Tuesday, November 6, 2012

ရဟန်းတော်များဟာ လောကကို အလှဆင်သူပါ..

 ရဟန်းတော်များဟာ လောကကို အလှဆင်သူပါ..
 
စာရေးသူ ငယ်ငယ် ခုနစ်တန်းကျောင်းသား ဘဝတုန်းက   လောကီတန်းကျောင်း  
ဆက်မတက်တော့ပဲ  ဘုန်းကြီးစာ သင်တော့မယ်လို့ ပြောတော့ အချစ်ဆုံး သူငယ်ချင်းက မေးပါတယ်။ “ သူငယ်ချင်း.. မင်း လူညွှန့်တုန်းတဲ့  ဘုန်းကြီးဘဝကို ရွေးချယ် လိုက်တော့မလို့မလား” တဲ့။  တကယ်တော့ အဲဒီအချိန်က စာရေးသူကော အချစ်ဆုံးသူငယ်ချင်းပါ ရဟန်းဘဝရဲ့ မြင့်မြတ်ပုံ လောကအကျိုး
 ဆောင်ရွက်နိုင်ပုံကို မသိခဲ့တာအမှန်ပါ။ အဲဒီပြောခဲ့တဲ့ အချစ်ဆုံးသူငယ်ချင်းကိုလဲ   ခုချိန်အထိ အပြစ်မမြင်လိုပါဘူး။

လူငယ်တို့သဘာဝ ချစ်ကြမယ် ကြိုက်ကြမယ်၊ အိမ်ရာတည်ထောင်မယ် ဒါကိုပဲ ပြည့်စုံတဲ့ဘဝလို့ ထင်မှန်ကြတာကို။တော်တော်လေး အရွယ်ရလာတော့လည်း တချို့ဒကာ၊ဒကာမတွေက မေးပါတယ်။

“ ဦးဇင်း ဘာရည်ရွယ်ချက်နဲ့ ဘုန်းကြီးဝတ်တာလဲ”တဲ့။  စာရေးသူကတော့ သဘောရိုးမှန် .. “ ကလေးဘဝ ကိုရင်ဝတ်စ ကတော့ ဘာရည်ရွယ်ချက်မှ မရှိဘူး။ မိဘတွေက တိုက်တွန်းလို့၊ ဆရာသမားတွေကို   ကြောက်ရလို့ သာသနာ့ဘောင်မှာ နေရင်းနဲ့  ဦးဇင်းဖြစ်လာပဲလို့ ဖြေတော့ “ ရည်ရွယ်ချက်မဲ့ ဘုန်းကြီးဖြစ်တာပေါ့” တဲ့ ။
 ပြောမယ်ဆိုလည်း ပြောစရာပါ..။ လူတိုင်းမှာ ရည်ရွယ်ချက်မဲ့တဲ့ ဘဝကိုရောက်ပြီးမှ ရည်ရွယ်ချက်တစ်ခုကို ဦးတည်းပြီး ဘဝတည်ဆောင်ရသလို၊ ရည်ရွယ်ချက်တွေ ကြီးကြီးမားမားထားပြီး ရည်ရွယ်ချက်မဲသွားတဲ့ ဘဝကိုလည်း ကြုံဖူးကြမှာပါ။

မည်သို့ဆိုစေ  လူလောကကို အလှဆင်ပေးကြတဲ့ ရဟန်းတော်များဟာ မြတ်စွာဘုရာလက်ထက်မှစလို့ ယနေခေတ်တိုင်းအောင် မရေတွက်လောက်အောင်များပြားပါတယ်။  ယခုမျက်မှောက်ခေတ်မှာဆို မင်းကွန်းတိပိဋကဆရာတော်တို့၊စစ်ကိုင်းသီတဂူဆရာတော်တို့ရဲ့ လောကအကျိုးဆောင်ရွက်မှုဟာ ကြောက်ခမှန်းလိလိပါပဲ။

ဒီလိုပါပဲ… မြတ်စွာဘုရားလက်ထက်က ရာဇဂြိုလ်ပြည်မှာ စဏ္ဍာလီအမည်ရှိတဲ့ သူတောင်းစား အဖွားအိုကြီး တစ်ယောက်ရှိခဲ့ဘူးပါတယ်။  ဒီအဖွားအိုကြီးဟာ အမျိုးကလည်းညံ့၊ အကြားအမြင်ကလည်းနည်း၊ တစ်နေ့ တောင်းမှ တစ်နေ့ စားရတဲ့သူဖြစ်လို့ ဘာအလှူအတန်းမှ မပေးနိုင်ခဲ့ပါဘူး။ ဘုရားမှန်း၊  တရားမှန်တောင် သိပုံ မပေါ်ပါဘူး။

တစ်နေ့တော့  မြတ်စွားဘုရား လောကကို ဥာဏ်ဖြင့် ကြည့်တော်မူတဲ့အခါ ဒီသူတောင်းစားမကြီး  သေခါနီး ကုသိုလ်ကောင်းမှု တစ်ခုခုမှ မရှိခဲ့ရင် ငရဲကျမယ်ဆိုတာ မြင်တော်မူပါတယ်။

ဒါနဲ့ မြတ်စွားဘုရားက ဒီသူတော်စားမကြီးကို ချီးမြှောက်လိုလို့ ရာဇဂြိုလ်မြို့သို့  ရဟန်းတော်များနဲ့အတူ ဆွးမ်ခံ ဝင်တော်မူပါတယ်။ လမ်းမပေါ်မှာ ဒီသူတောင်းစားမကြီးနဲ့ မြတ်စွာဘုရား ရင်ဆိုင်တိုးမိပါတယ်။   မြတ်စွာဘုရားက ရပ်တော်မူတဲ့အခါ  ဒီသူတောင်းစားမကြီးကလဲ ဘုရားရှေ့မှာရပ်တော်မူပါတယ်။ သူဟာ မြတ်စွာဘုရားမှန် မသိလို့ ကြည်ညိုကန်တော့ရမှန်းလည်း မသိပါဘူး။

အဲဒီအခါမှာ အရှင်မဟာမေဂ္ဂလာန်က “ အဖွား အခုအဖွားရဲ့ရှေုတည့်တည့်မှာ ရပ်နေတော်မူတဲ့ အရှင်မြတ်ဟာ လူ၊နတ်၊ ဗြဟ္မာ၊ သတ္တဝါတို့ရဲ့ ရှိခိုး ပူဇော်ခံထိုက်တဲ့ မြတ်စွားဘုရားဖြစ်တယ်။ အဖွားကို ချီးမြောက်ဖို့ ကြွလာတာ ဖြစ်တယ်။ အဖွားဟာလည်း မကြာခင်သေဆုံးရတော့မယ် ကုသိုလ်ရအောင်   မြတ်စွားဘုရားရဲ့ ခြေတော်အစုံ ကြာပဒုံကို  မြန်မြန်ရှိခိုး ဦးတိုက်လိုက်ပါ” လို့ သတိပေးစကား ပြောကြားလိုက်ပါတယ်။

ဒါကတော့ ရဟန်းတော်များရဲ့ အယုတ်ဆိုး အကြီးတန်နေတဲ့ လောကကြီးကို အလှဆင်ပေးလိုက်တာပါပဲ။  သူတောင်းစားမကြီးလည်း အရှင်မဟာ မောဂ္ဂလာန်ရဲ့ သတိပေးစကားကြောင့် ဘုရားမှန်သိရလို့ တုန်တုန်ရီရီနဲ့ ထိုင်းပြီး ရိုရိုသေသေ ရှိခိုးလိုက်ပါတယ်။ မကြာခင် သေရတော့မယ်ဆိုတဲ့ စကားကို ကြားရလို့ ကြောက်လန့်မှု လည်း ပါခြင်းပါမှာပေါ့လေ။

သူတောင်းစားမကြီး ရှိခိုးဦးခိုက်ပြီးမှ မြတ်စွာဘုရားက ရှေ့ဆက်ကြွပါတယ်။ အဖွားကြီးဟာ   မြတ်စွာဘုရားကို ကြည်ညိုရင်းနဲ့ လက်အုပ်ချီနေစဉ် လန့်ပြေးလာတဲ့ နွားသားအုပ် တစ်ကောင်ရဲ့ ဝင်ဝှေ့တာခံရပြီး အသက်ဆုံးရှုံး သွားရှာပါတယ်။

အဖွားကြီးဟာ သေပြီးချက်ချင်း တာဝတိံသာ နတ်ပြည်မှာ စဏ္ဍာလီ အမည်နဲ့ပဲ ဗိမာန်ရှင် နတ်သမီး တစ်ပါးဖြစ်ပါတယ်။ အခြွေအရံတွေကလည်း တစ်သိန်းရှိတယ်။ ဒီနတ်သမီးတွေထက် ကိုယ်ရောင် ကိုယ်ဝါက စပြီး အစစအရာရာ သူကသာလွန်တယ်။

စဏ္ဍာလီနတ်သမီးဟာ သူရဲ့နတ်စည်းစိမ်တွေ အကြောင်းစဉ်းစား ကြည့်တဲ့အခါ အရှင်မဟာမောဂ္ဂလာန်ရဲ့    ကျေးဇူးကြောင့်ဆိုတာ သိလာပါတယ်။

စဏ္ဍာလီနတ်းသမီးဟာ နတ်ဗိမာန်နှင့်အတူ အခြံအရံ နတ်သမီးတွေနဲ့ လူပြည်ကို ဆင်းလာပြီး အရှင်မဟာ မောဂ္ဂလာန်ကို ရိုသေစွား ရှိခိုးဦးခိုက်တယ်။ သူရဲ့ နတ်စည်းစိမ်းရရှိရတဲ့ အကြောင်းကိုလည်း ပြန်ပြောင်း လျှောက်ထားတယ်။

တကယ်တော့ ဒီနတ်သမီးဟာ လူဘဝတုန်းက ဘာကုသိုလ်မှ မယ်မယ်ရရ မလုပ်ခဲရပါဘူး။ သေခါနီးမှ  အရှင်မဟာမေဂ္ဂလာန်ရဲ့ ကျေးဇူးကြောင့်  မြတ်စွားဘုရားကို ကြည်ညို ဖူမျှော်ခွင့်ရပြီး ကြီးကျယ်ခမ်းနားတဲ့ နတ်စည်းစိမ်တွေကို ရရှိသွားခြင်းဖြစ်ပါတယ်။

ခုတော့ အိမ်ထောင်ကျသွားပြီးဖြစ်တဲ့ လူဘဝကို ခက်ခက်ခဲခဲ ရုန်းကန်နေရတဲ့ သူငယ်ချင်းကို ။"ရဟန်းဘဝဆိုတာ လူတစ်ယောက်၊ နှစ်ယောက်ကို အလှဆင်းသူ မဟုတ်ပဲ တစ်လောကလုံးကို အလှဆင်းသူပါ၊ ရဟန်းတော်များရဲ့ လောကကို အလှဆင်းမှုဟာ တစ်ဘဝအတွက်သာ မဟုတ်ပဲ တစ်သံရာအတွက်ပါ" ဆိုတဲ့ အကြောင်းပြောလိုက်ချင်စမ်းပါဘိ။