Monday, November 19, 2012

ခရေပန်းလို လူတွေများပါစေ




ခရေပန်းလိုလူတွေများပါစေဆိုတဲ့ ဗီဒီယိုဖိုင်လေးကို ဘလော့ပေါ်တင်ပေးတဲ့အခါမှာ မြန်မာနိုင်ငံမှာရှိတဲ့ ဓမ္မမိတ်ဆွေတွေအနေနဲ့ ကော်နက်ရှင်အခက်ခဲကြောင့် နားထောင်ရတာ အဆင်မပြေဘူးလို့ သိရှိရပါတယ်။ ခေါင်းစဉ်လေးဖတ်ပြီး သေချာလည်းနားထောင်ချင်တယ်လို့ ပြောကြတဲ့အတွက် ဟောပြောပွဲမှာ ဟောပြဆုံးမသွားတဲ့ အဆုံးမလေးတွေကို စာနဲ့ပြန်ပြီးရေးသားပေးဖို့ စဉ်းစားမိပါတယ်။  ဗီဒီယိုဖိုင်ကြီးတစ်ခုလုံးကို ဖြန့်ဝေရန် အခက်ခဲဖြစ်နေတဲ့သူတွေအတွက်ပါ.. စာသားနဲ့ဖြန်ဝေပေးရတာက ပိုအဆင်ပြေမိမယ်လို့ ထင်မိပါတယ်။ 
 
ဒါ့ကြောင့် ဟောပြောပွဲပါ အကြောင်းရာလေးတွေကို စာရေးသူအာဘော်နဲ့ သဘောပေါက်လွယ်အောင် ရေးပြီး ဖော်ပြပေးလိုက်ပါတယ်။ ဟောပြောပွဲမှာ ဟောပြပေးတဲ့ ဆရာ(ဦးဘုန်း-ဓာတု) လောက်တော့ အာဘော်မကောင်းနိုင်ပေမယ့်.. အတတ်နိုင်ဆုံး အနီးစပ်ဆုံးနဲ့ အဆင်ပြေဆုံးဖြစ်အောင် ဟောပြပေးတဲ့ဆရာရဲ့အာဘော်ကို မှီငြမ်းကိုးကားပြီး ရေးသားပေးပါမယ်။ ဆရာဟောပြပေးတဲ့ အချက်လက်တွေက အနည်းငယ်များတဲ့အတွက် စာဖတ်သူတွေအနေဖြင့် အဆင်ပြေအောင် အပိုင်းလိုက်ဆီခွဲပြီး ဖော်ပြပေးပါမယ်။ စာရေးသူရဲ့အာဘောမှာ အမှားယွင်းတစ်စုံတစ်ရာပါခဲ့ရင်လည်း ထောက်ပြပြုပြင်ပေးပါလို့ ဦးစွာမေတ္တာရပ်ခံအပ်ပါတယ်။

စာအုပ်စာပေလူ့မိတ်ဆွေဆိုတာ..

စာအုပ်စာပေလူ့မိတ်ဆွေဆိုတဲ့ စကားကို လူတွေအများစု အသုံးများကြပါတယ်။ အဲ့စကားလုံးက အကြွင်းမဲ့တော့ မမှန်ကန်နိုင်ပါဘူး။ စာအုပ်တစ်အုပ် အယူဆတစ်ခုကြောင့် ဘ၀တစ်ခုလုံး ဗြောင်းပြန်ဖြစ်သွားကြတဲ့သူတွေ တပုံတပင်ကြီးပါပဲ။ ဘယ်လိုအဓိပ္ပါယ်မျိုး ဘယ်လိုခံယူချက်မျိုး ဘယ်လိုယုံကြည်ချက်မျိုးနဲ့ စာရေးသူက ရေးသားတယ်ဆိုတာကို စာဖတ်သူကိုယ်တိုင်ကမသိရှိရတဲ့အတွက်ပါ။ ဒေါသကြောင့်ရေးတာလား လောဘကြောင့်ရေးတာလား
 မောဟကြောင့်ရေးတာလားဆိုတာတော့ ရေးသားတဲ့စာရေးသူရဲ့ စိတ်ထားပေါ်မှာ မူတည်နေတဲ့အတွက်.. သူကဒေါသနဲ့ရေးရင် ကိုယ်က ဒေါသဖြစ်ရမယ်..   လောဘနဲ့ရေးရင်  လောဘဖြစ်ရမယ်..
 မောဟနဲ့ရေးရင်  မောဟဖြစ်နေရမှာပါ။ 
 
အတ္တဆန်တဲ့ ကိုယ့်ဝါဒတွေနဲ့ ကိုယ့်အတ္တကိုအခြေခံပြီး ရေးကြတဲ့အတွက် လူသားအားလုံးအတွက်တော့ သူရေးသားတဲ့စာပေတွေဟာ အမှန်တရားကြီးသက်သက် မဖြစ်နိုင်ပါဘူး။ အတ္တမကင်းသေးတဲ့အတွက်လည်း မဖောက်မပြန် မမှန်ကန်နိုင်သလို သူ့စာကိုဖတ်မိတဲ့သူတွေပါ မှားယွင်းတဲ့သူ့ရဲ့အတ္တအစွဲတွေ ပြန့်နှံသွားနိုင်ပါတယ်။ ပုထုဇဉ်မှန်ရင် အစွဲမကင်းသေးတဲ့အတွက်လည်း သူရေးသားတဲ့ စာအုပ်တိုင်းစာအုပ်တိုင်းဟာ သူ့အတွက်မှန်ချင်မှန်ပေမယ့်.. အခြားသူအတွက်တော့ မှားချင်မှားနေမှာပါ။ ဒ့ါကြောင့် စာအုပ်စာပေတိုင်းဟာ လူ့မိတ်ဆွေအစစ်တော့ မဖြစ်နိုင်ပါဘူး။

စာအုပ်စာပေလူ့မိတ်ဆွေအစစ်အဖြင့် ထပ်တူအကျဆုံး အမှန်တရားဆိုတာကို လမ်းညွှန်ပြတာကတော့ ဗုဒ္ဓဆုံးမဟောပြတဲ့ ပရိယတ္တိစာပေကသာလျှင် လူ့မိတ်ဆွေအစစ်ကို ဖြစ်စေနိုင်ပါတယ်။ အတ္တကိုအခြေခံတဲ့ ကိုယ်ပိုင်အမြင်မဟုတ်ပဲနဲ့ တလောကလုံး သတ္တ၀ါအားလုံးအတွက် အမြဲတစေ မဖောက်မပြန်မှန်ကန်စေနိုင်တဲ့ အဆုံးမတွေဖြစ်တဲ့အတွက် ဗုဒ္ဓစာပေကသာလျှင် လူ့မိတ်ဆွေ အစစ်ကို ဖြစ်စေနိုင်ပါတယ်။ 
 
ဓမ္မဆိုတဲ့ စကားလုံးအတိုင်း အမြဲတမ်းမဖောက်မပြန် မှန်ကန်တဲ့အဆုံးမတွေဖြစ်တဲ့အတွက် လူသားအားလုံးအတွက် လူ့မိတ်ဆွေအစစ်ကို ဖြစ်စေနိုင်ပါတယ်။ ဗုဒ္ဓရဲ့ဝါဒဟာ ဗုဒ္ဓဘာသာဝင်တွေအတွက် သီးသန့်ဝါဒတစ်ခု မဟုတ်ပါဘူး။ လူသားအားလုံး သတ္တ၀ါအားလုံး ကျင့်ကြံနိုင်ရင် ကျင့်ကြံနိုင်သလောက်.. လိုက်နာနိုင်ရင် လိုက်နာသလောက် အကျိုးများစေတဲ့ ဘက်လိုက်မှုမရှိတဲ့ စာပေအဆုံးမတစ်ခုဖြစ်တဲ့အတွက်.. ဗုဒ္ဓရဲ့ ပရိယတ္တိစာပေကသာလျှင် လူ့မိတ်ဆွေအစစ် ဖြစ်စေနိုင်ပါတယ်။


ကောင်းတာလုပ်ရင် ကောင်းတာဖြစ်သလား?

ဒီမေးခွန်းရဲ့အဓိပ္ပါယ်ဟာ တော်တော်လေးကျယ်ပြန့်ပါတယ်။ အဓိကအရင်ဆုံး ကောင်းတယ်ဆိုတာ ဘာလဲဆိုတာ သိဖို့လိုပါတယ်။ လူတွေကကောင်းတာဖြစ်တယ်ဆိုတာကို ရွှေတွေရတာ ငွေတွေရတာ တိုက်တွေကားတွေရတာ ချမ်းသာကြွယ်ဝတာကို ကောင်းတာဖြစ်တယ်လို့ အများအားဖြင့် ယူဆကြပါတယ်။ ယခုခေတ်လူငယ်တွေရဲ့ စိတ်ထဲမှာလည်း ဒီလိုပဲမြင်နေကြပါတယ်။ ရပ်ကွက်တစ်ခုမှာ မကောင်းတာလုပ်စားတဲ့သူတွေ အရက်ရောင်းတဲ့သူတွေက ချမ်းသာလို့.. တနေ့တနေ့ ရိုးရိုးသားသားနဲ့ တစ်နေ့လုပ်စာတစ်နေ့ ရှာစားရတဲ့သူတွေကျတော့ ဆင်းရဲလို့ ဆိုတာမျိုးတွေနဲ့ ကောင်းခြင်း မကောင်းခြင်းကို သွားပြီးနှိုင်းယှဉ်တတ်ကြပါတယ်။ 
 
 မနက်မိုးလင်း ဆွမ်းဟင်းထလောင်းတဲ့ မရှိမဲ့ရှိမဲ့အိမ်တွေကျ တနေ့တနေ့စားစရာတောင် မနည်းရှာစားနေကြရတယ်။ ဆွမ်းမလောင်းပဲ တိုက်တွေတံခါးတွေ အလုံပိတ်ပြီး ဒါနဆိုတာကို အလှူခံမလာရဆိုတဲ့စကားလုံးတွေနဲ့ ပိတ်ပင်ထားကြတဲ့သူတွေကျတော့ ရွှေတွဲလွှဲ ငွေတွဲလွှဲနဲ့ဆိုတဲ့ အမြင်တွေနဲ့ အကောင်းအဆိုးဆိုတာကို နှိုင်းယှဉ်ကြပါတယ်။ ဒီလိုသာနှိုင်းယှဉ်ပြီး အမြင်တွေ အတွေးတွေ လွဲနေမယ်ဆိုရင်ဖြင့် မကောင်းတာလုပ်မှကြီးပွားမယ်လို့ ယူဆသွားကြမယ့် နောင်လာနောင်သားတွေရဲ့ အနာဂတ်ကတော့ မတွေးဝင့်စရာပါပဲ။

ဒီတော့ ကောင်းခြင်းမကောင်းခြင်းဆိုတာကို နားလည်ဖို့အတွက် ကုသိုလ် အကုသိုလ်ဆိုတဲ့ စကားလုံးကို သေချာနားလည်ဖို့လိုပါတယ်။ ကုသိုလ်ဆိုတာ အပြစ်ကင်းတယ် ကောင်းကျိုးကိုပေးတယ်.. အကုသိုလ်ဆိုတာ အပြစ်ရှိတယ် မကောင်းကျိုးကိုပေးပါတယ်။ ကုသိုလ်တွေလုပ်တာ အပြစ်ကင်းတာမှန်ပေမယ့် ဘာလို့ကောင်းကျိုးမပေးသေးတာလဲ ဆိုတဲ့မေးခွန်းကို လူငယ်တွေ အများဆုံးမေးကြပါတယ်။ ဒါလည်း မေးသင့်ပါတယ်။ ဒီလိုမျိုးမေးလာတဲ့အခါမှာ ရှေးကကံတွေအကျိုးမပေးသေးလို့ ဒီဘ၀ကောင်းကျိုး မရရှိသေးတာပါလို့ ဗုဒ္ဓရဲ့အဆုံးမကိုနားလည်ပြီးသားသူတွေအနေနဲ့ နားလည်နိုင်ပေမယ့်.. လူငယ်တွေ နားထဲရောက်ဖို့ကျတော့ သူတို့လက်ခံနိုင်အောင် ဗုဒ္ဓရဲ့အဆုံးမတွေကို မပယ်မိစေပဲ ရှင်းပြပေးနိုင်ဖို့ဟာ အင်မတန် အဓိကကျပါတယ်။


ဥပမာအားဖြင့် ဘုရားရှင်ကို ဘုရားမဖြစ်ခင်ကထဲက ကြည်ညိုခဲ့တဲ့ဘုရင် ဗိမ္မိသာရမင်းဟာ ဘုရားမဖြစ်ခင်ကတောင် ဘုရားကို တိုင်းပြည်တစ်ဝက်ခွဲပေးတဲ့အထိ ကြည်ညိုခဲ့တာပါ။ ဘုရားဖြစ်ပြီးတဲ့အခါမှာလည်း ဘုရားကို အသက်နဲ့ထပ်တူယုံကြည်တဲ့ အရိယာသောတာပန်ဘုရင်တစ်ပါးပါ။ ဒါပေမယ့် နောက်ဆုံးမှာဘယ်လိုသေခဲ့ရပါသလဲ။ ခြေဖ၀ါးဓါးခွဲခံရပြီး မရှုမလှသေဆုံးခဲ့ရတာပါ။ ကဲ.. ကောင်းတာလုပ်တယ် ကောင်းတာဖြစ်သလား..။ နောက်တစ်ချက်အနေနဲ့ ဘုရားရှင်ရဲ့ အဂ္ဂသာဝကဖြစ်တဲ့ တန်ခိုးအရာမှာ ဘုရားရှင်ပြီးရင် အမြတ်ဆုံးဖြစ်တဲ့ ရှင်မောဂ္ဂလာန်ကိုယ်တော်မြတ်ကြီးဟာ နောက်ဆုံးပရိနိဗ္ဗာန်စံဝင်တဲ့နေရာမှာ ခိုးသားတွေရိုက်နှက်ပြီး မရှုမလှ ပရိနိဗ္ဗန်ဝင်စံခဲ့ရပါတယ်။ ဒါလည်း ကောင်းတာလုပ်တယ် ကောင်းတာဖြစ်ပါသလား။ 
 
ဒါကဘုရားရှင်လက်ထက်က ဖြစ်ရပ်ပါ။ ယခုခေတ်မှာဆိုရင်ဖြင့် ဆရာတော် အရှင်ဆန္ဒာဓိကတို့၊ ဆရာတော် အရှင်ရဝေနွယ်တို့ကို ဥပမာပေးလို့ရပါတယ်။ ဒီလောက်ကောင်းတာတွေ ကောင်းမှုတွေလုပ်နေတဲ့ကြားက မကောင်းတာတွေဟာ မဖြစ်ချင်လည်း ဖြစ်ကြရတာပါပဲ။ ဒ့ါကြောင့် ယခုမကောင်းတာလုပ်ပြီး ကောင်းတာဖြစ်နေတဲ့သူတွေ.. ကောင်းတာလုပ်ပြီး မကောင်းတာဖြစ်နေတဲ့သူတွေကိုမြင်ရင် ဒီအချက်လေးတွေကို နှလုံးသွင်း ဆင်ခြင်ကြည့်စေချင်ပါတယ်။

ရိုးရိုးရှင်းရှင်းလေးပြောရရင် ကောင်းတာလုပ်ရင် ကောင်းတာချက်ချင်းမဖြစ်ပေမယ့်.. ကောင်းတဲ့သူကတော့ ချက်ချင်းဖြစ်တယ်ဆိုတဲ့ အချက်ပါပဲ။ ဘယ်သူကမှ ရဟန်းသံဃာတော်တွေကို ဆွမ်းလောင်းတာမြင်ပါရက်နဲ့ မကောင်းတာလုပ်နေတဲ့သူ မကောင်းတဲ့သူလို့ မပြောပါဘူးနော်။ ရဟန်းသံဃာတွေ ဆွမ်းလောင်းတာကို ရွေးပြောရင် ဗုဒ္ဓဘာသာဝင်တွေအတွက်ပဲ မှန်တာဖြစ်နေပါဦးမယ်..။ ဘာသာခြားတစ်ယောက်အနေနဲ့ မိဘမဲ့ကလေးကျောင်းတွေ မျက်မမြင်ကျောင်းတွေ သွားရောက်လှူဒါန်းတာကိုမြင်ရင် ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ မကောင်းတဲ့သူပဲလို့ ပြောတဲ့သူများရှိမလား.. မရှိပါဘူး။ စဉ်းစားကြည့်ပါနော်.. ဗုဒ္ဓဘာသာမှမဟုတ်ပါဘူး.. ဘာသာခြားတစ်ယောက်ဖြစ်နေပါစေ.. ဘာသာမဲ့တစ်ယောက်ဖြစ်နေပါစေ.. ကောင်းတာလုပ်နေတဲ့သူဟာ ကောင်းတဲ့သူပါပဲ။
 
  ကောင်းတာလုပ်တဲ့အတွက် ကောင်းကျိုးရရ မရရ ကောင်းတဲ့သူဆိုတာတော့ လူတိုင်းက လက်ခံကြမှာပါ။ ဒါ့ကြောင့် ကောင်းတာလုပ်တိုင်း ကောင်းတာမဖြစ်သေးဘူးဆိုရင်လည်း မဖြစ်သေးတာကို ကျေကျေနပ်နပ်လက်ခံလိုက်ပါ။ ဒါပေမယ့် ကောင်းတဲ့သူချက်ချင်းဖြစ်တယ်ဆိုတာကိုတော့ မိမိကိုယ်ကိုမိမိ အကြွင်းမဲ့ယုံကြည်ပါလို့ ပြောချင်မိပါတယ်။ မကောင်းတဲ့သူတွေတွေ့ရင်လည်းဒီလိုပါပဲ။ 
သူမကောင်းတာလုပ်နေတယ်.. မကောင်းမှုတွေဖြစ်မလာဘူး။ ဒါပေမယ့် လူတိုင်းလူတိုင်းက သူ့ကို သူတော်ကောင်းကြီးလို့ ဘယ်သူကမှ အသိမှတ်မပြုကြတာကတော့ သေချာပါပေတယ်။

ကိုယ်တင်မဟုတ်ဘူး… ကိုယ့်မျိုးဆက်ပါ ကြောက်နေရတာ

လူတွေက ကောင်းမှု မကောင်းမှုတွေကို ဒီဘ၀ဖြစ်ပျက်နေတဲ့တစ်ခုထဲနဲ့ နှိုင်းယှဉ်နေကြတာများပါတယ်။ သံသရာအရေးဆိုတာ နောင်ခါလာနောင်ခါဈေးဆိုတဲ့သူတွေ များပါတယ်။ ဒီဘ၀ကောင်းစားပြီးရော နောက်ဘ၀ ဘာဖြစ်ဖြစ်ဆိုတဲ့သူတွေကြောင့် သူတို့ရဲ့မျိုးဆက်တွေပါ သူတို့ကြောင့် လောကကြီးကို ကြောက်နေကြရ.. သိမ်ငယ်နေကြရပါတယ်။ 
 
ဥပမာအားဖြင့်.. ကျွန်တော်တို့အဖေအမေလက်ထက်လောက်တုန်းက မြို့နယ်တစ်မြို့နယ်မှာ စာစီစာကုံးအရေးကောင်းတဲ့ ကလေးလေးတစ်ယောက်ရှိပါတယ်။ သူက စာစီစာကုံးရေးတာ မြို့နယ်မှာအတော်ဆုံးပေါ့။ အဲဒါနဲ့ တိုင်းအဆင့်စာစီစာကုံးပြိုင်ပွဲမှာ အာဇာနည်နေ့ဆိုတဲ့ခေါင်းစဉ်နဲ့ စာစီစာကုံးရေးဖို့ ကျောင်းအုပ်ဆရာကြီးက ၀င်ပြိုင်ဖို့ပြောပါတယ်။ သူ့အနေနဲ့ဘယ်လိုမှကိုမပြိုင်နိုင်ကြောင်း ကျောင်းအုပ်ကြီးကို ငြင်းပါတယ်။ ဒါပေမယ့်လည်း ကျောင်းအုပ်ဆရာကြီးက မင်းကတအားတော်တော့ ၀င်ပြိုင်ရင် ဆုလည်းရမှာဖြစ်သလို ကျောင်းဂုဏ်လည်း ဆောင်မှာဖြစ်တယ်ဆိုတဲ့အကြောင်းပြောပြီး ၀င်ပြိုင်ဖို့ အတင်းတိုက်တွန်းပါတယ်။ 
 
အဲ့ဒါနဲ့ကလေးလေးက ပြန်ပြောပါတယ်။ "ကျောင်းအုပ်ဆရာကြီး.. ကျွန်တော်ဝင်မပြိုင်ပါရစေနဲ့.. ဘာလို့လဲဆိုတော့ ကျွန်တော်က ဂဋ္ဌုန်ဦးစောရဲ့မြေး" တဲ့။ ကဲ.. ဒီအချက်ကိုပဲကြည့်ပါ။ ဂဋ္ဌုန်ဦးစောဆိုတာကို သူ့အနေနဲ့တွေ့ဖူးချင်မှတောင် တွေးဖူးမိမှာပါ။ ဒါပေမယ့် အဘိုးရဲ့မကောင်းတဲ့ အမဲစက်တစ်ခုကြောင့် ဘယ်လောက်ထိ ကိုယ့်မြေးအစဉ်အဆက်ထိမှာတောင် သွားပြီးသက်ရောက်စေခဲ့လဲဆိုတာကို မကောင်းမှုရဲ့ဆိုးကျိုးက မီးမောင်းထိုးပြလိုက်တာပါပဲ။

ဒါ့ကြောင့် တစ်ဘ၀ထဲအတွက် ကိုယ်ကောင်းစားဖို့တစ်ခုထဲနဲ့ မကောင်းမှုတွေကို မကျူးလွန်မိဖို့ အင်မတန်အရေးကြီးပါတယ်။ မကောင်းမှုဆိုတာ ကိုယ်တစ်ယောက်ထဲ ခံရရင်တော့ အကြောင်းမဟုတ်ပါဘူး.. ကိုယ်နဲ့ပါတ်သက်တဲ့ပတ်ဝန်းကျင် အသိုင်းဝိုင်းကပါ ကိုယ့်ရဲ့ဂယက်ရိုက်မှုတွေကို မုချမသွေခံသွားကြရမယ်ဆိုတာတော့ နှလုံးသွင်းဆင်ခြင်ဖို့လိုပါတယ်။ အမျိုးအဆွေထဲမှာ တစ်ယောက်ယောက်ကများ မကောင်းတာလုပ်လို့ ကြီးပွားနေတယ်ဆိုရင်တောင် သူတို့မျိုးရိုးက အဲ့လိုမျိုးရိုးက ဆင်းသက်လာတာဆိုတာမျိုးနဲ့ မျိုးရိုးနဲ့ချီပြီး ပြောတတ်ကြပါတယ်။ 
 
ကိုယ့်မျိုးရိုးမကောင်းတာ ကိုယ်နဲ့ဘာမှမဆိုင်ပေမယ့် လောကကြီးရဲ့ ဂယက်ရိုက်မှု သဘာဝတရားကြီးရဲ့ ဒဏ်ခတ်မှုတွေကတော့ မုချမသွေခံနေရတာပါပဲ။ ဒါ့ကြောင့် မကောင်းမှုဆိုတာ ကိုယ်တစ်ယောက်ထဲခံရတာမဟုတ်တဲ့အတွက်.. ကိုယ်သေသွားရင်တောင် ကိုယ့်မျိုးဆက်မှာ ကိုယ့်ရဲ့အမဲစက် ကိုယ့်ရဲ့မကောင်းတဲ့နာမည် မကောင်းတဲ့စရိုက်တွေမကျန်မိအောင် မကောင်းမှုတွေ မလုပ်ဖို့လိုပါတယ်။ 
 
ဘာလို့လဲဆိုတော့.. မကောင်းမှုအမဲစက်တစ်ခုစွန်းထင်းသွားရင်.. ကိုယ်တင်မဟုတ်ဘူး.. ကိုယ်သားသမီးမျိုးဆက်အထိပါ လောကကြီးကို ကြောက်နေရလို့ပါပဲ..။

ခရေပန်းလိုလူတွေများပါစေ အပိုင်း(၂)အား ဆက်လက်ရေးသားပေးပါမည်။

ဓမ္မမိတ်ဆွေများ စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ..။