Monday, November 12, 2012

စမိခဲ့တဲ့ ဇာတ်လမ်း..


  စမိခဲ့တဲ့ ဇာတ်လမ်း..

ဒီအကြောင်းလေးကတော့ ဘုရားရှင်ကို အမျိုးမျိုးလိုက်လံနှောက်ယှက် ဖျက်ဆီးနေတဲ့ ဒေ၀ဒတ္တရဲ့ အကြောင်းလေးပါ။ လူအများ သိသိနေတာက ဒေ၀ဒတ်လို့ သိကြတာပါ.. တကယ်တော့ သူ့နာမည် အရင်းက ဒေ၀ဒတ္တပါ။ ဘုရားရှင်လို သတ္တ၀ါအားလုံးအပေါ်မှာ သားတော်ရာဟုလာအလား မေတ္တာထားတဲ့ အနန္တမေတ္တာရှင်ကိုတောင် ဒေ၀ဒတ္တဟာ ပြစ်မှားကြံစီလုပ်ကြံခဲ့မိတာပါ။ 

ဘုရားရှင်လို ကြည်ညိုဖွယ်ရာအဆင်း၊ နှစ်သက်ကြားနာလိုဖွယ်ရာ ဂရုဏာအသံတော်နဲ့ တုနှိုင်းမရှိ ဂုဏ်တော်အပေါင်းနဲ့ ပြည့်စုံနေတဲ့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးကို သူ့မျက်စိထဲမှာ ရန်သူလို သဘောထားမိတဲ့အထိပါပဲ။ ဒါတွေဟာဘာလို့လည်း.. ဘာ့ကြောင့်ဖြစ်ခဲ့ရတာလဲ.. ဘယ်လို အကြောင်းကြောင့်လည်း ဆိုတာလေး ပြန်လည်တွေးကြည့်မိပါတယ်။ ဘုရားရှင်ကို ရန်သူတစ်ယောက်လို သတ်မှတ်တဲ့အထိဖြစ်ရအောင် ဘယ်အရာက ဇာတ်လမ်းစခဲ့တာလဲ..။

အဓိကတရားခံကတော့ ၀ိသမလောဘကစခဲ့တာပါ။ လောဘဆိုတာ လိုချင်တက်မက်တဲ့ သဘောတရားပါ။ အရာဝတ္ထုတစ်ခုခုအပေါ်မှာ လိုချင်တက်မက်လိုတဲ့ စိတ်ဟာ လောဘစိတ်ပါပဲ။ လောဘမှာမှ သမလောဘနဲ့ ၀ိသမလောဘဆိုပြီးတော့ နှစ်မျိုးရှိပါတယ်။ သမလောဘဆိုတာကတော့ မျှမျှတတ တရားသဖြင့် ရယူလိုတဲ့ လောဘစိတ်ပါ။ ၀ိသမလောဘဆိုတာကတော့ မလိုမတရားအတင်းအဓမ္မ မတရားသဖြင့် ရယူလိုတဲ့ လောဘစိတ်ပါ။ 

ဒီအကြောင်းထဲမှာ ဒေ၀ဒတ္တစတင်ခဲ့တဲ့ ဇာတ်လမ်းလေးရဲ့တရားခံဖြစ်တဲ့ ၀ိသမလောဘ အကြောင်းလေးကို ဖော်ပြပေးလိုတာပါ။ ခုခေတ်လူတွေ အများဆုံးဖြစ်နေတဲ့ စိတ်တွေ လို့ ပြောမယ်ဆိုလည်း မမှားနိုင်ပါဘူး။ သူများမိုးခါးရေသောက်ရင် လိုက်သောက်မယ်.. သူများ မတရားတာ လုပ်ရင် လိုက်လုပ်မယ်ဆိုတဲ့သူတွေအတွက်တော့ ဒေ၀ဒတ္တစခဲ့တဲ့ ဒီဇတ်လမ်းလေးဟာ မသိမဖြစ် လိုအပ်ပါတယ်။ ဒီဇာတ်လမ်းလေးအကြောင်းကို ပြန်လည်မိတ်ဆက်ပေးလိုပါတယ်။

ကျွန်တော်တို့တွေ ငယ်စဉ်ကသင်ခဲ့ရတဲ့ ရွဲကုန်သည်နှစ်ဦးအကြောင်းကို အားလုံးသိမယ်ထင်ပါတယ်။ ရွဲကုန်သည်နှစ်ဦးရှိတဲ့အထဲမှာ ပထမရွဲကုန်သည်ဟာ လောဘတအားကြီးတဲ့အတွက် သူရသင့်တဲ့ ရွှေခွက်နဲ့ လွဲခဲ့ရပြီး.. နောက်ရွဲကုန်သည်တစ်ဦးကတော့.. သင့်တင့်မျှတ တဲ့လောဘ ထားခါ ရွှေခွက်ရဲ့တန်ရာတန်ကြေးကို အမှန်အတိုင်းပြောပြပြီး လဲလှယ်ခဲ့တဲ့အတွက် ရွှေခွက်ကို ပိုင်ဆိုင် ရရှိသွားခဲ့တဲ့ အကြောင်းအရာလေးပါ။ နောက်ဆုံးတော့ ပထမရွဲကုန်သည်ဟာ သူရသင့်တဲ့ 
ရွှေခွက်နဲ့ 
လွဲရတဲ့အတွက် သွေးအန်ပြီး ဇတ်သိမ်းမကောင်းခဲ့တဲ့ ဖြစ်ရပ်လေးနဲ့ အဆုံးသတ်သွားပါတယ်။ ဒီအကြောင်းအရာလေးထဲက ရွဲကုန်သည်နှစ်ဦးကတော့ ပထမရွဲကုန်သည်ဟာ ဒေ၀ဒတ္တဖြစ်ပြီး ဒုတိယရွဲကုန်သည်ကတော့ ဘုရားအလောင်းပဲဖြစ်ပါတယ်။    

တကယ်တော့ အဲ့ဒီ့ဘ၀မှာဆုံတွေ့ခဲ့တဲ့ သူတို့နှစ်ဦးဟာ ဘယ်သူကဘုရားလောင်း ဘယ်သူကဒေ၀ဒတ္တလဲဆိုတာ ဘယ်သူမှ မသိခဲ့ကြပါဘူး။ ဒေ၀ဒတ္တဟာ အဲ့ဘ၀မှာ ဘုရားလောင်းနဲ့ မတွေ့ခဲ့ဘူး.. ၀ိသမလောဘထားမိတဲ့ဇတ်လမ်း မစမိဘူးဆိုရင် သူ့အနေနဲ့ ဘုရားရှင် လက်ထက်မှာ မြေမြိုလောက်တဲ့ အကုသိုလ်ကံ လုပ်မိတဲ့အထိ ဘုရားရှင်ကို ပြစ်မှားမိမှာ မဟုတ်ပါဘူး။ ဒေ၀ဒတ္တဟာ တကယ်တော့ ပစ္စေကဗုဒ္ဓအလောင်းလျာပါပဲ..။ 

သူတို့နှစ်ဦးတွေ့ခဲ့တဲ့အချိန်မှာ ဘုရားလောင်းက ဘုရားဖြစ်ဖို့ ပါရမီတွေ ဖြည့်ဆီးနေ သလို.. ဒေ၀ဒတ္တဟာလည်း ပစ္စေကဗုဒ္ဓဖြစ်ဖို့ ပါရမီတွေ ဖြည့်ဆည်းနေတဲ့အချိန်ပါ။ ဒါပေမယ့် ၀ိသမလောဘနဲ့စခဲ့မိတဲ့ ဇတ်လမ်းရယ်.. ဘုရားရှင်ကို ဖြစ်လေရာဘ၀တိုင်းမှာ လိုက်လံ ဖျက်ဆီး ရပါလို၏ဆိုတဲ့ ထက်သက်တဲ့ အကုသိုလ်ကံတွေကြောင့်.. ဘုရားရှင်ကို ဖြစ်လေရာဘ၀တိုင်းမှာ လိုက်လံဖျက်စီးလိုတဲ့စိတ်တွေ အမြဲဖြစ်နေတော့တာပါ။ ဘုရားလောင်းနဲ့တွေ့ဆုံခဲ့ရတဲ့ ဘ၀တိုင်းမှာ သူဟာရန်သူအမြဲဖြစ်နေတာပါ။ ဘုရားလောင်း ဘယ်လောက်ကောင်းတာတွေလုပ်လုပ် သူ့အတွက်တော့ ရန်သူတစ်ယောက်လို မြင်နေတာပါ။ သူစမိတဲ့ဇာတ်လမ်း.. ကြောက်မက်ဖွယ်ကောင်းပါဘိ။

တကယ်တော့ ဒေ၀ဒတ္တဟာ ရွှေခွက်ကိုသူအရင်ရပိုင်ခွင့် ရှိခဲ့တာပါ။ ဆင်းရဲသားသားအမိဟာ သူနဲ့အရင်ဆုံတွေ့ပြီး သူ့ကိုအရင်ရောင်းချခဲ့တာပါ။ ဒါပေမယ့်.. ခင်များတို့ရွှေခွက်ကအတုကြီး ဘယ်လောက်မှ မတန်ဘူး အမှိုက်တောင်ရှုပ်တယ်လို့ ပြောပြီး နွှင့်ပြစ်ခဲ့တဲ့အထိပါ။ သူတစ်ပါးဥစ္စာပစ္စည်းကို မတရားသိမ်းပိုက်ချင်တဲ့ ၀ိသမလောဘဓါတ်အားကြီးတဲ့အတွက် မုသားပါသုံးပြီး လိမ်ညာလှည့်ဖြားခဲ့တဲ့ အထိပါပဲ။ 

ဘုရားလောင်းနဲ့တွေ့တဲ့အခါကျတော့.. အဒေါ်တို့ ရွှေခွက်က ဘယ်လောက်အထိတန်တယ်.. ကျွန်တော့်မှာ ပါတာတော့ ရွဲအနည်းငယ်နဲ့ ငွေကြေးအနည်းငယ်ပဲပါတယ်.. အဒေါ်တို့ လဲလှယ်လိုရဲ့လားလို့ အမှန်ကိုအမှန်အတိုင်း ပြောပြီး လဲလှယ်ဝယ်ယူခဲ့တာပါ။ အဲ့အချိန်တုန်းက ဘုရားလောင်းလည်း ပုထုဇဉ်ဖြစ်တဲ့အတွက် လောဘတော့ရှိမှာပါပဲ။ ဒါပေမယ့် သူရှိခဲ့တာ သမလောဘပါ။ မျှမျှတတနဲ့ ရောင်းသူဝယ်သူ နှစ်ဦးနှစ်ဖက် အမှန်တရားအတိုင်းသိရှိပြီး ၀ယ်ယူလဲလှယ်ခဲ့တဲ့ သမလောဘဓါတ်ပါ။ ဘုရားလောင်းထားရှိခဲ့တဲ့ သမလောဘဓါတ်နဲ့ ဒေ၀ဒတ္တထားရှိခဲ့တဲ့ ၀ိသမလောဘဓါတ်ဟာ ကွာခြားလှပါတယ်နော်။

ဒီအကြောင်းလေးတွေးမိတော့ ၀ိသမလောဘဓါတ်တွေ များနေတဲ့လူတွေကို မြင်ယောင်မိပါတယ်။ သူများကို လိမ်ရပတ်ရမှ ကျေနပ်အားရနေတဲ့သူတွေ.. သူများမသိအောင် လူလည်ကျပြီးလုပ်လိုက်ရင် ကိုယ့်ကိုကိုယ် ဟုတ်လှပြီလို့ ထင်နေတဲ့သူတွေ.. ငါလိမ်ပြီး မတရားလုပ်လိုက်တာ သူတို့တွေ မသိပါလားကွာ ဆိုပြီး ကြိတ်ဟားနေတဲ့သူတွေအတွက်တော့ ဒီဖြစ်စဉ်လေးဟာ အင်မတန် မှတ်သားသင့်တဲ့ အရာပါ။ တကယ်တော့ ပုထုဇဉ်မှန်ရင် လောကီလူ့ဘောင်မှာ စီးပွားရေးကို ရှာဖွေလုပ်ကိုင် စားသောက်နေရတဲ့အတွက် လောဘနဲ့ မကင်းနိုင်သေးပါဘူး။ 

အရိယာသောတာပန်ဖြစ်တဲ့အထိတောင် လောဘ၊ ဒေါသ၊ မောဟဟာ အမြစ်ပြတ် မပယ်သတ်သေးပါဘူး။ အနည်းငယ်တော့ ကျန်ရှိနေဦးမှာပါ။ လောဘကျန်ရှိနေပေမယ့်.. ကိုယ့်မှာရှိမဲ့လောဘဟာ သမလောဘ ပဲဖြစ်သင့်ပါတယ်။ မဂ္ဂင်ရှစ်ပါးမှာ သမ္မာအာဇီဝ မဂ္ဂင်ဖြစ်တဲ့ ဖြူစင်သန့်ရှင်း ကောင်းမြတ်မှန်ကန်သော အသက်မွေးမှုရှိခြင်းဆိုတာ ပါရှိပါတယ်။ ဒီအချက်ဟာ လောကီလူ့ဘောင်မှာနေတဲ့ ပုထုဇဉ်တွေ တရားသဖြင့် အသက်မွေးဝမ်းကြောင်း လုပ်ကိုင်ဆောင်ရွက်ဖို့ ဘုရားရှင် ကိုယ်တော်မြတ်ကြီးက ဆုံးမသြ၀ါဒ ပေးခဲ့တာပါ။

ဒီအကြောင်းအရာလေးဟာ ယခုခေတ်မှာ စီးပွားရေးကို အပြိုင်အဆိုင် လုပ်ကိုင်နေကြတဲ့သူတွေ သတိထား လိုက်နာကျင့်ကြံသင့်တဲ့ အကြောင်းအရာလေးပါပဲ။ ဘယ်စီးပွားရေးပဲလုပ်လုပ်ပေါ့.. ကိုယ်လုပ်လိုက်တဲ့ အလုပ်.. ကိုယ်ပြောလိုက်တဲ့အပြော.. ကိုယ်ကြံစီလိုက်တဲ့ အကြံစီတွေဟာ မိမိသူတစ်ပါး အကျိုးရှိပြီး တရားမျှတမှုရှိဖို့ဟာ အရေးကြီးပါတယ်။ ဒီလိုမှမဟုတ်ရင် ၀ိသမလောဘကပေးတဲ့ ဆိုးကျိုးဟာ မိမိကိုယ်တိုင်ပဲ ပြန်လည်ခံစားရမယ်ဆိုတာ မလွဲပါဘူး။ မတရားမှုနဲ့ရရှိလာတဲ့ ပစ္စည်းဟာလည်း ရေ၊ မီး၊ မင်း၊ ခိုးသူ၊ အမွေခံသားဆိုးသမီးဆိုးတွေကြောင့် ပြန်လည်ပျက်စီးရမှာပါပဲ။ ဒီဘ၀ မပျက်ဆီးရင်တောင် နောက်ဖြစ်လာမယ့်ဘ၀တွေမှာ ၀ိသမလောဘဓါတ်ထားရှိခဲ့တဲ့အတွက်ကြောင့် ချမ်းသာမရှိ ဆင်းရဲအတိနဲ့ ဘ၀ဆက်တိုင်း ခံစားကြရမှာပါ။ 

ဒါ့ကြောင့်.. ဒေ၀ဒတ္တစခဲ့တဲ့ဇာတ်လမ်းလေးကို အမြဲသတိရပြီးတော့.. ဘယ်အလုပ်ပဲလုပ်လုပ်.. ၀ိသမလောဘဓါတ်တွေ နည်းနိုင်သမျှနည်းအောင် ကြိုးစားလုပ်ကိုင်ပြီး.. မိမိလုပ်လိုက်တဲ့ အလုပ်ဟာ မိမိသူတစ်ပါးအတွက် တရားမျှတမှုရှိရဲ့လား.. အပြစ်ကင်းရဲ့လား ဖြူစင်သန့်ရှင်း
ကောင်းမြတ်မှန်ကန်သော အသက်မွေးမှုရှိရဲ့လား ဆိုတာလေး အမြဲစဉ်းစား ချင့်ချိန်ပြီး 
လုပ်ကိုင်ဆောင်ရွက်နိုင်ကြပါစေလို့ ပြောကြားလိုပါတယ်။
 ဒေ၀ဒတ္တလိုတော့ ၀ိသမလောဘဇာတ်လမ်း မစမိပါစေနဲ့လို့…။