ခေတ်ဆိုသည်မှာ အချိန်အခါပင်ဖြစ်သည်။ အချိန်အခါဆိုသည်မှာလည်း ကာလပညတ်ပင် ဖြစ်သည်။ ပညတ်ဟူသည် အခါခပ်သိမ်းတစ်မျိုး တစ်ပုံစံတည်း တည်နေလေ့မရှိ၊ အမြဲပြောင်းလဲလျက် ရှိသည်။ ခေတ်တွေ ပြောင်းလဲနေသည့်အလျောက် ခေတ်အတွင်း၌ နေထိုင်ကြသော လူသားတို့၏ အခြေအနေများသည်လည်း တစ်နေ့တခြား ပြောင်းလဲလျက်ရှိပေသည်။ လူသားတစ်ဦးဖြစ်သူသည် ပြောင်းလဲလာသော ခေတ်နှင့်အညီ နေထိုင်တတ်ဖို့လိုသည်။ အကျင့်ဟောင်းများကို စွန့်ပယ်၍ အကျင့်သစ်များ အသိအမြင်သစ်များ အားထုတ်ရပေ မည်။ သို့မှသာ ကြီးပွားတိုးတက်နိုင်ပေမည်။
အကျင့်ဟောင်းများကို ပယ်စွန့်နိုင်ခြင်း မရှိပါက လူသည် တိရစ္ဆာန်နှင့် ခြားနားတော့မည် မဟုတ်ပေ။ အကျင့် ဟောင်းများကို စွန့်၍ အကျင့်သစ်ကို မွေးမြူရန် အားထုတ်မှုရှိခြင်း၊ မရှိခြင်းကြောင့် လူနှင့်တိရစ္ဆာန် ခြားနားခြင်း၊ တိရစ္ဆာန် တစ်မျိုးနှင့်တစ်မျိုး အသိအလိမ္မာ မတူညီခြင်း၊ လူသတ္တ၀ါ တစ်ဦးနှင့်တစ်ဦး ကြီးပွားတိုးတက်မှု မတူညီခြင်း ဖြစ်ပေသည်။ (ဒီနေရာမှာ ပုံပြင်လေးတစ်ပုဒ်ကို တင်ပြပါအုံးမယ်) (ကျားတစ်ကောင်ပုံပြင်ပေါ့။ မင်းခိုက်စိုးစံရဲ့ ကတ်သီးကတ်သတ် စာအုပ်ထဲမှ ကူးယူတင်ပြပါမယ်။) ပုံပြင်ရဲ့ဇာတ်ကောင်က ကျားတစ်ကောင်။ ဒါပေမယ့်… သူက တောထဲက ကျားမဟုတ်ဘူး။
ဆပ်ကပ်ထဲက ကျားတစ်ကောင်ပါ။ သူ့ကိုမွေး ကတည်းက ဆပ်ကပ်ထဲမှာ မွေးတာဆိုတော့ တောထဲကို တစ်ခါမှ မရောက်ဖူးဘူးပေါ့။ တောတို့တောင်တို့ ဆိုတာတွေကို မြင်တောင် မမြင်ဖူးဘူးပေါ့။ အဲ.. ဒါပေမယ့် ကြားတော့ ကြားဖူးတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့အမေ ကျားမကြီးက တောထဲမှာ နေဖူးတာကိုး။ မုဆိုးတွေက သူ့အမေကျားမကြီးကို အပျိုဘ၀မှာတင် တောထဲက ဖမ်းလာခဲ့တာတဲ့။ ပြီးတော့မှ ဆပ်ကပ်အဖွဲ့ကို ရောင်းလိုက်တာ။ ဆပ်ကပ်ထဲရောက်မှ သူ့ကို မွေးတာလေ။ အဲဒီတော့ သူ့အမေ ကျားမကြီးက တောရဲ့ လွတ်လပ်မှုအရသာကို ကောင်းကောင်း ခံစားဖူးတာပေါ့။ သူ့ကိုလည်း မွေးပြီးရော သူ့အမေကျားမကြီးက ည..ည အိပ်ရာဝင် ပုံပြင်တွေ ပြောရင် တောထဲမှာတုန်းက ဘယ်လို လွတ်လပ်တာ.. ဘယ်လောက် ပျော်စရာကောင်းတာ .. စသဖြင့် တဖွဲ့တနွဲ့ ပြောတတ်တယ်။ ကြာတော့ .. သူလည်း နားရည်ဝလာတာပေါ့။
ပြီးတော့.. တောထဲကို အရမ်း သွားချင်လာတယ်။ ဒါပေမယ့် ဘယ်တတ်နိုင်မလဲ၊ ဒီလိုပဲ လှောင်အိမ်ထဲမှာ နေရတာပေါ့။ သူ့ကို လေးငါးခြောက်လသား အရွယ်ကတည်းက ဆပ်ကပ် ဆရာ ကတဖြည်းဖြည်း လေ့ကျင့်ပေးလာခဲ့တယ်။ ခုဆိုရင် သူဟာ ကြာပွတ်သံကြားတာနဲ့ ကျွမ်းထိုး တတ်ပြီ။ လိမ့်နေတဲ့ စည်ပိုင်းပေါ်မှာ မတ်တတ်ရပ်တတ်ပြီ။ ဆင်တွေ မြင်းတွေနဲ့အတူ စီတန်း လှည့်လည် အလှပြတတ်ပြီ။ သူ့ကို သင်ရတာ သိပ်လွယ်တာပဲလို့ ဆပ်ကပ်ဆရာက ပြောတယ်။ သူကတော့ သိပ်မကျေနပ်လှဘဲ .. “ဘာဖြစ်လို့ ကျွန်တော့်ကို ဒီလောက် လေ့ကျင့် ပေးနေရတာလဲ ဆရာ´´ လို့ မေးလိုက်တယ်။
သူ့ဆရာက ဆေးပြင်းလိပ်ကို ခဲ၊ ကြာပွတ်ကိုဝှေ့ရမ်းရင်း … “ကျင့်သား ရမှုကို သိပ်အရေးကြီးတယ်ကွ´´ လို့ ပြန်ဖြေလေရဲ့။ သူက လက်မခံပါဘူး။ “လွတ်လပ်မှုက ပိုအရေးကြီးတာပေါ့။ ငါသာ လွတ်လပ်ရင် ငါ့အစွမ်းသတ္တိတွေ ဒီထက် အများကြီး ပိုရှိလာမှာ´´ လို့ စိတ်ထဲတွေးရင်း သူ့ကိုယ်ပေါ်က အ၀ါအနက် စင်းကျား သားမွေးတွေကို လည်ပြန် ငေးကြည့် နေမိတယ်။ သူ့အမေကျားမကြီး ဆုံးသွားတာလည်း နှစ်ပေါင်း အတော်ကြာပါပြီ။ ဒါပေမယ့် သူ့နားထဲမှာတော့ သူ့အမေရဲ့ စကားသံတွေကို ကြားယောင်နေဆဲပဲ။ သူ အခုနေနေရတဲ့ လှောင် အိမ်ကျဉ်းကျဉ်းကလေးကို ရွံမုန်းနေဆဲပဲ။ တစ်နေ့ကျတော့ သူတို့ ဆပ်ကပ်အဖွဲ့ကြီးဟာ တခြား နယ်တစ်နယ်မှာ ပြပွဲလုပ်ဖို့ ရထားတစ်စင်းပေါ် ပစ္စည်း ပစ္စယတွေ တိရစ္ဆာန်တွေ တင်ပြီးပြောင်း ရွှေ့လာခဲ့ကြတယ်။
လူတွေစီးတဲ့ တွဲကသပ်သပ်၊ တိရစ္ဆာန်တွေ ထည့်ထားတဲ့ လှောင်ချိုင့်တွေကတော့ နောက်ဆုံး တွဲမှာပေါ့။ ခရီးလမ်းတစ်လျှောက်လုံး ကျားဟာ လှောင်ချိုင့်သံတိုင်တွေ ကြားကနေ အပြင်ကို အကဲခတ်လာတယ်။ ရထားလမ်းက စိမ်းစိုနေတဲ့ တောင်ကုန်တွေကို ပတ်ပြီး ဖောက်ထားတာကိုး။ လမ်းတစ်လျှောက်လုံး သစ်ပင်ကြီးတွေက မှိုင်းညို့အုပ်ဆိုင်းလို့.. “သြော်..ငါ့အမေပြောတဲ့ တောဆိုတာ ဒါပဲ ဖြစ်မှာပဲ´´ လို့ ကျားက တွေးလာတယ်။ အဲဒီအချိန်မှာ ရုတ်တရက် ရထားရဲ့ နောက်ဆုံးတွဲ နှစ်တွဲဟာ လမ်းချော်ပြီး တိမ်းမှောက်သွားတယ်။ တွဲပေါ်က လွင့်စဉ်ကျတဲ့ အရှိန် ကြောင့်ကျားကို ထည့်ထားတဲ့ လှောင်ချိုင့်ဟာ ကျောက်ဆောင်နဲ့ ပြင်းပြင်းထန်ထန် ရိုက်မိပြီး တံခါးပွင့်သွားပါလေရော။ လှောင်ချိုင့်တံခါး ပွင့်သွားတော့ ကျားဟာ အူကြောင်ကြောင်နဲ့ အပြင်ကို ထွက်လာတယ်။ ကြာပွတ်သံလည်း မကြားရဘူး။ လူတွေ ၀ိုင်းကြည့်ပြီး လက်ခုပ်သြဘာ ပေးနေတာလည်း မရှိဘူး။ “ဟင်.. ဆပ်ကပ်ပြဖို့ တံခါးကို ဖွင့်ပေးတာမှ မဟုတ်ဘဲ´´ လို့ ကျားက စဉ်းစားလိုက်တယ်။
ဒါနဲ့.. ဘာလုပ်ရမှန်း မသိဘဲ ဖြစ်သွားပြီး၊ ကျားဟာ သူ့လှောင်ချိုင့်ထဲ ပြန်ဝင်သွားပြီး ခွေခွေလေး မှိန်းနေလိုက်တော့တယ်။ သူ့မျက်ဝန်းတွေကတော့ သံတိုင်ကြားကနေ တောအုပ်ဆီ လှမ်းကြည့်ရင်း … “တောထဲကို သွားချင်လိုက်တာ´´ လို့ တွေးနေတုန်းပဲတဲ့။ သို့ဖြင့် အလေ့အကျင့်က နေရာဟောင်းသို့ ဆွဲဆောင်သောကြောင့် ကျားမှာ လွတ်လပ်ရေး ပြန်လည် ဆုံးရှုံးရတော့၏။ ချင်း ထို့ကြောင့် ကမ္ဘာ့နိုင်ငံ အသီးသီးတို့မှ နိုင်ငံခေါင်းဆောင် အသီးသီးတို့သည် မိမိနိုင်ငံ ကြီးပွား တိုးတက်ရန်အတွက် ပြောင်းလဲလာသော ခေတ်နှင့် လျော်ညီအောင် နိုင်ငံရေး စနစ်များ၊ စီးပွားရေး မှုဝါဒများ၊ ပညာရေးစနစ်များ ပြုပြင် ပြောင်းလဲ ကျင့်သုံးနေကြသည်ကို တွေ့မြင် ကြားသိနေရပေသည်။ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု ဆွစ်ဇာလန်နိုင်ငံသည် ကြားနေရေး ၀ါဒကို ၁၈၁၅-ခုနှစ်မှ စ၍ မြဲမြံစွာ တစိုက်မတ်မတ် မယိမ်းမယိုင် ကျင့်သုံးခဲ့သည်။
သို့ရာတွင် ပြောင်းလဲလာသော ခေတ်များ၊ စနစ်များနှင့် အခြားအခြေအနေများအရ ကမ္ဘာ့ကုလသမဂ္ဂကြီးနှင့် ကင်းကွာပြီး အထီးတည်း ရပ်တည်ခြင်းငှာ သင့်လျော်သည့် အချိန်အခါမျိုး မဟုတ်တော့ဟူသော ခံယူချက်များ ပျံ့နှံ့လာသဖြင့် ကုလသမဂ္ဂသို့ ၂၀၀၂ – ခုနှစ်၊ စက်တင်ဘာလ (၁၀)ရက်နေ့တွင် ၀င်ရောက်ခဲ့လေသည်။ (၁၉၀)မြောက် အဖွဲ့ဝင်နိုင်ငံ ဖြစ်လာသည်။ ပညာရေးပြုပြင်ပြောင်းလဲမှု အာရှနိုင်ငံအစိုးရများက ပညာရေးစနစ် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရန် ဦးတည်လျက် ရှိသည်။ ကျောင်းစာကို ကြက်တူရွေးသဖွယ် နှုတ်ငုံဆောင်ကျက်မှတ်မှုကို အလေးမပေးတော့ဘဲ ကလေးများ၏ တီထွင်ဖန်တီးနိုင်စွမ်း မြင့်မားရေးနှင့် အတွေးအခေါ် ရှင်သန်ရေးကို ဦးစားပေးသည့် ပညာရေးစနစ်ဖြစ်သည်။
အရှင်အာဒိစ္စ၀ံသဆရာတော်အကြောင်း တစ်စေ့တစ်စောင်း
ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ အရှင်အာဒိစ္စ၀ံသကျောင်းတိုက် ဆရာတော် အရှင်အာဒိစ္စ၀ံသသည် ခေတ်အမြင်ရှိသည့် ဆရာတော်ဖြစ်သည်။ သာသနာ့ဝန်ထမ်း ရှင်ရဟန်း များ၏ ပညာရေးကို ပြုပြင်ပြောင်း လဲလိုသည့် ဆရာတော် ဖြစ်သည်။ ဆရာတော်သည် ရဟန်းဝါ ငါးဝါအရကပင် ပိဋကတ်တော်အားလုံးကို အဋ္ဌကထာ.ဋီကာနှင့်တကွ တတ်မြောက်ကျွမ်းကျင်တော် မူသည်။ ပိဋကတ်တော်ကို (၁၅)နှစ်တိုင်တိုင် တပည့်ပေါင်းများစွာအား ငါးခေါက်ကျော် ပို့ချပေး ခဲ့သည်။ ထို့ပြင် ဆရာတော်သည် သက္ကတ. ပြာကရိတ. ဟိန္ဒီ. ဘင်္ဂါလီ. ဦရဒူ. အင်္ဂလိပ်စသော ဘာသန္တရစာပေများကိုလည်း တတ်မြောက် ကျွမ်းကျင်တော်မူသည်။
နိုင်ငံခြားတိုင်းပြည်များ၌ လည်း (၁၀)နှစ်တိုင်တိုင် ဒေသန္တရ ခရီးလှည့်လည်ခဲ့သည်။ အင်္ဂလိပ်စာသင်ဖြစ်ခဲ့ပုံ ဆရာတော် အင်္ဂလိပ်စာ သင်ဖြစ်ခဲ့ပုံမှာ (အတွေးအမြင် ပြောင်းလဲပုံလေး ပါနေရကား) စိတ်ဝင်စားဖွယ် ကောင်းသည်ဟု ထင်မိပါသည်။ ဆရာတော် ရဟန်းငါးဝါ အရလောက်က ဆရာဖြစ်သူ အရှင်ဥာဏိန္ဒာသဘက အင်္ဂလိပ်စာနှင့်သက္ကတ နှစ်ဘာသာစလုံးကို သင်ယူခွင့်ပြုခဲ့သည်။ သို့သော် သက္ကတကိုသာ ပိဋကတ်၌ ကျေးဇူးများသည်ဟု စွဲလမ်း၍ သင်ယူဖြစ်ခဲ့သည်။ အင်္ဂလိပ်စာကိုကား မိစ္ဆာသဘောရောက်သည်ဟု စွဲလမ်း၍ မသင်ဖြစ်ခဲ့ပေ။ အင်္ဂလိပ်စာ တတ်မြောက်ခြင်း၏ အကျိုးကိုလည်း မသိမမြင်သေးသောကြောင့် ဖြစ်သည်။ ရဟန်းသိက္ခာ (၁၇)၀ါအရတွင်ကား အင်္ဂလိပ်စာသင်ယူရန် သဘောကျလာခဲ့သည်။
အကြောင်းမှာ ဆရာတော်ထံ၌ ပိဋကတ်နှင့်ကဗျာ သင်ယူနေထိုင်ခဲ့သော ဟိုက်ကုတ်လွှတ်တော်စာရေးကြီး လျှောက်ထား ခဲ့သည့် ကျေးဇူးကြောင့် ဖြစ်သည်။ ဆရာတော်သည် ဘာသန္တရစာပေများကိုလည်း တတ်မြောက်သည့်အပြင် ဒေသန္တရ ဗဟုသုတနှင့်လည်း ပြည့်စုံသဖြင့် မိမိတို့သာသနာတော်ကို ပြန်ကြည့်ဖြစ်ရာ လွန်ခဲ့သော နှစ်ပေါင်း(၈၀)ခန့်ကပင် မြန်မာပြည် ဗုဒ္ဓဘာသာရဟန်းတော်များ အင်္ဂလိပ်စာတတ်မြောက်သင့် သော အခွင့်သို့ ရောက်ရှိခဲ့သဖြင့် ယခုအခါ (၁၂၉၀- ပြည့်ဝန်းကျင်ကာလ) မှာ ကာလအလွန်နှောင်း နေသည်ကို တွေးမိကာ လွန်စွာ စိတ်မကောင်း ဖြစ်နေမိရှာသည်။ ရှင်ရဟန်းများ အင်္ဂလိပ်စာသင် ယူကြရန် နိုင်ငံတော်သို့တင်ပြခြင်း ကျွန်ုပ်တို့ မြန်မာနိုင်ငံ အင်္ဂလိပ်လက်အောက် ကျရောက်ပြီး နောက် နှစ်အနည်းငယ် ကြာလာသောအခါ ဗုဒ္ဓဘာသာ မြန်မာကလေးငယ်များမှာ ၀မ်းစာ ခါးရေးအတွက် ဘာသာခြားများ တည်ထောင်ဖွင့်လှစ်ထားသော စာသင်ကျောင်းများသို့ သွားရောက် ပညာသင်ကြလေသည်။ ထိုအခါ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းများ၌ ကျောင်းသား တဖြည်းဖြည်း နည်းပါးလာလေသည်။
ဗုဒ္ဓဘာသာကလေးငယ်များမှာ ဘာသာခြားကျောင်းများသို့ သွားရောက် ပညာသင်ကြားကြရာမှ ဘာသာခြားဘ၀သို့ ကူးပြောင်းသွားကြလေသည်။ ထိုအခါ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများမှာ သြဇာ အရှိန်အ၀ါ ကျဆင်းလာ၍ သာသနာ့ဒါယကာ/ ဒါယိကာများလည်း ရှားပါးလာလေသည်။ ဗုဒ္ဓသာသနာတော် ဆုတ်ယုတ်လာလေသည်။ ယင်းအန္တရာယ်ကို တားဆီးကာကွယ် နိုင်ရန်မှာ ရဟန်းတော်များက ကလေးငယ်များ လိုအပ်လျက် ရှိသော အင်္ဂလိပ်စာပေကို သင်ကြား ပို့ချပေး နိုင်ဖို့ဖြစ်သည်။ ရဟန်းတော်များသည် အင်္ဂလိပ်စာ သင်ယူကြပြီးနောက် ကလေးငယ်များအား သင်ကြားပေး ကြပါလျှင် ၎င်းတို့ ဘာသာခြား ကျောင်းသို့ သွားရောက် သင်ယူစရာမလိုတော့ပေ။ ထိုအခါ ဘာသာခြားဘ၀သို့ ကူးပြောင်းကြတော့မည် မဟုတ်သဖြင့် ဗုဒ္ဓသာသနာတော် ဆုတ်ယုတ်ခြင်းမှ ကာကွယ်ပြီးသား ဖြစ်သွား လေသည်။ ထိုအကြောင်းကို မြင်မိသဖြင့် ရဟန်းတော်များ အင်္ဂလိပ်စာသင်ယူကြရန် နိုင်ငံတော်သို့ တင်ပြ လေသည်။ သို့သော်.. ဆရာတော်၏ တင်ပြချက်မှာ မအောင်မြင်ရှာပေ။
ထိုအချိန်က အင်္ဂလိပ်ကို မုန်းတီးနေချိန်လည်း ဖြစ်သည်။ အသွားအလာ အရောက်အပေါက်နည်း၍ အသိအမြင် လည်း နည်းပါးနေကြသေးသည်။ သို့နှင့် ရဟန်းတော်တစ်ချို့နှင့် လူဒကာတစ်ချို့က “အင်္ဂလိပ်စာဟာ ကျွန်စာ၊ အလုပ်စာသာ ဖြစ်တယ်။ နိဗ္ဗာန်ရောက်ကြောင်းစာမဟုတ်´´ စသည်ဖြင့် သတင်းစာမှနေလျက် ရေးသား ကန့်ကွက်ကြသည်။ ရဟန်းတော်များ အင်္ဂလိပ်စာ သင်သင့်၊ မသင်သင့် ဟူသော ပြဿနာကို သတင်းစာမှ အပြန်အလှန် ရေးသားငြင်းခုံကြသည်မှာ (၉)လတိုင်တိုင်ပင် ကြာခဲ့သည်ဆို၏။ ဆရာတော်လည်း နိုင်ငံတော်သို့ တင်ပြရာ မအောင်မြင်သဖြင့် မိမိကျောင်းတိုက် အတွင်းရှိ တပည့် ရှင် ရဟန်းများကိုသာ သင်ပေးတော် မူလေသည်။ ဆရာတော်၏ တပည့်များထဲမှ အင်္ဂလိပ်စာ တတ်မြောက်၍ ကမ္ဘာကို သာသနာပြုနိုင်သော ရဟန်းတော်တစ်ပါး ပေါ်ထွန်းခဲ့ဖူးသည်။ ထိုရဟန်းတော်ကား ကဗ္ဘာ့ဗုဒ္ဓသာသနာပြုဆရာတော် ဘဒ္ဒန္တသေဋ္ဌိလ ပင်ဖြစ်ပါသည်။
(မှတ်ချက်။ဆရာတော်ဦးသေဋ္ဌိလ အင်္ဂလိပ်စာ သင်ယူသဖြင့် ရဟန်းဒကာ/ဒကာမ များက ပစ္စည်းလေးပါး မထောက်ပံ့တော့ဟု ကြားသိရဖူးသည်။)
အသိအမြင်များ ပြောင်းလဲလာခြင်း သို့ရာတွင် နှစ်ဆယ်ရာစု နှောင်းပိုင်းတွင်ကား ဗုဒ္ဓဘာသာရဟန်း ရှင် လူများ အသိအမြင်များ ပြောင်းလဲလာကြသည်။ ထိုထို နိုင်ငံများသို့ အရောက်အပေါက်များ လာကာ ဒေသန္တရဗဟုသုတနှင့် ပြည့်စုံလာကြသဖြင့် အင်္ဂလိပ်စာမှာ အရာတွင်ကျယ်ရှိကြောင်း၊ အင်္ဂလိပ်စာမတတ်လျှင် လုပ်ငန်းကိစ္စများ ဆောင်ရွက်ရာ၌ အခက်အခဲရှိလာကြောင်း၊ ဘာသာရေး ဘက်၌လည်း အင်္ဂလိပ်စာတတ်ပါမှ သာသနာပြုရာ၌ လွယ်ကူကြောင်း သိမြင်လာကြသည်။ သို့ဖြင့် ရန်ကုန်နှင့် မန္တလေး မြို့တို့၌ နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်ကြီးများ တည်ထောင် ဖွင့်လှစ်ကာ ပညာရေးစနစ်ကို တိုးချဲ့ပြုပြင်လာကြသည်။ နောက်မကြာမီ ရန်ကုန်မြို့၌ အပြည်ပြည် ဆိုင်ရာ ထေရ၀ါဒ သာသနာပြုတက္ကသိုလ်နှင့် စစ်ကိုင်း သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များကိုလည်း အသီးအသီး တည်ထောင် ဖွင့်လှစ်လာကြသည်။ အဆိုပါ တက္ကသိုလ်ကြီးများမှ ဘွဲ့ရပြီးသော ရဟန်းတော်တစ်ချို့မှာ အိန္ဒိယ၊ သီရိလင်္ကာနိုင်ငံများ၌ပင် ဆက်လက် ပညာသင်ယူနေကြသည်။
(M.A) နှင့် (Ph.D) ဘွဲ့ရ ရဟန်းတော်တစ်ချို့ပင် ပေါ်ထွန်းနေပါပြီ။ ခေတ်မီပညာရေးစနစ်ဖြစ်ဖို့ မြတ်စွာဘုရားရှင်သည် အချိန်အခါကို သိတော်မူ၍ ယင်းနှင့်လျော်ညီသော တရားမျိုးကို ဟောတော် မူတတ်သည့် `ကာလညူ´ ပုဂ္ဂိုလ်ကြီး ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့ ဗုဒ္ဓဘာသာ ရဟန်းတော်များသည် ခေတ်ကာလ အခြေအနေကို သိတတ်ရမည်။ သိအောင် မျက်ခြည်မပြတ် လေ့လာမှတ်သားကြရပေမည်။ ခေတ်ကာလအခြေအနေကို သိကြ၍ ယင်းနှင့်လျော်ညီသော ပညာရေးစနစ်မျိုးကို ပြုပြင် ပြောင်းလဲ သင်ကြားကြပေသည်။ သာသနာ့ဝန်ထမ်း ရှင်ရဟန်းအချင်း ချင်းကျေးဇူးပြုသော သင်ကြားရေးစနစ်မှ လူဝတ် ကြောင်တို့အတွက် အထောက်အကူပြုသော ပညာရေးစနစ်မျိုးကို တိုးချဲ့ပြုပြင် ပြောင်းလဲ သင်ကြား သင့်ကြပေပြီ။ သို့မှသာ ကလေးသူငယ်များ၏ ဆရာမှတ်မှတ် သမားမှတ်မှတ် အသိအမှတ်ပြုကာ ကြည်ညို လေးစားမှုကို ခံရနိုင်ပေမည်။
ထိုအခါ ရှင်ရဟန်းများ သြဇာအရှိန်အ၀ါလည်း မြင့်တက်လာနိုင်ပေသည်။ သာသနာတော်၏ ဂုဏ်ကျက် သရေလည်း တင့်တယ်ထွန်းပ လာနိုင်ပေသည်။ ခေတ်သည် တစ်နေ့တခြား ပြောင်းလဲနေပါသည်။ ကျွန်ုပ်တို့ ဗုဒ္ဓဘာသာရဟန်းတော်များသည် ခေတ်ကို မျက်ခြည်မပြတ်ဖို့ လိုပေသည်။ ခေတ်နောက် မကျန်ရစ်ဖို့ လိုပေသည်။ မိမိတို့ မြန်မာနိုင်ငံမှာ ခေတ်မီပညာရေးစနစ် တိုးတတ်စေဖို့အတွက် (မန္တလေး၊ သာသနာ့ တက္ကသိုလ် မဂ္ဂဇင်းမှာ) အမြင်ကျယ်ကျယ်နဲ့ တင်ပြထားတဲ့ တက္ကသိုလ်သောတုဇန (မဟာဓမ္မာစရိယ) ရဲ့ဆောင်းပါးကို မင်းခိုက်စိုးစံရဲ့ ကတ်သီးကတ်သတ် စာအုပ်ထဲက ပုံပြင်တစ်ပုဒ်နဲ့တွဲပြီး အနည်းငယ် ပြင်ဆင်ကာ တင်ပြထားခြင်းပဲ ဖြစ်ပါတယ်။
ဆောင်းပါးရေးသားသူ အရှင်သာသန (မုံရွာ)