Friday, November 16, 2012

ပါးစပ်နဲ့ကိုယ် အိုးစားမကွဲဖို့


 ပါးစပ်နဲ့ကိုယ် အိုးစားမကွဲဖို့

    မိမိရဲ့ ညာဘက် မျက်စေ့မှာရှိတဲ့ တိမ်ကို လေဆာစနစ်နဲ့ ကုသဖို့ စီစဉ်တဲ့အခါ ထုံးစံအတိုင်း ခန္ဓာကိုယ်ရဲ့  ပကတိခံနိုင် ရည်ကို သိဖို့အတွက် သွေးဖောက်ပြီး ရောဂါစစ်ဆေးဖို့ စီစဉ်ရပါတယ်။ မျက်စေ့ကုသမှုကို ဒေါက်တာ လင်ဒါဗူး (Bach Lan Linda Vu) ဆိုတဲ့ ဗီယက်နမ်အမျိုးသမီး ဆရာဝန်မက ကုသမှာဖြစ်ပေမယ့် ရောဂါစစ်ဆေးမှုကိုတော့ ကုသမှု ကုန်ကျစရိတ် အ၀၀ကို ကုသိုလ်ဖြစ် တာဝန်ယူမယ့် ဒေါက်တာမောင်မောင်ဦးကပဲ သူ့ဆေးခန်းမှာ တာဝန်ယူ စစ်ဆေးပေးရမှာပါ။

     ဒေါက်တာမောင်မောင်ဦးက “မျက်စေ့ ကုသဖို့အတွက်သာမကဘဲ ခန္ဓာကိုယ်တစ်ခုလုံးအတွက်ပါ အပိုအလိုတွေကို သိရအောင် ရောဂါအားလုံးကို စစ်ဆေးပေးမယ်ဆိုပြီး သွေးကို ငါးစီစီ ပုလင်းသုံးခုနဲ့ ထုတ်ယူပြီး စစ်ဆေးပါတယ်။

    အဖြေထွက်လာတဲ့အခါ ဆီချို၊ သွေးချို၊ နှလုံး၊ အဆုတ်၊ အသည်း၊ သွေးတိုးစတဲ့ ရောဂါတွေ ကင်းတဲ့အတွက် မျက်စေ့ကုသမှုအတွက်ကတော့ အခြေအနေအားလုံး ကောင်းပါတယ်။ ဒါပေမယ့် ခန္ဓာကိုယ် ကျန်းမာရေးအတွက် အရေး ကြီးတဲ့ ကိုလက်စထရောတွေထဲမှာတော့ သုံးမျိုးလောက်က ရှိသင့်တာထက် အတော်လေးပိုများနေပြီး လိုအပ်တဲ့ တစ်မျိုးက တော့ လျှော့နည်းနေပါသတဲ့။
   အခုပိုနေတဲ့ ကိုလက်စထရောတွေဟာ ဒီထက် အဆမတန်များလာရင် သွေးတိုးတို့၊ နှလုံးတို့၊ လေဖြတ်တာတို့ ဆိုတာတွေ ဖြစ်လာနိုင်တဲ့အတွက် ဒါကို အရေးတကြီး ကုသရမယ်ဆိုပြီး ဆေးတစ်မျိုး ပေးပါတယ်။ ဒီဆေး ကလဲ များလွန်းရင် အသည်းကို ထိခိုက်နိုင်တဲ့အတွက် နှစ်လလောက်တစ်ခါ အသည်းနဲ့ ပတ်သက်ပြီး ဆရာဝန်ထံ စစ်ဆေး ကြည့်ရမယ်လို့ ပြောပါတယ်။

   ဆရာဆက်ပြီး ပြောတာကတော့ “ဒီ ကိုလက်စထရောများနဲ့ ပတ်သက်ပြီး လျှော့ပါးသွားဖို့အတွက် အဓိက အရေး အကြီးဆုံးက နေ့စဉ်စားသောက်နေထိုင်မှုပဲ ဖြစ်တယ်။ နေထိုင်မှုဆိုတာကတော့ လမ်းလျှောက်ခြင်းစတဲ့ ကိုယ်လက်လှုပ်ရှား မှုပုံမှန်ရှိနေဖို့ပါပဲဆိုပြီး နေ့စဉ်စားသောက်လေ့ရှိတဲ့ အစားအစာများနဲ့ ပတ်သက်လို့ ဆရာဝန်က ရှောင်ရမယ်ဆိုတဲ့ အစား အစာတွေထဲမှာ ၀က်သား အမဲသားတို့၊ ရေထွက်ပစ္စည်းဖြစ်တဲ့ ဂဏန်း၊ ပုစွန်၊ ပြည်ကြီးငါး၊ ကင်းမုံတို့ဆိုတာတွေကတော့ မိမိအနေနဲ့လဲ အကြိုက်စာရင်းထဲမှာ မပါလို့ ဘာမှ သိပ်မထူးလှပါဘူး။ အဲ .. ခက်တာကတော့ မိမိကြိုက်နှစ်သက်တဲ့ အထဲက မှို၊ မျှစ်၊ အင်ဥ၊ အာလူး၊ ကြက်ဥ ဘဲဥကြော်နဲ့ အကြော်အလှော်တွေကတော့ တကယ့်ကိုမှ မလိုလားအပ်တဲ့ ရောဂါများရဲ့ ဇစ်မြစ်တရားခံ စာရင်းထဲမှာ ပါဝင်နေတာပါပဲ။

    စားသင့်စားထိုက်တဲ့ အသီးအရွက်များနဲ့ အသားငါးမှာလဲ အကင် အပြုတ်လိုဟာမျိုးတွေကျတော့ မိမိရဲ့ ပါးစပ်က ဘယ်တော့မှ လက်ခံလေ့မရှိတဲ့ မကြိုက်စာရင်းမှာ ပါဝင်နေတာကလဲ နောက်ထပ် အခက်တစ်ခုပေါ့။ ဆရာဝန်နဲ့ မေးဖြေစစ် ဆေးပြီးတဲ့အခါ မိမိရဲ့ ကျန်းမာရေးပြဿနာက “ပါးစပ်က ကြိုက်သမျှတွေကို ခန္ဓာက လက်မခံနိုင်၊ ခန္ဓာက လက်ခံနိုင်တာ တွေကိုလဲ ပါးစပ်က မကြိုက်”ဆိုတဲ့ ပဋိပက္ခကြီးကို စေ့စပ်ညှိနှိုင်းရတော့မယ့် အခြေအနေ ရောက်နေပါတော့တယ်။

    နောက်ဆုံး ကောက်ချက်ချကြည့်တဲ့အခါ ခန္ဓာကို်ယ် လေးလံထိုင်းမှိုင်းတာတို့၊ အဆီတိုးတာတို့၊ ဒူးနာပြီး လမ်းလျှောက်လို့ မကောင်းတော့တာတို့ဆိုတဲ့ ခန္ဓာကိုယ်ရဲ့ အနာရောဂါဟူသမျှက မိမိပါးစပ်ရဲ့ မဆင်မခြင် စားသောက်မှု များကြောင့်ဆိုတာ သိလိုက်ရတယ်။ ပါးစပ်ရဲ့ ဒဏ် ကိုယ်လုံးက ခံနေရတယ် ဆိုပါတော့။

     ဒါနဲ့ ကျောင်းပြန်ရောက်တဲ့အခါ ပါးစပ်နဲ့ကိုယ် အကြောင်းကို အေးအေးဆေးဆေးပြန်ပြီး သုံးသပ်စဉ်းစားနေမိတယ်။ ပါးစပ်က အကြိုက်ကို ကြည့်တယ်၊ ခန္ဓာကိုယ်ကြီးက အကျိုးကိုပဲ လိုလားတယ်။ ခန္ဓာကိုယ်ကြီးက လိုအပ်တဲ့ အကျိုးကိုကျတော့ ပါးစပ်က မကြိုက်နိုင်။ ပါးစပ်က ကြိုက်သမျှတွေကလဲ ခန္ဓာကိုယ်ကြီးအတွက် အကျိုးက မရရုံမကဘူး၊ အကျိုးပါ ယုတ်နေပြီ၊ ဘာလုပ်ရလဲ။ ပြဿနာကတော့ ရှင်းရှင်းလေးပါ၊ ပါးစပ်အနေနဲ့ ကိုယ်ကြိုက်တာကိုပဲ ကြည့်နေမလား၊ ခန္ဓာကိုယ်ရဲ့ အကျိုးကို ကြည့်မလား။ ဒါပါပဲ။

    မြတ်စွာဘုရားရှင်က “သမဂ္ဂါနံ တပေါ သုခေါ = တညီတညွတ်တည်း စုပေါင်းကြိုးစားကြမှ ချမ်းသာကို ဆောင်နိုင်မယ်”လို့ ဟောညွှန်ထားတာ အရင်ကဆို  ဒီစကားကို နိုင်ငံတော်တံဆိပ်မှာ ထည့်သွင်းထားတာကိုတော့ လူတိုင်း ကြားဖူးကြမှာပဲ။ အခုတော့လဲ “သမဂ္ဂ’’ဆိုတဲ့ စကားက ရှားရှားပါးပါး “ကုလသမဂ္ဂ”ဆိုတာလောက်ပဲ ကြားဖူးကြတော့ တချို့ မြတ်ဗုဒ္ဓရဲ့ ဒီ “အောင်မြင်တိုးတက်ရေး လမ်းညွှန်” တရားကို မေ့ကောင်း မေ့နေလောက်ပြီ။ မိမိလဲ ခပ်မေ့မေ့လောက်ပါပဲ။ အခုတော့ ကိုယ်ရေးကိုယ်တာ ပြဿနာကြုံလာလို့ ဒီလမ်းညွှန်တရားကို ပြန်ပြီး နှလုံးသွင်းမိသွားတယ်။ အများသူငါနဲ့ သမဂ္ဂ ဖြစ်ရေးထက် ဒီခန္ဓာကိုယ် တစ်ခုတည်းက ပါးစပ်နဲ့ ခန္ဓာကိုယ်တို့ရဲ့ သမဂ္ဂဖြစ်ရေးကိုက မလွယ်ကူလှပါကလား။

    ဒီကိစ္စမှာ အဓိကအရေးကြီးဆုံးက ပါးစပ်ဖြစ်နေတယ်။ ဟုတ်တယ် ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ကောင်းကျိုးနဲ့ ဆိုးပြစ်တွေမှာ ပါးစပ်က သိပ်ပြီးကို အခရာကျနေပါကလား။ အင်း … ဟုတ်ပေမယ်လေ အပေါ်ပိုင်း(ဦးခေါင်းပိုင်း)မှာ ခန္ဓာကိုယ်ကြီးကို ဦးဆောင်အုပ်ချုပ် ကွပ်ကဲဖို့ နေရာယူထားကြတဲ့ “မျက်စေ့၊ နား၊ နှာ၊ လျှာ”ဆိုတဲ့ အင်္ဂါလေးရပ်ရှိကြရာမှာ
ကျန်တဲ့ မျက်စေ့၊ နား၊ နှာတို့က ပဋ္ဌာန်း ဣနြ္ဒိယပစ္စည်း အလိုအရပြောရရင် အာဏာတစ်ခုစီကိုပဲ ပိုင်ကြတယ်။ မျက်စေ့က ကြည့်ရေး၊ နားက ကြားရေး၊ နှာခေါင်းက ရှူရှိုက်ရေး ဆိုပါတော့။ ထူးထူးခြားခြား ပါးစပ်(လျှာ)ကတော့ ပြောရေးဆိုခွင့်နဲ့ စားရေးသောက်ခွင့်ဆိုတဲ့ အခွင့်နှစ်ခုကို အပိုင်ရထားတာဆိုတော့ အာဏာနှင့်ခု လက်ကိုင်ပြုထားတယ်လို့ ဆိုရမှာပဲ။ ဒီအာဏာနှစ်ခုကလဲ ခန္ဓာကိုယ်ကြီးအတွက် အလွန်ကို အရေးကြီးတယ်။

     ရှေးလူကြီးသူမများကတော့ “မုန်းစေလိုလဲ ပါးစပ်လက်လေးသစ်၊ ချစ်စေလိုလဲ ပါးစပ်လက်လေးသစ်”လို့ သူ့အပေါ် မှတ်ချက်ချ ဆိုရိုးပြုထားကြတယ်။ ဒီဆိုရိုးက ပါးစပ်ရဲ့ ပြောရေးဆိုခွင့်အာဏာကို ကြည့်ပြီးတော့ပဲ မှတ်ချက်ချထားတာ ဖြစ်ပေလိမ့်မယ်။ အမှန်ကတော့ ချစ်စေ မုန်းစေလိုမှုသာမကပါဘူး မိမိသူတစ်ပါး နှစ်ဦးသားလုံးရဲ့ ကောင်းကျိုးနဲ့ ဆိုးပြစ်များဟာလဲ ဒီပါးစပ်ရဲ့ ပြောရေးဆိုခွင့် အာဏာပေါ်မှာပဲ တည်နေတာပါ။ အဇာတသတ်မင်းရဲ့ “ခမည်းတော်ကို ခြေထောက်ဓားခွဲသတ်စေ”ဆိုတဲ့ ပြောဆိုခွင့်  အလွဲသုံးစားပြုမှုဟာ ခမည်းတော်ဖြစ်တဲ့ ဗိမ္ဗိသာရမင်းကြီးကို နတ်ရွာစံစေ သလို သူ့အတွက်လဲ သူ့သားက အတုလိုက်ပြီး သူ့ကို ပြန်သတ်စေတဲ့ သေမိန့်ကြီး ဖြစ်စေရုံမျှမက သေပြီးတဲ့ နောက်မှာလဲ ထောင်ကျပြီး သေရသူက နတ်ရွာကိုစံ၊ ထောင်ချမိန့်ပေးပြီး သေရသူက ငရဲခံစေခဲ့တဲ့ ကမောက်ကမ ဇာတ်သိမ်းခန်းကြီး အထိ ဖြစ်စေခဲ့တာပဲ မဟုတ်လား။

    အဲ အခု မိမိမှာ ကြုံရတာကတော့ ပါးစပ်ရဲ့ နောက်ထပ် အာဏာတစ်ခုဖြစ်တဲ့ စားရေးသောက်ခွင့်ကြောင့် ဖြစ်ရတဲ့ အကျိုးပါ။ အခု ပါးစပ်နဲ့ ခန္ဓာကိုယ်က သမဂ္ဂ မဖြစ်ခဲ့တဲ့အတွက် ပါးစပ်ရဲ့အမှား ဒဏ်ကို ခန္ဓာကိုယ်ကြီးက လှိမ့်ပြီး ခံနေရပြီ၊ မိမိခန္ဓာကိုယ်မှာ ဓားနဲ့ခွဲစိတ် ကုသမှု နှစ်ကြိမ်၊ လေဆာနဲ့ ထိုးဖောက်ကုသမှုက နှစ်ကြိမ်ခံယူခဲ့ရုံနဲ့ မလုံလောက်သေးဘူး အခုထိ ကိုလက်စထရောရဲ့ ဒဏ်တွေက ဖိစီးနေဆဲဖြစ်နေတယ်။ ဒီပါးစပ်ကို ဘာလုပ်ရမလဲ၊ ပါးစပ်နဲ့ ခန္ဓာ သမဂ္ဂ မဖြစ်လို့ ကတော့ ဆရာဝန်ပြောပြချက်အရဆိုရင် နောက်ဆက်တွဲက နှလုံး၊ သွေးတိုး၊ လေဖြတ်ဆိုတဲ့ အန္တရာယ်ဆိုးကြီးတွေဆီ ဦးတည်နေပြီတဲ့။

    ဒီတော့ ကိုယ့်ပါးစပ်ကို ပြတ်ပြတ်ပဲ မေးလိုက်မိတယ်။ “အကြိုက်ကို ကြည့်မလား၊ အကျိုးကို ကြည့်မလား”ပေါ့။ ပါးစပ်ကတော့ အကြိုက်ကို တယ်ပြီး လက်မလွှတ်ချင်လှဘူး။ “နဲနဲပါးပါးတော့ ”ဆိုပြီး ပေကတ်ကတ်နဲ့ ဈေးဆစ်ချင်နေတယ်။ ပါးစပ်ကသာ သူ့အကြိုက် စားခွင့်ရရေးသက်သက်ကို ကြည့်ပြီး ပေကတ်ကတ်လုပ်နေတာပါ။ ကိုယ်လုံးကတော့ သူ့လို တစ်ဖက်သတ် တောင်းဆိုမှုတစ်ခုမှ မပါပါဘူး၊ ပါးစပ်ရဲ့ တည်နေရာ ဦးခေါင်းအပါအ၀င် တစ်ကိုယ်လုံးရဲ့  အကျိုးကိုသာ တရားမျှတစွာ တောင်းဆိုနေတာပါ၊ “၀မ်းတစ်လုံး ကောင်းရင် ခေါင်းတောင် မခဲစေရပါဘူး”တဲ့။ ဒီနေရာမှာ “ခပ်ခြောက်ခြောက် ဦးနှောက်သာရှိတဲ့ ဦးခေါင်းပိုင်းနဲ့ နှလုံးသားရှိတဲ့ ကိုယ်လုံးတို့ရဲ့ တောင်းဆိုချက်ချင်းက အံ့သြလောက်အောင်ကို ကွာခြားနေပါကလား”လို့လဲ တွေးလိုက်မိသေးတယ်။

   ဟုတ်တော့လဲ ဟုတ်တယ်။ သမိုင်းသမ္ဘာရင့်လှပြီဖြစ်တဲ့ အတွေ့အကြုံအရ ရှေးလူကြီး သူမများကလဲ “ခေါင်းတစ်လုံး ကောင်းစားရင် ၀မ်းမနာစေရဘူး”လို့ မှတ်တမ်း မရှိခဲ့ဘူး။ ဒါဟာ ဘာကြောင့်လဲလို့ အတွေးခေါင်နေစရာ မလိုပါဘူး။ “ခေါင်းပိုင်းဆိုတာ ကြည့်တတ်၊ ကြားတတ်၊ ရှူရှိုက်တတ်၊ ပြောဆိုစားသောက်တတ်တာပဲ ရှိပြီး မျှဝေခံစားတတ်တဲ့ နှလုံးသားက ၀မ်းဗိုက်မှာပဲ ရှိတာကိုး”လို့ အပြန်ပြန် အလှန်လှန် စဉ်းစားနေမိတယ်။ အချိန် ကြာလာတာနဲ့အမျှ ခေါင်းက ခဲစ ပြုလာတယ်။

    နောက်ဆုံးတော့ ဘုရားဟော ဒေသနာ အကိုးအကားတွေ၊ လူကြီးသူမတို့ရဲ့ လမ်းညွှန်အဆုံးအမ အကိုးအကားတွေ ခိုင်လုံတဲ့အတွက် “ခန္ဓာကိုယ်ရဲ့ အကျိုးသာ အဓိက”ဆိုတဲ့ တောင်းဆိုချက်ကို ပါးစပ်က လိုက်လျောခဲ့ပြီး ပါးစပ်နဲ့ ခန္ဓာကိုယ်တို့ သမဂ္ဂဖြစ်သွားပါတယ်။ ခေါင်းလဲ နဲနဲ ပြန်အေးသွားပါတယ်။ “သမဂ္ဂါနံ တပေါ သုခေါ”ဆိုတဲ့ မြတ်ဗုဒ္ဓရဲ့  လမ်းညွှန်ဒေသနာဟာ ဘယ်နည်းနဲ့မှ လွဲမှားနိုင်စရာ အကြောင်းမရှိဘူးဆိုတာ အခိုင်အမာ လက်ခံထားပြီးဖြစ်လို့ “ဒီအတိုင်း သာ မဖောက်မပြန် အညီအညွတ် လက်တွဲကျင့်သုံး နေထိုင်သွားမယ်ဆိုရင် ခန္ဓာကိုယ်ကြီးမှာ အခုခံစားနေရတဲ့ ကိုလက်စ ထရောလွန် ဝေဒနာများလဲ လျှော့နည်းသွားမှာ သေချာသလို နောက်ဆက်တွဲ ဆိုးကျိုးတွေဖြစ်တဲ့ နှလုံး၊ သွေးတိုး၊ လေဖြတ်စတဲ့ အန္တရာယ်တွေလဲ လာရောက်နှောင့်ယှက်ခွင့် မရနိုင်တော့ဘူးလို့ တွေးပြီး ခေါင်းအေးသွားသလို ခံစားလိုက် ရတာပါ။ ရင်ထဲမှာလဲ နွေးထွေးတဲ့ ခံစားမှုလေးတစ်ခုကို ရလိုက်ပါသေးတယ်။

   ဒီလိုနဲ့ ပါးစပ်နဲ့ကိုယ်တို့ရဲ့ လက်တွေ့  “သမဂ္ဂါနံ တပေါ = ညီညွတ်ကျင့်သုံးမှု” ဟာ “သုခေါ = ရောဂါသက်သာ ချမ်းသာ”ကို တဖြည်းဖြည်းချင် ရလာလို့ ကိုယ့်သမဂ္ဂကိုယ် ယုံကြည်မှုလဲ ပိုလာပါတယ်။ မိမိရဲ့ ပါးစပ်နဲ့ကိုယ် အိုးစားမကွဲရေး ကိစ္စက ဒီလောက်နဲ့ပဲ အဆင်ပြေသွားခဲ့တာ နှစ်လနီးပါးလောက်ရှိပါပြီ။ ဒီအကြောင်း နောက်ထပ်စဉ်းစားစရာလဲ မလိုအပ်တော့လို့ ဘာမှ ဆက်မတွေးမိတော့ပါဘူး။

    မကြာမီက မိမိရဲ့ ယဉ်ကျေးလိမ္မာသင်တန်း တပည့် မောင်နှမတွေ လာရောက် ကန်တော့ကြရင်း အကြီးဆုံး တပည့်မလေးက သူတို့ရဲ့ မိဖနှစ်ပါးလုံး တစ်ဦးနဲ့တစ်ဦး မျက်နှာချင်း ဆိုင်မိတိုင်း ရန်တွေ့နေတတ်ကြလို့ သားသမီးတွေ စိတ်ဆင်းရဲရကြောင်း၊ သားသမီးတွေက ကြားဝင်ဖြန်ဖြေတဲ့အခါ အဖေကို ပြောလိုက်ရင် “နင်တို့က နင့်အမေဘက် လိုက်ကြတာ”လို့ စွပ်စွဲပြီး ကြိမ်းမောင်းခံရသလို အမေ့ကို ဖြောင့်ဖျပြန်တော့လဲ ဒီလိုပဲ စွပ်စဲပြီး ကြိမ်းမောင်းတာကို  မောင်နှမတွေ နေ့စဉ်ခံနေရကြောင်း ပြောဆိုပြီး ပြေးရာပြေကြောင်း အကြံဥာဏ်တောင်းလာပါတယ်။

    သူတို့ရဲ့ ပြဿနာကို စဉ်းစားရင်း မိမိရဲ့ ပါးစပ်နဲ့ ခန္ဓာကိုယ် အတွေးက အလိုလို ရောက်လာပြီး  အတွေးနယ်နဲ့စရာ ဖြစ်လာပါတယ်။ ဟုတ်ပါတယ် မိဖဆိုတာ မိသားစုတစ်ခုလုံးရဲ့  ဦးစီးခေါင်းဆောင်၊ မိသားစုကြီးရဲ့ ပြောရေးဆိုခွင့် အရှိဆုံး လုပ်ပိုင်ခွင့် စီမံခန့်ခွဲခွင့် အရှိဆုံး ပါးစပ်ပေါက်ဖြစ်ပြီး သားသမီးတို့ဆိုတာ  မိသားစုရဲ့ ခန္ဓာကိုယ်ကြီးမျှသာ မဟုတ်ပါလား။ မိသားစုရဲ့ ပါးစပ်ဖြစ်တဲ့ မိဖနှစ်ပါးက ကိုယ့်အကြိုက် ကိုယ်ပြော၊ ကိုယ်သဘောကျသလို ကိုယ်စီမံပြီး သားသမီးဆိုတဲ့ ခန္ဓာကိုယ်ကြီးရဲ့ ကိုယ်ရော စိတ်ပါ ချမ်းသာမှုအကျိုးကို မငဲ့ဘဲ တဇွတ်ထိုးလုပ်နေရင် ခုတော့ “ခေါင်းလေးရာ ကိုယ်နာ”ဆိုသလို ဖြစ်နေရပေမယ့် ကြာလာရင် ၀မ်းမကောင်းလို့ ခေါင်းခဲရာကနေ တစ်ကိုယ်လုံး ဖရိုဖရဲ ဖြစ်မသွားနိုင် ပေဘူးလား။

    စဉ်းစားကြည့်ရင် မိဖဆိုတဲ့ ပါးစပ်များဟာ ထိမ်းမြားလက်ထပ်တဲ့ အချိန်အထိတော့  ကိုယ့်အကြိုက်ကိုယ်ကြည့်ခွင့် ရှိပေမယ့် သားသမီးဆိုတဲ့ ခန္ဓာကိုယ်အောက်ပိုင်းတွေ ပေါက်ဖွားလာချိန်ကစပြီး အကြိုက်ထက်  အကျိုးကိုသာ ဦးစားပေး ပြောဆိုစီမံ လုပ်ကိုင်ကြရမှာ မဟုတ်လား။ ဒီလိုသာ လင်နဲ့မယားချင်းရော၊ မိဖနဲ့သားသမီးရော “သမဂ္ဂါနံ တပေါ”ဖြစ်ခဲ့ရင် ဒီမိသားစုကြီးဟာ မုချ “သုခေါ”ဖြစ်ကြပြီး ဒီမိသားစုတို့ နေထိုင်ရာ အိမ်ကြီးဟာလဲ  အလွန်ကျက်သရေမင်္ဂလာရှိတဲ့ သီရိဂေဟာ(သိရီဂေဟာ)စစ်စစ်ကြီး ဖြစ်နေမှာ မလွဲဘူး။ ခုတော့ သူတို့ရဲ့  “သမဂ္ဂါနံ တပေါ”မဖြစ်မှုကြောင့် မိသားစုတစ်ခုလုံး “ဒုက္ခော”နဲ့ ကြုံနေရတာပါကလား။ ဒီမိဖမျိုးဟာ ကိုယ့်အကြိုက် ကိုယ်လုပ်ရင်း ကိုယ့်မိသားစုအကျိုး ကိုယ်ဖျက်  ဆီးနေသူတွေ ဖြစ်မနေဘူးလား။

   အတွေးများက ဒီလောက်နဲ့ ရပ်မနေတော့ဘူး။ မိသားစု တစ်စုမှာ မိဖက ပါးစပ်၊ ကျန်မိသားစုဝင်တွေက ခန္ဓာကိုယ်။ မိဖက ဦးခေါင်း မိသားစုဝင်တွေက အောက်ပိုင်း ကိုယ်လုံးကြီး။ မိဖတွေက ခန္ဓာကိုယ်ကြီးရဲ့  အကျိုး မငဲ့ဘဲ အကြိုက် သက်သက်နဲ့ ထင်ရာစိုင်းနေသမျှ ဦးခေါင်းလေးရာ ကိုယ်မခံသာရာကနေ ၀မ်းတစ်လုံး မကောင်းလို့ ခေါင်းပါ ခဲပြီဆိုရင် ဒီခန္ဓာကိုယ်ရဲ့ ချမ်းသာခြင်းဆိုတာ ဘယ်လို ဖြစ်မလဲ။ ချမ်းသာခြင်းလဲ ချို့တဲ့၊ ကျန်းမာခြင်းလဲ မရှိတဲ့ ဒီခန္ဓာကိုယ်ကြီးဟာ ဘယ်လောက်များ အသက်ရှည်ရှည် နေနိုင်ကြမလဲ ……  ။

    အဲ … မိသားစု တစ်စုနည်းတူပဲ၊ ရပ်ရွာတစ်ခု၊ နိုင်ငံတစ်ခုမှာလဲ ကြီးမှူးအုပ်ချုပ်သူများဟာ  နိုင်ငံရဲ့ ပါးစပ်၊ နိုင်ငံရဲ့ ဦးခေါင်းတွေပဲ ဖြစ်ပြီး ရွာသူ ရွာသား၊ ပြည်သူ ပြည်သားတွေဆိုတာ အောက်ပိုင်း ခန္ဓာကိုယ်ကြီးပဲ မဟုတ်လား။ ခန္ဓာကိုယ်ကြီးက အကျိုးကိုပဲ လိုလား တောင်းဆိုတယ်၊ ပါးစပ်အပါအ၀င် ဦးခေါင်းပိုင်းက အကြိုက်ကိုပဲ ကြည့်ပြီး အပြောလဲ မလျှော့၊ အစားလဲ မဆင်ခြင်၊ အကြင်နာလဲ ခေါင်ပါးနဲ့ ခန္ဓာကိုယ်ကြီးရဲ့ အကျိုးကို လျစ်လျူရှုထားမယ်ဆိုရင် “သမဂ္ဂါနံ တပေါ”နဲ့ ဆန့်ကျင်ဘက် “အသမဂ္ဂါနံ တပေါ = ညီညွတ်မျှတမှု မရှိသူတို့ရဲ့ ကျင့်သုံးမှုဟာ” “ဒုက္ခော = ဖရိုဖရဲ ပြိုကွဲ ပျက်စီးခြင်း”ဆီ ဦးတည်မနေပေဘူးလား ….. စတဲ့ ….. စတဲ့ အတွေးများနဲ့  အတွေးခရီးဆက်နေပါတယ်။

    တပည့်မလေးက “ဘုန်းဘုန်း ပြန်တော့မယ် ဘုရား ….. ဘာများ အမိန့်ရှိဦးမလဲ” လို့ ပြောလိုက်တော့မှ ….. အေးကွယ် …… သမဂ္ဂါနံ တပေါ သုခေါ ဆိုတဲ့အတိုင်း ပါးစပ်နဲ့ခန္ဓာကိုယ် အိုးစားမကွဲဘဲ ညီညီညွတ်ညွတ် ကျင့်သုံးနိုင်ကြပြီး ချမ်းသာသုခပြည့်စုံတဲ့ သီရိဂေဟာ(သိရီဂေဟာ)ကြီးမှာ နေနိုင်ကြပါစေ၊ ဒီထက်မက “သီရိရဋ္ဌ” (သိရီရဋ္ဌ)လို့ ခေါ်ဆိုနိုင်လောက်အောင် ကောင်းကျိုးချမ်းသာ ကျက်သရေမင်္ဂလာ ပြည့်ဝတဲ့ နိုင်ငံသူ နိုင်ငံသားတွေ ဖြစ်ကြပါစေ …. ဆိုတော့ အားလုံးက “ပေးတဲ့ဆုနဲ့ ပြည့်ပါစေဘုရား” တဲ့။

ပေးတဲ့ဆုထက် ပိုရကြပါစေ ………။
ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)