Saturday, November 17, 2012

နှလုံးသားအာဟာရ



  နှလုံးသားအာဟာရ
“ပူဇော်သင့်ပူဇော်ထိုက်တဲ့သူကိုပူဇော်ခြင်း”
“ပူဇာ စ ပူဇနေယျာနံ၊ဧတံ မင်္ဂလ မုတ္တမံ” ကောင်းလိုက်တာနော်။ ပူဇော်သင့်ပူဇော်ထိုက်တဲ့သူကို ပူဇော်ခြင်းသည် အောင်မြင်ကြောင်း၊ ကြီးပွားကြောင်း၊ ပြည့်စုံကြောင်း ဖြစ်သည်။ အဲဒီတော့ ပူဇော်သင့် ပူဇော်ထိုက်တဲ့သူဆိုတာ ဘယ်ပုဂ္ဂိုလ်ကို ခေါ်သလဲ။ ဘုရား၊တရား၊သံဃာ ရတနာမြတ်(၃)ပါးဆိုတာကတော့ ပူဇော်သင့်ပူဇော်ထိုက်တဲ့သူ

“ပူဇာ စ ပူဇနေယျာနံ၊ဧတံ မင်္ဂလ မုတ္တမံ” ဆိုတဲ့အပိုဒ်လေးကို ဖတ်ပြီး

တော့ ဘုန်းကြီးအများကြီးစဉ်းစားတယ်။ ရှု့ထောင့်အမျိုးမျိုးကနေ စဉ်းစားတယ်။ ပါဠိတော်ထဲမှာပါတဲ့ တစ်ချို့အချက်တွေကို ဖတ်ရတဲ့အခါမှာ ဘုရားနဲ့ ပတ်သက်ပြီးတော့ တစ်ခုသွားသိရတယ်။ အဲဒါဘာလဲဆိုတော့…

*** မြတ်စွာဘုရား သဗ္ဗေညုတဥာဏ်တော် ရပြီးပြီးချင်းပဲ ဘုရားဥာဏ်တော်နဲ့ လောကကြီးကို ကြည့်ပြီးတော့ ငါဟာဘယ်လိုပုဂ္ဂိုလ်ကို အရေးတယူ အလေးဂရုပြုပြီးတော့ နေရရင်ကောင်းမလဲလို့ ဆင်ခြင်တယ်တဲ့။***

အဲဒါကိုဘုန်းကြီး အင်မတန်အဘောကျပြီး တော်တော်လည်း အံ့သြသွားတယ်။ ဘယ်လိုပုဂ္ဂိုလ်ကို အရေးတယူအလေး ဂရုပြုပြီးတော့ နေရရင်ကောင်းမလဲ။ မြတ်စွာဘုရား ဆင်ခြင်တာနော်။ ဘုရားဖြစ်တဲ့ သဗ္ဗေညုတဥာဏ်တော်ကို ရပြီးတဲ့အချိန်မှာတောင်မှ အလေးထားရမယ့်ပုဂ္ဂိုလ် ရှိမယ်ဆိုရင် အရေးတယူပြုပြီးတော့ နေချင်သေးတဲ့ စိတ်ဆန္ဒ ရှိသေးတယ်။

အဲဒါကြည့်လိုက်တော့ (ဘုန်းကြီးနားလည်သလို ခံစားရသလို ပြောမယ်ဆိုရင်) ဘုရားမှာ ငါ့ထက်သာတဲ့သူ ရှိများရှိသလားလို့ အသိဥာဏ်နဲ့ရှာသေးတယ်။ ရှိတယ်ဆိုရင် အဲဒီပုဂ္ဂိုလ်ကို လေးလေးစားစား နေရာမှာ ထားပြီးတော့ အရေးတယူပြုထိုက်တဲ့နေရာမှာ ထားပြီးတော့ နေချင်သေးတယ်ဆိုတဲ့သဘောနော်

ဒါပေမယ့် မတွေ့ရဘူးတဲ့။ မတွေ့ရတော့ ဘုရားက ဘယ်လိုပြန်ဆင်ခြင်သလဲ ဆိုတော့ အရေးတယူပြုရမယ့်ပုဂ္ဂိုလ် မရှိတော့တဲ့အတွက်ကြောင့် တရားကိုပဲ အရေးတယူ အလေးဂရုပြုပြီးတော့ နေတော့မယ်တဲ့။ ဘုရားဖြစ်ပြီးတဲ့ နောက်မှာတောင်မှ တရားကို အရေးတယူပြုပြီးတော့ နေသေးတယ်နော်။

ဒါ တော်တော်အံ့သြစရာကောင်းတယ်။ တော်ရုံတန်ရုံ နားလည်ဖို့တောင် မလွယ်ဘူးထင်တယ်။ ဘုန်းကြီးတောင်မှ ဖတ်ကာစ အဲဒါကို နားမလည်ဘူး။ အဲဒါ ဘယ်လိုစိတ်မျိုးလဲ။ ဒါပေမယ့် တဖြည်းဖြည်း ဒီအကြောင်းအရာကို စိတ်ထဲမှာစွဲနေပြီးတော့ ခဏခဏ သတိရတယ်။


***လူဆိုတာ လောကမှာ ကိုယ့်ထက် သီလ၊ သမာဓိ၊ ပညာ မြင့်တဲ့ပုဂ္ဂိုလ်၊ အင်မတန် မြင့်မားတဲ့ပုဂ္ဂိုလ်ကို အရေးတယူပြုပြီး နေဖို့ရာ လိုအပ်ပါတယ်။***

ကိုယ်ဘယ်လောက်သိသိ၊ ဘယ်လောက်တတ်တတ် ကိုယ့်ထက်ပိုပြီးတော့ သိတဲ့သူ တတ်တဲ့သူ ရှိသေးတာပါပဲ။ ရှိမှာပဲ။ မရှိသေးရင် မတွေ့သေးရင် တွေ့အောင် လိုက်ရှာဖို့လိုပါတယ်။ အဲဒီလိုပုဂ္ဂိုလ်ကို လေးလေးစားစားနေရာမှာ ထားပြီးတော့ အရေးတယူ ပြုပြီးတော့ နေရမှာပဲနော်။ အဲဒီလို အရေးတယူပြုတယ် ဂုဏ်ပြုတယ်ဆိုတာကိုက အမှန့်တော့ ပုဇော်တယ် ဆိုတဲ့အဘောပါပဲ။

ဆရာတော်ဦးဇောတိက 
(“မင်္ဂလာတရားတော်” စာအုပ်မှဖြစ်ပါတယ်)