Monday, November 26, 2012

အားထုတ်နိုင်မှ တရားရမည်

 

အားထုတ်နိုင်မှ တရားရမည်


ဝီရဿ ဘာဝေါ ဝီရိယံ၊ ဧတံ ဥဿာဟလက္ခဏံ၊
ဥပတ္ထ မ္ဘနရသံ၊ အသံသီဒနပစ္စုပဋ္ဌာနံ
သံဝေဂပဒဋ္ဌာနံဝါ၊ ဝီရိယာ ရ မ္ဘဝတ္ထုပဒဋ္ဌာနံဝါ။

ရဲရင့်သူ၏ ဖြစ်ကြောင်းဖြစ်ရာတရားသည် ဝီရိယမည်၏။ ဝီရိယသည် ရသည့်ဆင်းရဲ ကြိတ်အံခဲ၍ အမြဲသည်းခံနိုင်ခြင်း သဘောရှိ၏။ ယှဉ်ဘက်တရားတွေကို ထောက်ကန်၍ ထားတတ်၏။ မဆုတ်နစ်သော တရားဟု ယောဂီ၏ဥာဏ်၌ထင်၏။ သံဝေဂတရားလျှင် နီးကပ်သော အကြောင်း ရှိ၏။ တစ်နည်း ဝီရိယာရမ္ဘဝတ္ထု ရှစ်ပါးလျှင် နီးကပ်သောအကြောင်းရှိ၏။

ဝီရိယဆိုသော အတွင်းအားတစ်မျိုး၊ စိတ်စွမ်းအင်တစ်မျိုးကို ဆက်လက်ရှင်းပြပါမည်။ ဝီရိယဆိုတာ ရဲရင့်ကြောင်းတရား၊ ရဲရင့်သူတို့၏အလုပ်ဟု စာကဆို၏။ ဝီရိယရှိမှ ရဲရင့်မည်။ သတ္တိရှိမည်ဆိုသည့်သဘော ဖြစ်၏။ လုပ်ရဲကိုင်ရဲ၊ ပြောရဲဆိုရဲဟု ဆိုရာမှာ လုပ်ရဲကိုင်ရဲရှိဖို့၊ ပြောရဲ ဆိုရဲရှိဖို့ စိတ်ကို တွန်းအားပေးတာ ဝီရိယပင်ဖြစ်၏။ ဝီရိယရှိမှ စိတ်က ရဲ၏။ ဝီရိယမရှိလျှင် စိတ်က မရဲ။ ဝီရိယမရှိသောသူသည် မလုပ်ရဲ၊ မကိုင်ရဲ၊ မပြောရဲ၊ မဆိုရဲ ဖြစ်နေတတ်၏။
လောကီကိစ္စတွေကို လုပ်ရဲတာ၊ လုပ်နိုင်တာ၊ လုပ်ဖြစ်တာ ဝီရိယကြောင့်ပဲ ဖြစ်၏။ ထို့အတူ ဒါန၊ သီလ၊ ဘာဝနာဟူသော ကောင်းမှုကိစ္စတွေကိုလည်း ဝီရိယရှိမှ လုပ်ရဲ၏။ လုပ်နိုင်၏။ လုပ်ဖြစ်၏။ ထို့ကြောင့် ဝီရာနံ ကမ္မံ ဝီရိယံ- ရဲရင့်သူတို့၏ အလုပ်သည် ဝီရိယဖြစ်သည်ဟု စာကဆိုခြင်းဖြစ်၏။

ဝီရိယနည်းသူ၊ ဝီရိယမရှိသူသည် လောက စားဝတ်နေရေး၊ စီးပွားရေး၊ ပညာရေးစသော ကိစ္စတွေ ကိုလည်း အပင်ပန်းခံ အဆင်းရဲခံ မလုပ်ရဲ၊ မလုပ်ချင်၊ လုပ်ရမှာ ကြောက်နေ၏။ ဝီရိယမရှိတော့ စိတ်ကမရဲ၊ စိတ်က မမာ၊ စိတ်က သတ္တိမရှိ၊ စိတ်အရောင်အသွေးကမရှိ၊ စိတ်က ပျော့တိပျော့ဖတ်၊ ပျင်းတိပျင်းတွဲ၊ လျော့တိလျော့ရဲ ဖြစ်နေတတ်၏။
ဝီရိယဆိုတာ ရသည့်ဆင်းရဲ ကြိတ်အံခဲ၍ အမြဲသည်းခံနိုင်သောသဘောဟု စာကဆို၏။ ဒုက္ခကို သည်းခံနိုင်တာ ဝီရိယဖြစ်၏။ အလုပ်တစ်ခုခုကို အပင်ပန်းခံ၊ အဆင်းရဲခံ လုပ်နိုင်တာ ဝီရိယဖြစ်၏။ သက်သာသော အလုပ်ဟူ၍ မရှိ။ ချမ်းသာသော အလုပ်ဟူ၍ မရှိ။ ဘယ်အလုပ်ကိုဘဲ လုပ်လုပ် အနည်းနှင့် အများတော့ ပင်ပန်းမှာ၊ ဆင်းရဲမှာပဲဖြစ်၏။ ထိုပင်ပန်းဆင်းရဲမှုကို သည်းခံပြီး မကြောက်ရွံ့ဘဲ ရဲရဲလုပ်နိုင်တာ ဝီရိယပဲဖြစ်၏။

ဝီရိယရှိသော ဝီရိယသမားသည် ပင်ပန်းမှာကိုမကြောက်၊ ဆင်းရဲမှာကိုမကြောက်၊ အပင်ပန်းလည်း ခံနိုင်၏။ အဆင်းရဲလည်း ခံနိုင်၏။ အနုပညာပဲဖြစ်ဖြစ်၊ အကြမ်းပညာပဲဖြစ်ဖြစ် အတတ်ပညာနှင့် လုပ်ရသော အလုပ်ဟူသမျှ ပင်ပန်းသည်သာဖြစ်၏။ သိကြားမင်းက အပျင်းကြီးသော သူ့သား သုသီမကို မပင်ပန်း မဆင်းရဲဘဲနှင့် ချမ်းသာနိုင်သောအရပ်ရှိလျှင် အဖေ့ကို လိုက်ပို့စမ်းပါဟု ပြောဖူး၏။ အမြင့်ကိုရောက်သူ အများစုသည် ဝီရိယသမားတို့သာ ဖြစ်၏။ သူတို့သည် ပင်ပန်းမှုနှင့် ဆင်းရဲမှုကို အရင်းနှီးပြုခဲ့သူများသာဖြစ်၏။ ထို့ကြောင့် ပညာရှင်တို့က “ပါရမီ တစ်ပိဿာထဲမှာ ချွေး ကိုးဆယ့်ကိုးကျပ်သား ပါတယ်” ဟု ဆိုမိန့်ခဲ့ကြခြင်း ဖြစ်၏။

တရားအားထုတ်တယ်ဆိုတာ အပင်ပန်းခံ၊ အဆင်းရဲခံနိုင်မှ ဖြစ်၏။ သာမန် ဘာသိဘာသာ နေရသလို သက်တောင့်သက်သာ ဘယ်ရှိမှာလဲ။ တရားအားထုတ်တယ်ဆိုတာ ကိုယ်မှာရှိသော ကိုယ်အားစိတ်အားတွေ ထုတ်ပြီး လုပ်သောအလုပ်ဟု ဆိုလျှင်လည်းရ၏။ ကိုယ်အားလည်း စိုက်ထုတ်ရ၏၊ စိတ်အားလည်း စိုက်ထုတ်ရ၏။ ကိုယ်လည်းပင်ပန်းပါ၏။ စိတ်လည်းပင်ပန်းပါ၏။ သာမန်သဒ္ဓါ၊ သာမန် ဝီရိယမျိုးနှင့် တရားအားမထုတ် နိုင်ပါ။ သဒ္ဓါတရားကောင်းလွန်း၍သာ တရားအားထုတ်နိုင်ခြင်း ဖြစ်၏။

ဝီရိယသည် သူနှင့်ယှဉ်ဖော်ယှဉ်ဖက်၊ လက်တွဲဖော် မဟာမိတ်စိတ် စေတသိက်တရားတို့ကို သူ့လိုပဲ ရဲရဲရင့်ရင့် ဖြစ်အောင်၊ တောင့်တောင့်တင်းတင်း ဖြစ်အောင်၊ သတ္တိ ဗျတ္တိရှိအောင် ထောက်ပံ့ကူညီ အားပေး တိုက်တွန်းသော အလုပ်ကိုလည်းလုပ်၏။ 
 ဝီရိယဆိုတာ နောက်ဆုတ်ရိုးထုံးစံမရှိ။ ရှေ့ကိုပဲတိုး၏။ ဘယ်လောက်ပဲ အခက်အခဲတွေ့တွေ့၊ ဘယ်လောက်ပဲ အကျပ်အတည်းကြုံကြုံ၊ ဘယ်လောက်ပဲ ဆင်းရဲဒုက္ခ ရောက်ရောက်၊ ဝီရိယဆိုတာ ဘယ်တော့မှ နောက်မဆုတ်၊ အကယ်၍ နောက်ဆုတ်သွားခဲ့လျှင်၊ လက်မြှောက် အရှုံးပေးခဲ့လျှင် ဝီရိယမဟုတ်တော့။ ကောသဇ္ဖ- ပျင်းရိခြင်း၊ ညံ့ဖျင်းခြင်း ဖြစ်၏။

“သံဝေဂမပါ တရားမရှာနှင့်၊ သံဝေဂပါမှ တရားရှာ” ဟု အဆိုရှိ၏။ တရားအားထုတ်တယ် ဆိုတာ သံဝေဂလေးနှင့် အားထုတ်ရမှ ပိုကောင်း၏။ ပိုထိရောက်၏။ ပိုအားထုတ်ဖြစ်၏။ ပိုကြိုးစားဖြစ်၏။ သံဝေဂ မပါလျှင်တော့ ကုသိုလ်ဖြစ်၊ ပါရမီဖြစ်လောက်ပဲ အားထုတ်မိလိမ့်မည်။ သံဝေဂဟူသည် အပါယ်ဘေး၊ အိုနာဘေး၊ သေဘေး၊ သံသရာဘေးတို့ကို တကယ်မြင်၊ ကြောက်ရွံ့ ထိတ်လန့်သော သဟောတ္တပ္ပဥာဏ်၊ သြတပ္ပနှင့်တကွ ဖြစ်သော ဥာဏ်ကိုခေါ်၏။ အလောင်းတော် သိဒ္ဓတ္ထသည် မင်းဥယျာဉ်ထဲကအပြန် သူအို၊ သူနာ၊ သူသေ၊ ရဟန်း ဟူသော နိမိတ်ကြီး လေးပါးတို့ကိုမြင်ပြီး အကြောက်ကြီး ကြောက်သွား၏။ ထိုကြောက်သော ဥာဏ်သည် သဟောတ္တပ္ပဥာဏ်ပဲ ဖြစ်၏။

စာက ဝီရိယဖြစ်ဖို့အတွက် သံဝေဂဥာဏ် ရှိရမည်ဟု ဆို၏။ အထူးသဖြင့် တရားအားထုတ်ခြင်းနှင့် ပတ်သက်သော ဝီရိယကို ဆိုလိုခြင်းဖြစ်၏။ တကယ်ကြောက်လျှင် တကယ်လုပ်ကြမှာ ဖြစ်၏။ အခု သူရောကိုယ်ပါ အများစုသည် တကယ် မကြောက်ကြသေးတော့ တကယ် မလုပ်ကြသေးဘဲရှိ၏။ လုပ်မယ်၊ လုပ်မယ်နှင့် အချိန်ရွှေ့ အချိန်ဆွဲနေတာနှင့်ပဲ အချိန်တွေက ကုန်ကုန်သွား၏။

သံဝေဂဆိုတာ ထိတ်လန့်သွားခြင်း၊ တုန်လှုပ်သွားခြင်း၊ ကြောက်ရွံ့သွားခြင်း ဖြစ်၏။ ဘာကို ထိတ်လန့် တာလဲ၊ တုန်လှုပ်တာလဲ၊ ကြောက်ရွံ့တာလဲ ဆိုတော့ အိုခြင်း၊ နာခြင်း၊ သေခြင်း တရားတွေ၊ ထိုအိုနာသေတို့နှင့် ဆက်စပ်နေသော ဘဝခန္ဓာ၊ ဘဝခန္ဓာ နှင့်ဆက်စပ်နေသော သံသရာ၊ ထို အိုနာသေဘဝခန္ဓာ သံသရာတို့ကို ထိတ်လန့်ခြင်း၊ တုန်လှုပ်ခြင်း၊ ကြောက်ရွံ့ခြင်းသည် သံဝေဂဉာဏ်ဖြစ်၏။ ဘုရား အလောင်းတော်သည် သူအို၊ သူနာ၊ သူသေ၊ ရဟန်း ဟူသော နိမိတ်ကြီး လေးပါးကို မြင်ရလို့ သံဝေဂရ တောထွက်သွားခြင်းဖြစ်၏။
အိုရမှာကြောက်၊ နာရမှာကြောက်၊ သေရမှာကြောက်၊ နောက်ထပ်ဘဝတွေ ထပ်ဖြစ်ရဦးမှာ ကြောက်၊ သံသရာ လည်ရဦးမှာကြောက် ဆိုသော အကြောက်တရားသည် သံဝေဂဥာဏ်ဖြစ်၏။

တစ်မဂ်တစ်ဖိုလ်မှ မရသေးလျှင်ဖြင့် ဘဝကမပြတ်သေး။ ဘဝမပြတ်သေးသမျှ သံသရာ လည် ရဦးမည်။ သံသရာဆိုတာ ကြောက်စရာ၊ ဘဝဆိုတာ ကြောက်စရာ၊ ထိုဘဝသံသရာထဲမှာမှ အပါယ်လေးပါး ဆိုသော ဘဝသံသရာက ပို၍ ကြောက်ဖို့ကောင်း၏။ ပုထုဇဉ်ဘဝ ဂတိက မြဲသေးတာမဟုတ်။ ဂတိ မမြဲသေးတော့ နောက်ဘဝက စိတ်မချရ။ နောက်ဘဝတွေ ဆက်နေရလို့ အပါယ်လေးပါးကိုများ ကျသွားလျှင်ဖြင့် ဒုက္ခမှ တကယ်ဒုက္ခ ဖြစ်၏။ အခုလို အသိဉာဏ်ရှိသော လူ့ဘဝလေးကိုရခိုက်၊ ဘုရားသာသနာနှင့်လည်း ကြုံခိုက်၊ အဖက်ဖက်ကလည်း ပြည့်စုံနေခိုက်၊ သံသရာမှ ထွက်မြောက်ကြောင်း၊ လွတ်ရာလွတ်ကြောင်း အလုပ်ကို ကြိုးစား အားထုတ်သင့်သည်။

“အခွင့်သာခိုက်မှ မလိုက်ချင်လျှင် အမိုက်နင့်ပြင် ရှိဦးမှာတဲ့လား။ အခွင့်သာတုန်းမှ မရုန်းချင်လျှင် အရှုံးနင့်ပြင် ရှိဦးမှာတဲ့လား” ဟူသော လယ်တီ ဆရာတော်ဘုရား၏ အဆုံးအမကို နေ့စဉ် ရွတ်ဖတ် နေသင့်၏။ ထိုလင်္ကာဖြင့် ကိုယ့်ကိုယ်ကို သတိပေးနေသင့်၏။ အခုလို အဖက်ဖက်က ပြည့်စုံနေသည့် အခိုက် လွတ်လမ်းကိုမလိုက်၊ လွတ်ရာလွတ်ကြောင်း အလုပ်ကို မလုပ်လျှင် မိမိတို့ထက် မိုက်သော သူ ရှိမည်မဟုတ်တော့ချေ။ အခုလို အဖက်ဖက်က အခွင့်သာတုန်း မိမိတို့ထက်ရှုံးသောသူ ရှိမည် မဟုတ်တော့ချေ။ ထို့ကြောင့် သံဝေဂတရား ပွားများပြီး ကြိုးစား အားထုတ်ကြဖို့ သင့်ပါ၏။

အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်)

ခေါင်းနဲ့ကိုယ်ပမာ မြန်မာနဲ့ဗုဒ္ဓသာသနာ


ခေါင်းနဲ့ကိုယ်ပမာ မြန်မာနဲ့ဗုဒ္ဓသာသနာ

ပုဂံခေတ် ရှင်အရဟံမထေရ်မြတ်နှင့် အနော်ရထာမင်းတို့ မြန်မာ့မြေမှာ သာသနာ့မျိုးစေ့ စတင်ချခဲ့သည်မှစပြီး ယနေ့အချိန်ထိအောင် မြန်မာလူမျိုးနဲ့ဗုဒ္ဓဘာသာ၊ ဗုဒ္ဓဘာသာနဲ့မြန်မာလူမျိုးဆိုတာ မခွဲမခြားတစ်သားတည်း ရှိခဲ့ကြပါတယ်။ မြန်မာလူမျိုးလို့ဆိုလိုက်တာနဲ့ ရှေ့က ဗုဒ္ဓဘာသာလို့ပါမှ ခေါ်ရတာ အရသာရှိသလို အနှစ်သာရ လည်းပြည့်ဝတယ်လို့ ထင်ရပါတယ်။ ဗုဒ္ဓဘာသာလို့ ဆိုလိုက်ပြန်ရင်လည်း နောက်က မြန်မာလူမျိုးလို့ဆိုပြီးပါမှ ပိုပြီးပြည့်စုံတယ်လို့ ထင်ရလောက်အောင်ပါပဲ။

လူတစ်ယောက်မှာ ဦးခေါင်းမရှိရင် အသက်ဆက်မရှင်နိုင်သလို ခန္ဓာကိုယ်မရှိလည်း အသက်မရှင်နိုင်နိုင်ပါဘူး။ ဦးခေါင်းရော၊ ခန္ဓာကိုယ်ပါ နှစ်ခုလုံးပြည့်စုံမှ လူ့ဘဝကြီးဟာ အသက်ဆက်ရှင်နိုင်မှာဖြစ်ပါတယ်။ အဲဒီလိုပါပဲ၊ မြန်မာလူမျိုးနဲ့ ဗုဒ္ဓသာသနာဟာလည်း လူတစ်ယောက်မှာရှိတဲ့ ဦးခေါင်းနှင့်ခန္ဓာကိုယ်ပမာ အမြဲတမ်းဒွန်တွဲ လျက်ရှိပါတယ်။ မြန်မာလူမျိုးတွေကြောင့် ဗုဒ္ဓသာသနာတော်မြတ်ကြီး အမိမြန်မာပြည်မှာ ရေရှည်တည်တံ့နေ သလို ဗုဒ္ဓသာသနာတော်မြတ်ကြီးကြောင့်လည်း မြန်မာလူမျိုးတွေ ဘုန်းတန်ခိုးကြီးခဲ့ရပြီး စစ်မှန်တဲ့ ဓမ္မရသ ကိုလည်း ခံစားခဲ့ရပါတယ်။

ယနေ့အမိမြန်မာပြည်မှာသာသနာတော်မြတ်ကြီး နေလိုလလိုထွန်းလင်းတောက်ပနေတာဟာ မြန်မာလူမျိုး တွေကထောက်ပံ့လှူဒါန်းနေကြလို့ပဲ ဖြစ်ပါတယ်။ မြန်မာလူမျိုးတွေကသာ ထောက်ပံ့လှူဒါန်းမှု မရှိဘူးဆိုရင် သာသနာတော်မြတ်ကြီးလည်း အမိမြန်မာပြည်မှ ရွေ့လျားသွားနိုင်ပါတယ်။ ပုဂံခေတ်မှစပြီး ယနေ့ချိန်ထိအောင် သာသနာ့ဝန်ထမ်း ရှင်ရဟန်းတွေရဲ့ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေးစတဲ့ သာသနာရေးဆိုင်ရာကိစ္စအဝဝတွေအတွက် မြန်မာလူမျိုးတွေက ထောက်ပံ့လှူဒါန်းခဲ့ကြ တဲ့ငွေကြေးပမာဏဟာ ကုဋေကုဋာ သင်္ချာ ဘယ်၍ဘယ်မျှ ဂဏန်းချ၍တောင် ရေတွက်ပြဖို့ မစွမ်းနိုင်လောက်တော့ပါဘူး။

အဲဒါကြောင့်မို့ မြန်မာလူမျိုးတွေဟာ ဗုဒ္ဓသာသနာတော်မြတ်ကြီးအတွက် အလွန်တစ်ရာမှ ကျေးဇူးများလှတဲ့ လူမျိုးများဖြစ်ပါတယ်။ သစ်ပင်တစ်ပင်မှာ ရေသောက်မြစ်ဟာ အရေးကြီးသလို ဗုဒ္ဓသာသနာတော်မှာလည်း မြန်မာလူမျိုးတွေတည်တံ့မှ ဗုဒ္ဓသာသနာတော်မြတ်ကြီးဟာလည်း အရှည်ခန့်မှာဖြစ်ပါတယ်။ ယနေ့ ဗုဒ္ဓသာသနာတော်မြတ်ကြီး ရေရှည်တည်တံ့နိုင်ဖို့ သာသနာ့တာဝန် ထမ်းဆောင်နေကြတဲ့ ရဟန်းသာမဏေများ မှာလည်း မြန်မာလူမျိုးများဖြစ်သလို ထောက်ပံ့ လှူဒါန်းနေကြတဲ့ ပုဂ္ဂိုလ်တွေလည်း မြန်မာလူမျိုးများသာ ဖြစ်ပါတယ်။

 “ဘယ်ဘာသာခြား ဘယ်လူမျိုးခြားတွေကမှ ဗုဒ္ဓသာသနာ့တာဝန်ကို လာပြီးထမ်းဆောင်နေကြတာ မဟုတ်ပါဘူး။ နောက်ပြီး ဆွမ်းတစ်ဇွန်း၊ ကျောင်းတစ်ဆောင်၊ ဆေးတစ်ပြား၊ ပေတစ်ရွက်ဆိုပြီး လာပြီးလှူဒါန်း နေကြတာမျိုးမရှိပါဘူး။ ဒါကြောင့်မို့ မြန်မာလူမျိုးများ မျိုးတုံးပျောက်ကွယ်သွားပြီးဆိုရင် ဗုဒ္ဓသာသနာတော်မြတ် ကြီးလည်း အလိုလိုရွေ့လျားသွားမယ်ဆိုတာ အသေအချာပါပဲ။”

သာသနာတော်အတွက် ဤရွေ့ဤမျှ ကျေးဇူးကြီးမားလှတဲ့ မြန်မာလူမျိုးတွေကို ယခုအချိန်မှာ လူမျိုးခြား ဘာသာခြားတွေက စီးပွားရေးကို မက်လုံးပေး၊ မြန်မာမိန်းကလေးတွေကို ရသလောက်ယူ၊ ကလေးတွေကို လည်း ရသလောက်မွေး၊ နောက်ပြီးမွေးလာတဲ့ကလေးတွေကိုလည်း သူတို့လူမျိုး၊ သူတို့ဘာသာထဲ သွတ်သွင်းပြီး သွေးနှောမျိုးဖျက်တဲ့စနစ်ကြောင့် မြန်မာတစ်မျိုးသားလုံး မျိုးတုံးပျောက်ကွယ်မည့် ဥာတိဗျသန ဘေးကြီးနဲ့တွေ့ကြုံနေရပါတယ်။ ဒီအခြေအနေအရပ်ရပ်ကို ဆင်ခြင်သုံးသပ်ပြီး ဗုဒ္ဓဘာသာ ဗုဒ္ဓသာသနာတော် ဆိုင်ရာ အဖွဲ့အစည်းအားလုံးမှ ဆရာတော်သံဃာတော်များနှင့်လူပုဂ္ဂိုလ်များအနေဖြင့် သာသနာတော်အတွက် ကျေးဇူးကြီးမားလှတဲ့ မြန်မာလူမျိုးများ၊ လူမျိုးခြား၊ ဘာသာခြားတွေရဲ့ ဝါးမျိုခြင်းခံရမည့် ဥာတိဗျသနဘေးကြီး ကို တတ်နိုင်သမျှအချိန်မှီ တားဆီးကာကွယ်သွားကြဖို့ လိုအပ်နေပါပြီ။

ဒီလိုတားဆီးကာကွယ်သွားတဲ့နေရာမှာလည်း လူမျိုးခြား ဘာသာခြားတွေကို မလိုမုန်းထားရှိတဲ့ စိတ်မျိုးနဲ့ မဟုတ်ဘဲ သာသနာတော်မြတ်ကြီးရဲ့ ရေသောက်မြစ်သဖွယ်ဖြစ်တဲ့ မြန်မာလူမျိုးများ မတိမ်ကောမပပျောက် လိုတဲ့ စေတနာမေတ္တာတွေဖြင့်လည်းကောင်း၊ မြန်မာလူမျိုးများ မိစ္ဆာဒိဋ္ဌိအယူရှိသူတွေရဲ့ လွှမ်းမိုးဝါးမျိုခံရမည့် ဘေးကို အစဉ်သနားဂရုဏာထားသောအားဖြင့်လည်းကောင်း၊ စွမ်းနိုင်သလောက် တားဆီးကာကွယ်သွားကြဖို့ အကြံပြုတိုက်တွန်းလိုတာပါ။

ဖြစ်ပေါ်လာမည့်အရေးကိုမျှော်တွေးပါ
မြတ်စွာဘုရားရှင်ဟာ သတ္တဝါအပေါင်းကို သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ဖို့ အဓိကထားပြီး ဟောကြားတော်မူခဲ့ပါတယ်။ ဒါပေမယ့် မြတ်စွာဘုရားရဲ့ တရားတော်တွေဟာ လိုနာကျင့်သုံးတတ်သူတိုင်း လောကုတ္တရာရေးရာသာမက လောကီရေးရာကိစ္စများမှာလည်း များစွာအကျိုးရှိနိုင်ပါတယ်။ သာဓကတစ်ခု အနေနဲ့ “သတ္တနိပါတ် ကောဋသိမ္ဗလိဇာတ်မှာ သေကၤယ် သကိတဗၺာနိ ရေကၡယ်နာဂတံ ဘယံ” အစခ်ီတဲ့ ဂါထာဖြစ်ပါတယ်။ အဓိပ္ပာယ်ကတော့ ခုရောနောင်ပါ နှစ်ဖြာသော လောကအကျိုးကို မျှော်ကိုးပြီး ကြိုတင်စိုးရိမ် ကာ ဆင်ခြင်ပြုလုပ်သင့်ကြောင်း ညွှန်ကြားတော်မူခဲ့ပါတယ်။ ပညာရှိပုဂ္ဂိုလ်ကြီးများဟာ ဂါထာရဲ့ သဘောဓိပ္ပာယ်ကိုနွယ်ပြီး အောက်ပါအရေးကိစ္စများကို သတိပေးခဲ့ကြပါတယ်။


၁။ ညောင်စေ့ကလေးမှ ညောင်ပင်ကြီးဖြစ်လာမည့်အရေးကိုမြင်လျှင် ကြိုတင်စိုးရိမ်ပြီး အမြန်ဖယ်ရှားပစ်သင့် ပါတယ်။


၂။ ကြွေးမြီကလေးများကို မထီမဲ့မြင်မပြုဘဲ လျှင်မြန်စွာရှင်းလင်းသင့်ပါတယ်။


၃။ မီးကြွင်းမီးကျန်များကို အနည်းငယ်လေးပဲလို့ အမှတ်မဲ့မေ့လျှော့ပေါ့ဆခြင်းမရှိဘဲ အမြန်ဖယ်ရှား မီးငြိမ်းသတ်ရပါမယ်။


၎။ ရန်ငြိုးတစ်စုံတစ်ရာရှိလာလျှင် ပေါ့လျှော့မနေဘဲ သတိပြုဂရုစိုက်ကာ တစ်နည်းနည်းဖြင့် ဖျောက်ပျက်အောင် ကြိုးစားပြီးရှင်းလင်းရပါ့မယ်။ မပြောပလောက်တဲ့ ရန်စကလေးက တဖြည်းဖြည်းကြီးထွားလာတတ်တာကို ကြိုတင်စိုးရိမ်ရပါ့မယ်။


၅။ ရောဂါတစ်စုံတစ်ရာ ကပ်ရောက်လာပြီဆိုရင် အရေးမကြီးပါ၊ ကိစ္စမရှိပါဆိုပြီး ဂရုမပြု အလေးမထားခြင်း မလုပ်ဘဲ ရောဂါနုစဉ်ကတည်းက အမြန်ပျောက်ကင်းအောင် ကုစားရပါ့မယ်။


၆။ မိမိတို့ အမျိုးသား အမျိုးသမီးများ သိုက်မြိုက်အေးချမ်းစွာနေထိုင်တဲ့ နိုင်ငံတွင်းသို့ အမျိုးမတူ ဘာသာမတူတဲ့ လူမျိုးကွာများ အတည်တကျနေထိုင်ကြရန် ဝင်ရောက်လာပါက ပေါ့လျော့စွာမနေဘဲ အရေးယူကာကွယ်မှုများ ပြုလုပ်ရပါ့မယ်။ နိုင်ငံခြားမှ ဇာတ်မတူဘဲ လူမျိုးကွဲတွေ တစ်စတစ်စ ကြီးပွားပေါများလာရင် တိုင်းရင်းသားများကို လွှမ်းမိုးဝါးမျိုသွားနိုင်ပါတယ်။


၇။ မိမိတို့ကိုးကွယ်တဲ့ သာသနာကို ထိခိုက်နှောက်ယှက်လာတဲ့ သာသနာ့တစ်မျိုးဝင်လာရင် လျှင်မြန်စွာ ဖယ်ရှင်းအောင် ပြုလုပ်ရပါ့မယ်။ အဲဒီပုဂ္ဂိုလ်တို့ ဓလေ့ထုံးတမ်းများတွင်ကျယ်လာရင် မိမိတို့ကိုးကွယ်တဲ့ ဘာသာသာသနာများ ညှိုးမှိန်ပျက်စီးသွားတတ်ပါတယ်။


၈။ မိမိတို့ ပိုင်ဆိုင်တဲ့မြေကွက်များ မဆိုင်သူများဝင်လာရင် လျှင်မြန်စွာဖယ်ရှားပစ်သင့်ပါတယ်။အနေကြာလာတဲ့ အခါ မြေရှင်ကိုတော်လှန်ဒုက္ခပေးတတ်ပါတယ်။


၉။ မိမိတို့သားသမီး၊ တူသားမောင်မယ်များ မကောင်းတဲ့အမူအကျင့်၊ အပြောအဆို၊ အနေအထိုင်များ တွေ့မြင်သော်မိရိုးဖလာယဉ်ကျေးမှုများကို သင်ကြားပြုပြင်ပေးပြီး အကျင့်ဆိုးများ၊ အမြစ်မတွယ်ခင် လိမ္မာရေးခြားရှိအောင် ကြိုတင်ကာကွယ်စောင့်ရှောက်ရပါ့မယ်။

ရှင်တော်မြတ်ဘုရားရဲ့ အထက်ပါဂါထာဟာ ကြိုတင်ကြံဆ စိုးရိမ်ရမည့် အရေးကိစ္စတို့ကို သတိပေးထားရာ လောကီအရေးတွေမှာလည်း အလွန်အကျိုးကြီးမားကြောင်း တင်ပြလိုက်ရပါတယ်။
ကိုးကား။ ။ ဒို့အမျိုးဒို့ဘာသာ မကွယ်ပျောက်စေဖို့စာအုပ်(ဖိုးပညော- သပိတ်ကျင်း)
ဘာသာ သာသနာကိုချစ်မြတ်နိုးသူတိုင်း တစ်ဆင့်မျှဝေပေးစေချင်ပါသည်။


စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာပြီးလိုရာဆန္ဒများ တစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။


အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)

Sunday, November 25, 2012

ကံအပေါ် ယုံမှားသံသယ ရှိနေသည်လော

  ကံအပေါ် ယုံမှားသံသယ ရှိနေသည်လော

ကျွန်ုတို့ဗုဒ္ဓဘာသာအများစုသည် ကုသိုလ်ကောင်းမှုများကို စွမ်းအား ရှိသလောက် ပြုလုပ် နေကြပါသည်။ သို့သော် တစ်ခါတရံ၌ ကိုယ်က ကောင်းမှုကုသိုလ်လုပ်၍ ကောင်းကျိုး မရသည့်အခါ စိတ်ဓာတ်တွေကျ၊ ဒေါသတွေဖြစ်ကာ ကိုယ့်ကံတရားနှင့် ကိုယ်ကိုယ်တိုင် လက်ခံယုံကြည်သော ဘာသာတရားကို သံသယဖြစ်လာတတ် ပါသည်။ 


ကောင်းတာလုပ်ရင် ကောင်းကျိုးပေးတယ်ဆိုတာ ဟုတ်ကောဟုတ်ရဲ့လား.. ဆိုသော သံသယတွေဖြစ်လာတတ်ပါသည်။ မကောင်းတာလုပ်နေတဲ့လူတွေကြတော့လဲ မကောင်းကျိုးက မပေးပါဘူး သူတို့မှာ ချမ်းချမ်းသာသာ ကောင်းကောင်းမွန်မွန်နဲ့ ဇိမ်ကျနေလိုက်ကြတာ။ ကောင်းတာလုပ်လဲ ကောင်းကျိုးမပေးတဲ့ အတူတူတော့ဖြင့်
သူတို့လိုပဲ မကောင်းတာတွေလုပ်၊ စိတ်ရှိတိုင်း ထင်ရာစိုင်းကြရင်ကောင်းမလား
ဆိုသော အတွေးမှား အကြံမှား စိတ်ဆိုး စိတ်ယုတ်များ ဖြစ်ပေါ်လာတတ်ပါသည်။ ထိုအခါ ကိုယ့်ကိုယ်ကို မထိန်းသိမ်းနိုင်သော၊ စိတ်ထားမခိုင် သောသူများက မကောင်းမှုဘက်သို့ယိမ်းပါသွားတတ်ကြပါသည်။

ထိုအဖြစ်မျိုး ထိုအတွေးမှား၊ အကြံမှားမျိုး ဖြစ်ခဲ့ဘူးသူတို့၏ အကြောင်းကို တင်ပြလိုပါသည်... 

တစ်ခါတုန်းက တက္ကသိုလ်ပြည်က ဒိသာပါမောက္ခဆရာကြီးထံမှာ ပညာသင်ကြားနေသော တစ်မြို့တည်းသား ကျောင်းသားနှစ်ယောက်ရှိပါသည်။ တစ်ယောက်က စိတ်ကောင်း စေတနာကောင်းဖြင့် ကောင်းသည့်အလုပ်မှန်သမျှကို
လုပ်ပါသည်။ တပည့်ဝတ်၊ သားသမီးဝတ်ကျေပွန်သည့်အပြင် ကိုယ်ကျင့်တရား လည်းကောင်းသူဖြစ်ပါသည်။ အခြားတစ်ယောက်ကတော့ စိတ်ဆိုး စေတနာဆိုးဖြင့် မကောင်းသည့်အလုပ်မှန်သမျှ ကိုလုပ်ပါသည်။ တပည့်ဝတ်၊ သားသမီးဝတ် မကျေပွန်သည့်အပြင် ကိုယ်ကျင့်တရား လည်းမကောင်းပါ။

ထိုသူနှစ်ယောက် ကျောင်းပိတ်ချိန်မှာ သူတို့မြို့လေးသို့ အတူတကွပြန်ကြသည်။ တောလမ်းခရီးတစ်ခုသို့ ဖြတ်ကျော်စဉ် မိုးကြီးသည်းထံစွာ ရွာသည့်အတွက် သစ်ပင်ကြီးတစ်ပင်အောက်သို့ ခိုဝင်ကြသည်။ ရုတ်တရက်သစ်ကိုင်းကြီး ကျိုးကျကာ သူတော်ကောင်းကျောင်းသား ခြေထောက်နှင့် ထိခိုက်မိ၍ ဒဏ်ရာပြင်းထန်စွာရသည်။
သူတော်ကောင်းကျောင်းသားက မိမိဒဏ်ရာကိုမိမိ သက်သာအောင် ဆေးကုပေးနေစဉ် သူယုတ်မာကျောင်းသားကတော့ သစ်ကိုင်းကြီးထိုးကော်လိုက်သော မြေတွင်းထဲက ရွှေအိုးကြီးတစ်ခုကို ရရှိသွားပါသည်။

သူတော်ကောင်းကျောင်းသားစိတ်ထဲမှာ အတော်လေးကို မခံမရပ်နိုင်ဖြစ်သွားခဲ့ပါသည်။ စိတ်ကောင်းစေတနာကောင်းနှင့် ကောင်းမှုကုသိုလ်မှန်သမျှလုပ်တဲ့ ငါ့ကျတော့ ဒဏ်ရာအနာတရဖြစ်တယ်။ အမြဲတမ်း စိတ်ထားယုတ်ညံ့ပြီး မကောင်းတာမှန်သမျှ လုပ်နေတဲ့ ကောင်ကျတော့ ရွှေအိုးရတယ် ကောင်းတာလုပ်ရင် ကောင်းကျိုး
ပေးတယ်ဆိုတာ ဟုတ်ကော ဟုတ်ပါ့မလား.. ဟူသော ယုံမှားသံသယတွေနှင့် ဝေခွဲမရဖြစ်ခဲ့ရလေသည်။

သူတို့ မြို့ကိုရောက်သောအခါ ဈာန်အဘိညာဉ်ရသော ရသေ့ကြီးကလည်း ရွာကိုရောက်လာခိုက် သူ၏ယုံမှားသံသယများကို လျှောက်ထားပါသည်။ ထိုအခါ ရသေ့ကြီးက` မင်းက ဒီဘ၀တစ်ခုထဲ ကြည့်ပြီး ယုံမှားသံသယတွေဖြစ်နေတာကိုးကွ ။ မင်းက ဒီဘ၀မှာ စိတ်ကောင်းစေတနာကောင်းရှိတဲ့ သူတော်ကောင်းဖြစ်ပေမဲ့
မင်းအရင်ဘ၀က အလွန်ယုတ်မာကောက်ကျစ်တဲ့ လူဆိုးလူမိုက်ကြီးဖြစ်ခဲ့တာကိုမှ မင်းမမြင်ဘဲကိုးကွ။ မင်းဆိုးခဲ့တေခဲ့တာတွေက ဟိုကောင့်ထက်တောင်ပိုသေးတယ်ကွ.။ 
ဒီဘ၀မှာ မင်းက စိတ်ကောင်းစေတနာကောင်းတွေနဲ့ ကောင်းမှုကုသိုလ်တွေ ချည်းလုပ်နေခဲ့လို့ အခုလို ဒဏ်ရာ ရယုံပဲဆိုးကျိုးခံစားရတာ။ မင်းသာ မကောင်း
တဲ့အလုပ်တွေကို လုပ်နေခဲ့မယ်ဆိုရင် မင်းအသေဆိုးနဲ့ သေနိုင်တယ်။ မင်းသူငယ်ချင်းကတော့ ဒီဘ၀မှာသာ သူက လူဆိုးလူမိုက်ဖြစ်နေတာ။ အရင်ဘ၀က စိတ်ကောင်းစေတနာကောင်းရှိတဲ့ တကယ့်သူတော်ကောင်းကြီးဖြစ်ခဲ့တယ်။ သူက ဒီဘ၀မှာ မကောင်းတာတွေချည်းလုပ်နေတော့ ရွှေအိုးပဲ ရတာပေါ့။ တကယ်လို့ သူကသာ စိတ်ကောင်းစေတနာကောင်းနဲ့ ကောင်းမှုကုသိုလ်တွေလုပ်လိုက်မယ်ဆိုရင် သူနေတဲ့ အိမ်ထဲမှာတင် ရွှေတောင်ကြီးပေါက်နိုင်တယ်`` ဟု မိန့်ကြားလေသည်..။

ရသေ့ကြီးရဲ့ မိန့်ကြားချက်ကို နာယူရမှ သူတော်ကောင်းကျောင်းသားလည်း ယုံမှားသံသယများကင်းလွတ်ကာကောင်းမှုကုသိုလ်များကို စိတ်အားထက်သန်စွာ ဆက်လက်ပြုလုပ်ပါတော့သည်။ သူယုတ်မာကျောင်းသားကလည်း မကောင်းမှုဒုစရိုက် များကိုရှောင်ကြဉ်ကာ စိတ်ကောင်းစေတနာကောင်းရှိသော သူတော်ကောင်းတစ်ဦး
ဖြစ်လာပါတော့သည် ။


ထိုဖြစ်စဉ်ကို ကြည့်ပါ။ ကျွန်ုပ်တို့တွေအားလုံး ကောင်းမှုမှန်သမျှပြုပြီး ကောင်းကျိုးမပေး သေးသော်လည်း ဘာမျှ အားလျှော့ရန်မလို။ စိတ်ဓာတ်ကျနေစရာမလို။ ကောင်းမှုကုသိုလ်ပြုစဉ်ကထဲကိုက ကောင်းကျိုးချမ်းသာကိုမျှော်လင့် မနေသင့်ပေ။ မျှော်လင့်ချက်ကြီးက ရှေ့တန်းကနေ ဦးဆောင်နေလျှင် လောဘဦးစီးသော ကုသိုလ်ဖြစ်သွားပါလိမ့်မည်။ လောဘဦးစီးနေလျှင် အကုသိုလ်က ရောနှောပါဝင်နေသည့် အတွက် အကျိုးပေးမထက်သန်တော့ပေ။
ကုသိုလ်ကောင်းမှုပြုစဉ်ကထဲကို စိတ်သန့်သန့်လေးထားကာ ဘုရားလောင်းတို့၏ စိတ်ထားမျိုးထားနိုင်အောင် မွေးမြူရပါမည်။ 
ကျွန်ုပ်ယခုကောင်းမှုပြုသည့်အတွက် ကောင်းကျိုးချမ်းသာရလိုမှုက အဓိက ပဓာနမဟုတ်။ လိုချင်တပ်မက်သော လောဘတဏှာ၊ ခက်ထန်ရိုင်းပြသော ဒေါသ၊ ဉာဏ်မျက်စိကန်းသော မောဟများကို ပယ်ခွါပြုလုပ်သည့်အတွက် ထိုလောဘ၊ ဒေါသ၊ မောဟမီးတို့ အပြီးတိုင်ငြိမ်းအေးရာ နိဗ္ဗာန်၏ အထောက်အပံ့ဖြစ်ပါစေလို့ အဓိဋ္ဌာန်ပြုပြီး ပြုလုပ်ပေးရပါသည်။ သို့မှသာ မှန်ကန်သော အတွေးအမြင်တို့ဖြင့် အသိအလိမ္မာ ဉာဏ်ပညာများ တိုးတက်မြင့်မားနိုင် ပါကြောင်း ကောင်းမြတ်သော စေတနာဖြင့်တင်ပြလိုက်ပါသည်..။

" ကုသိုလ်ကံပေး မရသေး နှောင့်နှေးဗျာပါမရှိရာ။ "


Saturday, November 24, 2012

ခွင့်လွှတ်တယ် ဆိုတာ


 ခွင့်လွှတ်တယ် ဆိုတာ 
တစ်ကယ်ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တစ်ခုကို ပြောပြမယ်။ ဒါက အမေရိကမှာဖြစ်ခဲ့တာ။ ဒကာမကြီး တစ်ယောက်ရဲ့ တစ်ဦးတည်းသော သမီးကို လူတစ်ယောက်က သတ်လိုက်တယ်။ သူ့ မှာ ဒီသမီးတစ်ယောက်ထဲ ရင်းရင်းနှီးနှီး ချစ်စရာရှိတာနော်။ အဲဒီသမီး အသတ်ခံလိုက်ရတော့ အဲဒီ ဒကာမကြီးမှာ အကြီးအကျယ်စိတ်ဆင်းရဲ ရတယ်။ သူ့ ရဲ့ ဆုံးရှုံးမှုက ဘယ်လိုမှ အစားထိုးလို့ မရနိုင်တော့ဘူး။ ပစ္စည်းဆုံးရှုံးတာက ပြန်ရှာရင်ရနိုင်သေးတယ်။ သမီးအသတ်ခံရတာ ဘယ်လိုမှ ပြန်အစားထိုးလို့  မရနိုင်ဘူး။

 အဲဒီဒကာမကြီးက ပညာလည်းတတ် ၊ ပစ္စည်းဥစ္စာလည်းချမ်းသာတဲ့ သူဖြစ်တယ်။ သူကရှေ့နေကောင်းကောင်းဌားပြီးတော့ သူ့ သမီးကို သတ်တဲ့သူကို သေဒဏ်အပြစ်ပေးအောင် တရားရုံးမှာစွဲချက်တင်တယ်။ အဲဒီပြည်နယ်မှာ သေဒဏ်အပြစ်ဆိုတာ မရှိဘူး။ အလွန်ဆုံး ထောင်ဒဏ်တစ်သက်ပဲ ရှိတယ်။ သတ်တဲ့သူဟာ ထောင်ဒဏ်တစ်သက်ကျသွားတယ်။ ဒါပေမယ့် အဲဒီ ဒကာမကြီးဟာ ဘယ်လိုမှ မကျေနပ်နိုင်ဘူး။ သူ့ သမီးကို သတ်တဲ့သူသေမှပဲ သူကျေနပ်နိုင်မယ်ဆိုပြီး ဆက်ပြီးတော့ ကြိုးစားသေးတယ်။ ဒီလိုမကျေနပ်နိုင်တဲ့ စိတ်နဲ့ နေလာလိုက်တာ ၁၈ နှစ်ကြာတယ်။ တစ်ခြားကိစ္စတွေကို သူကောင်းကောင်းမလုပ်နိုင်ခဲ့ဘူး။

ဒါပေမယ့် တဖြည်းဖြည်းနဲ့ ခွင့်လွတ်ခြင်းဆိုတာကို သူနားလည်လာတယ်။ အသက်လည်းကြီးလာပြီနော်။ ၁၈ နှစ်တောင်ကြာသွားပြီ။ ဘ၀အတွေ့ အကြုံလည်းများပြီ။ တရားသဘောတွေ သဘောပေါက်လာတယ်။ စိတ်ထဲမှာ အဲဒီလူကို ခွင့်လွှတ်လိုက်တယ်။ ခွင့်လွှတ်လိုက်ပြီးတော့ ထောင်ထဲကိုသွားပြီး တော့ အဲဒီ သတ်တဲ့လူနဲ့ တွေ့ တယ်။ တွေ့ ပြီးတော့ "နင့်ကို ငါ ခွင့်လွှတ်ပါတယ်" လို့ တစ်ကယ်စိတ်ပါလက်ပါ ပြောလိုက်တယ်။ တစ်ကယ်ကျေကျေနပ်နပ် ပြောလိုက်တာ။ ပြောလိုက်တော့ အဲဒီအချိန်ကျမှ သတ်တဲ့သူကလည်း ၀မ်းနည်းပြီးတော့ ငိုတော့တာပဲ။ သူ စိတ်မကောင်းပါဘူးလို့ ပြောတယ်။ သူလည်း လုပ်တုန်းက လုပ်ခဲ့ပြီးပြီနော်။ အခု ၁၈ နှစ်လောက်ကြာတော့ သူလည်းပဲ ဒုက္ခတော်တော်ရောက်ပါပြီ။ သူ့ ဘ၀တစ်သက်လုံး ထောင်ထဲမှာ နေရတော့မှာ။ 

တစ်ဖက်က ခွင့်လွှတ်ပါတယ်လို့ ပြောတော့မှ လုပ်ခဲ့တဲ့သူကလည်း မှားပါတယ် ၊ သူစိတ်မကောင်းပါဘူးလို့ ပြောတယ်။ အဲဒီဒကာမကြီးက နောက်တော့ ဘယ်လိုပြောသလဲဆိုတော့ အဲဒီအချိန်အထိ သူတစ်ရက်မှ စိတ်မငြိမ်းချမ်းခဲ့ဘူးတဲ့။ ခွင့်မလွှတ်နိုင်ပါသေးတဲ့အချိန်ထိ တစ်နေ့ မှ သူစိတ်ငြိမ်းချမ်းမှုကိုမရခဲ့ပါဘူး။ ခွင့်လွတ်နိုင်တဲ့အချိန်ကနေစပြီးတော့ သူ့ စိတ်ဟာငြိမ်းချမ်းသွားပြီ။ လွတ်လပ်သွားပြီတဲ့။ ကျန်ရှိနေသေးတဲ့ ဘ၀ကိုကောင်းအောင် ဘယ်လိုနေရမလဲဆိုတာ သူစဉ်းစားပြီတဲ့။ ဒါကြောင့် ခွင့်လွှတ်တယ်ဆိုတာ အဲဒီလောက်အထိအရေးကြီးတယ်။ 

ခွင့်လွှတ်တယ်ဆိုတာ ဘာလဲဆိုတော့ ကိုယ့်စိတ်ထဲမှာ ခံစားနေရတဲ့ဒုက္ခ ၊ ကိုယ့်နှလုံး ကိုယ့်ရင်ထဲမှာ ခံစားနေရတဲ့ နာကြည်းမှု ၊ ပူဆွေးမှု ၊ သောက ၊ ဒေါမနဿ ၊ မခံချင်စိတ် ၊ လက်စားချေချင်စိတ်တွေ ၊ အဲဒါတွေကို သက်သာမှုရအောင် လုပ်လိုက်တာ။ ဘယ်သူသက်သာမှု ရအောင်လုပ်တာလဲဆိုတော့ ကိုယ့်စိတ်သက်သာမှုရအောင် ကိုယ်လုပ်လိုက်တာပါ။ ခွင့်လွှတ်တယ်ဆိုတာ ကိုယ့်စိတ်ကိုသက်သာမှုရအောင် ကိုယ်လုပ်လိုက်တာပါနော်။ 

ကိုယ့်စိတ်ကို ဒီမုန်းတီးမှု ၊ နာကြည်းမှု ၊ ကလဲ့စားချေချင်တယ်ဆိုတဲ့ အတွေးတွေက နှောင်ဖွဲ့ ထားတာကို လွှတ်လိုက်တာပဲ။ ဘယ်သူ့ ကိုအနှောင်အဖွဲ့ က လွှတ်လိုက်တာလဲဆိုတော့ ကိုယ့်စိတ်ကို အနှောင့်အဖွဲ့ က လွှတ်လိုက်တာပါ။ အဲဒါကို နက်နက်နဲနဲစဉ်းစားပါ။ 

သူများအပေါ်မှာ နာကြည်းနေရတာ ၊ သူတစ်ပါးကို လက်စားချေမယ်လို့ တွေးနေရတာတွေဟာ အမှန်တော့ကိုယ့်ဘ၀ကို ပုံပျက်ပန်းပျက်ဖြစ်သွားစေပါတယ်။ ကိုယ်တစ်ကယ် လုပ်သင့်တဲ့ ၊ ကိုယ့်အတွက် အကျိုးရှိစေမယ့် ကိစ္စတွေကို လုပ်ခွင့်မရတော့ဘူး။ ဒါကြောင့် ခွင့်လွှတ်တယ်ဆိုတာ ကိုယ့်စိတ်ကို လွတ်လပ်မှုပေးလိုက်တာပဲ။ ကိုယ့်စိတ်ကို ငြိမ်းချမ်းခွင့်ပေးလိုက်တာပဲ။ တစ်ကယ်တော့ ကိုယ့်အကျိုးကို လုပ်လိုက်တာပါ။ သူများအကျိုးပါချင်လည်း ပါမယ်ပေါ့။ ကိုယ့်ကိုကိုယ်ချစ်လွန်းလို့ အားလုံးကိုခွင့်လွှတ်ပါတယ်။ သူတို့ ကို ခွင့်မလွှတ်နိုင်ရင် ကိုယ်ပဲ ခံနေရတာပဲနော်။ 

ပြီးတော့ ခွင့်လွှတ်တယ်ဆိုတာ ကိုယ်က အထက်စီးနေရာကနေပြီးတော့ မင်းကို ငါခွင့်လွှတ်တယ်ဆိုပြီး တစ်ဖက်သားကို အနိုင်ယူလိုက်တာမဟုတ်ဘူး။ ခွင့်လွှတ်လိုက်တယ်ဆိုတာကို အနိုင်ယူလိုက်တဲ့သဘောထားမျိုးနဲ့ လုပ်လို့ မရဘူး။ သူက လူဆိုး ၊ သူက မတရားတာကိုလုပ်တာ ၊ သူက သူတော်ကောင်းစိတ်မရှိဘူး။ ဒါပေမယ့် ငါက သဘောထားကြီးကြီးနဲ့ သူ့ ကိုခွင့်လွှတ်ပါတယ် ဆိုပြီးတော့ ( one up တစ်ဆင့်မြင့် ) မာနစိတ်နဲ့ ခွင့်လွှတ်လို့ မရဘူး။ အဲဒီလို စိတ်မျိုးဟာ လွတ်လပ်တဲ့စိတ်မဟုတ်ဘူး။ မာနကြီးတဲ့သူဟာ ခွင့်မလွှတ်နိုင်ဘူး။

အပြစ်မရှိတဲ့သူကို အပြစ်တင်ပြီးမှ ခွင့်လွတ်တယ်ဆိုတာလည်း တစ်ကယ်တော့ ခွင့်လွှတ်တာမဟုတ်ပါဘူး။ အနိုင်ယူလိုက်တာပါပဲ။ စေတနာဆိုးနဲ့ သူတစ်ပါးကို ဒုက္ခရောက်အောင်လုပ်တဲ့သူဟာ သူ့ မှာအကုသိုလ်စိတ်ဖြစ်နေတယ်။ သူ့ အကုသိုလ်ကို တစ်ခြားတစ်ယောက်က ပျောက်အောင်လုပ်ပေးလို့ မရဘူး။ You cannot escape from your kamma. ကိုယ့်ကံကို ကိုယ်လွတ်အောင် ပြေးလို့ မရဘူး။ ဒါကြောင့် ကိုယ်က သူ့ ကိုခွင့်လွှတ်လိုက်တယ်ဆိုတာ သူ့ အကုသိုလ်ကိုပျောက်အောင်လုပ်လိုက်တာမဟုတ်ဘူး။ ကိုယ့်စိတ်ထဲမှာ နာကြည်းနေတာကိုပဲ ပျောက်အောင်လုပ်လိုက်တာ။ 

ခွင့်လွှတ်တယ်ဆိုတာ အနိုင်ယူလိုက်တာလည်း မဟုတ်ဘူး။ အရှုံးပေးလိုက်တာလည်း မဟုတ်ဘူး။ အထက်စီးကနေတာလည်းမဟုတ်ဘူး။ အောက်ကျို့ တာလည်း မဟုတ်ဘူး။ 

Forgiveness is freeing up and putting to better use the energy once consumed by holding grudges , harboring resentments and nursing unhealed wounds.

ရန်ငြိုးဖွဲ့ နေရတာ ၊ မုန်းတီးနေရတာ ၊ မကျက်သေးတဲ့ ဒဏ်ရာဟောင်းတွေကို ပြုစုနေရတာနဲ့ ကုန်နေရတဲ့ အင်အားတွေကို ပိုပြီးတော့ ကောင်းတဲ့နေရာမှာ အသုံးပြုနိုင်အောင် လွတ်လပ်အောင် လုပ်လိုက်တာဟာ ခွင့်လွှတ်တာပဲ။

ခွင့်လွှတ်တယ်ဆိုတာ လွတ်လပ်အောင်လုပ်လိုက်တာပါ။ ရန်ငြိုးထားနေရတာ စိတ်မလွတ်လပ်ဘူး။ စိတ်ဓာတ်အင်အားတွေကို တစ်ခြားကောင်းတဲ့အလုပ်တွေမှာ လွတ်လွတ်လပ်လပ်သုံးခွင့်မရဘူး။ နာကြည်းနေရတာ ၊ စိတ်ဆိုးနေရတာ ၊ အနာဟောင်းလေးကို ပြန်ပြီးတော့ အနာသစ်ဖြစ်အောင် အနာဖေးခွာနေရတာဟာ ကိုယ့်ရဲ့ စိတ်ဓာတ်အင်အားနဲ့ အချိန်တွေအလကားဖြစ်သွားစေတယ်။ 

အဲဒီလို နာကြည်းနေရတဲ့အတွက် စိတ်ဓာတ်အင်အားတွေ ၊ ခန္ဓာကိုယ်အင်အားတွေ ၊ အချိန်တွေကုန်မယ့်အစား အဲဒီအချိန်နဲ့ အင်အားကို ပစ္စုပ္ပန်မှာလည်း အကျိုးများအောင် အနာဂတ်မှာလည်း အကျိုးများအောင် ကောင်းတဲ့ကိစ္စ တွေကိုလုပ်ရင်းနဲ့  အသုံးချချင်တယ်။ ဒါကြောင့် သူ့ ကိုခွင့်လွှတ်တာ။

Forgiveness is an internal process. It happens within us.

ခွင့်လွတ်တယ်ဆိုတာ အတွင်းမှာဖြစ်တဲ့စိတ်စဉ်ဖြစ်တယ်။ ကိုယ့်စိတ်ထဲမှာပဲဖြစ်တယ်။

လူတစ်ယောက်ကို ခွင့်မလွှတ်နိုင်ဘူး ၊ စိတ်ဆိုးနေတယ် ဆိုပါတော့။ အဲဒီစိတ်ကိုသေသေချာချာကြည့်နေပါ။ စိတ်ထဲမှာ သူ့ ကိုဘယ်လိုပြောလိုက်မယ် ၊ ဘယ်လိုလုပ်လိုက်မယ် ၊ သူဒုက္ခရောက်သွားရင်ကောင်းမယ် စတဲ့အတွေးတွေ ခဏခဏပေါ်နေမယ်။ တော်ကြာရင် ပြန်ပေါ်လာပြီး ခဏလောက်မေ့နေပြီးတော့ ဒီအကြောင်းသတိရပြန်ပြီး ပြန်တွေးနေမိပြန်ပြီ။ အဲဒီလိုတွေးနေတာကို သေသေချာချာကြည့်ပါ။ စိတ်ထဲမှာ ဘယ်လိုခံစားနေရလဲ။ တင်းကျပ်နေတယ်။ ပင်ပန်းနေတယ်။ ဆင်းရဲနေတယ်။ ခေါင်းတွေ ပူနေတယ်။ ရင်တွေပူနေတယ်။ သူ့ ကိုမေ့မေ့ပျောက်ပျောက်နေနိုင်တဲ့အခါ သက်သာတယ်။ တော်ကြာ သတိရပြန်ရင် တွေးပြန်တယ်။ အဲဒီအတွေးကိုပြန်ကြည့်ပါ။ ဘယ်လိုခံစားရသလဲ။ ရင်ပူတယ်။ ပင်ပန်းတယ်။ နွမ်းနယ်တယ်။ အဲဒီလို ကြည့်ဖန်များလာတဲ့အခါ တစ်ချိန်ချိန်မှာ သတိအားကောင်းလာလို့ တည့်တည့်မြင်ရင် သူ့ သဘောသူဆောင်တဲ့စိတ်ပဲဆိုတာ သိလာတယ်။ ဖြစ်တတ်တဲ့ သဘာဝပဲဆိုတာသိလာတယ်။ ကိုယ့်ဟာကိုယ် ပင်ပန်းခံနေတယ်ဆိုတာမြင်လာတယ်။ ဒီလိုနဲ့ တစ်ချိန်မှာ ခွင့်လွှတ်နိုင်တဲ့စိတ်ကို ရသွားတယ်ဆိုပါတော့။

အဲဒီသူ့ အပေါ်မှာ နာကြည်းနေတဲ့စိတ် ၊ မကျေနပ်တဲ့စိတ် ၊ လက်စားချေချင်တဲ့စိတ် မရှိတော့ဘူးဆိုပါတော့ ၊ အဲဒီလိုစိတ်မရှိတော့တဲ့အခါ စိတ်ထဲမှာ ဘယ်လိုနေသလဲ။ နေသာထိုင်သာရှိသွားတယ်နော်။ နေရတာ တော်တော်သက်သာသွားတယ်နော်။

It is a feeling of wellness, freedom and acceptance.

ခွင့်လွှတ်နိုင်တဲ့စိတ်ဟာ နေလို့ ကောင်းတဲ့ခံစားမှုကိုဖြစ်စေတယ်။ ခွင့်လွှတ်နိုင်ရင် နေလို့ ကောင်းတယ်။ လွတ်လပ်သွားတယ်။ လက်ခံနိုင်သွားတယ်။ ဖြစ်ခဲ့တဲ့ကိစ္စကို လက်ခံနိုင်သွားတယ်။ ဒါကြောင့် အကယ်၍စိတ်ထဲမှာ လွတ်လပ်မသွားဘူး ၊ စိတ်ထဲမှာ ငြိမ်းချမ်းမသွားဘူး ၊ ဒီကိစ္စကို ထပ်ခါတစ်လဲလဲတွေးနေသေးတယ်ဆိုရင် ခွင့်မလွှတ်နိုင်သေးလို့ ပဲ။ 

ခွင့်လွှတ်လိုက်တယ်ဆိုတဲ့ အဓိပ္ပာယ်က သူ့ ကိုနာကြည်းနေရတာကို ငါလုပ်နေဖို့ မလိုတော့ဘူး။ အဲဒါ ငါ့အတွက် မလိုအပ်တော့ဘူး။ အဲဒါ ငါ့အတွက် အသုံးမကျတော့ဘူး ၊ အကျိုးမရှိတော့ဘူးလို့ သိသွားတာ။



( ဆရာတော်ဦးဇောတိက - "သိက္ခာရှိရှိနေမယ် ၊ ခွင့်လွှတ်ပါတယ်" )

မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။

Friday, November 23, 2012

လောကပါလ သားကောင်းများ (၂)

လောကပါလ သားကောင်းများ (၂)

 ● အပြစ်မဲ့အကျဉ်းသား၏ အနှစ်ဖွဲ့အတွင်းစကား
ဘုရားလောင်းက မုဆိုးထံမှ အကြောင်းအရင်းကိုသိရတဲ့အခါ ထုံးစံအတိုင်းသူ့ကို နန်းတော် ခေါ်သွားဖို့၊ မင်းမိဘုရားထံမှာ တရားဟောဖို့ ခေါ်ဆောင်ခိုင်းပါတယ်။ တစ်ဦးမေတ္တာတစ်ဦးမှာဆိုသလို ဘုရားလောင်းရဲ့ အသက်ကိုကယ်ခဲ့တဲ့မုဆိုးကို ဘုရားလောင်းကဆုတော်လာဘ်တော်တွေရအောင် ကျေးဇူးဆပ်ချင်လို့ ခေါ်ခိုင်းခြင်းဖြစ်ပါတယ်။

 ဒီအခါ မုဆိုးက“အရှင်…မင်းမည်သည်ကားကြမ်းကြုတ် ၏။ အဘယ်သူသည်သိနိုင်မည်နည်း၊ အဘယ်သို့ဖြစ်လတံ့နည်း၊ အကျွန်ုပ်အား မင်းသည် ပေးအပ် သောအခြံအရံဖြင့် အလိုသည်မရှိ။ အရှင်ရွှေသမင်မင်းသည် အလိုရှိတိုင်းချမ်းသာရာသို့ ကြွတော် မူပါလော့”။ ရောဟဏသမင်မင်းကို ပြန်ဖို့သာခွင့်ပြုလိုက်ပါတယ်။

 ဒီအခါသမင်မင်းက အဆွေ ငါ့ကျောက်ကုန်းကို လက်ဖြင့်သုံးသပ်လော့ဟု ကျောက်ကုန်းကို သုံးသပ်ခိုင်းပါတယ်။ မုဆိုးက သမင်မင်းရဲ့ ကျောက်ကုန်းကို လက်နဲ့သုံးသပ်တဲ့အခါ မုဆိုးရဲ့လက်ထဲမှာ သမင်မင်းရဲ့ ရွှေရောင် သမင်မွှေးတွေ အပြည့်ပါသွားပါတယ်။ သမင်မွှေးတို့ကိုယူသွားပြီး မင်းမိဘုရားတို့အား သမင်မင်းရဲ့ ကိုယ်စား တရားဟောဖို့ ဓမ္မဉ္စရ မဟာရာဇ-အစရှိတဲ့ ဓမ္မစရိယဆယ်ဂါထာကို သမင်မင်းက မုဆိုးအား သင်ကြားပေးလိုက်ပါတယ်။ သမင်မင်းကမုဆိုးကို ငါးပါးသီလ၌တည်စေပြီး အပ္ပမာဒ တရားနဲ့ပြည့်စုံဖို့ အဆုံးအမ ပေးလိုက်ပါတယ်။

● နှုတ်ချို လျှိုတစ်ပါး စကားစွမ်းအား
မုဆိုးက ဘုရားလောင်းအား ဆရာအရာ၌ထားပြီး လင်္ကျာရစ်သုံးကြိမ်လှည့်ပြီး ပူဇော်ပါတယ်။ သမင်မင်းအား အရပ်လေးမျက်နှာမှ လေးကြိမ်လေးခါ ရှိခိုးပါတယ်။ သမင်မွှေးများကို ပဒုမ္မာကြာရွက်နဲ့ ထုပ်ပြီး ယူသွားပါတယ်။ သမင်မင်းတို့ မောင်နှမသုံးယောက်ဟာ မုဆိုးကို တောလမ်းအဆုံးထိ လိုက်ပို့ပြီး မိဘနှစ်ပါးအတွက် အစာနှင့်ရေကိုယူပြီး ပြန်လာခဲ့ပါတယ်။

မိဘနှစ်ပါးက သားဖြစ်သူ သမင်မင်းကျော့ကွင်းမှ လွတ်မြောက်လာရခြင်း အကြောင်းကိုမေးတဲ့အခါ ဘုရားလောင်းက “ညီတော် စိတ္တသည် နားချမ်းသာသော နှလုံး၌၀င်သော နှလုံးကိုမှီသော စကားကို ဆိုသည်ဖြစ်၍ ကောင်းစွာ ဆိုအပ်ကုန်သောစကားတို့ဖြင့် ကျွန်ုပ်ကိုလွတ်စေပြီ။” “နှမတော်သုတနာသည် နားချမ်းသာသော နှလုံး၌၀င်သော နှလုံးကိုမှီသောစကားကို ဆိုသည်ဖြစ်၍ ကောင်းစွာဆိုအပ်ကုန်သောစကားတို့ဖြင့် ကျွန်ုပ်ကိုကျော့ကွင်းမှလွတ်စေ၏။” “နားချမ်းသာသော နှလုံး၌၀င်သော နှလုံးကိုမှီသော စကားကို ကြား၍ မုဆိုးသည် ကျွန်ုပ်ကိုလွှတ်ပေ၏။”

● မိဘဆုတောင်း ဝမ်းမြောက်ကြောင်း
ညီတော်နှမတော်နဲ့ မုဆိုး၏ကျေးဇူးကြောင့် ကျော့ကွင်းမှလွတ်လာသော သားတော်သမင် မင်းကိုမြင်ရတဲ့အခါ မိဘနှစ်ပါးကမုဆိုးအတွက် ဆုတောင်းပေးကြရှာပါတယ်။ “ငါတို့သည် ကျော့ကွင်း မှလွတ်၍ ငါတို့ထံပြန်လည်ရောက်ရှိလာသော ငါတို့သားတော်ရောဟဏ သမင်မင်းကို မြင်၍ ယခုအခါ ၀မ်းမြောက်ဝမ်းသာ ဖြစ်ကြကုန်သကဲ့သို့၊ ဤအတူ မုဆိုးသည် သားမယားတို့နှင့် အတူတကွ အလွန်ဝမ်းမြောက်သည် ဖြစ်ပါစေသတည်း။”

● မင်းတရားယုံကြည်ခဲ့ရသော အကျဉ်းသားဂုဏ်ရည်များ
သမင်မုဆိုးဟာ သမင်မပါဘဲ လက်ချည်းသက်သက် နန်းတော်သို့ပြန်ရောက်တဲ့အခါ ဗြဟ္မဒတ် မင်းရဲ့ ငြိုငြင်မှုကိုခံရပါတယ်။ ဗြဟ္မဒတ်မင်းကြီး တာဝန်ပေးတုန်းက မုဆိုးမှာအာမခံချက် ရှိခဲ့ပါတယ်။ သမင်ကိုအရှင်ဖမ်းခဲ့ပါမယ်။ မရရင်သမင်ရေကို ယူခဲ့ပါမယ်။ မရရင်သမင်မွှေးတို့ကိုယူခဲ့ပါမယ်ဆိုတဲ့ အာမခံချက်ပါတယ်။ ဒီအာမခံချက်အရ သမင်ရေကိုမယူခဲ့ရကောင်းလားဆိုပြီး မင်းကငြူစူတာပါ။ မုဆိုးဟာ ဗြဟ္မဒတ်မင်းကို ရဲရဲရင့်ရင့် ရင်ဆိုင်လိုက်ပါတယ်။

“မြတ်သောမင်းကြီး ထိုရွှေသမင်သည် အကျွန်ုပ်လက်တွင်းသို့လည်းရောက်ပြီ၊ စဉ်းလဲသောကျော့ကွင်းသို့လည်းရောက်ပြီ၊ ရွှေသမင်ကိုလျှင် ဖွဲ့မိ၏၊ ထိုဖွဲ့မိသောရွှေသမင်ကိုလျှင် လွတ်သောသမင်နှစ်စီးတို့သည် ကပ်၍တည်ကုန်၏။” “အကျွန်ုပ် သည် ဤရွှေသမင်ကို သတ်ချေသော်လျှင် တစ်နေ့အသက်ကိုစွန့်ရအံ့၊ ဤသို့ အကျွန်ုပ်အား ထိတ်လန့် ခြင်းသည်ဖြစ်၏။ မဖြစ်ဘူးသော ကြက်သီးမွေးညှင်း ထခြင်းသည်ဖြစ်၏။”

ဒီအခါ မင်းကြီးက “အမောင်မုဆိုး- ထိုသမင်တို့သည် အဘယ်သို့သဘောရှိကုန်သနည်း။ ထိုသမင်တို့သည် အဘယ်သို့ တရားစောင့်ကုန်သနည်း။ အဘယ်သို့အဆင်းရှိကုန်သနည်း။ အဘယ်သို့သီလရှိကုန်သနည်း။ သင်သည် ထိုသမင်တို့အား ပြင်းပြစွာချီးမွမ်းလွန်း၏။”ဟူ၍ မေးမြန်းလိုက်ပါတယ်။ ဗြဟ္မဒတ်မင်းဟာ သိချင်ဇောနဲ့ ဒီစကားကို ထပ်ခါတလဲလဲ တအံ့တသြနဲ့မေးမြန်းတာပါ။ မုဆိုးက ဖြေပါတယ်။

“မြတ်သောမင်းကြီး- ထိုရွှေသမင်တို့သည် ငွေပန်းဆိုင်းနှင့်တူသော ဖြူသောဦးချိုရှိကုန်၏။ စာမရီသားမြီးကဲ့သို့ စင်ကြယ်သော အမြီးရှိကုန်၏။ ရွှေအဆင်းနှင့်တူသော အရေရှိကုန်၏။ ထိုသမင်တို့၏ ခွာတို့သည် ခြင်းခြင်းနီသောချိတ်ရည် အဆင်းနှင့်တူကုန်၏။ ငါးပါးသောကြည်လင် ခြင်းနှင့် ပြည့်စုံသောမျက်စိ ရှိကုန်၏။ နှလုံးမွေ့လျော်ဖွယ် တင့်တယ်ကုန်၏။”  မျက်စိထဲမှာ ပုံဖေါ်ပြီး ကြည့်လို့ရပါတယ်။

သမင်ရဲ့ဦးချိုအခက်အခွတွေဟာ ငွေရောင်တွေဖြစ်နေလို့ ခေါင်းပေါ်မှာ ငွေပန်း ဆိုင်ကြီးတင်ထားသလိုပါပဲ။ အမြီးကို အသက်နဲ့လဲပြီး စောင့်ရှောက် တတ်တဲ့ စာမရီသား ကောင်းရဲ့ အမြီးလို ရွှေသမင်ရဲ့အမြီးဟာလည်း ဖြောင့်စင်းရှည်လျားပြီး သန့်ရှင်းလှပနေ ပါတယ်။ မျက်စိဟာလည်း အင်မတန်ကြည်လင်ဝင်းလက်လို့နေပါတယ်။ အရေပြားဟာ ရွှေရောင်အဆင်း ရှိပါတယ်။ သမင်မွှေးတွေဟာလည်း ရွှေရောင်အဆင်းရှိပါတယ်။ အင်မတန်ကြည့်လို့ကောင်းတဲ့ တင့်တယ်လှပတဲ့ ရွှေသမင်ဖြစ်ပါတယ်။

● မင်းတရားအတွက် ဓမ္မလက်ဆောင်
အဲ့ဒီနောက် မုဆိုးဟာ ရွှေရောင်သမင်းမွှေးတွေကို မင်းကြီးလက်မှာအပ်လိုက်ပြီး ရွှေသမင်ရဲ့ ဂုဏ်ကျေးဇူးကို ဆက်လက်လျှောက်ထားပြီး ဒီလိုတရားစောင့်တဲ့ မိဘကိုလုပ်ကျွေးမွေးမြူနေတဲ့ ရွှေ သမင်ကို မင်းကြီးအနေနဲ့ နန်းတော်သို့ မယူဆောင်ထိုက်ကြောင်း ရဲရဲဝံ့ဝံ့တင်ပြလျှောက်ထားလိုက် ပါတယ်။

ဆက်လက်ပြီး မုဆိုးက ရွှေသမင်မောင်နှမ သုံးကောင်းလုံးရဲ့ ဂုဏ်ကျေးဇူးကို ပေါ်လွင်အောင် တင်ပြလျှောက်ထားပြီး ရွှေသမင်မင်းက သူ၏ကိုယ်ပွား သမင်းမွှေးတို့ကိုပေးပြီး  သူ၏ကိုယ်စား မင်းကျင့်တရား ဆယ်ပါးကိုဟောပြဖို့ သင်ပြပေးလိုက်တဲ့အကြောင်း ပြောပြတဲ့အခါ မင်းကြီးက မုဆိုး ကို ရာဇပလ္လင်ပေါ်ပင့်ပြီး တရားဟောစေပါတယ်၊ မင်းမိဘုရားနှစ်ပါးလုံးက မုဆိုးဟောတဲ့ မင်းကျင့် တရားများကို ရိုရိုသေသေကြားနာပါတယ်။ မုဆိုးကလည်း ရွှေသမင်မင်း ပို့ချလိုက်တဲ့အတိုင်း ဓမ္မ ကထိကဟန်ပန်နဲ့ တရားဟောပါတယ်။

● မုဆိုးဟောကြား မင်းကျင့်တရား
ဓမ္မဉ္စရ မဟာရာဇ၊  မာတာပိတူသု ခတ္တိယ။
ဣဓ  ဓမ္မံစရိတွာန၊ ရာဇာ သဂ္ဂံ ဂမိဿတိ။

ရေမြေကိုအစိုးရသော မြတ်သောမင်းကြီး  အမိအဖတို့၌ ကျင့်ဝတ်တရားငါးပါးကို ကျင့်တော် မူလော့၊ ဤလူ့ပြည်၌ ကျင့်ဝတ်တရားငါးပါးကို ကျင့်သည်ရှိသော်၊ နတ်ပြည်သို့ သွားရလတ္တံ့။

မြတ်သောမင်းကြီး သားမယားတို့၌ ကျင့်ဝတ်တရားငါးပါးကို ကျင့်တော်မူလော့၊ ဤလူ့ပြည်၌ ကျင့်ဝတ်တရားငါးပါးကို ကျင့်၍ နတ်ပြည်သို့သွားရလတ္တံ့။

မြတ်သောမင်းကြီး ချစ်သောအဆွေခင်ပွန်းတို့၌ ကျင့်ဝတ်တရားငါးပါးကို ကျင့်တော်မူလော့၊ ဤလူ့ပြည်၌ ကျင့်ဝတ်တရားငါးပါးကို ကျင့်၍ နတ်ပြည်သို့သွားရလတ္တံ့။

မြတ်သောမင်းကြီး ဆင်မြင်းအစရှိသော ယာဉ်တို့၌၄င်း၊ ဗိုလ်ပါတို့၌၄င်း ကျင့်ဝတ်တရား ငါးပါးကို ကျင့်တော်မူလော့၊ ဤလူ့ပြည်၌ ကျင့်ဝတ်တရားငါးပါးကို ကျင့်၍ နတ်ပြည်သို့သွားရလတ္တံ့။

မြတ်သောမင်းကြီး ရွာတို့၌၄င်း၊ နိဂုံးတို့၌၄င်း ကျင့်ဝတ်တရားငါးပါးတို့ကို ကျင့်တော်မူလော့၊ ဤလူ့ပြည်၌ ကျင့်ဝတ်တရားငါးပါးကို ကျင့်၍ နတ်ပြည်သို့သွားရလတ္တံ့။

မြတ်သောမင်းကြီး ပြည်တိုင်းကားတို့၌၄င်း၊ ဇနပုဒ်တို့၌၄င်း ကျင့်ဝတ်တရားငါးပါးတို့ကို ကျင့် တော်မူလော့၊ ဤလူ့ပြည်၌ ကျင့်ဝတ်တရားငါးကို ကျင့်၍ နတ်ပြည်သို့သွားရလတ္တံ့။

မြတ်သောမင်းကြီး ရဟန်း၌၄င်း၊ ပုဏ္ဏားတို့၌၄င်း ပစ္စည်းလေးပါးလှူခြင်းဟူသော အကျင့်ကို ကျင့်တော်မူလော့၊ ဤလူ့ပြည်၌ ပစ္စည်းလေးပါးလှူခြင်းတည်းဟူသော အကျင့်ကိုကျင့်၍ မင်းသည် နတ်ပြည်သို့သွားရလတ္တံ့။

မြတ်သောမင်းကြီး သားငှက်တို့၌ ဘေးမဲ့ပေးခြင်းတည်းဟူသော တရားကိုကျင့်တော်မူလော့၊ ဤလူ့ပြည်၌ ဘေးမဲ့ပေးခြင်းတည်းဟူသော တရားကိုကျင့်၍ မင်းသည် နတ်ပြည်သို့သွားရလတ္တံ့။

မြတ်သောမင်းကြီး တရားကိုကျင့်တောမူလော့၊ ကောင်းစွာကျင့်အပ်သော တရားသည် လူ နတ်နိဗ္ဗာန် သုံးတန်သောချမ်းသာကို ရွက်ဆောင်တတ်၏၊ ဤလူ့ရွာ၌ တရားကိုကျင့်၍ မင်းသည် နတ်ပြည်သို့သွားရလတ္တံ့။

မြတ်သောမင်းကြီး တရားကိုကျင့်တော်မူလော့၊ ဗြဟ္မာနှင့်တကွသော သိကြားနတ်တို့သည် ကောင်းသောအကျင့်ဖြင့် နတ်ပြည်၊ ဗြဟ္မာ့ပြည်သို့ရောက်ကုန်၏။ မင်းမြတ် မင်းကျင့်ဝတ်ဆယ်ပါးကို မမေ့မလျော့ပါနှင့်။

မုဆိုးဟာ ဘုရားလောင်းဟောတော်မူတဲ့ နည်းအတိုင်း ကောင်းကင် မြစ်ကြီးကို စီးသလို၊ (မိုးကြီးရွာချလိုက်သလို) တရားဟောတော်မူပါတယ်။ တရားနာမင်းပရိသက်တို့ဟာ တစ်ခဲနက် ကောင်းချီးသြဘာပေးကြ၊ သာဓုခေါ်ကြ အနုမောဒနာပြုကြပါတယ်။ တရားနာလိုက်ရပြီဖြစ်လို့ မိဘုရား ကြီးမှာလဲ အိပ်မက်တွေ အကောင်အထည်ပေါ်သွားခဲ့ပါတယ်။ အိပ်မက်တွေရုပ်လုံးပေါ် သွားခဲ့ပါတယ်။ ချင်ခြင်းတွေပြေငြိမ်းသွားခဲ့ပါတယ်။

မုဆိုးဟောတဲ့ သမင်မင်းရဲ့ မင်းကျင့်တရားကို အနှစ်ချုပ်ကြည့်ရင်- မိဘနှစ်ပါးအပေါ် တာဝန် ကျေရမယ်။ သားမယားအပေါ်တာဝန်ကျေရမယ်။ မိတ်ဆွေခင်ပွန်းတို့အပေါ်တာဝန်ကျေရမယ်။ ဆင်မြင်းဗိုလ်ပါတို့အပေါ် တာဝန်ကျေရမယ်။ ရွာနိဂုံးတို့အပေါ် တိုင်းခရိုင်တို့အပေါ်- တာဝန်ကျေ ရမယ်။ အလှူခံရဟန်း ပုဏ္ဏားတို့အား ပစ္စည်းလေးပါးဖြင့် ထောက်ပံ့လှူဒါန်းရမယ်။ သားငှက်တို့ကို ဘေးမဲ့ပေးရမယ်။ တရားကျင့်ရမယ်။ ဖြစ်ပါတယ်။

သက်ဦးဆံပိုင်ခေတ် ပဒေသရာဇ် ဧကရာဇ်ခေတ်ဆိုတော့လည်း မင်းတရားကျင့်မှ မင်းတရား မကျင့်ရင် တိုင်းပြည်ဟာ မီးလိုပူမှာဖြစ်လို့ မင်းကျင့်တရားကိုပဲ အဓိကထား ဟောတော်မူတာပါ။ တိုင်းပြည်ရဲ့ကံကြမ္မာဟာ မင်းတစ်ယောက်တည်းအပေါ်မှာ  မှီနေတည်နေ မူတည်နေလို့ မင်းကို အဓိကထားပြီး ဟောကြားတာပါ။ ခုခေတ်မှာတော့ ဒီမိုကရေစီနိုင်ငံ တော်တော်များများမှာ သမ္မတဦး ဆောင်သည်ဖြစ်စေ၊ ၀န်ကြီးချုပ်ဦးဆောင်သည် ဖြစ်စေ၊ လွှတ်တော်အဆင့်ဆင့်က သဘောတူမှ လုပ်ဆောင်ရတာဖြစ်လို့ မင်းကျင့်တရားကို အထူးတလည် ဟောကြားစရာ မလိုတော့ပါဘူး။ အတိုက် အခံကြောက်လို့ မီဒီယာကိုကြောက်လို့ ငါတကောလည်း မကောရဲကြပါဘူး ။

ဒီကြားထဲမှာ လူထုက မထင်ရင် မထင်သလို ရင်ဖွင့်ခွင့် ထုတ်ဖော်ခွင့် ဟစ်အော်ခွင့် စီတန်းဆန္ဒပြခွင့် ရှိတာဆိုတော့ သမ္မတ တွေ ၀န်ကြီးချုပ်တွေဟာ တရားမဲ့အလုပ်တွေကို အရမ်းကာရော မလုပ်ရဲကြ ရှာပါဘူး။ နောက်ပြီး သမ္မတဖြစ်လျက် ဥပဒေအရာရှိချုပ်ထံမှာ အစစ်ဆေးခံရတာဟာလဲ ရှက်စရာ ဂုဏ်သိက္ခာ ညှိုးနွမ်း စရာဖြစ်လို့  လာဘ်စားတာ- မတရားတာတွေလဲ မရှိသလောက်ကိုရှားနေပါပြီ။ အမေရိကန်သမ္မတ ကလင်တန် လူကြီးလူကောင်းမဆန်လို့ မော်နီတာလူဝင်စကီးနဲ့ စွပ်စွဲခံရတာ တရားရင်ဆိုင်ရတာ၊ တောင်ကိုးရီးယားသမ္မတ နိုတေဟူးလာဘ်စားမှုနဲ့ အမှုရင်ဆိုင်နေရတာ၊ ထိုင်းဝန်ကြီးချုပ်သက်ဆင် ရာထူးကဆင်းပေးရတာတွေဟာ ခုခေတ်ခုအခါမှာ မင်းတွေထင်ရာလုပ်လို့ မရတဲ့ ပြယုဂ်ပေါ့။

အဲ့ဒိ ဒီမိုကရေစီနိုင်ငံတော်တွေက ပြည်သူလူထုတွေဟာ အတော့်ကို  ကံကောင်း ကြတာပဲနော်။ ဘုန်းဘုန်း ဖြင့် အားကျလိုက်တာ လွန်ပါရောပဲ။

ဝီရသူ (မစိုးရိမ်)
နိုဝင်ဘာ ၁၉၊ ၂၀၁၂

Thursday, November 22, 2012

လမ်းမှန် ကမ်းမှန်

လမ်းမှန် ကမ်းမှန်


အထက်ပါခေါင်းစီးသည် လောက၀န်းကျင်တွင် ပြောနေကျဆိုရိုးလေးတစ်ခွန်းဖြစ်သည်။ နည်းမှန်လမ်းမှန်၊ လမ်းမှန်ကမ်းမှန်ဆိုသော စကားများဖြစ်သည်။ ပထမစကားတစ်ခွန်းသည် နည်းမှန်မှ လမ်းမှန်သို့ရောက်မည်ဖြစ်ပြီး၊ နောက်စကားတစ်ခွန်းကတော့ လမ်းမှန်မှ ကမ်းမှန် သို့ရောက်ရှိလိမ့်မည်ဟူသော အဓိပ္ပါယ်ရသည်။

လမ်းဟူသည် ပါဠိပုဒ်အရဆိုလျှင် မဂ္ဂ၊ မြန်မာလို လမ်း၊ လမ်းဟူသည် မိမိအပေါ်၌ သွားလာ နေသူတွေကို လိုရာခရီးရောက်အောင် ပို့ဆောင်ပေးတတ်သော သဘောရှိသည်။ ထို့ကြောင့် လမ်းကောင်းမှ ကားကောင်းဝင်မည်၊ အလျင်လို လမ်းအိုလိုက်စသည်ဖြင့် လမ်းနှင့်စပ်ပြီး ပြောဆိုကြသည်။

လမ်းကောင်းတော့ သွားရလာရလွယ်ကူသည် သက်သာသည်၊ ခရီးတွင်သည်၊ လမ်းဟု ဆိုလိုက်လျှင် မည်သည့်လမ်းမဆို ကောင်းဖို့တော့လိုသည်။ လှည်းလမ်းလည်း ကောင်းဖို့ လိုသည် ကားလမ်းလည်းကောင်းဖို့လိုသည်၊ ရထားလမ်းလည်း ကောင်းဖို့လိုသည်၊ လူသွား လမ်းလည်း ကောင်းဖို့လိုသည်၊ ထိုသို့သွားရာ၌ သက်သောင့်သက်သာ ရှိဖို့နဲ့ လမ်းမှန် ဖြစ်ဖို့ကတော့ တော်တော်ကိုအရေးကြီးသည်။ လမ်းကောင်းဖို့လည်းလိုသည်၊ လမ်းညံ့လို့မဖြစ်၊ လမ်းမှန်ဖို့လိုသည်၊ လမ်းလွဲလို့မဖြစ် လမ်းမှားလို့တော့မဖြစ်၊


လမ်းမှန်မှသာ ကမ်းမှန်မည်၊ လမ်းမမှန်လျှင်တော့ ကမ်းလည်းမှန်လိမ့်မည်မဟုတ်တော့ပေ၊ ကမ်းဟူသည် ဆိုက်ကပ်ရာ၊ ဆိုက်ရောက်ရာအရပ်ဖြစ်သည် ၊ မှန်သောလမ်းက သွားမှာသာ မှန်သောကမ်းကိုရောက်မည်၊ မိမိတို့ ယခုဘယ်နေရာရောက်နေသလဲ၊ ကြည့်လိုက်၊ မိမိတို့ ရောက်နေသည့် ရနေသည့်နေရာသည် ကောင်းသလား၊ ဆိုးသလား၊ မှန်သလား၊ မှားသလား၊ ဖြစ်သင့်တဲ့အရာလား၊ မဖြစ်သင့်တဲ့အရာလား သတိထားကြည့်၊ ကောင်းသည်မှန်သည်၊ ဖြစ်သင့်သည်ဟုယူဆထားလျှင် မိမိလျှောက်ခဲ့သောလမ်း၊ လျှောက်နေသောလမ်းသည် ၊ ကောင်းသည်၊ မှန်သည် ဖြစ်သင့်သည်ဟု ယုံကြည်လိုက်ပါ။

လမ်းသည် အဇ္ဈတ္တလမ်းခေါ် မိမိတို့ စိတ်ထဲကနေ ဖောက်လုပ်ကာ လျှောက်နေသည့် လမ်းနှင့် ဗဟိဒ္ဓလမ်းခေါ် အပြင်မှာမြင်တွေ့နေရသည့်လမ်းဟူ၍ နှစ်မျိုးနှစ်စားသိနိုင်သည်။ မိမိတို့ စိတ်သည် အိပ်ချိန်မှအပ ကျန်အချိန်တွေမှာဆို တွေးတော ကြံဆနေကြသည်၊ နှုတ်ကလည်း ပြောဆိုနေကြသည်၊ လက်ကလည်း လုပ်ကိုင်နေသည်၊ ထိုသို့ မနောကံ ၀စီကံ ကာယကံတွေ အချိန်ပြည့်ဖြစ်နေသည်၊ ထိုကံသုံးပါးသည် လမ်းဖောက်နေခြင်း၊ လမ်းထွင်နေခြင်းဖြစ်သည်။

လူတိုင်းကတော့ ကိုယ့်လမ်းကို ဖောက်လုပ်နေကြသည်၊ ထိုလမ်းသည်လည်း လမ်းကောင်းမှ ကမ်းကောင်းမည်ဟုတွေးထားရမည်ဖြစ်သည်။ လမ်းမှန်မှ ကမ်းမှန်မည်ဟုသိထားရမည်၊ ကိုယ့်လမ်းကိုဖောက်တော့ ကိုယ့်စခန်းကိုယ်ရောက်ကြမည်မှာ အမှန်ပင်ဖြစ်သည်၊ အရေးကြီး သည့်အချက်က ကိုယ်ဖောက်သည့်လမ်းနှင့် ကိုယ်လျှောက်သည့်လမ်းကို မှန်မှန်ကန်ကန်သိဖို့ လျှောက်ခဲ့သည့်လမ်းမှာလည်း မှန်ကန်နေခဲ့ဖို့လိုသည်။


ဗုဒ္ဓဘာသာဝင်တို့သည် ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါမှတပါး ကိုးကွယ်ရာမရှိ၊ ကိုးကွယ်အခြားမှာမရှာကောင်း၊ အခြားသော နတ်စသည် ပုဂ္ဂိုလ်ထူးများစသည်တို့ကို ပူဇော် ကောင်း၏၊ ပသကောင်းသည်၊ အားကိုးချင်သပဆိုလျှင်လည်း အားကိုးလို့ရသည်၊ သို့သော် မကိုးကွယ်ကောင်း၊ အထွက်အမြတ်မထားကောင်း၊ အထွက်အမြတ်ထားခဲ့လျှင်၊ ကိုးကွယ်ခဲ့ လျှင် အဲဒီကစပြီး မိမိလျှောက်နေသည့် လမ်းကားမှားပြီ၊ လမ်းလွဲသွားလေပြီ၊


သရဏဂုံအစ အရဟတ္တဖိုလ်အကျ ဗုဒ္ဓလမ်းစဉ်ဆုံး၊ ဗုဒ္ဓလမ်းစဉ်လျှောက်နေလျှင် လူတွင် အမြတ်ဆုံးဟု ရှေးဆရာမြတ်တို့ဆိုခဲ့၊ မှာခဲ့ကြသည်။ဗုဒ္ဓလမ်းစဉ်သည် ဗုဒ္ဓံသရဏံ ဂစ္ဆာမိ၊ ဓမ္မံသရဏံ ဂစ္ဆာမိ၊ သံဃံသရဏံ ဂစ္ဆာမိ ဟူသော သရဏဂုံသုံးပါကစ၍ အရဟတ္တဖိုလ် တွင်ဆုံးသည်၊ ဗုဒ္ဓချမှတ်တော်မူခဲ့သော လမ်းစဉ်တွင် လျှောက်နေသူသည် အမြတ်ဆုံးလူသား လမ်းမှန်မှသည် ကမ်းမှန်သို့ရောက်သွားမည်သာ။


မြတ်ဗုဒ္ဓသည် ထီးနန်းကိုစွန့်ကာ ကမ်းမှန်ရောက်ရန် လျှောက်လှမ်းခဲ့စဉ်က အစာ အငတ်ခံ ၍လည်း ကျင့်ကြည့်သည်၊ အစွန်းထွက်နေ၏။ လမ်းလွဲနေသည်။ လမ်းမှားနေ၏။ ထို့ကြောင့် ဇိမ်ခံရာလည်းမရောက်၊ အငတ်ခံရာလည်းမရောက်၊ အလယ်အလတ်၊ မျှမျှတတ၊ မဇ္ဈိမပဋိပဒါ ကျကျ လျှောက်လိုက်မှ လမ်းမှန်သို့ရောက်ရှိသွားသည် စခန်းမှန်ပေါက်ကာ ဘုရားအဖြစ်သို့ ရောက်ရှိတော်မူခဲ့သည်။


ဗုဒ္ဓ၏ ထိုမဇ္ဈိမပဋိပဒါလမ်းစဉ်သည် နေရာတိုင်း၊ ကိစ္စတိုင်းမှာ အသုံးဝင်၏၊ နေရာတိုင်း၊ ကိစ္စတိုင်းမှာလည်း မဇ္ဈိမပဋိပဒါကျကျ ကျင့်သုံးမှသာလျှင် အောင်မြင်နိုင်၏၊ ကမ်းမှန်နိုင်သည်။ လောကုတ္တရာလမ်းစဉ်သည် မဂ္ဂင်ရှစ်ပါးလမ်းစဉ်နှင့်ညီရမည်၊ လောကီလမ်းစဉ်သည်လည်း ထိုရှစ်ပါးနှင့်ညီရမည်သာ၊ လောကုတ္တရာလမ်းမှလျှောက်လျှင် နိဗ္ဗာန်တည်းဟူသော ကမ်းမှန် သို့ရောက်မည်၊ လောကီနိဗ္ဗာန်ကိုလည်း ထိုလမ်းပေါ်မှလျှောက်မှရမည်၊ နေရာအသီးသီးမှာ လမ်းဆုံ၊ လမ်းမ လမ်းလေးခွဟူသော လမ်းဆုံများကို တွေ့မြင်နိုင်သည်။


လူ့ဘုံဘ၀သည်လည်း သုံးဆယ့်တစ်ဘုံတည်းဟူသော လမ်းဆုံလမ်းခွဖြစ်သည်၊ အထက်သို့ တတ်ချင်သလား၊ အောက်အ၀ီစိကို ဆင်းချင်သလား၊ သွားလိုရာသွားလို့ရသည်၊ မိမိတို့သည် ဘယ်လမ်းကိုဖောက်မလဲ၊ လယ်လမ်းကိုလျှောက်ပြီး ကမ်းအမှန်ကိုရောက်မလဲဆိုတာ မိမိ အပေါ်မှာပဲ မူတည်နေသည်။ စိတ်စေတနာကောင်းဖြင့် လမ်းဖောက်လျှင် အထက်ကို တက်သွားမည်၊ အမြင့်ကိုရောက်သွားမည်မှာ သေချာသည်၊ စေတနာမပါ၊ စိတ်ကောင်းမရှိ၊ သစ္စာ မေတ္တာ နတ္ထိဆိုလျှင်တော့ အောက်ရောက်မည်မှာ သေချာသည်။ ယခုဘ၀အချိန်၊ ယခုလက်ရှိအနေအထားသည်ကား လမ်းဆုံးလမ်းခွဖြစ်ပါသည်၊ ကြိုက်ရာလမ်းကို ရွေးချယ်ပြီး လျှောက်သွားရုံသာ၊ သို့ပေမယ့် မိမိလျှောက်သည့် လမ်းသည် လမ်းမှန်ဖြစ်မှသာ မိမိလိုသည့် ကမ်းသည်လည်း မှန်မည်မှာဖြစ်သည်။



ကိုရင်လေး

Wednesday, November 21, 2012

ကိုယ်ချင်းစာ 'နာ' ခဲ့ရပါသည်


ကိုယ်ချင်းစာ 'နာ' ခဲ့ရပါသည်

(၁)
ဝန်ထမ်းလစာတွေနည်းသည်။ အခြေခံဝန်ထမ်းများ၏ လစာတွေ နည်းသည်။ ဆရာများ၏ လစာနည်းသည်။ မူလတန်းဆရာများ၏ လစာအင်မတန်နည်းသည်။ နိုင်ငံတစ်ခုတည်ဆောက်ဖို့ ပညာရေးသည် အင်မတန်အရေးကြီး သည်။ဒီအတွက် ဆရာကောင်းများလိုသည်။ဆရာကောင်းတွေ ကျောင်းတွေမှာမရှိသလောက် နည်းကုန်ပါပြီ။ကျောင်းတွေမှာ အမျိုးသားဆရာတွေကုန်ပါပြီ။ အမျိုးသားဆရာသည် အိမ်ထောင်ဦးစီးဖြစ်သည်။ဆရာများသည် အိမ်ထောင်ဦး စီးရန် လုံလောက်သောလစာမရ၍ အများစုသည် အလုပ်ထွက်ကုန်ကြသည်။

ဥပဒေသ။ လစာကို ငှက်ပျောသီးပဲပေးရင်တော့ အလုပ်လုပ်ဖို့အတွက် မျောက်တွေကိုသာရမည်။

(၂)
မကြာသေးမီက သတင်းကောင်း များကိုကြားနေရသည်။ဆရာ၊ ဆရာမတွေ လခတိုးမယ်တဲ့။ ဘယ်လောက်တိုးမှာလဲ။မူလတန်းပြဆရာမလစာသည် အထက်တန်းပြဆရာမလစာနှင့် တူတဲ့အထိ တိုးမည်တဲ့။နောက်ဆရာ၊ ဆရာမတွေကို Laptop computer  တွေကို အခမဲ့ပေးမတဲ့။ အင်မတန်ကောင်းသော သတင်းဖြစ်သည်။ ထိုင်းနိုင်ငံတွင် ကျောင်းသားတွေကို Laptop computer တွေကို အခမဲ့ပေးသည်။ ဂိတ်ပေါက်ဝကိုတော့ ရောက်လာပါပြီ။

ဥပဒေသ။ စောစောလာလာ နောက်ကျလာလာ လာဖို့သာ အရေးကြီးသည်။

(၃)
ပြောရဦးမည်။ ကိုကျော်မြင့်တို့မောင်နှမ။ ကိုကျော်မြင့်အစ်မ မူမူမြင့်က စာတော်သည်။ရှစ်တန်းအောင်တော့ မူလတန်းဆရာမ ဖြစ်သွားသည်။ ကိုကျော်မြင့်ကတော့ ရှစ်တန်းကျသည်။ နှစ်နှစ်လောက်ကျတော့ အဖေက သူ့ကို ''မင်းရုံးမှာ ပြာတာ လုပ်ကွာ'' ဟုပြောသည်။ ၉၇ ကျပ်ရသည်။ လယ်လုပ်ရတဲ့ သူထက်တော့သာပါသည်။ပြာတာအလုပ်ဆိုသည်မှာ မဆိုးလှပါ။ ရုံးကိုလာသူတွေက လက်ဖက်ရည်တိုက်သည်။ စာရေးတွေကလည်း မုန့်ကျွေးသည်။တောကလာသူများ အသီးအနှံတွေကို ယူလာပေးသည်။

ဒီလိုနဲ့ သူအဆင်ပြေနေသည်။ အဖေက မင်းကိုးတန်းဖြေပါလားတဲ့။ ထိုအချိန်က ခုနစ်တန်းအောင်ထားလျင် အစိုးရစစ်သည့် ကိုးတန်းစာမေးပွဲဖြေလို့ရသည်။ ပြင်ပဖြေပေါ့။ကျောင်းထွက်လက်မှတ်ရ စာမေးပွဲဟုခေါ်သည်။အစ်မဖြစ်သူ မူမူမြင့်နှင့်အတူ သူစာကျက်ကာဖြေသည်။ ဒီလိုနှင့် သူရောမူမူမြင့်ပါ SLC စာမေးပွဲ အောင်သွားသည်။
သူက စာရေးရာထူး တက်သွားသည်။ မူမူမြင့်က မူလတန်းဆရာမ။
ကျော်မြင့် စာရေးကြီးဖြစ်သွားသည်။မူမူမြင့်က မူလတန်းဆရာမ။
ကျော်မြင့်ရုံးအုပ်ကြီး ဖြစ်သွားသည်။မူမူမြင့်က မူလတန်းဆရာမ။
ဒီလိုနဲ့ ပင်စင်ယူလိုက်ရသည်။ မူမူမြင့်ပင်စင်ယူသွားသည်။ ကိုကျော်မြင့်က မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွင် ပါဝင်လာသည်။ လာဘ်လာဘ ပိုရွှင်လာသည်။ ကောင်း၏။

ဥပဒေသ။ အပြောင်းအလဲဆိုတာ ဆရာ၊ ဆရာမတွေအတွက် မရှိတတ်ပါ။

(၄)
ကျွန်တော်တို့ငယ်ငယ်က မူလ တန်းပြဆရာမတွေကို ကျွန်တော်သတိထားမိသည်။ သူတို့တပည့်တွေ စစ်ဗိုလ်ကြီးတွေအင်ဂျင်နီယာကြီးတွေ အရာရှိကြီးဖြစ်သွားကြသည်။သူတို့တော့ ဒီအတိုင်းဒီအတိုင်းပါပဲ။သူတို့ဘ၀သည် ဓားသွေးကျောက်လိုပါပဲ။ ဓားများထက်သွားသည်။ ဓားသွေးကျောက်ကတော့ တုံးကျန်ရစ်သည်။ တဖြည်းဖြည်းပါးသွားသည်။ နောက်တော့ သူတို့ မူလတန်းဆရာဖြင့် ပင်စင်ယူသည်။ သူတို့၏ ပင်စင်လစာသည် လက်ဖက်ရည်တစ်ခွက်ဖိုး ဖြစ်လာချိန်တွင် သူတို့ဘ၀ကို စဉ်းစားကြည့်ပါ။ ကွယ်လွန်သွားသည်အထိ သူတို့ဘယ်လို ရုန်းကန်သွားကြပါသလဲ။ ယနေ့ဝန်ထမ်းတွေ ပင်စင်လစာတိုးသည်။ဝမ်းသာစရာပါပဲ။

ဥပဒေသ။ ကောင်းပါသည်။ ကျောက်ခဲရေပေါ်သည်ဟု ပြောစမှတ်ပြုသည်။

(၅)
လစာငွေတွေကိုSmart card ဖြင့်ထုတ်ရမည်တဲ့။ ''ဓာတ်ဆီထုတ်သည့် Smart card သည် ကျပ် ၅၀၀ ပေးရသော် လည်း သူတို့၏ Smart Card သည် ၃၀၀၀ ပေးရမည်တဲ့။ (ပေးရပါသည်။)ထို Smart card တွေက ဘာတွေများ အသုံးကျသနည်း။ AMT ကတ်လို ဘဏ်တွေက စက်တွေမှာ ငွေထုတ်ရသည် မဟုတ်ပါ။ငွေရှိလျှင် ဘဏ်တိုင်းမှာ Smart card ကို အသာထိုးထုတ်လိုက်ရုံဖြင့် ငွေရနိုင်လျင် ဆရာများသည် Smart card ဖြင့် စမတ်ကျကျထုတ်နိုင်သည်။ ယခုတော့ ဒီ Smart card သည် ဆရာများ ပင်စင်စားများအတွက် ဘယ်လောက်မှ အသုံးမ၀င်သည်ကို သိသာထင်ရှားစွာ သက်သေပြနိုင်ပါသည်။ ပင်စင်စားနှစ်သိန်းအတွက် Smart card လုပ်(စား)သူ (Cronies)  များသည် ကျပ်သိန်းခြောက်ထောင် အသာလေးရသွားလေသည်။

အကယ်၍ ပင်စင်စားနှစ်သန်းရှိပါက သူတို့ကျပ်သိန်းနှစ်သောင်းကို ရသွားပေမည်။ ကျွန်တော်သိချင်တာတွေ အများကြီးပါ။အဆိုပါ Smart card ကို ဘယ်ကရသလဲ။နိုင်ငံခြားကရလျှင် နိုင်ငံခြားက၀ယ်ရသည်။ဘယ်လောက် ကျလဲ။ ဒီမှာ Software တွေရေးရတာ ဘယ်လောက်ကျလဲ။ ကျွန်တော်တို့ဆီမှာမရှိလို့ သူတို့ဆီက၀ယ်ရတာ ကောင်းပါသည်။သို့သော် လိုအပ်လျင်တော့ ကောင်းပါသည်။ ဓာတ်ဆီ Smart card သည် ဓာတ်ဆီဆိုင်က မသမာလုပ်သောကြောင့် ဖြစ်လာသည်။ သူတို့နှင့်အတူ စားသုံးသူအချို့ပေါင်းလုပ်သည်။ ထိုအတွက် နိုင်ငံခြားကို ပိုက်ဆံပေးလိုက်ရသည်။ပင်စင် Smart card က ဘာကြောင့် လုပ်တာလဲ။

ဥပဒေသ။ ရိတ်လို့ရသမျှ အကုန်ရိတ်သည်။

(၆)
စီမံခန့်ခွဲမှုများ မှန်ကန်ပါက ပြည်သူများစိတ်ချမ်းသာပြီး အလေအလွင့်နည်းပါမည်။(Cronies)များဟု ပြောလျင်မခံချင်ကြပါ။ (Cronies) များဆိုသည်မှာ အာဏာရှိသူများ လုပ်ပိုင်ခွင့်ရှိသူများနှင့် ပေါင်းစားသူများဖြစ်သည်။ သူတို့သည် ပြည်သူ့အကျိုးကို အဓိကထားဆောင်ရွက်သူများ မဟုတ်ပါ။ ဥပမာပြပါမည်။ ကျွန်တော်တို့ တိုင်းပြည်တွင် မော်တော်ကားနံပါတ်ကို တစ်ပြေးညီ ဆောင်ရွက်ဖို့ လိုအပ်သည်။ထိုနံပါတ်ကို လုပ်ခွင့်ရသူသည် နံပါတ်တစ်ခုလျင် ငွေတစ်ရာတော့ အမြတ်ရသည်။ ကားတစ်သိန်းဆို လျင်သိန်းတစ်ရာ မြတ်သည်။သူ့လုပ်အားတွေ အကြံဉာဏ်တွေနှင့် ရသင့်ပါသည်။သို့သော် သူ၏နံပါတ်ပြားများ သည် ငါးနှစ်သက်တမ်းအတွင်း ပျက်စီးယိုယွင်းသည်။ယာဉ်စစ်လျင် အကြိမ်ကြိမ်ပြန်ရေးရသည်။ သံချေးတက်သည်။အရောင်လွင့်သည်။

ကျွန်တော် အင်္ဂလန်တွင် ကားဝယ်သည်။ ၁၉၇၆ ခုနှစ်တွင် ၀ယ်ထားသော ထိုကားနံပါတ်ပြား၏ အောက်ခံအရောင်သည် ယနေ့တိုင် မလွင့်မပျက်သေးပါ။ အပေါ်နံပါတ်များလည်း အရောင်မပျက်သေးပါ။အကောင်းပကတိ ဒီအတိုင်းရှိပါသည်။(ထိုကားကို အင်္ဂလန်တွင် ငါးနှစ်စီးထားပြီး ရန်ကုန်ရောက်မှ နံပါတ်ကို ဖြုတ်ယူသိမ်းထားခြင်းဖြစ် သည်။)ကျွန်တော်တို့ ဆင်းရဲပါသည်။အရှေ့တောင်အာရှတွင် အဆင်းရဲဆုံးနိုင်ငံဖြစ်သည်။ ဆင်းရဲသည့်အထဲ အနှိပ်စက်ခံဖြစ်ရတာကိုတော့ ၀မ်းနည်းဖွယ်ကောင်းလှပါသည်။ပြည်သူကိုကြင်နာပါ။

ဥပဒေသ။ ပြည်သူ့ဂုတ်သွေးကို စုပ်ဖို့ ကြိုးစားတာကို သတိထားဆင်ခြင်သင့်သည်။

နိဂုံး
ဝါသနာ၊ စေတနာ၊ အနစ်နာခံသော ဆရာ၊ ဆရာများအတွက် ကိုယ်ချင်းစာ အသည်းနာရပါသည်။

Tuesday, November 20, 2012

သာကီမျိုးဟေ့ ဒို့မြန်မာ


 သာကီမျိုးဟေ့ ဒို့မြန်မာ
ဗုဒ္ဓဘာသာသည် မြန်မာလူမျိုးတို့ အသက်ပေး ကိုးကွယ်ခဲ့သော ဘာသာဖြစ်ပါတယ်။ ဤကမ္ဘာတွင် ကိုးကွယ်ရာ ဘာသာဝါဒများ ရှိကြပါတယ်။ အချို့ ဘာသာဝါဒ တို့ဟာ “ဣဿရနိမ္မာန၀ါဒ” ခေါ် “ဖန်ဆင်းရေး ၀ါဒ” များသာဖြစ်ပါတယ်။ ထိုကဲ့သို့ရှိသော ဘာသာရေး ၀ါဒတို့ဟာ ဖန်ဆင်းရှင်ကို ယုံကြည်ရပါတယ်။ အားကိုးရပါတယ်။ကယ်တင်တယ်၊ ချမ်းသာသုခ ကိုပေးတယ်၊ ကောင်းမွန်သည့်ဘုံသို့ ခေါ်ဆောင်မည်ဟု ယုံကြည်ပြီး ဆုတောင်း ၀တ်တွားရပါတယ်။

မိမိဘ၀ ချမ်းသာကြီးပွားရေး အတွက် ကယ်တင်ရှင်ကိုသာ ပုံလွဲပြီး ယုံကြည်မှု အဓိက ဘာသာဝါဒ များဖြစ်ပါတယ်။ ထိုဘာသာ ၀ါဒတို့တွင် သဒ္ဓါ ယုံကြည်မှုသာ ပဲရှိပါတယ်။ ပညာလို့ ခေါ်တဲ့ ဟုတ်မဟုတ် မှန်မမှန် ဖြစ်နိုင်၏ မဖြစ်နိုင်၏ ဆန်းစစ်မှု မပါရှိပါ။ ဒုက္ခမှ လွတ်မြောက်ရန်အတွက် ကျင့်ကြံကြိုးကုတ် အားထုတ်မှု လို့ခေါ်တဲ့ စရဏတရား မပါရှိပါ။ သို့ဖြစ်၍ ထိုဘာသာ ၀ါဒတို့၏ အဓိက အခြေခံမှာ သဒ္ဓါတရားသာ ဖြစ်ပါသည်။

ထို့အပြင် သိပ္ပံပညာ ရပ်များကို လေ့လာ ဆန်းစစ်ရန်လည်း လိုအပ်ပါတယ်။ Philosophy ခေါ် ဒဿနိက ဗေဒဘာသာရပ်နှင့် ရုပ်ပိုင်းဆိုင်ရာ သိပ္ပံပညာ အားလုံးသည် အသိဥာဏ် ပညာ တိုးပွးရန် လေ့လာသော ဘာသာရပ်များသာ ဖြစ်ပါတယ်။ ပညာတစ်ခုထဲကိုသာ ဗဟိုပြုထားလို့ “သဒ္ဓါနှင့်စရဏ” မပါရှိသဖြင့် သိပ္ပံပညာ ရပ်သည်လည်း ဒုက္ခမှ လွတ်မြောက်မှုကို မပေးအပ်နိုင်ပါ။

ဗုဒ္ဓ၀ါဒမှာမှု သဒ္ဓါ နှင့် ပညာ ညီမျှစွာ တွဲဖက်ထားသော ဘာသာဖြစ်ပါတယ်။ ဘုရား တရား သံဃာ ရတနာမြတ် သုံးပါးတို့ ဂုဏ်ကို ပညာဖြင့် ခွဲခြမ်းစိတ်ဖြာ သုံးသပ်ပြီး စေတနာ သဒ္ဓါထက်သန်စွာ ကိုးကွယ်ရသော ဘာသာဖြစ်ပါတယ်။ ပညာဖြင့် ရှုမြင် စေတနာ သဒ္ဓါဖြင့် ယုံကြည်ရုံနှင့် အဆုံးမသတ်သေးပါ။ တကယ်တမ်း သံသရာ ၀ဋ်မှ ကျွတ်လွတ်လိုလျှင် လည်းကောင်း ဘ၀သံသရာ ကျင်လည်ရာဝယ် နေရာကောင်း ဘ၀ကောင်း ဖြစ်လိုလျှင် လည်းကောင်း စရဏ ခေါ် ကျင့်ကြံကြိုးကုတ် အားထုတ်မှု ရှိရပါမယ် လေနော်။

ထို့ကြောင့် ဘာသာခြား ၀ါဒတို့မှာ သဒ္ဓါသာ အဓိကဖြစ်ပြီး ပညာနှင့် စရဏ မပါသဖြင့် လိုအပ်သော ချမ်းသာမျိုးကို မရနိုင်ပါ။ သိပ္ပံ ပညာရပ်မှာလည်း ပညာသာ အဓိက ဖြစ်ပြီး သဒ္ဓါနှင့်စရဏ မပါပြန်သဖြင့် လမ်းမှန် နည်းမှန် စနစ်မှန် ထက်သန်သော အားထုတ်မှုမျိုး မဖြစ်နိုင်ပါ။ တကယ်တမ်း ခံစားရသည့် ဘ၀ဒုက္ခများမှ လည်းလွတ်မြောက်အောင် မဆောင်ရွက်နိုင်ပါ။ဗုဒ္ဓဘာသာမှာမှု “သဒ္ဓါ၊ပညာ၊စရဏ” စုံလင်စွာ ပါရှိသဖြင့် တောင့်တသည့်အတိုင်း မဆိုင်းမတွ သုခကျိုးကို ပေးအပ်နိုင်သည့် မှန်ကန်မှု အပြည့်ရှိသော ဘာသာဝါဒ ဖြစ်ပါသည်။ ထိုကဲ့သို့ မှန်ကန်သော ဘာသာဝါဒ တစ်ရပ်ကို ကိုးကွယ်နေကြရသဖြင့် ဗုဒ္ဓဘာသာဝင် စစ်မှန်သူတိုင်း အောင်မြင်မှု ပန်းတိုင်ကို လျှောက်လှမ်းနေကြ သူများဖြစ်ပါသည်။

လူတိုင်းလူုတိုင်း တစ်ဦးချင်း အနေနှင့် မှန်ကန်မှုရှိသော ဘာသာဝါဒကို ရွေးချယ်ကိုးကွယ်ကြသူများ ဖြစ်နေကြသဖြင့် ဘ၀သံသရာ တလျှောက်လုံး ကောင်းစားရေးအတွက် ဗုဒ္ဓဘာသာသည် လူတိုင်းလူတိုင်းအတွက် အရေးကြီးဆုံး ဘာသာဝါဒတစ်ခု ဖြစ်ပါသည်။ ဗုဒ္ဓ၀ါဒကို လက်ကိုင်ထား ကျင့်ကြံကြသော ဗုဒ္ဓဘာသာဝင် သူတော်စင်များအဖို့ မည်သည့်နိုင်ငံသား၊ မည်သည့်လူမျိုး၊ မည်သည့်ပုဂ္ဂိုလ် မည်သူမဆို လူတော်လူကောင်းများ ဖြစ်နေကြပြီးဖြစ်၍ လူဘ၀ကို အရတော်သူ ကံကောင်းသူများ ဖြစ်ခဲ့ကြပါပြီ။

သမိုင်းကြောင်းအရ မြန်မာပြည်ဖွား တိုင်းရင်းသားတို့မှာ သာကီဝင်မင်းသား မြတ်စွာဘုရားနှင့် ဆွေမျိုးရင်းခြာ တော်စပ်ကြသဖြင့် ကံကောင်းပြီးသားအပြင် နောက်ထပ်ကံကောင်းမှုတစ်ခု တိုးလာသည့် မြင့်မြတ်သည့် ကံထူးရှင်များ ဖြစ်လာပါသည်။
မြန်မာနှင့်ဗုဒ္ဓသည် ခွဲခြားမရ။ ဆွေတော်မျိုးတော်များ ဖြစ်ကြသဖြင့် ဗုဒ္ဓ ဘာသနာတော်ကို မြန်မာလူမျိုးတိုင်း ကိုးကွယ်ရေး ၊ မြန်မာမှန်သမျှ ဗုဒ္ဓသာသနာ့ အမွေ ဆက်ခံနိုင်ရေးသည် သမိုင်းပေး တာဝန်ကြီး ဖြစ်လာပါသည်။

မြန်မာနိုင်ငံကို ချစ်သောမြန်မာ လူမျိုးတိုင်း ဗုဒ္ဓဘာသာကို ချစ်ရပါမည်။ မြန်မာကို ကမ္ဘာက လေးစားနေသည်မှာ ဗုဒ္ဓဘာသာကြောင့် ဖြစ်ပါသည်။ မြန်မာနိုင်ငံသည် အကယ်၍ ဘာသာခြား ၀ါဒကြီးများ လွှမ်းမိုးသွားပြီ ဆိုပါက မြန်မာကို ကမ္ဘာက စဉ်းစားစရာ မလိုတော့ပါ။ ထိုထိုဘာသာဝါဒ ထွန်းကားရာ နိုင်ငံများသို့သာ လေ့လာရေး အတွက်ခရီး ဆက်ကြပါလိမ့်မည်။

ဗုဒ္ဓဘာသာ တိုးတက်လေသမျှ မြန်မာနိုင်ငံသည် ဤကမ္ဘာတွင် ဦးစားပေး နေရာ ရနေမည်မှာ မုချဖြစ်ပါသည်။”သာသနာ ကွယ်သောနေ့သည် မြန်မာကွယ်သော နေ့”ဖြစ်နိုင်ပါသည်။ ဗုဒ္ဓသာသနာ နှင့် မြန်မာလူမျိုးသည် အစဉ်ထာဝရ ဒွန်တွဲနေသဖြင့် မြန်မာကို ချစ်သောသူတိုင်း ဗုဒ္ဓဘာသာကို လေးစားရပါမည်။

ဗုဒ္ဓမြတ်စွာဘုရား သက်တော်ရှိတော် မူစဉ်ကတည်းက ဗုဒ္ဓကို မကိုးကွယ်သော အခြားဘာသာတို့ ရှိနေသဖြင့် အားလုံး ဗုဒ္ဓဘာသာဖြစ်ရမည်၊ ဗုဒ္ဓဘာသာသို့ မ၀င်မနေရဟု မဆိုလိုပါ။ မိမိတို့ ကြိုက်နှစ်သက်ရာကို လွတ်လပ်စွာ ကိုးကွယ်ခွင့်တော့ ရှိကြပါသည်။လူ့ဘ၀သည် ရခဲလှပါသည်။ ရခဲလှသည့် လူ့ဘ၀ကို ရသည့်အခိုက်ဝယ် ဗုဒ္ဓဘာသာကို စူးစမ်းလေ့လာ စေလိုပါသည်။ ဗုဒ္ဓဘာသာသည် ပစ္စက္ခ တမလွန် ကြီးပွားချမ်းသာရေးနှင့် သံသရာ ဆင်းရဲဒုက္ခမှ လွတ်မြောက်ရေးအတွက် နည်းပေးလမ်းပြ တိတိကျကျ ဖော်ပြနိုင်သော ဘာသာတစ်ခု ဖြစ်ပါသည်။ 

ကံကောင်းလှသဖြင့် မြန်မာပြည်တွင် လူဖြစ်ရပြီး ဗုဒ္ဓာသာကို အနီးကပ် လေ့လာခွင့် ရနိုင်သည်ဟု ဆိုနိုင်ပါသည်။ နိုင်ငံရပ်ခြား ဘာသာခြား ဖြစ်နေသူများ အဖို့လေ့လာရန် ခက်ခဲလှပါသည်။ ဗုဒ္ဓဘာသာတွင် လေ့လာရန် ပိဋကပ်များ လေ့လာစူးစမ်းရန် ဆရာများ အနီးဒေသမှာပင် ရှိနေပါသည်။ လေ့လာကြည့်ပြီးမှ ဆုံးဖြစ်ပါမှု ပို၍မှန်ကန် ပါလိမ့်မည်။ လက်တွေ့လေ့လာမှ ကိုယ်တွေ့ အသိပညာမှန် ရနိုင်ပါသည်။

အကယ်၍ ယုံကြည်ရန် မဖြစ်နိုင်ပါဟု ဆိုလျှင် သဘောကျ ကိုးကွယ်နိုင်ပါသည်။ သို့ပါသော်လည်း လူများစု ကိုးကွယ်သော မြန်မာတိုင်း ကိုးကွယ်သော ဗုဒ္ဓဘာသာကိုမှု မဆန့်ကျင်ကြဘဲ မြန်မာပြည်အတွက် မဖြစ်မနေ ဆောင်ရွက်ရမည့် အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ပါဝင်လက်တွဲ ဆောင်ရွက်ကြရပါမည်။

ဗုဒ္ဓဘာသာ တိုးတက်လာသဖြင့် မည့်သည့်ဘာသာ ၀ါဒတို့ကိုမှ အန္တာရယ် ပေးမည်မဟုတ်ပါ။ ငြိမ်းချမ်းရေး အပြည့်ရှိသော ဘာသာဝါဒ ဖြစ်သဖြင့် မြန်မာ့မြေတွင်နေ မြန်မာ့ရေကိုသောက် မြန်မာ့ဆန်ကိုစား မိမိကိုယ်ကို မြန်မာဟု ခံယူထားသော မျိုးချစ်မြန်မာတိုင်းသည် အမျိုးသားရေး တာဝန်အသွင်ဖြင့် ဗုဒ္ဓဘာသာ ထာဝစဉ် တိုးတက်နေရန် ကာယအား ဥာဏအား ဓနအား ပညာအား စွမ်းပကား အားလုံး စုပေါင်းပြီး အစွမ်းကုန် ဆောင်ရွက်ကြ ရမည်မှာ မြန်မာတိုင်း၏ တာဝန်ဖြစ်ပါသည်။ စည်းကမ်းပျောက်လျှင် လူမျိုးပျောက်သွား လိမ့်မည်။ မြေမျိုသော် လူမျိုးမကုန် လူလူချင်း မျိုပါမှ လူမျိုးတုန်း လိမ့်မည်ဟု စာဆိုလည်း ရှိတယ်နော်။

မိမိတို့ မြန်မာလူမျိုးသည် ကမ္ဘာတည်ဦး လူဟူ၍ ပေါ်ပေါက်သည့် အချိန်ကပင် ပေါ်ပေါက်ခဲ့သည်။ လူမျိုးတစ်ခြား မရောနှောခဲ့။ ရောနှောမှုကိုလည်း လက်မခံခဲ့။ အခြားလူမျိုးများ၏ လွှမ်းမိုးမှုကိုလည်း လက်မခံခဲ့။ အမိမြေကို တကယ်ချစ် မြတ်နိုးလျှင် အသမ္ဘိန္နမှုကို မုချမသွေ လိုက်နာရမည်။ လူမျိုးခြားနှင့် ရောနှောခြင်းသည် မည်သို့ပင် အကြောင်းပြပြ မြန်မာမပီသရာ ရောက်သည်မှာ အမှန်ပင်ဖြစ်သည်။ မြန်မာသာကီဝင် ဟူသည် အမျိုးဂုဏ်ကို ထိန်းသိမ်းစောင့်ရှောက်ရာ၌ ထိပ်တန်းက နေရသော လူမျိုးဖြစ်ရမည်။

*အာဒိစ္စ၀ံသ= အရှေ့တိုင်းသားပီပီ မိမိယဉ်ကျေးမှု အမွေအနှစ် ဇာတိမာန် အမျိုးမာန်ထက်သန် ပြည့်ဝလိုက်နာကြပြီး မိမိလူမျိုးကို ချစ်မြတ်နိုးပါ။
*ခတ္တိယ= မိမိတို့ ပိုင်ဆိုင်သော ရေ၊မြေ၊ တော၊တောင် သဘ၀၊ သယံဇာတ ထာဝရ တိုးတက်အောင် ကြံဆောင်ပြီး အမိနိုင်ငံတော်ကို ချစ်မြတ်နိုးပါ။
 
*အသမ္ဘိန္န= လူမျိုးခြားသွေး ကင်းပါစေ ဗုဒ္ဓဘာသာ မြန်မာလူမျိုး စစ်စစ်ဖြစ်စေရန် လူမျိုးခြား ဘာသာခြား သွေးမနှောစေဘဲ အမျိုးဘာသာ သာသနာ စိတ်ဓာတ် အပြည့်အ၀ထားပြီး အမျိုးဂုဏ် မြင့်မားရေးနှင့် ယဉ်ကျေးမှု အမွေအနှစ်များ အမျိုးသားရေး လက္ခဏာများကို မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး တာဝန်များသည် သာကီဝင် မြန်မာများ၏ သမိုင်းပေးတာဝန် အမျိုးသားရေး တာဝန်များ ဖြစ်ကြပါသည်။

မြန်မာလူမျိုး ဗုဒ္ဓ၏ သာသနာတော်ကြီး တည်တံ့ထွန်းကား ပြန့်ပွားရေး အတွက်သာသနာ ပြုရသည့် တာဝန်သည် မြန်မာပြည်ဖွား မြန်မာတိုင်းရင်းသား လူမျိုးများ၏ အမျိုးသားရေး တာဝန်ကြီး ဖြစ်ပေသည်။

သွေးကပြောသော ဗုဒ္ဓသာသနာ တော်အတွက် သွေးတူသားတူ လူမျိုးတူတို့က အစဉ်ထာဝရ ကြိုးပမ်းလိုက်နာ အားထုတ်ကြမှသာ အဆွေတော်သည် တာဝန်ကျေသော နိုင်ငံသားကောင်း မျိုးချစ်ဘာမထီ အာဇာနည်ခေါ် သာကီမြန်မာ ပီသမည် ဖြစ်သဖြင့် အမျိုး ဘာသာ သာသနာ အတွက် ဦးထိပ်ရွက်ကာ သာသနာ့ရန်စွယ် အန္တရာယ် ဟူသမျှ ကာကွယ်ကြပြီး လောကသံသရာ ချမ်းသာသုခ ပေးဝေငှမည့် ဗုဒ္ဓသာသနာကြီး တိုးတက်စေရန် စိတ်ရည်သန်၍ ရန်သူဆို ဘာမထီ မြင့်မြတ်တဲ့ အာဇာနည် “သာကီမျိုးဟေ့ ဒို့မြန်မာ” ဟုဂုဏ်ယူ ၀င့်ကြွားစွာ ဟစ်ကြွေးပြီး သာသနာပြု သူရဲကောင်း ပုဂ္ဂိုလ်မွန်များ ဖြစ်နိုင်ကြ ပါစေဟု ဆန္ဒပြု ရေးသားလိုက်ပါတယ်။ 

ကိုးကား ….. ဗုဒ္ဓနှင့် မြန်မာလူမျိုး စာအုပ်မှ။