါပြီ။
          စာဖတ်သူလူကြီးမင်းများလည်း သည်ဇာတ်လမ်းလေးကနေ ဆင့်ပွားစဉ်းစားစရာလေးတွေ ရလာလိမ့်မယ်လို့ မျှော်လင့်မိကြောင်းပါ ခင်ဗျား။
 
(အလင်းတန်းဂျာနယ်၊ ၃၀-၁၀-၀၀)

အက်တကျော်ရဲ့ “နေပျော်တဲ့ဘ၀၊ ကြည်မြတဲ့ဘ၀င်၊ ရွှင်လန်းတဲ့စိတ်” (မောဟပြေ ပုံတိုပတ်စများ) စာအုပ်မှ ကူးယူဖော်ပြပါသည်။