Tuesday, November 20, 2012

လောကပါလ သားကောင်းများ

 

လောကပါလ သားကောင်းများ – အပိုင်း (၁)

 ဒီကနေ့ ဘုန်းဘုန်းပြောလိုတာက မိတ်ဆွေကောင်းတစ်ယောက်ရဲ့တန်းဖိုး၊ မိတ်ဆွေကောင်း တစ်ရောက်ရဲ့ အစွမ်းသတ္တိ၊ မိတ်ဆွေကောင်း တစ်ယောက်ရဲ့ အခန်းကဏ္ဍပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အပတ်က မဟာဟံသဇာတ် စူဠဟံသဇာတ်တွေနဲ့ တစ်သဘောတည်းဖြစ်နေပေမယ့် ဒီဇာတ်တော်မှာ ထူးခြားတာလေးတွေရှိနေလို့ ထပ်ရေးလိုက်ခြင်းပါ။ သစ္စာရှိတဲ့မိတ်ဆွေတွေရဲ့အကျိုးကျေးဇူး၊ ရန်သူ ဘ၀ကနေ ချက်ချင်း မိတ်ဆွေစစ်ဖြစ်သွားတဲ့ မုဆိုးတစ်ယောက်ရဲ့ စိတ်ထားတို့ကို ကြည်ညိုရအောင်လို့ ထပ်ရေးလိုက်တာပါ။
 
● အိပ်မက်ထဲက ရွှေသမင်
နိဒါန်းကနေ ကျော့ကွင်းမိတဲ့အထိ အားလုံးလိုလို မဟာဟံသဇာတ် စူဠဟံသဇာတ်တို့နဲ့တူကြ ပါတယ်။ ဗာရာဏသီပြည်မှာ ဗြဟ္မဒတ်မင်းအုပ်ချုပ်တယ်။ မိဘုရားကြီးခေမာ အိပ်မက်မက်တယ်။ အိပ်မက်ထဲမှာ ရွှေသမင်ထံမှ တရားနာရတယ်။ တရားဟောမပြီးခင် ရွှေသမင်ပြန်သွားတယ်။ မိဘုရား က လန့်နိုးသွားတယ်။ မိဘုရားက အိပ်မက်လို့မပြောဘဲ နေမကောင်းဟန် ချင်ခြင်းတပ်ပူဆာ တယ်။ ဗြဟ္မဒတ်မင်းက ရွှေသမင်ရှာဖွေရေး စီမံကိန်းဖွင့်တယ်။ နောက်ဆုံး မုဆိုးတစ်ယောက်ထံမှ ဟိမ၀န္တာ တောထဲမှာ ရွှေသမင်ရှိကြောင်းသိရတယ်။ မုဆိုးက ကိုယ်တိုင်မြင်ဖူးတာ မဟုတ်ပေမယ့် သူ့ဖခင် မုဆိုးကြီးက အသေအချာမှာသွားခဲ့လို့ ရွှေသမင်ရှိတာသေချာကြောင်း တင်လျှောက်တယ်။ အဲဒီ မုဆိုးကို ရွှေသမင်ဖမ်းဖို့ တာဝန်ပေးလိုက်တယ်။ ဒီအထိအကုန်တူပါတယ်။

● မာယာကျော့ကွင်းနင်းမိပြီ
မုဆိုးဟာ ဘုရင်ပေးတဲ့အမိန့်အတိုင်း တောထဲကိုဝင်ခဲ့ပါတယ်။ သမင်အုပ်တွေကို ခြေရာခံပြီး လိုက်ရှာပါတယ်။ ရေကန်ကြီးတစ်ခုမှာ သမင်တွေရေလာသောက်တာ တွေ့ရပါတယ်။ ကြီးမားများ ပြားတဲ့ သမင်အုပ်ကြီးထဲမှာ ထူးခြားတဲ့ ရွှေသမင်ကို  တွေ့ရှိသွားပါတယ်။  နေ့စဉ်စောင့်ကြည့်တဲ့အခါ ရွှေသမင်ဟာ နေ့စဉ် တစ်နေရာတည်းမှာပဲ ရှေ့ဆုံးကလာပြီး ရေသောက်တာကို တွေ့ရပါတယ်။ 

ဒီလိုနဲ့ ရွှေသမင်လာရာလမ်းမှာ ကျော့ကွင်းထောင်ပြီး အဝေးကနေစောင့်ကြည့်ပါတယ်။ ဘုရား လောင်းရွှေသမင်ဟာ သမင်ရှစ်သောင်းအခြံအရံနဲ့ ရေကန်သို့ရောက်လာပါတယ်။ လာနေကျလမ်း အတိုင်း ရေဆင်းသောက်ပါတယ်။ ကျော့ကွင်းမိသွားပါတယ်။ သမင်အုပ်ကြီး ရေ၀အောင်သောက် စေပါတယ်။ သမင်အုပ်ကြီး ရေအ၀သောက်ပြီးချိန်လောက်မှာ ကျော့ကွင်းမိတဲ့အသံပြုပါတယ်။ သမင် တွေဟာ သုံးအုပ်စုကွဲသွားပါတယ်။

● ကိုယ်လွတ်မရုန်းခဲ့လေသူ
ပြေးရင်းလွှားရင်းမှ ဘုရားလောင်းရောဟဏသမင်မင်းရဲ့ ညီတော်စိတ္တရွှေသမင်က ဘုရား လောင်းကို လိုက်ရှာပါတယ်။ နောက်ဆုံး ဘုရားလောင်း ကျော့ကွင်းမိမှန်းသိသွားလို့ သမင်အုပ်ထဲမှ ဘုရားလောင်းထံ ပြန်ပြေးလာပါတယ်။ ဒါကိုဘုရားလောင်းက မြင်တော့ သူ့ညီအတွက် စိတ်ပူသွားပြီး ပြန်လွှတ်ပါတယ်။ ညီတော်စိတ္တသမင်က မပြန်ပါဘူး၊ ဘုရားလောင်းရွှေသမင်ဟာ ကျော့ကွင်းကို သုံးကြိမ်တိုင်တိုင် ရုန်းခဲ့ပါတယ်။ ပထမအကြိမ်ရုန်းရာမှာ  အရေပြားတွေ ပြတ်သွားခဲ့ပါတယ်။ 

ဒုတိယ အကြိမ်မှာ အသားတွေပြတ်ထွက်ကုန်ပါတယ်။ တတိယအကြိမ်မှာ အကြောတွေပြတ်ထွက်ကုန်လို့ သားရေလွန် ကျော့ကွင်းဟာ အရိုးကိုထိနေပါပြီ။ စတုတ္ထအကြိမ် ရုန်းလိုက်လျှင် အရိုးပြတ်သွားပြီး ကျော့ကွင်းက လွတ်မှာသေချာပေမယ့် သမင်မင်းဆိုတာ အင်္ဂါမချို့ယွင်းကောင်းလို့ ဆက်မရုန်း တော့ပါဘူး။ ဒါကြောင့် ဘုရားလောင်းဟာ ခြေထောက်တစ်ဖက်နာနေပြီး မတ်မတ်မရပ်နိုင်တော့ပါဘူး၊ ညီတော် စိတ္တသမင်ဟာ ဘုရားလောင်းရဲ့ဘေးမှာယှဉ်ရပ်ပြီး ဘုရားလောင်းရဲ့ ခန္ဓာကိုယ်ကိုဖေးမထား လိုက်ပါတယ်။

● အသက်ကိုပဲ စွန့်မည့်သူ
ကျော့ကွင်းမိသံကြားလို့ ပြန်ပြေးသွားကြတဲ့ သမင်အုပ်တွေထဲမှာလည်း ဘုရားလောင်းရဲ့ နှမတော် သုတနာသမင်မလေးပါပါတယ်။ သုတနာသမင်မလေးဟာ နောင်တော်နှစ်ပါးလုံးကို ရှာသော် လည်း မတွေ့ရလို့ စိတ်ပူပြီး ရေကန်ရှိရာ ပြန်လာခဲ့ပါတယ်။ ဘုရားလောင်းက ညီတော်နည်းတူ တားပါတယ်။ ပြန်လွှတ်ပါတယ်။ ညီမလေးကလည်းမပြန်ဘူး။ သူတို့မောင်နှမ သုံးဦးလုံးဟာ မျက်မမြင် မိအိုဖအိုနှစ်ပါးကို လုပ်ကျွေးနေသူများဖြစ်ပါတယ်။ ဒါကြောင့် ဘုရားလောင်းက မင်းတို့မပြန်ရင် မိအိုဖအိုတွေတော့ အစာရေစာငတ်မွတ်ပြီး သေကုန်လိမ့်မယ်၊ ပြန်ကြပါလို့ ထပ်မံတိုက်တွန်းပါတယ်။ မောင်နှမနှစ်ယောက်လုံးက သူတို့နှစ်ယောက်လုံးရဲ့ အသက်ကိုပဲစွန့်ပါ့မယ်၊ ကျော့ကွင်းမိနေတဲ့ ဘုရား လောင်းကိုတော့ မစွန့်ပစ်နိုင်ဘူးလို့ ဘုရားလောင်းကို ဖေးမပေးရင်း သက်သာရာရစေပါတယ်။

● အကြောက်တရားကို အောင်နိုင်သူ
ဒီလိုနဲ့ မုဆိုးဟာ သမင်ထိုးလှံကို ကိုင်ဆောင်ရင်း ဘုရားလောင်းရှိရာ ရောက်လာပါတယ်။ စိတ္တသမင်ဟာ ဘုရားလောင်းနဲ့အတူ ရပ်နေရင်း တည်တည်ငြိမ်ငြိမ်ပဲ မုဆိုးကိုရင်ဆိုင်လိုက်ပါတယ်။ နှမတော် သုတနာသမင်မလေးကတော့ မုဆိုးကိုလဲမြင်ရော လန့်ဖြန့်ပြီးပြေးပါတော့တယ်၊ ပြီးမှ သတိ ပြန်ဝင်လာပြီး ဘုရားလောင်းထံ ပြန်လာခဲ့ပါတယ်။ မိန်းကလေးဆိုတော့လဲ ရုတ်တရက် မုဆိုး ကိုမြင်ရတော့ ကြောက်တာပေါ့၊ အစ်ကိုတော်ကို ချစ်တဲ့ဇောနဲ့သာ အန္တရာယ်ကို ရင်ဆိုင်နေရတာ မဟုတ်လား။ နောက်မှ အန္တရာယ်ကို သစ္စာတရားက လွှမ်းမိုးသွားပြီး၊ အကြောက်တရားနဲ့ ရန်သူကို မေတ္တာတရားနဲ့ ချစ်သူက အနိုင်ယူသွားလို့ ဘုရားလောင်းထံ ပြန်လာနိုင်တာဖြစ်ပါတယ်။

● ဟိရီ ဩတ္တပ အကျဉ်းသား
မုဆိုးဟာ  သမင်သုံးကောင်းလုံးကို မြင်လိုက်ရလို့ အံ့သြသွားခဲ့ပါတယ်။ အတိတ်ကရေစက် ကြောင့် မောင်ရင်းနှမလို ချစ်ခင်သွားပါတယ်။ “ရွှေသမင်မင်းကို ကျော့ကွင်း၌ဖွဲ့မိ၏၊ ဤနှစ်ယောက် သော သူတို့သည်ကား ဟိရိသြတ္တပ္ပဖွဲ့ခြင်းဖြင့် ဖွဲ့မိ၏။ အဘယ့်ကြောင့် ဤသူတို့သည် ထိုရွှေ သမင်မင်းကို စွန့်၍မပြေးသနည်း”။ ဒီလိုစိတ်ထဲမှာတွေးမိပြီး သမင်မင်းကို မေးလိုက်ပါတယ်။ သမင် မင်း- ဤ သမင်တို့သည် ကျော့ကွင်းမှလွတ်ကုန်လျက် ကျော့ကွင်းမိသော သင့်ထံမှာ နေကုန်၏။ အသက်၏အကြောင်းကြောင့်လည်း သင့်ကိုစွန့်ခြင်းငှာ အလိုမရှိကုန်။ ဤသမင်တို့သည် သင်နှင့် အဘယ်သို့ တော်ကြပါသနည်း? ဘုရားလောင်းက တစ်မိတစ်ဖတည်းမှ မွေးဖွားလာသည့် ညီနှင့် နှမ များဖြစ်ကြောင်း၊ အသက်အန္တရာယ်နှင့် ခြိမ်းခြောက်ပြီး ပြန်ခိုင်းတာတောင် မပြန်ကြောင်း- ပြန်ဖြေ ပါတယ်။ ဒီအခါ မုဆိုးဟာ စိတ်ထဲမှာ တော်တော်ကြည်နူးနှစ်သိမ့် သွားပါတယ်။ မုဆိုးရဲ့စိတ်တွေ နူးညံ့ပျော့ပြောင်းလာမှန်းသိလို့ ညီတော်စိတ္တသမင်က မုဆိုးကို စကားဆိုပါတယ်။

● အကျဉ်းသားတို့၏ ရင်တွင်းစကား
“အဆွေမုဆိုး- သင်သည် ဤရွှေသမင်မင်းကို သမင်သာမညဟူ၍  မအောက်မေ့ပါလင့်။ ဤရွှေသမင်မင်းသည် ရှစ်သောင်းသော သမင်တို့၏ မင်းတည်း။ သီလအကျင့် ဂုဏ်ကျေးဇူးနှင့် ပြည့်စုံ၏။ အလုံးစုံသော သတ္တ၀ါတို့၌ နူးညံသောစိတ်ရှိ၏။ ကြီးသောပညာရှိ၏။ အိုမင်းကုန်သော မျက်စိမမြင်ကုန်သော မိဘတို့ကိုလုပ်ကျွေးမွေးမြူ၏။ အကယ်၍အဆွေသည် ဤသို့သော ဂုဏ်ကျေးဇူး နှင့်ပြည့်စုံသော တရားစောင့်သော ရွှေသမင်ကိုသတ်အံ့။ ဤရွှေသမင်ကို သတ်သည် ရှိသော် မိဘတို့ ကိုလည်းကောင်း၊ အကျွန်ုပ်တို့ကိုလည်းကောင်း၊ နှမငယ်တို့ကိုလည်းကောင်း၊ ငါးယောက်ကုန်သော ငါတို့ကို သတ်သည်မည်ရာ၏။ အကျွန်ုပ်အစ်ကို၏ အသက်ကို ပေးလှူသည် ဖြစ်ဘိမူကား ငါးယောက် ကုန်သော သူတို့၏  အသက်အလှူကို ပေးလှူသည် မည်ကုန်၏။”

ညီတော်စိတ္တရွှေသမင်ရဲ့စကားကို အနှစ်ချုပ်ကြည့်ရင် ဘုရားလောင်းရောဟဏ ရွှေသမင် မင်းရဲ့ဂုဏ်ရည်၊ စိတ္တနှင့် သုတနာ မောင်နှမနှစ်ယောက်ရဲ့ သစ္စာတရား၊ တရားပြ၍ ဆုံးမသည့် အဆုံး အမတို့ ပါဝင်တာတွေ့ရပါတယ်။ အဆွေမုဆိုး- အခုကျော့ကွင်းမိထားတဲ့သမင်ဟာ သာမညသမင် မဟုတ်ဘူး။ ရွှေသမင်ဖြစ်တယ်။ သမင်အပေါင်း ရှစ်သောင်းကို ဦးဆောင်နေတဲ့သမင်မင်းဖြစ်တယ်။ သီလရှိတယ်။ မေတ္တာကြီးတယ်။ ပညာကြီးတယ်။ မျက်မမြင်မိအိုဖအိုနှစ်ပါးကို လုပ်ကျွေးနေသူ ဖြစ်တယ်။ ငါတို့မောင်နှမနဲ့ မိဘနှစ်ပါးရဲ့အသက်ဟာ ရွှေသမင်ရဲ့အသက်ထဲမှာ ပေါင်းစပ်ထားတယ်။ ဒါကြောင့် ဒို့တတွေဟာ ငါးယောက်ပေါင်းမှ အသက်တစ်ချောင်းပဲရှိတယ်။ 

တကယ်လို့ ရွှေသမင်ကို သတ်ရင် ငါးယောက်လုံးကို သတ်ရာရောက်တယ်။ တကယ်လို့ ရွှေသမင်ကို လွှတ်ပေးလိုက်ရင် ငါးယောက်လုံးရဲ့အသက်ကို ပေးလှူရာရောက်မယ်လို့ ဆိုလိုပါတယ်။ ညီတော်စိတ္တသမင်က အချိန် ကိုက်ပစ်လွှတ်လိုက်တဲ့ စကားလုံးတိုင်းဟာ မုဆိုးရဲ့နှလုံးသားကို တည့်တည့်ထိမှန်သွားခဲ့ပါတယ်။ မုဆိုးကြီးဟာ စိတ္တသမင်ရဲ့ တရားစကားကြောင့် ရောဟဏသမင်မင်းကို ကြည်ညိုသွားပြီး သမင်မင်း ကို နှစ်သိမ့်လိုက်ပါတယ်။  “အရှင်တို့ အကျွန်ုပ်သည် မိဘကိုလုပ်ကျွေး မွေးမြူသော သမင်မင်းကို လွှတ်ပါအံ့၊ ကျော့ကွင်းမှလွတ်သော သမင်မင်းကိုမြင်၍ သင်တို့၏ အမိအဖတို့သည် နှစ်သက် စေကုန်သတည်း”။

● လက်ထိပ်နှင့် ဆုတံဆိပ်
သမင်မုဆိုးဟာ ရောဟဏသမင်မင်းကို လွှတ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဗြဟ္ခဒတ်မင်းကပေး လိုက်တဲ့တာဝန်အရ သမင်ကိုကျော့ကွင်းထောင် ဖမ်းတာပါ။ အခုသမင်က သူတော်ကောင်းသမင် မျိုးဖြစ်နေလို့  လွှတ်ရပါတော့မယ်။ တစ်ဖက်က မင်းအမိန့်၊ တစ်ဖက်က အပြစ်မဲ့အကျဉ်းသား၊ ရွှေ သမင်ရဲ့အသက်ကို ကယ်လိုက်ရင် အာဏာဖီဆန်မှုနဲ့ သေဒဏ်စီရင်ခံရမှာ သေချာနေပါပြီ။ ဒါကြောင့် မုဆိုးဟာ အသက်ကို အသက်ချင်းလဲပြီး ပြစ်ဒဏ်ကိုရင်ဆိုင်ဖို့ ခုလိုဆုံးဖြတ်လိုက်ပါတယ်။ “မင်းသည် ပေးအပ်သောစည်းစိမ်သည် ငါ့အား အသို့ပြုလတံ့နည်း။ အကယ်၍ငါသည် ရွှေသမင်မင်း ကိုသတ်အံ့ ဤမြေသည်လည်းကွဲ၍ ငါ့အား ဟင်းလင်းကိုပေးလတံ့။ မိုးကြိုးသည်မူလည်း ငါ၏ ဦးခေါင်း၌ကျလတံ့။ ထိုရွှေသမင်ကို မဖြစ်မနေ ငါလွှတ်ပေးတော့အံ့” မုဆိုးဟာ လှံတံကိုပစ်ချ လိုက်ပါတယ်။ 

သားရေလွန် ကြိုးကိုဖြတ်လိုက်ပါတယ်။ ရွှေသမင်ရဲ့ လည်ပင်းကိုသိုင်းဖက်လိုက်ပါတယ်။ ရေကန်အစပ်မှာ လှဲသိပ် လိုက်ပါတယ်။ ကြင်ကြင်နာနာနဲ့ကျော့ကွင်းကို ဖြေလိုက်ပါတယ်။ ပြတ်တောက်သွားတဲ့ အကြောတွေ ကို အကြောချင်းပြန်ဆက်ပေးပါတယ်။ အသားကို အသားချင်း၊ အရေကို အရေချင်းပြန်ဆက်ပေးပြီး ရေဖြင့်ဆေးကြောပေးပါတယ်။ ပြန်ကောင်းစေချင်တဲ့ မေတ္တာစေတနာတွေနဲ့ ဆုတောင်းသစ္စာပြုပါ တယ်။ 

 မုဆိုးကြီးရဲ့မေတ္တာ အာနုဘော်၊ ဘုရားလောင်းရဲ့ ပါရမီ အာနုဘော်တို့ကြောင့် အကြော အသားအရေတို့ဟာ တစ်ပေါင်းတည်း တစ်စပ်တည်းဖြစ်သွားပြီး အကောင်းပကတိပြန်ဖြစ်သွား ပါတယ်။ သမင်အမွှေးတို့ဟာလည်း အနာကိုဖုံးလွှမ်းသွားပါတယ်။ ကျော့ကွင်းမိတဲ့နေရာမှာ ဒဏ်ရာ လေးအနည်းငယ်တောင် မကျန်ရစ်တော့ပါဘူး။ အကောင်းပကတိ ဘ၀ဖြင့် ကျော့ကွင်းမှလွတ်ပြီး စိတ်ချမ်းသာ – ကိုယ်ချမ်းသားရှိတဲ့ နောင်တော် ရောဟဏသမင်မင်းကို မြင်ရလို့ ညီတော်စိတ္တ သမင်က မုဆိုးကြီးအတွက် ဆုတောင်းပေးပါတယ်။ “အဆွေမုဆိုး- ငါသည် ကျော့ကွင်းမှလွတ်သော မြတ်သောရွှေသမင်ကိုမြင်၍ နှစ်သက်သကဲ့သို့ ဤအတူ သင်အဆွေသည် အလုံးစုံကုန် သော အဆွေအမျိုးတို့နှင့်အတူတကွ နှစ်သက်တော်မူပါလော့”။

ဝီရသူ (မစိုးရိမ်)
နိုဝင်ဘာ ၁၆၊ ၂၀၁၂
ဆက်လက်ဖော်ပြပါမည်။