Wednesday, November 14, 2012

မှန်ကြည့်လိုက်ပါ…



မှန်ကြည့်လိုက်ပါ…

“ကံမသိ မှန်ကြည့်“ ဟူသော စကားရှိ၏။ ကြည်လင်ပြတ်သားရှင်းလင်းသည့် မှန်သည် ကြည့်သူများကို မျက်နှာလိုက်ခြင်းမရှိ အရှိအတိုင်း ထင်ရှားစေ၏။ မည်သူကြည့်ကြည့် ကြည့်သူ၏ အမူအရာအတိုင်း တစ်ထပ်တည်း ပေါ်လွင်စေ၏။ မှန်သည် ရာထူးကြီးသူကြည့်လျှင်လည်း အရှိအတိုင်းပေါ်လွင်စေ၏။ မည်သည့်ရာထူးမျှ မရှိသူကြည့်လျှင်လည်း အရှိအတိုင်းဖော်ပြ၏။ ထို့အတူ ရုပ်ဆိုးသူ၊ ရုပ်လှသူ၊ ပိုက်ဆံရှိသူ၊ မရှိသူ၊ နာမည်ကြီးသူ၊ မကြီးသူ၊ အသားဖြူသူ မဖြူသူ စသည့် မည်သည့်ပုဂ္ဂိုလ်မျိုးကပင် ကြည့်ကြည့် အရှိအတိုင်း ထင်ရှားစေ၏။ မျက်နှာကြီးရာ ဟင်းဖတ်ပါဆိုသကဲ့သို့ မျက်နှာလိုက်၍ လှအောင်ကောင်းအောင် ထင်ရှားပေါ်လွင်စေခြင်းသည် မှန်၌မရှိပေ။ မှန်သည် မျက်နှာလိုက်တတ်သည့် အရာမဟုတ်ပေ။

ထို့အတူ ကံတရားသည်လည်း မျက်နှာလိုက်၍ အကျိုးပေးသည်ဟူ၍ မရှိပေ။ မည်သူမဆို ကောင်းသည့်အလုပ်လုပ်လျှင် ကောင်းကျိုးကို ဖြစ်ပေါ်စေပြီး မကောင်းသည့် အလုပ်လုပ်လျှင် မကောင်းပြစ်ကို ဖြစ်ပေါ်စေ၏။ ရာထူးဌာနန္တရ၊ ပညာဂုဏ်စသည်ကြီးမား၍ ကောင်းကျိုးကို ဖြစ်စေ၊ အသက်သိက္ခာဂုဏ်ဝါ နိမ့်ကျ၍ မကောင်းကျိုးကိုဖြစ်စေ၊ အသားဖြူ၍၊ ချမ်းသာ၍ ကောင်းကျိုးကို ဖြစ်စေ၊ အသားမည်း၍ ဆင်းရဲ၍ မကောင်းကျိုးကိုဖြစ်စေသည့် မျက်နှာလိုက်ပြီး အကျိုးပေးမှုမျိုးသည် ကံတရား၌ လုံးဝမရှိပေ။ ထို့ကြောင့် ကံကိုမသိ၊ ကံကို မယုံသူများသည် မှန်ကိုသာ ကြည့်ကြည့်ပါဟု ဆိုခြင်းဖြစ်ပါ၏။


ဓမ္မနီတိတွင် ကံနှင့်ပတ်သက်၍ ဖော်ပြထားသည့် ဂါထာလေး တစ်ခုရှိ၏။
“ပုညံပါပဖလံ ယော စေ၊ နသဒ္ဓဟတိ သစ္စတော။
သော ဝေ သကနာနံ ခိပ္ပံ၊ အာဒါသတလ မာနယေ“ ဟူသော ဤဓမ္မနီတိ စကား၏ ဆိုလိုရင်းမှာ
“အကြင်သူသည် ကုသိုလ်ကံအကုသိုလ်ကံတို့၏ အကျိုးအပြစ်ကို အမှန်အတိုင်း မယုံကြည်ငြားအံ့ စင်စစ် ထိုသူသည် မိမိ၏မျက်နှာကို အလျင်အမြန် မှန်ရှေ့သို့ ဆောင်ယူ၍ ကြည့်ရှုရာ၏“ ဟူ၍ ဖြစ်၏။
ဆိုလိုသည်မှာ ကံကံ၏ အကျိုးကို မယုံကြည်သူသည် မှန်ကိုယူပြီး မိမိမျက်နှာကို မှန်ဖြင့်ကြည့်ကြရန် ဆိုလို၏။ မိမိ၏ မျက်နှာသည် လှပပြီး မိမိတစ်ကိုယ်လုံးသည်လည်း ကိုယ်လက်အင်္ဂါစုံလင်စွာဖြင့် တင့်တယ်နေလျှင် မိမိ၏ အတိတ်က ပြုခဲ့သည့် ကောင်းကံ၏ အကျိုးဆက်အဖြစ် မြင်နိုင်မည်ဖြစ်ပြီး မှန်ကြည့်သည့်အခါ မိမိ၏မျက်နှာသည် မလှမပ၊ ကိုယ်လက်အင်္ဂါလည်း မစုံမလင် မိမိကိုယ်ကို မိမိပြန်ကြည့်၍မှ မကျေနပ်မနှစ်သက်နိုင်သည့် အနေအထားကို တွေ့ရလျင် မိမိအတိတ်က ပြုခဲ့သည့် အကုသိုလ်ကံ တစ်ခုခု၏ အကျိုးဆက်အဖြစ် မြင်နိုင်မည်ဖြစ်၏။ ထို့ကြောင့် အတိတ်က မိမိဘာဖြစ်ခဲ့သည် ဘာလုပ်ခဲ့သည်ဆိုသည့်ကို သိလိုသူများသည် မိမိကိုယ်ကို မှန်ဖြင့်ကြည့်ပြီး မိမိလက်ရှိ ရရှိထားသည့် အခြေအနေကို ကြည့်ကာသိနိုင်ကြောင်း ဆိုခြင်းဖြစ်၏။


မှန်၏ လူချင်းတူသော်လည်း အကျိုးပေးကွာခြားသည်မှာ အခြားသူလုပ်၍ ဖြစ်သည်မဟုတ် မိမိကိုယ်တိုင် ပြုလုပ်ခဲ့၍သာ ဖြစ်ပါ၏။ ထို့ကြောင့် လောကကြီးတစ်ခုလုံးကို ကြည့်လိုက်လျင် လူအမျိုးမျိုး စရိုက်အမျိုးမျိုး ဘ၀အမျိုးမျိုး ဖြစ်နေကြသည်ကို တွေ့နေရခြင်းဖြစ်၏။ ဗုဒ္ဓဘာသာ၏ ကမ္မ၀ါဒ သဘောအရ လူအမျိုးမျိုး အဖုံဖုံဖြစ်နေခြင်းသည် မိမိတို့ ပြုလုပ်ခဲ့သည့် ကောင်းကံ၊ မကောင်းကံများ၏ အကျိုးဆက်ကြောင့် ဖြစ်ကြောင်း နားလည်သဘောပေါက်နိုင်ကြ၏။
ဗုဒ္ဓမြတ်စွာဘုရား သက်တော်ထင်ရှား ရှိစဉ်အချိန် သုဘအမည်ရှိသော လုလင်ငယ်တစ်ယောက်က ဘုရားရှင်အား လူအမျိုးမျိုးဖြစ်နေရခြင်း၊ ကွဲပြားနေရခြင်း အကြောင်းကို မေးလျှောက်ဖူး၏။


သုဘလုလင်က“အရှင်ဘုရား… လောက၌ အချို့သောသူများသည် အသက်တိုပြီး အချို့သည် အသက်ရှည်ကြသည်ကို တွေ့ရပါသည်။ ထိုသို့ဖြစ်ခြင်းမှာ မည်သို့သော ကံများကို ပြုလုပ်ခဲ့၍ ဖြစ်ပါသနည်း ဘုရား“ဟု မေးလျှောက်၏။ ထိုအခါ မြတ်စွာဘုရားရှင်က “ချစ်သား သုဘ… လောက၌ အချို့သောသူများသည် သတ္တ၀ါတို့အပေါ်တွင် သနားခြင်းကင်းလျက် ရက်ရက်စက်စက် သတ်ဖြတ်ကြ၏။ ထိုသူတို့သေလျှင် ငရဲသို့ကျရောက်တတ်ပြီး ရှေးကုသိုလ် တစ်ခုခုကြောင့် ငရဲသို့မကျဘဲ လူ့ဘ၀ရလာပါက ကြာရှည်စွာ မနေရဘဲ အသက်တိုတတ်၏။ အချို့သူများသည်ကား သတ္တ၀ါတို့အပေါ်တွင် ကရုဏာတရားထားကာ သူ့အသက်ကို သတ်ဖြတ်ခြင်းမှ ရှောင်ကြဉ်ကြ၏။ ထိုသူများသေလျှင် အထက်နတ်ပြည်သို့ ရောက်ရတတ်ပြီး လူ့ပြည်သို့ ရောက်လာလျှင်လည်း အသက်ရှည်စွာ နေကြရ၏“ဟု ဖြေတော်မူ၏။

ဆက်လက်၍ သုဘလုလင်က “အရှင်ဘုရား… လောက၌ အချို့သူတို့သည် အနာရောဂါထူပြောပြီး အချို့မှာ အနာရောဂါ ကင်းရှင်းကြသည်ကို တွေ့ရပါသည်။ ထိုသူတို့သည် မည်သို့သော ကံများကြောင့် ကွဲပြားမှု ဖြစ်ရသနည်း ဘုရား“ဟု လျှောက်၏။ “ချစ်သား… လောက၌ အချို့သူတို့သည် သတ္တ၀ါတို့အပေါ် သနားညှာတာခြင်း ကင်းမဲ့ပြီး တုတ်၊ ဓား၊ လက်နက် စသည်ဖြင့် ညှဉ်းဆဲနှိပ်စက်လေ့ရှိ၏။ ထိုသူတို့သေလျှင် ငရဲသို့ ကျရောက်တတ်ပြီး ရှေးကုသိုလ် တစ်ခုခုကြောင့် ငရဲသို့ မကျရောက်ဘဲ လူ့ဘ၀ရလာပါက အနာရောဂါ အမျိုးမျိုးဖြင့်သာ ခံစားနေထိုင်ကြရ၏။ အချို့ကား သတ္တ၀ါတို့အပေါ် သနားညှာတာစိတ်ထားက ညှဉ်းပမ်းနှိပ်စက်ခြင်းမှ ရှောင်ကြဉ်ကြ၏။ ထိုသူများသေလျှင် အထက်နတ်ပြည်သို့ ရောက်ရတတ်ပြီး လူပြည်သို့ ရောက်လာပါကလည်း အနာရောဂါကင်း၍ ကျန်းမာစွာနေရ၏“ ဟု ဘုရားမြတ်စွာ ဖြေကြားတော်မူ၏။


ထိုအပြင် လုလင်ငယ်မှ ဆက်လက်၍ “လောက၌ အချို့သူများမှာ ရုပ်အဆင်းအင်္ဂါ ဆိုးရွားလှပြီး အချို့မှာ ရုပ်အဆင်းအင်္ဂါ လှပတင်တယ်ကြကြောင်း၊ အချို့မှာ အခြံအရံ မိတ်ဆွေအပေါင်းအသင်း မရှိဘဲ အထီးကျန်လှပြီး အချို့မှာ အခြံအရံ မိတ်ဆွေအပေါင်းအသင်း ပေါများလှပါကြောင်း၊ အချို့မှာ ဥစ္စာမရှိ အလွန်ဆင်းရဲလှပြီး အချို့မှာ စည်းစိမ်ဥစ္စာအပြည့်ဖြင့် အလွန်ချမ်းသာလှပါကြောင်း၊ အချို့မှာ အမျိုးဇာတ်ယုတ်နိမ့်ပြီး အချို့မှာ အမျိုးဇာတ်မြင့်မြတ်လှပါကြောင်း၊ အချို့မှာ အသိအလိမ္မာ ဉာဏ်ပညာ အလွန်နည်းပါပြီး အချို့မှာ ဉာဏ်ပညာ အလွန်ကြီးမားလှပါကြောင်း ထိုသို့ဖြစ်ရခြင်းမှာ အဘယ်သို့သော အကြောင်းကံများကြောင်း ဖြစ်ပါရသနည်းဘုရား…“ဟု မေးလျှောက်ပြန်၏။


ထိုလုလင်၏ အမေးများကို မြတ်စွာဘုရားရှင်က “ ဒေါသအလွန်ကြီးပြီး သူတစ်ပါးကို ပုတ်ခတ်ပြောဆိုလေ့ရှိသော သူတို့သည် ရုပ်အဆင်းအင်္ဂါမလှမပ ဖြစ်တတ်ပြီး ဒေါသမထွတ်၊ သူတပါးအပြစ်ကို ပြောလေ့မရှိ၊ စိတ်ကြဉ်လင် အေးမြသူတို့သည် ဖြစ်လေရာ ဘ၀တိုင်းတွင် ရုပ်အဆင်းအင်္ဂါ လှပတင့်တယ်တတ်ကြောင်း၊ သူတပါးအပေါ် မနာလိုခြင်း၊ ငြူစူခြင်း ဣဿာ အားကြီးသူများသည် အခြံအရံ မိတ်ဆွေအပေါင်းအသင်းမရှိ ရှားပါးကာ အထီးကျန်တတ်ပြီး ဣဿာနည်းပြီး ၀မ်းမြောက်ခြင်း မုဒိတာ အားကောင်းသူများသည် အခြံအရံ မိတ်ဆွေအပေါင်း အသင်း ပေါများတတ်ကြောင်း၊ စွန့်ကြဲပေးကမ်း လှူဒါန်းခြင်းမရှိဘဲ ၀န်တိုမှု မစ္ဆေရ အားကြီးသော သူများသည် ဥစ္စာမရှိ ဆင်းရဲမွဲတေတတ်ပြီး ၀န်တိုမှု မစ္ဆေရ မရှိဘဲ လှူဒါန်းပေးကမ်း စွန့်ကြဲလေ့ရှိသော သူတို့သည် စည်းစိမ်ဥစ္စာ ပြည့်စုံကာ ချမ်းသာတတ်ကြောင်း၊ ထောင်လွှားတက်ကြွပြီး မောက်မာသည့်

မာန်မာနရှိသူများသည် အမျိုးဇာတ်ယုတ်ညံ့တတ်ပြီး မာနမရှိဘဲ မိမိကိုယ်ကို နှိမ့်ချလေ့ရှိသည့်အပြင် ရိုသေထိုက်သူကို ရိုသေတတ်သူများသည် အမျိုးဇာတ် အလွန်မြင့်မြတ်တတ်ကြောင်း၊ ပညာရှိသူတော်ကောင်းတို့ထံ ချည်းကပ်၍ ကုသိုလ်အကုသိုလ်ကိုလည်းကောင်း၊ အပြစ်ရှိမရှိကိုလည်းကောင်း၊ မှီဝဲသင့် မမှီဝဲသင့်ကိုလည်းကောင်း သံသရာ ကောင်းစေမည့် တရားအနှစ်သာရ တို့ကိုလည်းကောင်း မေးမြန်းလေ့မရှိဘဲ ထင်မိထင်ရာ ဒုစရိုက်မှုများဖြင့်သာ ကျင်လည်နေကြသူများသည် အသိဉာဏ်ပညာမရှိ ဖြစ်တတ်ပြီး ပညာရှိသူတော်ကောင်းတို့ထံ ကြည်ဖြူနှစ်သက် လေးမြတ်စွာ ဆည်းကပ်လျက် ဓမ္မအနှစ်သာရများကို မေးမြန်းစီစစ် နားကြားလေ့ရှိသော သူတို့သည် အသိဉာဏ် ပညာ အလွန်အားကြီးတတ်ကြောင်း“ တစ်ခုချင်း ဖြေကြားပေးတော် မူခဲ့လေ၏။ (စူဠကမ္မ၀ိဘင်္ဂသုတ်)

အထက်ပါ အမေးအဖြေများကား သုဘလုလင်မေးသဖြင့် ဘုရားရှင် ဖြေကြားပေးတော်မူခဲ့သည့် ကံအကျိုးပေးမှုများ အကြောင်းပင် ဖြစ်ပါ၏။ ဤအမေးအဖြေများသည် ဗုဒ္ဓဘာသာ၏ ကမ္မ၀ါဒကို မီးမောင်းထိုးပြပေးတော်မူထား၏။ မည်သူမဆို ယခုလက်ရှိ မိမိရရှိထားသည့် အနေအထားများသည် အတိတ်က မိမိလုပ်ခဲ့သည့် လုပ်ရပ်များ၏ အကျိုးရလာဘ်များအဖြစ် မှန်ကြည်သကဲ့သို့ ထင်ရှားစွာ တွေ့မြင်နိုင်၏။ ရုပ်ဆိုးခြင်း ရုပ်လြှခင်း၊ အမျိုးယုတ်ခြင်း အမျိုးညြံ့ခင်း၊ ဉာဏ်ကောင်းခြင်း မကောင်းခြင်း စသည့် ကွဲပြားခြားနားမှုများ၏ အဓိက အကြောင်းရင်းမှာ မိမိကိုယ်တိုင် ပြုလုပ်ခဲ့ခြင်းများသာ ဖြစ်ပါ၏။ မိမိမျက်နှာကို မိမိမှန်ဖြင့် ပြန်ကြည့်နေရသကဲ့သို့ ကံတရားများ၏ အကျိုးပေးမှုများက တန်ပြန်သက်ရောက်မှုကို ဖြစ်စေ၏။

အချုပ်ကြည့်လျှင် မိမိကိုယ်တိုင်၏ ဖန်တီးမှုများပင် ဖြစ်၏။ ထို့ကြောင့်လည်း မြန်မာစကားတွင် “ဘယ်သူမပြု မိမိမှု“ဟု ဆိုကြခြင်းဖြစ်၏။ ဘုရားရှင်က “မိမိမကောင်းမှု ပြုမိလျှင် မိမိသည်သာ ထိုမကောင်းမှု၏ အကျိုးကို ခံစားရမည်ဖြစ်ပြီး မိမိကောင်းမှုပြုလျှင်လည်း မိမိကိုယ်တိုင်ပဲ ထိုကောင်းမှု၏ အကျိုးကို ခံစားရမည်ဖြစ်ကြောင်း“ မိန့်ကြားတော်မူ၏။ ဤစကားသည် ကံတရား၌ မျက်နှာလိုက်ခြင်း၊ မျက်နှာသာပေးခြင်း မရှိသည်ကို ထင်ရှားသိမြင်စေ၏။

မှန်ကြည်သည့်အခါ မြန်မာပဲကြည့်ကြည့် ကိုရီးယားပဲကြည့်ကြည့်၊ အမေရိကန်ပဲကြည့်ကြည့်၊ ဂျပန်ပဲကြည့်ကြည့်၊ ဖြူသူပဲကြည့်ကြည့် မဲသူပဲကြည့်ကြည့် မည်သူပင်ကြည့်ပါစေ မှန်တွင်ပေါ်လာသည့် ထင်ဟပ်မှုသည်ကား အရှိအတိုင်းပင် ဖြစ်ပေါ်သကဲ့သို့ ကံတရားသည်လည်း မည်သည့်နိုင်ငံ၊ မည်သည့်လူမျိုးက မည်သည့်အလုပ်ကို လုပ်သည်ဖြစ်စေ တန်ပြန်အကျိုးသက်ရောက်မှုကား ထိုသူတို့ ပြုသည့်အတိုင်းသာ၊ ထိုသူတို့စိတ်စေတနာ အတိုင်းသာ ဖြစ်ပါ၏။ ကံတရား၏ အကျိုးပေးမှုသည် ဂုဏ်ပကာသနမရှိ၊ ရာထူးဌာနန္တရမရှိ၊ ပစ္စည်းဥစ္စာမရှိ သတ္တ၀ါမှန်သမျှ တစ်ပြေးညီတည်းသာ ဖြစ်ပါ၏။ ထို့ကြောင့် “ကံမသိ မှန်ကြည့်“ဟု ဆိုကြခြင်းဖြစ်၏။


အချုပ်အားဖြင့် ပြောလိုသည်မှာ လောကသား၊ သတ္တ၀ါသားတို့သည် လူ့ဘုံဟူသည့် မနုဿဘုံဌာနတွင် အတူတကွ လာဖြစ်ကြသော်လည်း လူအမျိုးမျိုး၊ အကျင့်စရိုက်အမျိုး၊ အခြေအနေ အမျိုးမျိုးဖြစ်နေကြပြီး ထိုအမျိုးမျိုးသော ပုဂ္ဂိုလ်သတ္တ၀ါတို့၏ မျက်မှောက်အခြေအနေများသည် မည်သူတစ်ဦး တစ်ယောက်၏ ပြုလုပ်ဖန်တီး ပေးမှုများကြောင့် ဖြစ်သည်မဟုတ်ဘဲ မိမိကိုယ်တိုင် ပြုလုပ်ဖန်တီးမှုများကြောင့် ဖြစ်သည်ဟူသည့် အချက်ပင်ဖြစ်ပါ၏။ ထိုသဘောကို အမှန်တကယ် နားလည်သဘောပေါက်မှု မရှိပါက မှန်ရှေ့သွားပြီး မိမိကိုယ်ကို မှန်ကြည့်ကြည့်ပါက သိနိုင်၏။ မှန်သည် အရှိကို အရှိအတိုင်း ထင်ပေါ်စေ၏။

ထို့အတူ ကံသည်လည်း ပြုလုပ်သူ၏ လုပ်ဆောင်ချက် စိတ်စေတနာအတိုင်း အကျိုးရလာဘ်ကို ဖြစ်ပေါ်စေ၏။ ပြုလုပ်သူသည် ကောင်းသည့်အကျိုးကို အလိုရှိပါက ကောင်းသည့်အလုပ်ကိုသာ လုပ်ရန်ရှိပြီး မကောင်းသည့်အလုပ်ကို လုပ်ပါက မကောင်းသည့် ရလာဘ်ကိုသာ ရရှိမည်ဖြစ်ပေ၏။ ထို့ကြောင့် ဘ၀လွတ်မြောက်မှုကို မရသေးသူများသည် ကျင်လည်ရမည့် ဘ၀သံသရာတွင် မိမိတို့ အလိုရှိသည့် အကျိုးရလာဘ်ကို အတိတ်က မိမိတို့ပြုလုပ်ခဲ့သည့် အကျိုးရလာဘ်အဖြစ် ရရှိနေရသည့် ယခုလက်ရှိ ရုပ်နာမ်အစုကြီးကို မှန်ကြည့်သကဲ့သို့ မြင်အောင်ကြည့်ပြီး အနာဂတ်အတွက် စဉ်းစားဆင်ခြင် သတိဝင်လျှက် ပြမှုနေထိုင် ပြောဆိုကြံစည်သင့်ပါကြောင်း “ကံမသိ မှန်ကြည့်ကြဖို့“ စေတနာစကားဖြင့် အသိပေးလိုက်ရပေတော့၏။

ရေးသားသူ အရှင်ဝိစိတ္တ (မနာပ ဒါယီ)