Monday, November 26, 2012

အားထုတ်နိုင်မှ တရားရမည်

 

အားထုတ်နိုင်မှ တရားရမည်


ဝီရဿ ဘာဝေါ ဝီရိယံ၊ ဧတံ ဥဿာဟလက္ခဏံ၊
ဥပတ္ထ မ္ဘနရသံ၊ အသံသီဒနပစ္စုပဋ္ဌာနံ
သံဝေဂပဒဋ္ဌာနံဝါ၊ ဝီရိယာ ရ မ္ဘဝတ္ထုပဒဋ္ဌာနံဝါ။

ရဲရင့်သူ၏ ဖြစ်ကြောင်းဖြစ်ရာတရားသည် ဝီရိယမည်၏။ ဝီရိယသည် ရသည့်ဆင်းရဲ ကြိတ်အံခဲ၍ အမြဲသည်းခံနိုင်ခြင်း သဘောရှိ၏။ ယှဉ်ဘက်တရားတွေကို ထောက်ကန်၍ ထားတတ်၏။ မဆုတ်နစ်သော တရားဟု ယောဂီ၏ဥာဏ်၌ထင်၏။ သံဝေဂတရားလျှင် နီးကပ်သော အကြောင်း ရှိ၏။ တစ်နည်း ဝီရိယာရမ္ဘဝတ္ထု ရှစ်ပါးလျှင် နီးကပ်သောအကြောင်းရှိ၏။

ဝီရိယဆိုသော အတွင်းအားတစ်မျိုး၊ စိတ်စွမ်းအင်တစ်မျိုးကို ဆက်လက်ရှင်းပြပါမည်။ ဝီရိယဆိုတာ ရဲရင့်ကြောင်းတရား၊ ရဲရင့်သူတို့၏အလုပ်ဟု စာကဆို၏။ ဝီရိယရှိမှ ရဲရင့်မည်။ သတ္တိရှိမည်ဆိုသည့်သဘော ဖြစ်၏။ လုပ်ရဲကိုင်ရဲ၊ ပြောရဲဆိုရဲဟု ဆိုရာမှာ လုပ်ရဲကိုင်ရဲရှိဖို့၊ ပြောရဲ ဆိုရဲရှိဖို့ စိတ်ကို တွန်းအားပေးတာ ဝီရိယပင်ဖြစ်၏။ ဝီရိယရှိမှ စိတ်က ရဲ၏။ ဝီရိယမရှိလျှင် စိတ်က မရဲ။ ဝီရိယမရှိသောသူသည် မလုပ်ရဲ၊ မကိုင်ရဲ၊ မပြောရဲ၊ မဆိုရဲ ဖြစ်နေတတ်၏။
လောကီကိစ္စတွေကို လုပ်ရဲတာ၊ လုပ်နိုင်တာ၊ လုပ်ဖြစ်တာ ဝီရိယကြောင့်ပဲ ဖြစ်၏။ ထို့အတူ ဒါန၊ သီလ၊ ဘာဝနာဟူသော ကောင်းမှုကိစ္စတွေကိုလည်း ဝီရိယရှိမှ လုပ်ရဲ၏။ လုပ်နိုင်၏။ လုပ်ဖြစ်၏။ ထို့ကြောင့် ဝီရာနံ ကမ္မံ ဝီရိယံ- ရဲရင့်သူတို့၏ အလုပ်သည် ဝီရိယဖြစ်သည်ဟု စာကဆိုခြင်းဖြစ်၏။

ဝီရိယနည်းသူ၊ ဝီရိယမရှိသူသည် လောက စားဝတ်နေရေး၊ စီးပွားရေး၊ ပညာရေးစသော ကိစ္စတွေ ကိုလည်း အပင်ပန်းခံ အဆင်းရဲခံ မလုပ်ရဲ၊ မလုပ်ချင်၊ လုပ်ရမှာ ကြောက်နေ၏။ ဝီရိယမရှိတော့ စိတ်ကမရဲ၊ စိတ်က မမာ၊ စိတ်က သတ္တိမရှိ၊ စိတ်အရောင်အသွေးကမရှိ၊ စိတ်က ပျော့တိပျော့ဖတ်၊ ပျင်းတိပျင်းတွဲ၊ လျော့တိလျော့ရဲ ဖြစ်နေတတ်၏။
ဝီရိယဆိုတာ ရသည့်ဆင်းရဲ ကြိတ်အံခဲ၍ အမြဲသည်းခံနိုင်သောသဘောဟု စာကဆို၏။ ဒုက္ခကို သည်းခံနိုင်တာ ဝီရိယဖြစ်၏။ အလုပ်တစ်ခုခုကို အပင်ပန်းခံ၊ အဆင်းရဲခံ လုပ်နိုင်တာ ဝီရိယဖြစ်၏။ သက်သာသော အလုပ်ဟူ၍ မရှိ။ ချမ်းသာသော အလုပ်ဟူ၍ မရှိ။ ဘယ်အလုပ်ကိုဘဲ လုပ်လုပ် အနည်းနှင့် အများတော့ ပင်ပန်းမှာ၊ ဆင်းရဲမှာပဲဖြစ်၏။ ထိုပင်ပန်းဆင်းရဲမှုကို သည်းခံပြီး မကြောက်ရွံ့ဘဲ ရဲရဲလုပ်နိုင်တာ ဝီရိယပဲဖြစ်၏။

ဝီရိယရှိသော ဝီရိယသမားသည် ပင်ပန်းမှာကိုမကြောက်၊ ဆင်းရဲမှာကိုမကြောက်၊ အပင်ပန်းလည်း ခံနိုင်၏။ အဆင်းရဲလည်း ခံနိုင်၏။ အနုပညာပဲဖြစ်ဖြစ်၊ အကြမ်းပညာပဲဖြစ်ဖြစ် အတတ်ပညာနှင့် လုပ်ရသော အလုပ်ဟူသမျှ ပင်ပန်းသည်သာဖြစ်၏။ သိကြားမင်းက အပျင်းကြီးသော သူ့သား သုသီမကို မပင်ပန်း မဆင်းရဲဘဲနှင့် ချမ်းသာနိုင်သောအရပ်ရှိလျှင် အဖေ့ကို လိုက်ပို့စမ်းပါဟု ပြောဖူး၏။ အမြင့်ကိုရောက်သူ အများစုသည် ဝီရိယသမားတို့သာ ဖြစ်၏။ သူတို့သည် ပင်ပန်းမှုနှင့် ဆင်းရဲမှုကို အရင်းနှီးပြုခဲ့သူများသာဖြစ်၏။ ထို့ကြောင့် ပညာရှင်တို့က “ပါရမီ တစ်ပိဿာထဲမှာ ချွေး ကိုးဆယ့်ကိုးကျပ်သား ပါတယ်” ဟု ဆိုမိန့်ခဲ့ကြခြင်း ဖြစ်၏။

တရားအားထုတ်တယ်ဆိုတာ အပင်ပန်းခံ၊ အဆင်းရဲခံနိုင်မှ ဖြစ်၏။ သာမန် ဘာသိဘာသာ နေရသလို သက်တောင့်သက်သာ ဘယ်ရှိမှာလဲ။ တရားအားထုတ်တယ်ဆိုတာ ကိုယ်မှာရှိသော ကိုယ်အားစိတ်အားတွေ ထုတ်ပြီး လုပ်သောအလုပ်ဟု ဆိုလျှင်လည်းရ၏။ ကိုယ်အားလည်း စိုက်ထုတ်ရ၏၊ စိတ်အားလည်း စိုက်ထုတ်ရ၏။ ကိုယ်လည်းပင်ပန်းပါ၏။ စိတ်လည်းပင်ပန်းပါ၏။ သာမန်သဒ္ဓါ၊ သာမန် ဝီရိယမျိုးနှင့် တရားအားမထုတ် နိုင်ပါ။ သဒ္ဓါတရားကောင်းလွန်း၍သာ တရားအားထုတ်နိုင်ခြင်း ဖြစ်၏။

ဝီရိယသည် သူနှင့်ယှဉ်ဖော်ယှဉ်ဖက်၊ လက်တွဲဖော် မဟာမိတ်စိတ် စေတသိက်တရားတို့ကို သူ့လိုပဲ ရဲရဲရင့်ရင့် ဖြစ်အောင်၊ တောင့်တောင့်တင်းတင်း ဖြစ်အောင်၊ သတ္တိ ဗျတ္တိရှိအောင် ထောက်ပံ့ကူညီ အားပေး တိုက်တွန်းသော အလုပ်ကိုလည်းလုပ်၏။ 
 ဝီရိယဆိုတာ နောက်ဆုတ်ရိုးထုံးစံမရှိ။ ရှေ့ကိုပဲတိုး၏။ ဘယ်လောက်ပဲ အခက်အခဲတွေ့တွေ့၊ ဘယ်လောက်ပဲ အကျပ်အတည်းကြုံကြုံ၊ ဘယ်လောက်ပဲ ဆင်းရဲဒုက္ခ ရောက်ရောက်၊ ဝီရိယဆိုတာ ဘယ်တော့မှ နောက်မဆုတ်၊ အကယ်၍ နောက်ဆုတ်သွားခဲ့လျှင်၊ လက်မြှောက် အရှုံးပေးခဲ့လျှင် ဝီရိယမဟုတ်တော့။ ကောသဇ္ဖ- ပျင်းရိခြင်း၊ ညံ့ဖျင်းခြင်း ဖြစ်၏။

“သံဝေဂမပါ တရားမရှာနှင့်၊ သံဝေဂပါမှ တရားရှာ” ဟု အဆိုရှိ၏။ တရားအားထုတ်တယ် ဆိုတာ သံဝေဂလေးနှင့် အားထုတ်ရမှ ပိုကောင်း၏။ ပိုထိရောက်၏။ ပိုအားထုတ်ဖြစ်၏။ ပိုကြိုးစားဖြစ်၏။ သံဝေဂ မပါလျှင်တော့ ကုသိုလ်ဖြစ်၊ ပါရမီဖြစ်လောက်ပဲ အားထုတ်မိလိမ့်မည်။ သံဝေဂဟူသည် အပါယ်ဘေး၊ အိုနာဘေး၊ သေဘေး၊ သံသရာဘေးတို့ကို တကယ်မြင်၊ ကြောက်ရွံ့ ထိတ်လန့်သော သဟောတ္တပ္ပဥာဏ်၊ သြတပ္ပနှင့်တကွ ဖြစ်သော ဥာဏ်ကိုခေါ်၏။ အလောင်းတော် သိဒ္ဓတ္ထသည် မင်းဥယျာဉ်ထဲကအပြန် သူအို၊ သူနာ၊ သူသေ၊ ရဟန်း ဟူသော နိမိတ်ကြီး လေးပါးတို့ကိုမြင်ပြီး အကြောက်ကြီး ကြောက်သွား၏။ ထိုကြောက်သော ဥာဏ်သည် သဟောတ္တပ္ပဥာဏ်ပဲ ဖြစ်၏။

စာက ဝီရိယဖြစ်ဖို့အတွက် သံဝေဂဥာဏ် ရှိရမည်ဟု ဆို၏။ အထူးသဖြင့် တရားအားထုတ်ခြင်းနှင့် ပတ်သက်သော ဝီရိယကို ဆိုလိုခြင်းဖြစ်၏။ တကယ်ကြောက်လျှင် တကယ်လုပ်ကြမှာ ဖြစ်၏။ အခု သူရောကိုယ်ပါ အများစုသည် တကယ် မကြောက်ကြသေးတော့ တကယ် မလုပ်ကြသေးဘဲရှိ၏။ လုပ်မယ်၊ လုပ်မယ်နှင့် အချိန်ရွှေ့ အချိန်ဆွဲနေတာနှင့်ပဲ အချိန်တွေက ကုန်ကုန်သွား၏။

သံဝေဂဆိုတာ ထိတ်လန့်သွားခြင်း၊ တုန်လှုပ်သွားခြင်း၊ ကြောက်ရွံ့သွားခြင်း ဖြစ်၏။ ဘာကို ထိတ်လန့် တာလဲ၊ တုန်လှုပ်တာလဲ၊ ကြောက်ရွံ့တာလဲ ဆိုတော့ အိုခြင်း၊ နာခြင်း၊ သေခြင်း တရားတွေ၊ ထိုအိုနာသေတို့နှင့် ဆက်စပ်နေသော ဘဝခန္ဓာ၊ ဘဝခန္ဓာ နှင့်ဆက်စပ်နေသော သံသရာ၊ ထို အိုနာသေဘဝခန္ဓာ သံသရာတို့ကို ထိတ်လန့်ခြင်း၊ တုန်လှုပ်ခြင်း၊ ကြောက်ရွံ့ခြင်းသည် သံဝေဂဉာဏ်ဖြစ်၏။ ဘုရား အလောင်းတော်သည် သူအို၊ သူနာ၊ သူသေ၊ ရဟန်း ဟူသော နိမိတ်ကြီး လေးပါးကို မြင်ရလို့ သံဝေဂရ တောထွက်သွားခြင်းဖြစ်၏။
အိုရမှာကြောက်၊ နာရမှာကြောက်၊ သေရမှာကြောက်၊ နောက်ထပ်ဘဝတွေ ထပ်ဖြစ်ရဦးမှာ ကြောက်၊ သံသရာ လည်ရဦးမှာကြောက် ဆိုသော အကြောက်တရားသည် သံဝေဂဥာဏ်ဖြစ်၏။

တစ်မဂ်တစ်ဖိုလ်မှ မရသေးလျှင်ဖြင့် ဘဝကမပြတ်သေး။ ဘဝမပြတ်သေးသမျှ သံသရာ လည် ရဦးမည်။ သံသရာဆိုတာ ကြောက်စရာ၊ ဘဝဆိုတာ ကြောက်စရာ၊ ထိုဘဝသံသရာထဲမှာမှ အပါယ်လေးပါး ဆိုသော ဘဝသံသရာက ပို၍ ကြောက်ဖို့ကောင်း၏။ ပုထုဇဉ်ဘဝ ဂတိက မြဲသေးတာမဟုတ်။ ဂတိ မမြဲသေးတော့ နောက်ဘဝက စိတ်မချရ။ နောက်ဘဝတွေ ဆက်နေရလို့ အပါယ်လေးပါးကိုများ ကျသွားလျှင်ဖြင့် ဒုက္ခမှ တကယ်ဒုက္ခ ဖြစ်၏။ အခုလို အသိဉာဏ်ရှိသော လူ့ဘဝလေးကိုရခိုက်၊ ဘုရားသာသနာနှင့်လည်း ကြုံခိုက်၊ အဖက်ဖက်ကလည်း ပြည့်စုံနေခိုက်၊ သံသရာမှ ထွက်မြောက်ကြောင်း၊ လွတ်ရာလွတ်ကြောင်း အလုပ်ကို ကြိုးစား အားထုတ်သင့်သည်။

“အခွင့်သာခိုက်မှ မလိုက်ချင်လျှင် အမိုက်နင့်ပြင် ရှိဦးမှာတဲ့လား။ အခွင့်သာတုန်းမှ မရုန်းချင်လျှင် အရှုံးနင့်ပြင် ရှိဦးမှာတဲ့လား” ဟူသော လယ်တီ ဆရာတော်ဘုရား၏ အဆုံးအမကို နေ့စဉ် ရွတ်ဖတ် နေသင့်၏။ ထိုလင်္ကာဖြင့် ကိုယ့်ကိုယ်ကို သတိပေးနေသင့်၏။ အခုလို အဖက်ဖက်က ပြည့်စုံနေသည့် အခိုက် လွတ်လမ်းကိုမလိုက်၊ လွတ်ရာလွတ်ကြောင်း အလုပ်ကို မလုပ်လျှင် မိမိတို့ထက် မိုက်သော သူ ရှိမည်မဟုတ်တော့ချေ။ အခုလို အဖက်ဖက်က အခွင့်သာတုန်း မိမိတို့ထက်ရှုံးသောသူ ရှိမည် မဟုတ်တော့ချေ။ ထို့ကြောင့် သံဝေဂတရား ပွားများပြီး ကြိုးစား အားထုတ်ကြဖို့ သင့်ပါ၏။

အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်)