Wednesday, June 4, 2014

ကံကောင်းအောင် မိမိကိုယ်တိုင် စီမံပြုလုပ်နည်း


ကံကောင်းအောင် မိမိကိုယ်တိုင် စီမံပြုလုပ်နည်း

ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများသည် ကံ၊ ကံ၏အကျိုးကို ယုံကြည်ကြပါသည်။ ကံသာအမိ ကံသာအဖဟုပင် သိထားကြပါသည်။ မိမိပြုသောကံသည် မိမိကို ပဋိသန္ဓေစိတ်ရင်းကပင် ကွဲပြား အောင် ပြုရုံသာမက ရုပ်အဆင်း ကွဲပြားအောင်၊ အမျိုးအဆွေ ကွဲပြားအောင်၊ ချမ်းသာဆင်းရဲ ကွဲပြားအောင်လည်း မိမိကံကပင် မိမိကို စီမံလိုက်ပါသည်။

ဥပမာ==လူတစ်ယောက်သည် ကုသိုလ်ကံကို ဉာဏ်နှင့်ယှဉ်လျက် ထက်ထက်သန်သန်ပြု၏။ လူတစ်ယောက်ကား ကုသိုလ်ကို မပြု။ ပြုသော်လည်း ထက်ထက်သန်သန် မဟုတ်။ ထိုသူ နှစ်ယောက်တို့ လူ့ပဋိသန္ဓေနေကြရလျှင် ဉာဏ်နှင့်ယှဉ်လျက် ထက်ထက်သန်သန်ပြုသော ကုသိုလ်ရှင်က ချမ်းသာသော အမိဝမ်း၌ ပဋိသန္ဓေနေရ၏။

မိခင်သည် လိမ္မာနားလည် သိရှိသူဖြစ်လျက် ကိုယ်ဝန်ကလေး မဆင်းရဲလေအောင် အစစ အရာရာ သတိထား၏။ အနေအထိုင် မကြမ်းတမ်း၊ ပူလွန်း စပ်လွန်း အေးလွန်းသောအစာ ရှောင်ကြဉ်၏။ ကုသိုလ်နည်းပါးသောသူကား ဆင်းရဲသူမ၀မ်း၌ သန္ဓေတည်ရ၏။ ထိုဆင်းရဲသူမသည် အရာရာဝယ် တတ်သိနားလည်သူ မဟုတ်ချေ။

နားလည်ပြန်လျှင်လည်း ရှောင်ကြည်ဖွယ် ရာဟူသမျှကို ရှောင်ဖို့ရာ ဥစ္စာဓန မရှိသောကြောင့် အပူအစပ်၊ အေးလွန်းသော အစာများကိုလည်း မရှောင်နိုင်ရာ။ ကိုယ်ဝန်သူငယ်မှာ အမိက အလွန်ပူစပ်သော အစာကိုစားလိုက်လျှင် ငရဲကျသလို ပူလောင်ရှာ၏။ အလွန်အေးသော အစာကို စားလိုက်လျှင် လောကန္တရိက် ငရဲကျသလို အေးရရှာတော့၏။

ရုတ်တရက် (ကဗျာကယာ) ထိုင်လိုက်၊ ထလိုက်လျှင်လည်း ဆွဲ၍ဆောင့်သလို ပင်ပန်းရှာ၏။ ထိုကဲ့သို့ အမိဝမ်း၌ အောင်းနေစဉ်ကပင် ဆင်းရဲချမ်းသာသည် ခြားနားလေပြီ။ ထို့နောက် ဖွားချိန်သို့ ရောက်လျှင် ကုသိုလ်ရှင်မှာ လက်သည်ကောင်းတို့ဖြင့် သက်သာနိုင်သလောက် သက်သာအောင် ဖွားမြင်၍ အပြင်ရောက်သောအခါ နုနယ်သောအထည် စသည်တို့ဖြင့် ကျကျနန ပြုစုကြသော ကြောင့် သက်သာခွင့်ရ၏။

ကုသိုလ်နည်းသူကား လက်သည်ကောင်း မရသဖြင့် ကျဉ်းမြောင်းသောကြွက်တွင်းမှ ကြွက်ကလေး တိုး၍ ထွက်ရသလို အလွန်ပင်ပန်းစွာ ထွက်လာခဲ့ရသည့်အပြင် ဖွားမြင်ပြီးသော အခါတွင်လည်း အပြုအစု ကောင်းကောင်းမရ၊ အ၀တ်ကြမ်းတို့ဖြင့် ကိုင်ယူကြသောကြောင့် အနာကို ကြက်တောင်နှ င့်ဆွသလို မချိမဆံ့ ခံရလေတော့သည်။

ဤကဲ့သို့ ချမ်းသာဆင်းရဲ ကွဲပြားရုံနဲ့ မပြီးသေး။ ကုသိုလ်ရှင်သူငယ်မှာ အမိနို့ရည်ကောင်းကို လုံလုံလောက်လောက် ရသည့်အပြင် အခြားသော နို့မှုန့်နှင့် ကျန်းမာရေးအတွက် ဆေးကောင်း ဆရာကောင်းတို့က စောင့်ရှောက်ကြသဖြင့် ကျန်းကျန်းမာမာ ရှိရုံသာမက အဘိုး၊ အဘွား၊ အဒေါ် အရီး၊ ကြီးကြီး၊ ငယ်ငယ် စသည်တို့က ချော့ကြ၊ မြှူကြ ယုယကြသဖြင့် ချမ်းသာချင်တိုင်း ချမ်းသာ ခွင့်ရတော့၏။

ကုသိုလ်နည်းပါးသော သူငယ်ကား မိခင်၏ နို့ရည်ကောင်းကိုလည်းမရ။ ဆေးကောင်းဝါးကောင်း ဆရာကောင်းကို မဆိုထားနှင့်။ အဘိုး အဘွား စသည်တို့ကပင် ခင်ခင်မင်မင် မယုယလိုကြ။ မိခင်လုပ်သူမှာ ကလေးအနားက မခွာလိုပါသော်လည်း ကလေးကို အဆာပြေရုံသာ နို့တိုက် ပြီးနောက် စားရေးသောက်ရေးအတွက် ပင်ပန်းစွာ အလုပ် လုပ်ရသဖြင့် လူမမယ်ကလေးမှာ ပစ်စလက်ခတ် နေရရှာတော့သည်။

ဤကဲ့သို့ ကလေးအရွယ် လူမမယ်ဘ၀ ဉာဏ်ဝီရိယကူလျက် ဥစ္စာမရှာနိုင်သေးခင် ရှေးကံချင်း ခြားနားသည့်အတွက် ဆင်းရဲချမ်းသာ ကွဲပြားပုံကို စုံစုံလင်လင် သိထား၍ “ မျက်နှာကြီးရာ ဟင်းဖတ်ပါတတ်သလော ” ဤလောကကြီးတွင် မျက်နှာကြီးသူတို့၌ ဟင်းဖတ်ပါနေသည်ကို အပြစ်မြင်၍ မနေသင့်ပေ။ ရှေးရှေးဘ၀၌ ကံပြုစဉ်ကာလ မိမိကိုယ်တိုင် အသိဉာဏ်ကင်းလျက် ညံ့ဖျင်းစွာ ပြုခဲ့မိပုံကိုသာ အသိမြင်၍ မိမိကိုယ်တိုင် မျက်နှာကြီး သူတော်စင်ဖြစ်အောင် ကြိုးစားကြဖို့ လိုအပ်ပါသည်။

ထိုကဲ့သို့ ကိုယ်တိုင်တော့မကျင့်ပါဘဲ သူတစ်ပါးမျက်နှာကြီးကို မနာလိုကြပါလျှင် နောင်ဘ၀ အဆက်ဆက်၌ သာ၍သာ၍ ဒုက္ခတွင်းနက်ဖို့သာရှိပါသည်။ ထို့ကြောင့် ကံကောင်းလိုလျှင် ကံကောင်းအောင် မိမိကိုယ်တိုင် စီမံပြုလုပ်နိုင်ကြောင်း အထက်ဖေါ်ပြပါ အချက်ကို ကြည့်ခြင်း အားဖြင့် နားလည်သဘောပေါက်ကြပြီး ကျင့်ကြံအားထုတ်နိုင်ကာ မြတ်နိဗ္ဗာန်ကို ရရောက်နိုင်ကြ ပါစေ ကုန်သတည်း။


{ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏ ကိုယ်ကျင့်အဘိဓမ္မာမှ }
ဦးသိန်းဝေ။