Friday, June 6, 2014

တရားဦးကို ချဉ်းကပ်နာယူခြင်း (ဓမ္မစကြာ ၁)


တရားဦးကို ချဉ်းကပ်နာယူခြင်း (ဓမ္မစကြာ )

"သာသနာတော်မှာ ဒီလောက် အရေးပါတဲ့ တရားတော်ကြီးတစ်ခု ငယ်ရွယ်သူတို့ရဲ့ ပါးစပ်ဖျား မှာတင် လမ်းဆုံးနေတာဟာ သာသနာတော်နဲ့ ကြုံခွင့်ရနေ သူတို့ရဲ့  နစ်နာချက် တစ်ခုပါ ဘဲ"   (အရှင်သေဋ္ဌိလ နှင့် နတ်မှီတောရ ဆရာတော်ကြီ) ဒေးဒရဲမြို့က နိကာယ်သင်တန်း ဖွင့်စဉ်က ဖွင့်ပွဲနေ့မှာ ကမ္ဘာ့ဗုဒ္ဓသာသနာ ပြု ဆရာတော် အရှင် သေဋ္ဌိလ အစရှိတဲ့  အရှင်အာဒိစ္စ၀ံသရဲ့ တပည့်ကြီးများ၊ တောင်တွင်းကြီး နတ်မှီတောရ ဆရာတော်ကြီးများ၊ တောင်တွင်းကြီး နတ်မှီ တောရ ဆရာတော်ကြီး၊ ဒေးဒရဲ ကွင်းကျောင်း ဆရာတော်(သင်တန်း တာဝန်ခံ)စတဲ့ ဆရာတော်များ ပါဝင် တဲ့ မထေရ်မြတ်တို့ရဲ့ လေးနက်တဲ့ စကားဝိုင်းတစ်ခုကိုလည်း နာယူမှတ်သားခွင့် ရလိုက်ပါတယ်။

တောင်တွင်းကြီး နတ်မှီတောရ ဆရာတော်ကြီးက "ဓမ္မစကြာတရား ဆိုတာ မြတ်စွာ ဘုရားရှင်ရဲ့ တရားဦး ဒေသနာတော်ကြီး ဖြစ်တယ်၊ သတ္တ၀ါတိုင်း အတ္တကိုယ်စီရှိနေ ကြသလို အတ္တ၀ါဒ လွှမ်းမိုးနေတဲ့ လောကကြီးထဲမှာ အနတ္တကို ဦးတည်တဲ့ ဒေသနာတော်ကို ပထမဆုံး ကြွေးကြော် ဟောကြားရတယ် ဆိုတာ အဘက်ဘက်က တိကျ ပြည့်စုံရသလို လောကရဲ့ လိုအပ်ချက် ကိုလည်း ကွက်တိအံဝင် ဖြည့်စွမ်းနိုင်ရမှာ ဖြစ်လို့ မြတ်စွာဘုရားရှင်က  ဒီတရားဦး ဒေသနာတောမှာ ဝေါဟာရအသုံးအနှုန်းကိုက ရေပက်မ၀င်လို့ ဆိုရလောက်အောင် စနစ်တကျ သုံးနှုန်း ဟောကြား တော်မူတာ တွေ့ရတယ်။

အပြော "ငါ"  နဲ့ "အရှိ" "ငါ" တို့ကို ရောထွေးမသွားစေဖို့ အတွက် ဟောသူရဲ့ နာမ်စား ကိုတောင် "မယာ" ဆိုတဲ့ ပထမ နာမ်စားကို အသုံးမပြုဘဲ "တထာဂတေန"ဆိုတဲ့ တတိယ နာမ်စား အသုံးပြုထားတာကိုက ဒီဒေသနာတော်နဲ့ ပတ်သက်လို့ မြတ်စွာဘုရားရှင် ဘယ်လောက် အလေးအနက် ထားတယ်ဆိုတာ သိသာတယ်။ ဒေသနာတော်ဟာ သိပ်ပြီး ရှည်လျားလှတာ မဟုတ်ပေမဲ့ သာသနာတော်ရဲ့ အရေးပါဆုံး ဖြစ်တဲ့ "မဇ္ဈိမပဋိပဒါ"လမ်းစဉ်၊ သစ္စာလေးပါးတို့ကို အရေအတွက် သရုပ်၊ သာဝကတို့ရဲ့ တာဝန်ပိုင်းနဲ့ ပြီးပြည့်စုံတဲ့ အခြေအနေ၊ ဖြစ်ပေါ် ရရှိလာမယ့် အကျိုးတရားများပါ  ပြည့်ပြည့်စုံစုံကြီးကို ဟောထားတာဖြစ်လို့ သြဇာဂုဏ် အပြည့်ရှိတဲ့ ဒေသနာ တော်ကြီးပဲ။ "သာသနာတော်မှာ ဒီလောက်အရေးပါတဲ့ ဒေသနာတော်ကြီးတစ်ခု ဇရပ်ပေါ်က ၀တ်အသင်းသူလေးတွေရဲ့ ပါးစပ်ဖျားမှာတင် လမ်းဆုံးနေရတာဟာ သာသနာတော်နဲ့ ကြုံတွေ့ရ သူတို့ရဲ့  နစ်နာချက်ကြီး တစ်ခုပဲ" လို့ ဆွေးနွေးတင်ပြပါတယ်။

ကမ္ဘာ့ဗုဒ္ဓသာသနာပြု ဆရာတော် အရှင်သေဋ္ဌိလကတော့ "လူတွေဟာ "ဓမ္မ"ကို ဓမ္မရဲ့  အကျိုးခံစားရမှု အတွက် အသုံးမပြုကြဘဲ 'ဓမ္မ' ကို လောကအကျိုးတွက် လောက်သာ ရည်မှန်ုးပြီးး အသုံးချနေကြတဲ့အတွက် ဘယ်သုတ် ဘယ်ဂါထာတွေကို ရွတ်ဖတ်ရင် ဘယ်လို လောကီ အကျိုးတွေ ရတယ်ဆိုတဲ့ နောက်ကို လိုက်နေကြလို့  အလေးအနက် လိုက်နာရမယ့် ဒေသနာ တော်ကြီးဟာ ကုသိုလ်အဖြစ်၊ စီးပွားအဖြစ်၊ အန္တရာယ်ကင်း ရွတ်ဖတ်စရာတစ်ခု အဖြစ်နဲ့ လမ်းဆုံးနေရတာ ဖြစ်ကြောင်းနဲ့ အခုမှ ဗုဒ္ဓဘာသာကို စတင်လေ့လာနေကြတဲ့  အနောက်နိုင်ငံ တွေမှာတော့ စီးပွားရေးကို စီးပွားရေးအတတ်ပညာနဲ့ ရှာဖွေကြပြီး ဓမ္မကိုလည်း ဓမ္မရဲ့ အကျိုးကျေးဇူး စွမ်းရည်သတ္တိကို သိလိုမှုအတွက် ရှာဖွေကြတာ ဖြစ်လို့ မြတ်စွာဘုရားရှင်  ပထမဆုံး ဟောထားတဲ့ 'တရားဦး'ကို အတော် စိတ်ဝင်တစား လေ့လာကြတယ်။ လက်တွေ့လည်း စမ်းသပ်လိုက်နာ ကြည့်ကြတယ်"ဆိုတဲ့အကြောင်း မိန့်ကြားဆွေးနွေး ပါတယ်။

ဒေးဒရဲ ကွင်းကျောင်းဆရာတော်က" လွယ်လွန်းတော့ ပြယ်" ဆိုသလိုပဲ ဘိုးဘွားစဉ်ဆက် ဗုဒ္ဓဘာသာ အများစုဟာ ဗုဒ္ဓသာသနာနဲ့ ပတ်သက်လို့ လေ့လာသင်ယူရတာကလည်း လွယ်၊ လိုက်နာ ကျင့်ကြံရတာကလည်း လွယ်ဆိုတော့ အလေးအနက် မထားချင်ကြဘဲ  တဖြေးဖြေး ပျက်ပြယ်လာကြတယ်။ အချိန်မရွေး နှလုံးသွင်း ဆင်ခြင်နိုင်အောင်ဆိုပြီး  အာဂုံရသင့်ရထိုက်တဲ့ မင်္ဂလသုတ်၊ ရတနသုတ်၊ မေတ္တသုတ်တို့ ဓမ္မစကြာတို့ကို အာဂုံ အရကျက်မှတ် ထားခိုင်း ပြန်တော့လည်း 'ဂါထာပေး တေးဖြစ်' ဆိုသလို အန္တရာယ်ကင်းအောင်၊ လာဘ်ရွှင်အောင် ရွတ်ဖတ် စရာလို သဘာထားနေကြတယ်" ဆိုတဲ့ အကြောင်း ဆွေးနွေး တော်မူကြပြီး တရားဦး ဓမ္မစကြာနဲ့ ပတ်သက်လို့ အလေးအနက် ဆွေးနွေး တော်မူကြပါတယ်။

ဆွေးနွေးပွဲရဲ့ နိဂုံးချုပ်မှာတော့ ဆရာတော် အားလုံးကပဲ ဘုရားအကြောင်း၊ တရား အကြောင်း၊ သံဃာအကြောင်းနဲ့ ပတ်သက်လို့ အပြည့်အစုံ နားလည်လိုကြသူများအနေနဲ့ ဓမ္မစက္ကပ၀တ္တနသုတ်၊ သာမညဖလသုတ်၊ သတိပဋ္ဌာနသုတ်နဲ့ မဟာပရိနိဗ္ဗာနသုတ်တို့ကို လေ့လာသင့်ကြောင်း မိန့်ကြားကြပါတယ်။ အခု အဲဒီ ဆွေးနွေးပွဲမှာ နာယူမှတ်သားခဲ့ရတဲ့ တရားဦး ဓမ္မစကြာနဲ့ ပတ်သက်လို့ မှတ်သား မိသမျှထဲက မိမိ သဘောပေါက်သည်ကို ဖြန့်ဝေပေးလိုက်ပါတယ်။

တရားဦးကို မနာယူမီ မိဂဒါဝုန်တောဆီကနေ နောက်ကြောင်းကို ပြန်ကြည့်လိုက်မယ် ဆိုရင် သိဒ္ဓတ္ထ မင်းသားရဲ့ တစ်လောကလုံးအပေါ် ချိုးထားတဲ့ 'စံချိန်' သုံးခုနဲ့ 'ဘဝ အစိတ်အပိုင်း' နှစ်ခုတို့ကို တွေ့နိုင်ပါတယ်။

စံချိန်သုံးခုကတော့ ပါရမီရှင် ယောင်္ကျားမြတ်တို့ရဲ့ အရည်အချင်းပြ အမှတ် အသားများဖြစ်တဲ့ လက္ခဏာတော်ကြီး (၃၂)ပါး လက္ခဏာတော်ငယ် (၈၀)တို့နဲ့ ပြည့်စုံတဲ့ အတွက်  မြင်ရသူ လူသားများကသာမက နတ်၊ ဗြဟ္မာတို့ကတောင် ဦးညွတ်အရို အသေ ပြုချင်လောက်အောင် တင့်တယ်လှပ ကျက်သရေရှိလှတဲ့ ဥပဓိရုပ်အဆင်းနဲ့ ပြည့်စုံတဲ့ စံချိန်(ရူပပမာဏ)။

ပဋိသန္ဓေတည်နေချိန်၊ ဖွားမြင်ချိန်၊ ထိမ်းမြားလက်ထပ်ချိန်တို့မှာ ကတည်းက ၀န်းကျင်နှံ့စပ် ဘ၀ဂ်ခတ်မျှ အံ့သြဘနန်းတွေ တွေ့မြင်ကြားသိကြရပြီး ဟူးရားပညာရှင် အချို့က "မြေပြင် တစ်ဝန်းကို အုပ်စိုးနိုင်စွမ်းတဲ့ စကြာဝတေးမင်း ဖြစ်မယ်"ဆိုတဲ့ ဟောပြော ဖြားယောင်းမှုများကို အလေးမထားတဲ့အပြင် လောကီ စည်းစိမ်ကို ခံစားဖို့ အကောင်းဆုံးအရွယ်ဖြစ်တဲ့ အသက်(၂၉) နှစ် အရွယ်မှာပဲ ရရှိပြီးသား ထီးနန်း စည်းစိမ်တွေရော၊ ယသော်ဓရာ အစရှိတဲ့ ဇနီးမယား အချော အလှများနှင့် သားဦး ရတနာကိုပါ စွန့်ပစ်ပြီး တောထွက်တရားရှာခဲ့တာ၊

တောထွက်ရာ ခရီးလမ်းအဖြစ် ဗိမ္ဗိသာရမင်းကြီးရဲ့ အာဏာပိုင်စိုးရာ ရာဇဂြိုဟ်ပြည်ကို ဖြတ်သန်းသွားစဉ်က အလောင်းတော်ရဲ့ ဥပဓိကို တွေ့မြင်ရတဲ့အခါ ဗိမ္ဗိသာရမင်းကြီးက မိမိအုပ်စိုးတဲ့ နယ်မြေတစ်ဝက်ကို ခွဲဝေပေးပါရစေ၊ တောမထွက်ပါနဲ့လို့ ဖိတ်ကြားတာကိုလည်း ငြင်းဆန်ခဲ့တာ၊ ဥရုဝေလတောထဲမှာ တရားအားထုတ်တဲ့ အခါမှာလည်း ဘယ်သူမှ လိုက်မမီဘဲ တအံ့တသြ ငေးမောလေးစား လောက်အောင်အထိ အလွန်ပြုနိုင်ခဲတဲ့ ဒုက္ကရစရိယအကျင့်ကို (၆)နှစ်တိုင်တိုင် ဖြည့်ကျင့်ခဲ့တဲ့ အတွက် လူရော၊ နတ်ရော သောသောရုတ်ရုတ် အုတ်အုတ်ကျက်ကျက် ဘ၀ဂ်နှံ့မျှ ကျော်ကြားလှတဲ့ ဂုဏ်သတင်းကြီးမှု စံချိန်(ဃောသ ပမာဏ)

ဥရုဝေလ တောထဲမှာ ခဲယဉ်းလှတဲ့ အကျင့်အားလုံးတို့ရဲ့ အစွန်းကို ရှေ့တလှမ်းလောက် တိုးလိုက်ရင် မရဏချောက်ပဲ ကျန်တော့တဲ့အထိ ကျင့်ကြံတော်မူခဲ့တဲ့ ခေါင်းခေါင်းပါးပါး အကျင့် နိုင်ဆုံးစံချိန် (လူခ ပမာဏ) တို့ဖြစ်ပါတယ်။
ဒီစံချိန်(ပမာဏ)သုံးခုဟာ အဲဒီခေတ်က အမြင့်မြတ်ဆုံး လူသားတစ်ဦးကို တိုင်းတာ ခန့်မှန်းကြတဲ့ စံချိန် များဖြစ်ပါတယ်။ အဲဒီစံချိန် သုံးခုလုံးကို ဘုရားလောင်းတော်က ချိုးနိုင်ခဲ့တာပါ။

ဘ၀ရဲ့ အစိတ်အပိုင်း နှစ်ခုကတော့ မွေးဖွားချိန်ကစပြီး အသက်(၂၉)နျစ်အထိ ကပိလ၀တ် နန်းတော်ထဲမှာ နွေ မိုး ဆောင်း ရာသီအလိုက် စံမြန်းစရာ နန်းမသုံးဆောင်နဲ့ ယသော်ဓရာ အမှုးရှိတဲ့ မောင်းမမိဿံတို့နဲ့ လိုလေသေး မရှိ၊ ပြည့်စုံ ပေါကြွယ်လှတဲ့ ၀တ္ထုအာရုံ ကာမဂုဏ်တွေနဲ့ ခံစား ပျော်ပါးနေတဲ့ ဘ၀တစ်ပိုင်းရယ်။

အသက်(၂၉)နှစ်က (၃၅)နှစ်အထိ(၆)နှစ်တိတိ ဥရုဝေလ တောထဲမှာ အဲဒီခေတ်က 'တပ'အကျင့်ကို ကျင့်ကြံအားထုတ်တဲ့ ပုဂ္ဂိုလ်တွေထဲက ဘယ်ပုဂ္ဂိုလ်မှ ကျင့်နိုင်စွမ်းမရှိတဲ့ အတွက် အလွန်ကျင့်နိုင်ခဲ တယ်လို့ ဆိုတဲ့ ဒုက္ကရစရိယ အကျင့်ကို ပြင်းထန်ဆုံးနဲ့ အစွန်းအရောက်ဆုံးအထိ ကျင့်ကြံခဲ့တဲ့ ဘ၀ရယ်ပါ။

"အစွန်းအရောက်ဆုံးလို့" လို့ ဆိုရတာကတော့ တရားအားထုတ်နေတဲ့ အချိန်မှာ အစားအစာ ရှာဖွေ ချိန်ရယ်လို့ လုံးဝ သတ်မှတ်မထားဘဲ ထိုင်နေတဲ့နေရာက လက်လှမ်းမီရာ အတွင်း သစ်ရွက်သစ်သီး တစ်ခုတလေ ကြွေကျလာတာ တွေ့ရင်စား၊ မတွေ့ရင် ဘာမှမစားဘဲ စားချိန်၊ နားချိန်မရှိ အားထုတ် ခဲ့တာ။ ဒီအစွန်းကနေ ရှေ့ကို နည်းနည်းလေး ဆက်တိုးလိုက်ရင် မရဏဆိုတဲ့ ချောက်ထဲကို ကျတော့မယ့်ဆဲဆဲ တဲတဲကလေး လိုတဲ့အထိ ကျင့်ကြံတာ ဖြစ်လို့ပါ။

ဒီစံချိန်သုံးခုနဲ့ ဘ၀အစိတ်အပိုင်း နှစ်ခုတို့ဟာ တရားဦး ဓမ္မစကြာကို ဟောတဲ့အခါမှာ အရေးပါဆုံး အထောက်အကူ ပြုခဲ့သလို တရားဦးကို ချဉ်းကပ်နာယူ လေ့လာတဲ့ ပုဂ္ဂိုလ်များ အနေနဲ့လည်း ဒီအချက်များကို သိထားတဲ့အတွက် ပိုပြီး သဘောပေါက် လွယ်ကြမယ်လို့ ထင်ပါတယ်။

ဘုရားအလောင်းတော်ဟာ ပြင်းထန်လွန်ကဲတဲ့ အကျင့်တွေကို (၆) နှစ်လောက် ကြာအောင် သူများ မရောက်နိုင်တဲ့ အစွန်းအထိ အားထုတ်ကြည့်တဲအခါ ရှေ့မှာ မရဏ ချောက်ကြီးက လွဲလို့ ဘာမှ မရှိပါလားလို့ သိလိုက်တဲ့ အခါမှာတော့  ဒီကျင့်စဉ်တွေကို ကျော်ခိုင်း နောက်ဆုတ်ပြီး ခန္ဓာကိုယ်ကို မျှတထမ်းဆောင်နိုင်ဖို့ သင့်တင့်လျှောက်ပတ်တဲ့ အာဟာရကို စားသုံးရပါတော့တယ်။

အဲဒီ အချိန်မှာပဲ ပြင်းထန်တဲ့ အကျင့်အပါ် မျှော်လင့်တကြီးနဲ့ ပြုစုလုပ်ကျွေး နေကြတဲ့ ပဉ္စ၀ဂ္ဂီ ငါးဦးတို့က ဘုရားအလောင်းတော်ကို" တရားမဖက် အစားမက်တဲ့ တရားလူထွက်(ပဓာန၀ိဗန္တ) ကြီးဖြစ်သွားပြီ၊ မြင့်မြတ်တဲ့ အရိယာပုဂ္ဂိုလ်အဖြစ် ရောက်နိုင်တဲ့  သဗ္ဗညုတ ဉာဏ်အထူးကို ရနိုင်စွမ်း မရှိလောက်တော့ဘူး"လို့ ဆုံးဖြတ်ကြပြီး ဥရုဝေလ တောကနေ (၁၈)ယူဇနာ ကွာဝေးတဲ့ မိဂဒါဝုန်တောဆီ ထွက်ခွာသွားကြတော့တယ်။

မဟာသက္ကရာဇ်(၁၀၃)ခု ကဆုန်လပြည့်နေ့ (၀ိနည်းတော် အလိုအရ လပြည့်နေ့ အရုဏ်တက်ချိန်မှ နောက်နေ့ အရုဏ်မတက်မီအတွင်းကို လပြည့်နေ့လို့ပဲခေါ်ပါတယ်၊ ဒီနေ့ သုံးစွဲနေတဲ့ ဟူးရား ကျမ်းများ အလိုတော့ လပြည့်ကျော်(၁)ရက်နေ့ နံနက်စော အရုဏ်မတက်မီ အချိန်ပါ) မှာ သဗ္ဗညုတဉာဏ်တော်ကို ရရှိတော်မူပြီးနောက် ရက်သတ္တပတ်(၇)ပတ် သဗ္ဗညုတဉာဏ်ရတော်မူရာ ဗောဓိပင် အနီးတစ်ဝိုက်မှာပဲ ပဋိစ္စသမုပ္ပာဒ် အစရှိတဲ့ တရားများကို နှလုံးသွင်းဆင်ခြင်ခြင်း၊ ၀ိမုတ္တိသုခကို ခံစားခြင်း၊ တရားဟောပြရမယ့် ဝေနေယျတို့ရဲ့ စရိုက်အမျိုးမျိုးတို့ကို သုံးသပ် ဆင်ခြင်ခြင်းစတဲ့ ကိစ္စများကို ပြုလုပ်ရင်း သီတင်းသုံးနေတော်မူပါ တယ်။

ဝေနေယျတို့ကို တရား စတင်ဟောတော့မယ်လို့ ဆုံဖြတ်ပြီးချိန်မှာတော့ ပင်ကိုက ကိလေသာ အလွန် နည်းပါးကြတဲ့အတွက် တရားကို အမြန်ဆုံး သဘောပေါက်နိုင်စွမ်း ရှိကြတဲ့ အဠာရနဲ့ ဥဒကတို့လည်း ကွယ်လွန်သွားကြပြီ ဖြစ်လို့ မိမိအပေါ်မှာ လုပ်ကျွေးပြုစုရင်း တရားထူးကို ငံလင့်နေကြတဲ့ ပဉ္စ၀ဂ္ဂီ(၅)ဦးတို့ကိုပဲ တရားဦး စတင်ဟောကြားဖို့ ဆုံးဖြတ်လိုက် ပါတယ်။  သူတို့ကို တရားဟောဖို့ အတွက်(၁၈) ယူဇနာ ဝေးကွာတဲ့ မိဂဒါဝုန်တောကို ကြွ သွား ရမှာပါ။

ကရုဏာခြေကျင်ခရီး

မြတ်စွာဘုရားရှင်မှာ သဗ္ဗညုတ ဉာဏ်တော်ကို ရရှိပြီးအချိန်မှစပြီး တန်ခိုးအဘိညာဉ် အားလုံးကို လည်း ရရှိပြီး ဖြစ်ပါတယ်။ အခု သွားရမယ့် ခရီးကလည်း (၁၈) ယူဇနာတောင် ဝေးလံတဲ့ ခရီးပါ၊ ဒီခရီးမှာ တန်ခိုးအဘိညာဉ်ကို အသုံးပြုသွားမယ်ဆိုရင် မိဂဒါဝုန်တောကို မပင်မပန်း ရောက်သွားရုံ သာမကဘူး၊ တန်ခိုးဣဒ္ဓိပါဒ်ကို အသုံးပြုပြီး 'ဘွား'ခနဲ ထင်ရှားပြ လိုက်ရင် ပဉ္စ၀ဂ္ဂီတို့လည်း ချက်ချက် ဦးညွတ် ဒူးတုတ်သွားမှာတော့ သေချာတယ်။

မြတ်စွာဘုရားရှင်က ဒီခရီးနဲ့ ပတ်သက်လို့ (ဆရာ့စကားအတိုင်း ပြောရရင်) ပွဲဦး မလန်ရအောင် အဘက်ဘက်က ပြင်ဆင် သုံးသပ်ပြီး ဆုံးဖြတ်တာ ဖြစ်တယ်။' လုပ်ဆောင်ချက်' ဆိုတာ ' ရည်ရွယ် ချက်’ကို အထာက်အကူ ပြုမှသာ အကျိုးရှိ မှန်ကန်မယ်၊ 'ရည်ရွယ်ချက်' ကို အနှောက်အယှက် ဖြစ်စေရင် တန်ခိုး ဣဒ္ဓိပါဒ် ပြခြင်းဟာလည်း မှားယွင်းတဲ့ လုပ်ဆောင်ချက် ဖြစ်သွားနိုင်တယ်။ တန်ခိုး ဣဒ္ဓိပါဒ် ဆိုတာ ပုဂ္ဂိုလ်စွမ်း ဆန်တဲ့ အတွက် ပုဂ္ဂိုလ်ကိုတာ့ အလွယ်တကူ ဒူးထောက် ကိုးကွယ်လာစေမှာ အမှန်ပါပဲ။ ပုဂ္ဂိုလ်ကို အဓိကထားပြီး ဆည်းကပ် ကိုးကွယ်သူများဟာ" တောင်းခံဖို့ဆိုတဲ့ မျှော်လင့်ချက်"သာ ထားတတ်ကြပြီး 'လိုက်နာဖို့ ဆိုတဲ့ ရည်ရွယ်ချက်' မရှိတတ်ကြဘူး (ရှိခဲ့တယ်)။ 

လောကနယ်ပယ်မှာ ကာမသုခလ္လိက ရေစုန်၊ ဓမ္မနယ်ပယ်မှာ အတ္တကိလမထ ရေစုန်ကို လိုက်နာ နေကြတဲ့ လောကကြီးအတွက် ရေဆန်ခရီး ( ပဋိသောတဂါမီ) လို ဖြစ်နေတဲ့ ဒီတရားကို တန်ခိုးဣဒ္ဓိပါဒ်ပြပြီး ဟောမယ်ဆိုရင် 'ဒီတရားမျိုးဟာ ဒီလို တန်ခိုး ဣဒ္ဓိပါဒ်နဲ့ ပြည့်စုံတဲ့ ပုဂ္ဂိုလ်မျိုးသာ ကျင့်ကြံသိရှိနိုင်တာ၊ သူလိုကိုယ်လို သာမန်လူတွေ ကျင့်ကြံ အားထုတ်ဖို့ မလွယ်ဘူး'လို့ ထင်မှတ်ပြီး လိုက်နာ ကြိုစားဖို့ စိတ်မသန်ဘဲ လက်ဖြန့် တောင်းခံဖို့ စိတ်သန်သွားစေ နိုင်တယ်။

မဟာကရုဏာရှင် ဖြစ်တော်မူတဲ့ မြတ်စွာဘုရားရှင်က ဝေနေယျတို့ရဲ့  အကျိုးကို ရှေးရှုတဲ့ ကရုဏာတော်နဲ့ ကြည့်ရှု သုံးသပ်ပြီးတဲ့အခါ ဘယ်လို တန်ခိုး ဣဒ္ဓိပါဒ်မှ မလို၊ ပါရမီဓာတ်ခံရှိတဲ့ သူလိုကိုယ်လို ပုဂ္ဂိုလ်အားလုံး လိုက်နာ ကျင့်ကြံရင် ဒုက္ခငြိမ်းရာကို ရရောက်နိုင်တယ်လို့ သိစေလိုတဲ့အတွက် ဒီဓမ္မခရီးကို သူလိုကိုယ်လို ခြေကျင်ပဲ ကြွတော်မူပါတယ်။

ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)
{မှတ်ချက်။ ဓမ္မဘေရီဆရာတော်ဘုရား ရေးသားတော်မူတဲ့ တရားဦးဆိုတဲ့ စာအုပ်ထဲက ထုတ်ဖေါ် တင်ပြတာပါ။ }