Friday, November 9, 2012

အယူမမျှပေမယ့် အရချင်းညီခဲ့သူ

 အယူမမျှပေမယ့် အရချင်းညီခဲ့သူ
(၁)
“ကာယကံစင်ကြယ်သူ၊ ဝစီကံစင်ကြယ်သူ၊ မနောကံစင်ကြယ်သူကို သူတော်စင် သူတော်ကောင်းဟု ခေါ်သည် “ မင်နီဖြင့် အောက်လိုင်းတား ထားသော ထိုစာပိုဒ်လေးသည် မနေ့ကကြည့်ခဲ့သော လယ်တီဆရာ  တော်ဘုရား၏ ဗောဓိပက္ခိယဒီပနီမှ ဝါကျလေးတခုပင်။

ကိုယ်ဖတ်နေဆဲ မဟာစည်ဆရာတော်၏ ဝိသုဒ္ဓိမဂ်မြန်မာပြန် တတိယတွဲမှလည်း “ ရာဂ စသည်၏ ကုန်ခြင်းကို နိဗ္ဗာန်ဟုမယူရ၊ ထိုကုန်ခြင်း၏အကြောင်းဖြစ်သော မဂ်၏အာရုံကိုသာ ယူရမည်” စသည်ကဲ့သို့ သိမ်မွေ့နက်နဲသော အပိုဒ်တွေကို “ ကျကြ၊ ဏန” Underline တွေတားထားလိုက်သည်မှာ မင်နီတွေရဲလို့။ ကိုယ် အံ့သြနေရသည်။ ဖတ်ရင်းဖတ်ရင်း အံ့သြမှုက မြင့်တက်လာရသည်။ စာပိုဒ်များ ၏ဆိုလိုရင်း အဓိပ္ပါယ်များကြောင့်သာမဟုတ်။ အရင်းခံအကြောင်းမှာ … ။

(၂)
ကိုယ် အမေရိကကိုရောက်ကတည်းက မကြာခဏ ဆုံရသော ပြဿနာမှာ လေယာဉ် စီးရန်သွားတိုင်း လေဆိပ် စစ်ဆေးရေးဂိတ်ကိုဖြတ်သန်း စဉ် စစ်ဆေးခံရသောဒုက္ခပင်။ ပါလာသော လက်ကိုင်ဖုန်း၊ ကွန်ပျူတာ စသည့် ကိရိယာများနှင့်အတူ စီးထားသောဖိနပ်တို့ကိုပါချွတ်၍ စမ်းသပ်စစ်ဆေးခံရသည်ကိုမဆိုလို။ ဒါတွေက ရှာဖွေစက်အောက်ဝင်သွားပြီး တဖက်ကစောင့်ယူလိုက်ရုံသာ။

လူကိုမူ သီးသန့်ပေါက်ကဝင်စေကာ သတ်မှတ်နေရာမှာရပ်လျှက် တဦးချင်းစစ်ဆေးခံကြရသည်။ ဖားလျား သောဝတ်ရုံကိုဆင်မြန်းထားသည့် ကိုယ်တို့ကိုမူ အထူးမျက်စေ့ကျလေသလားမသိ၊ အချိန်ယူကာ ရှာဖွေကြလေ့ရှိသည်။ ဘယ်လှည့်၊ ညာလှည့်၊ လက်မြှောက်ခိုင်းကာ တကိုယ်လုံး ရှာဖွေတော့သည်။ တချို့ဂိတ်ကသူတွေဆို သင်းပိုင်ခါးပန်းလိတ်ကိုပင် မသင်္ကာ၍ ဖြေပြရသေး။ ဘယ်ကလောက် ကသိကအောက်နိုင်မလဲ စဉ်းစားသာကြည့်။ တချို့ စစ်ဆေးသူအမျိုးသမီးတွေကဆို ဒါဘာလဲဟုဆိုကာ ခဏ ခဏ စမ်းကြည့်ကြသည်။ ကိုယ့်မှာ ဘုရားတ နေရသည်၊ မတော်လို့များ … အဲ … ။

ကိုယ်တို့ကို ဗုဒ္ဓသားတော်ရဟန်းများဟု သိသူကသိပ်မများသေး။ ဒလိုင်း လားမားကြီးနှင့် ရွှေဝါရောင် ကျေးဇူး ကြောင့်သာ တချို့ကသိကြသည်။ သည်အထဲ ကိုယ်တို့ဝတ်ရုံက အရှေ့အလယ်ပိုင်း တိုင်းရင်းသား အချို့ရဲ့ဝတ်စုံနှင့်တူနေသတဲ့။ သွားလေသူ လစ်ဗျားခေါင်းဆောင် ကဒါဖီ၊ ကုလသမဂ္ဂညီလာခံလာတက်စဉ် က ဝတ်လာသောဝတ်စုံကို ပြန်မြင်ယောင်မိသည်။ နီညိုရောင်၊ ဖားဖားလျားလျား။ ကိုယ်တို့ကလည်း အာရှရုပ်၊ ဖားဖားလျားလျားဝတ်ရုံရှင်တွေ။ သည်တော့ သူတို့က တမျိုးတည်းထင်၊ သံသယဝင်လေ မပေါ့။

9/11 ကမ္ဘာ့ကုန်သွယ်ရေးမျှော်စင်ညီနောင် (World Trade Center) ဖြိုဖျက်ခံရပြီးကတည်းက သူတို့နေရာ တိုင်းကို သတိထားကြသည်၊ စစ်ဆေးကြသည်။ “အမိမြေလုံခြုံရေး “ အထူးအစီအမံတဲ့။ “ဘင်လာဒင်”  ကောင်းမှုပေါ့။ ကိုယ်တို့ခမျာ အသွင်တူယုံနှင့် အယူညီသတ်မှတ်ခံ ရခဲ့။

နယူးယောက်၊ အယ်လ်လေ၊ ချီကာဂို၊ ဝါရှင်တန်ဒီစီမြို့များနှင့် အရီဇိုးနား၊ အော်ရီဂွန်၊ ကိုလိုရာဒို၊ အင်ဒီယားနားပြည်နယ်မြို့များမှ ကိုယ်စီးဖူးသည့်လေဆိပ်တိုင်း ထိုဒုက္ခကိုကြုံရသည်။ ကြုံတိုင်း … ဒင်းတို့ကြောင့်ဟုစိတ်ကွက်မိမြဲ။ အများလုံခြုံဖို့ပြုလုပ်ကြတာပဲလေဟု ရှာဖွေသူများကိုနားလည်ပေမယ့်  ထိုပြဿနာ၏အရင်းခံသူများကိုကား ပစ္စည်းတွေ ထုတ်ရ၊ ထည့်ရ၊ ဖြုတ်ရ၊ တတ်ရသည့် အခါတွင်မူ … ဟင်း … ဒင်းတို့ကြောင့် … ဒင်းတို့ကြောင့် …။

တခါများ မှတ်မိသေး။ ကိုယ်တို့ မီဝါးကီးမြို့က မစ်ချယ်လေဆိပ်မှာပေါ့။ ဓမ္မဘေရီတောင်စွန်း ဆရာတော်ကြွလာပြီး အပြန် လေဆိပ်ကို လိုက်ပို့ကြသည်။ ထုံးစံအတိုင်း ဆရာတော်ဝင်ရောက်သွားသည်။ ကိုယ်တို့က မပြန်သေးဘဲ အပြင်ကလှမ်းကြည့်နေကြစဉ် သူများတွေဝင် သွားကြသည့်တိုင် သူမဝင်ရသေး။ အကြိမ်ကြိမ် ရှာဖွေစစ်ဆေးခံနေရတာ လှမ်းတွေ့နေသည်။ 

ဘာများဖြစ်ပါလိမ့်ဟု ကိုယ်တို့မှာ တထိတ်ထိတ်နှင့်၊ နာရီဝက်ခန့် ရှာပြီး ဆရာတော် လေယာဉ်ပေါ်တက်ရာ Gate ထဲဝင်သွားမှ ဟင်းချနိုင်ကြသည်။ ထိုခါမှ စောစောက ဂိတ်ဝန် ထမ်းက ကိုယ်တို့ထံ တကူးတကလာကာ ရှင်းပြသည်။ မစိုးရိမ်ပါနဲ့ … ဘာမျှမဟုတ်ပါဘူး၊ သူတို့ရှာဖွေစဉ် ရှာဖွေကိရိယာက အချက်ပြနေ၍ သေချာရှာရကြောင်း၊ နောက်မှ သူ့ဒူးခေါင်းမှာပတ်ထားသည့် ပတ်တီးမှာ သံပါ၍ဖြစ်ကြောင်း၊ သည်တော့မှ ဆရာတော်ဒူးနာ၍ ပတ်တီးစည်းထားရတာ အမှတ်ရသည်။ တာဝန်အရှာဖွေသည်ကိုပင် တလေးတစား လာရှင်းပြသော ဝန်ထမ်းကိုလည်း တို့ဆီကမောင် တွေနဲ့တော့ ကွာပါပေရဲ့ဟု တွေးလိုက်မိသည်။ အင်း … နိုင်ငံတော်တော်များများဟာ အတူတူပါပဲလေ၊ လူ့သိက္ခာ၊ လူ့တန်ဖိုးထက် အခြားအရာ တွေက ကြေးမြင့်နေကြတာကလား။

အချို့အချို့ဒေသတွေမှာဆို လူတယောက် အထူးသဖြင့် မိန်းမတယောက်ရဲ့တန်ဖိုးဟာ အခြား သက်မဲ့အရာ တွေထက် နှိမ့်ချထားကြသည်။ အချို့သူတွေဆို သူတပါး၏တန်ဖိုးကို အသိအမှတ် ပြုရကောင်းမှန်းမသိငြား၊ မိမိ၏တန်ဖိုးကိုမူ မတန်တဆမြှင့်တင်ထားကြသည်။ ဒါကြောင့်လည်း … ခုလို … ။ မနှစ်မြို့သောအတွေးကို စက်ဆုပ်ရွံရှာသောအမြင်အဖြစ်မရောက်မီ ကိုယ်ရပ်လိုက်နိုင်သည်။ ဒီပုတ်ထဲက ဒီပဲတွေဟူသော ဝါးလုံးရှည်နှင့်မရမ်းချင်။ လက်ညှိုးမကောင်းရုံနှင့် လက်မကို မဖြတ်သင့်တော့ပြီ။ ထိုသို့သော  “ယောနိသော မနသီကာရ “ ၏အကြောင်းမှာ လည်း … 

(၃)
“ဘုန်းဘုန်း တပည့်တော်တို့ စာအုပ်တွေပို့လိုက်မယ်ဘုရား။ လယ်တီဒီပနီပေါင်းချုပ်နဲ့ ဝိသုဒ္ဓိမဂ် ဘာသာပြန် လေးတွဲ “ L.A က ကိုမျိုးနှင့် ပပစန္ဒီတို့မောင်နှံ ဖုန်းဆက်လာတော့ ဝမ်းသာအယ်လဲ “ဟန်ကျတာပဲ … ဝိသုဒ္ဓိ (၇) ပါး လင်္ကာလေးရေးနေတာ ပြန်ကြည့် ချင်တာနဲ့အတော်ပဲ ကိုမျိုးတို့ရေ … “
ကိုယ့်စကားတုံ့ဆုံးလျှင်ပဲ “ ဒီစာအုပ်တွေပိုင်ရှင်က ဖတ်မည့်သူ လက်ထဲရောက်အောင် ပို့ပေးဖို့ သေသေချာချာ မှာထားတာဘုန်းဘုန်းရဲ့“ ဟုတ်မှာပေါ့၊ သူအမြတ်တနိုး ထားသည့်အရာဆိုတော့ … တွေးဆဲ၊ “ ဒီစာအုပ်တွေပိုင်ရှင်က … ဆရာဝန်ကြီးလေ၊ ပပတို့အဖေရဲ့သူငယ်ချင်း၊ သူက အစ္စလမ်ဘာသာဝင် ဘုန်းဘုန်းရဲ့၊ သူလေဖြတ်ခံရရှာတော့ နောက်လူတွေက တန်ဖိုးမထားမှာစိုးလို့တဲ့” ကိုယ်ပါးစပ် အဟောင်းသားဖြစ်သွားသည်။ ကိုယ့်နှယ်မအံ့သြဘယ်သူနေလိမ့်မယ်။

သာမန်ဗုဒ္ဓဘာသာဝင်တွေပင် မတို့မထိနိုင်သော ကျမ်းကြီးတွေကို ထိုဆရာဝန်ကြီး လေးနက်စေ့စပ်စွာ ဖတ်ရှု ထားခဲ့သည်။ သူ့ရင်အတွင်း သားသို့ နစ်ဝင်သွားမှုအတိမ်အနက်ကိုလည်း သူသားထားသော Underline တွေက ညွှန်လျှက်။ သူဖတ်ရှုရုံမက တကယ်ဖတ်မည့်သူလက် သို့လည်း တဆင့်ကမ်းစေသေးသည်။ သည်လိုပုဂ္ဂိုလ် ကြီးတွေ လောကမှာရှိနေပါလား … ကိုယ့်ဘာသာကိုမညှိုးစေပဲ သူတပါးဘာသာကို တန်ဖိုးထား လေ့လာခဲ့ပါလား … ၊
သူလိုပုဂ္ဂိုလ်ကြီးတွေများပါစေဟု မပြည့်နိုင်သောဆုကို တောင်းလိုက်မိသည်။ ဘာပဲဖြစ်ဖြစ်လေ … ခုတော့ လေဆိပ်တွေကိုဖြတ်သန်းသည့်အခါ၊ ရှာဖွေစစ်ဆေးမှုတွေခံရသည့်အခါ ကသိကအောက် မဖြစ်တော့၊ ငြိုငြင်မှုလည်းမများတော့ … ။

(၄)
“ ရဟန်းတို့ … သမ္မာဒိဋ္ဌိ မှန်ကန်စွာမြင်ခြင်းဟူသည် အဘယ်နည်း။ ဒုက္ခ၌ အသိဉာဏ်၊ ဒုက္ခဖြစ်ကြောင်း သမုဒယ၌ အသိဉာဏ်၊ ဒုက္ခငြိမ်းရာ နိရောဓ၌ အသိဉာဏ်၊ နိရောဓသို့ ဆိုက်ရာ မဂ္ဂ၌ အသိဉာဏ်သည်ရှိ၏။ ထိုအသိဉာဏ်ကို သမ္မာဒိဋ္ဌိ မှန်ကန်သောအမြင်ဟုဆိုအပ်၏။ “
မင်နီလိုင်းထင်းထင်းနှင့် ထိုစာပိုဒ်လေးကို ဖတ်အပြီး လက်ထဲမှ ဝိသုဒ္ဓိမဂ်စာအုပ်ကိုပိတ်လိုက်သည်။ အံ့သြကြည်နူးမှုဖြင့်ပြည့်နေသောရင်ကမူ မပိတ်သေး၊ အဝေးဆီသို့ ငေးမျှော်လိုက်မိသည်၊ ပြီး … တီးတိုး …
“ သာဓုပါဆရာ၊ ထိုအသိဉာဏ်မျိုး ဆရာ့မှာအပိုင်ရရှိပြီး ဘဝအမှန်တကယ်ငြိမ်းအေးကာ ဉာတိတွေ ငြိမ်းချမ်းဖို့လည်း တိုးဆောင်နိုင်ပါစေ …” လို့။

ကံထွန်းသစ်
နိုဝင်ဘာ ၄၊ ၂၀၁၂