မဟာသမယအခါတော်နေ့
နယုန်လပြည့်နေ့ကို မဟာသမယအခါတော်နေ့ဟု
ခေါ်ဆိုပါသည်။ ထိုနေ့တွင် ဘုရားမြတ်စွာသည် မဟာသမယ သုတ်ကို ဟောကြားတော်မူသောကြောင့် ဖြစ်ပါသည်။
မဟာသမယအခါတော်နေ့ ဖြစ်ပေါ်လာပုံ
ကပိလ၀တ်ပြည်နှင့် ကောလိယပြည် နှစ်ပြည်ထောင်တို့အကြား ရောဟဏီမြစ်ကို ကန်ပေါင် တာရိုးတစ်ခုတည်းဖြင့် တာဖို့ပြီး မြစ်ရေကိုသိုလှောင်ကြလျက် နှစ်ပြည်ထောင် လယ်သမားတို့ သူတစ်ခါ၊ ကိုယ်တစ်လှည့် ညီညွတ်စွာမြစ်ရေကို မြောင်းသွယ်ရေသွင်း ခွဲဝေစိုက်ပျိုးကြရ၏။
တစ်နှစ်သောနယုန်လတွင် ရေနည်းပါး၍ အောင်ရေလုံလောက်အောင် မသွင်းနိုင်သဖြင့် ကောက် ပင်များ ညှိုးရော်လာ၏။ နှစ်ပြည်ထောင်လယ်သမားတို့၏ မြစ်ရေကို “သူတို့သာ ရသင့်တယ်။ ငါတို့သာ ရသင့်တယ်” ဟု အချင်းများကာ အဝေမတည့်ဖြစ်ကြပြီး တုတ်ဆွဲ၊ ဓားဆွဲ ရိုက်နှက်ကြ ကုန်၏။ ပြဿ နာသည် နောက်ဆုံး နှစ်ပြည်ထောင်မင်းတို့ ပါဝင်လာပြီး စစ်တပ်ကြီးများချီလျက် ရောဟဏီမြစ်ကမ်းသို့ စစ်ပွဲကြီးဆင်နွှဲရန် ရောက်ရှိလာကြပါသည်။
ရေကိုအကြောင်းခံလျက် စစ်ခင်းကြမည့် ထိုနှစ်ပြည်ထောင်သည် သာကိယနွယ်ဝင် ဗုဒ္ဓ၏ ဆွေမျိုး များဖြစ်ကြ၏။ ရောဟဏီမြစ် သွေးချောင်းစီးမည့်အရေး၊ ဆွေမျိုးများပျက်စီးမည့်အရေး အခင်းကြီး ပေါ်ပေါက်လာသဖြင့် ဘုရားမြတ်စွာသည် “ငါဘုရားသည် နှစ်ပြည်ထောင်မင်းတို့ စစ်ခင်းမည့် အရပ်သို့ သွားရောက်ပြီးလျှင် စစ်ပြေငြိမ်းစေသောငှာ ခိုက်ရန်၏ ဆိုးပြစ်များကိုပြဆိုသော ဖန္ဒနဇာတ်၊ ဒုဒ္ဒုဘဇာတ်၊ လဋုကိကာဇာတ်တို့ကို ဟောကြား၍ စစ်ပွဲကိုပြေငြိမ်းစေအံ့။
ညီညွတ်ခြင်း၏အကျိုးကိုပြဆိုသော
ရုက္ခဓမ္မဇာတ်၊ ၀ဋ္ဋကဇာတ်တို့ကို ဟောကြားပြီး ညီညွတ်ခြင်းကို ဖြစ်စေအံ့၊ မိမိတို့၏ မကောင်းသောအကျင့်ကြောင့်
မိမိတို့ရော သူတစ်ပါးတို့ပါ ဒုက္ခ ရောက်ကြ ရသော အတ္တဒဏ္ဍသုတ်ကို ဆက်လက်နာယူကြပြီး နှစ်ပြည်ထောင်မင်းတို့သည်
မင်းသား နှစ်ရာ့ငါးဆယ်စီ ရဟန်းပြုရန် ပေးလှူကြအံ့။ ထိုမင်းသားငါးရာတို့ ရဟန္တာဖြစ်ကြပြီးလျှင်
မဟာသမ (ကြီးကျယ်သောအစည်းအဝေးပွဲကြီး) ဖြစ်အံ့” ဟု ဥာဏ်တော်ဖြင့် သိမြင်တော်မူ၍ ရောဟဏီ
မြစ်ကမ်းသို့ တစ်ပါးတည်းကြွရောက်တော်မူပါသည်။
ဘုရားရှင်သည် နှစ်ပြည်ထောင်မင်းတို့ ထိတ်လန့်ကြောက်ရွံ့စေရန် ဆံတော်မှ ညိုသော ရောင်ခြည် တော်များ လွှတ်တော်မူ၍ အမှောင်ကြီးကျစေပြီး နှစ်ပြည်ထောင်မင်းတို့ ကြောက်ရွံ့စိုးထိတ် နေစဉ်မှာပင် နှစ်ဖက်သော စစ်သားများအကြား ကောင်းကင်ယံတွင် ထက်ဝယ်ဖွဲ့ခွေ ထိုင်နေတော် မူသော ကိုယ်တော်မြတ်ကိုမြင်စေရန် ရောင်ခြည်တော် ခြောက်သွယ်ကို လွှတ်တော်မူ၏။
မင်းများဦးဆောင်သော နှစ်ပြည်ထောင် စစ်သားတို့သည် ဘုရားမြတ်စွာကို ဖူးမြင်ရလျှင် “ငါတို့၏ ဆွေမျိုးမြတ်ဖြစ်တော်မူသော မြတ်စွာဘုရား ကြွတော်မူလာပြီ။ ငါတို့ မျိုးနွယ်တူအချင်းချင်း စစ်တိုက် မည်ကို ကောင်းစွာသိမြင်သောကြောင့် ကြွရောက်တော်မူလာခြင်း ဖြစ်ဟန်တူ၏။ ငါတို့သည် အလေးအမြတ်ပြုအပ်သော ဘုရားရှင်ရှေ့တော်မှောက်တွင် မျိုးနွယ်တူချင်း စစ်ခင်းခြင်းငှာ မသင့်။ တစ်ဖက်စစ်တပ်က သတ်လျှင် သတ်ပါစေတော့။ ဖမ်းလိုကလည်း ဖမ်းပါစေတော့” ဟု ကြံတွေး ပြီး လက်နက်များကို စွန့်ပစ်ကြကာ ဘုရားရှင်ကို ရှိခိုးကြလျက် လက်အုပ်ချီထိုင်နေကြကုန်၏။
ဘုရားမြတ်စွာသည် သိတော်မူလျက်ပင် မတ်သောမင်းအပေါင်းတို့ အဘယ်ကြောင့် ဤအရပ်သို့ ရောက်လာကြ ပါသနည်း” ဟု မေးတော်မူသော် “တပည့်တော်တို့သည် ရောဟဏီမြစ်ကိုကြည့်ရန်၊ ရေကစားရန် လာကြသည်မ ဟုတ်ပါ။ စင်စစ်သော်ကား ဤရောဟဏီမြစ်ကမ်းမှာ စစ်တိုက်ရန် လာခဲ့ကြခြင်း ဖြစ်ပါသည် ဘုရား”
“မြတ်သောမင်းအပေါင်းတို့ အဘယ်ကို အကြောင်းပြု၍ စစ်တိုက်ကြမည်နည်း”
“ရောဟဏီဆည်ရေကို အကြောင်းပြုလျက် စစ်တိုက်ကြပါမည်”
“မြတ်သောမင်းအပေါင်းတို့ ရောဟဏီဆည်ရေသည် အဘယ်မျှ တန်ဖိုးကြီးပါသနည်း”
“တန်ဖိုး အလွန်မကြီးလှပါ ဘုရား”
“မြတ်သောမင်းအပေါင်းတို့ မြေကြီးသည် အဘယ်မျှ တန်ဖိုးကြီးပါသနည်း”
“တန်ဖိုးအလွန်မကြီးလှပါ ဘုရား”
“မြတ်သောမင်းအပေါင်းတို့ ခတ္တိယဇာတ် လူသားမျိုးနွယ်တို့၏ အသက်သည် အဘယ်မျှ တန်ဖိုးရှိပါသနည်း”
“ခတ္တိယနွယ်ရိုး လူသားမျိုးတို့၏ အသက်သည် အဖိုးအတိုင်းအဆမရှိ ထိုက်တန်ပါသည်ဘုရား” ဟူ၍ နှစ်ပြည်ထောင်မင်းတို့သည် တညီတညွတ်တည်း ဖြေကြားကြ၏။
“မြတ်သောမင်းအပေါင်းတို့၊ လူတို့အသက်ကို ထောက်ဆ တန်ဖိုးမမျှသောရေဖြင့် လူ့အသက်ပေါင်း များစွာတို့ကို အဘယ်ကြောင့် သတ်ဖြတ်ဖျက်ဆီးလိုကြရပါသနည်း။ ခိုက်ရန်ငြင်းပွား အချင်းများ စစ်တိုက်ကြခြင်း၌ တစိုးတစိ အကျိုးမရှိနိုင်ချေ” ဟု မိန့်တော်မူလျက် ကြို့ပင်အောက်အိပ်နေသည့် ၀က်ဝံသည် သစ်ကိုင်းချောက်ကျိုးကျပြီး သူ့ကျောက်ကုန်းထက်၌ ဖိမိလေသော် အနည်းငယ် နာကျင်၍ အလန့်တကြားထပြေးပြီး နောက်ပြန်လှည့်ကြည့်ရာ မည်သည့်ရန်သူကိုမျှ မတွေ့မမြင် ရသဖြင့် “ဒီကြို့ပင်ကို စောင့်တဲ့နတ်က ငါအိပ်နေတာကို မနာလိုမရှုလို့ အကိုင်းချိုးချတာနေမှာ။ ရှိစေတော့ သူ့ဗိမာန် (ကြို့ပင်) ကို ငါဖျက်ဆီးပစ်မယ်” ဟု အရာမဟုတ်သည်၌ ရန်ငြိုးဖွဲ့လေ၏။

သစ်ကောင်းတို့ဖြင့် လှည်း၊ ရထား
အစိတ်အပိုင်းများကို လုပ်ကိုင်ရောင်းချနေသူအား သစ်တကာတို့တွင် ကြို့ပင်၏ အသားသည် လှည်း၊
ရထားလုပ်ရန် အကောင်းဆုံးဖြစ်ကြောင်း ပြောကြားပြီး ကြို့ပင်ကို ခုတ်လှဲစေတော့၏။ ကြို့ပင်စောင့်နတ်ကလည်း
“ငါသစ်ကိုင်းခြောက် ပစ်မချပါဘဲ သူ့အလိုလို ကျိုးကျတာကို ဒီဝက်ဝံ ငါ့ကိုရမယ်ရှာ ရန်ငြိုးဖွဲ့ပြီး
ငါ့ဗိမာန်ကို ဖျက်ဆီးရက်တယ်။ ရှိစေ သူ့အသက်လည်း သေစေရမပေါ့” ဟု ကြံတွေးပြီး ကြို့ပင်ခုတ်သူတို့အား
လှည်းရထားကို ခိုင်မြဲစွာ ချည်နှောင်ရာမှာတော့ ၀က်ဝံ၏ လည်ပင်းအရေသည် အကောင်းဆုံးပါဟု
ပြောဆိုပြီး ၀က်ဝံကိုပါ သတ်စေ၏။
“မင်းအပေါင်းတို့ ဤအတူပင် လူသားတို့ အချင်းချင်းခိုက်ရန်ဖြစ်ပွား အချင်းများ တိုက်ခိုက်ခြင်းသည် ဥစ္စာပစ္စည်းနှင့် လူ့အသက်တို့သာလျှင် ပျက်စီးဆုံးရှုံးရ၏။ မည်သည့် ကောင်းကျိုးမျှ မရှိ။ ထို့ကြောင့် နှစ်ပြည်ထောင်မင်းအပေါင်းတို့သည်လည်း ဂင်္ဂါယမုံနာ မြစ်ရေနှစ်ဖြာကဲ့သို့ ကောင်းစွာနှီးနှော မေတ္တာချင်းရောယှက်ကြပါကုန်လော့။ ခိုက်ရန်ဖြစ်ပွား စစ်တိုက်ခြင်း မပြုပါကုန်လင့်။ ၀က်ဝံနှင့် ကြို့ပင်စောင့်နတ်ကဲ့သို့ မဖြစ်ကြပါကုန်လင့်။ သွေးစည်းညီညွတ်ကြပါကုန်လော့။

ညီညွတ်ခြင်း၌သာ မွေ့ပျော်ကြပါကုန်လော့။
အချင်းချင်းညီညွတ်ခြင်းကို အဆူဆူကုန်သော ဘုရားရှင်တို့ ချီးမွမ်းကြ ပါသည်” ဟူ၍ ဖန္ဒနဇာတ်တော်ဖြင့်လည်းကောင်း၊
ဥသျှစ်ပင်အောက် ထန်းလက်ရိပ်ကိုခိုလျက် ယုန်ငယ်တစ်ကောင် ၀ပ်၍နေရာ ထန်းရွက်ပေါ်သို့ ဥသျှစ်သီးကြွေသဖြင့်
“မြေပြိုပြီ၊ မြေပြိုပြီ” ဟု ပြောဆိုမြည်တမ်းလျက် အလန့်တကြား ပြေးသွားသော ယုန်နောက်သို့
မဆင်မခြင် ယုံကြည်၍ ဟိမ၀န္တာတောအတွင်းရှိ သတ္တ၀ါအပေါင်းတို့ သမုဒ္ဒရာသို့ ရှေးရှုစုပေါင်း
ပြေးလွှားသွားကြ၏။ ဘုရားအလောင်း ခြင်္သေ့မင်းနှင့်တွေ့ပါမှ အဖြစ်မှန်ကိုသိရှိကြကာ သမုဒ္ဒရာ
အတွင်း သက်ဆင်း ကျရောက်မည့် သေဘေးမှ လွတ်မြောက်ခြင်းကိုပြဆိုသော ဒဒ္ဒုဘ ဇာတ်တော် ဖြင့်
သူတစ်ပါး ပြောစကားကို မစူးစမ်းမဆင်ခြင်ဘဲ ယုံကြည်ကြသူများ မဖြစ်သင့်ကြောင်းကို လည်းကောင်း၊
ဘီလုံးငှက်ငယ်မ၏ သားပေါက်ကလေးများကို
ဆင်ရိုင်းကြီးတစ်ကောင်က နင်းခြေ သတ်ဖြတ်သဖြင့် ဘီလုံးငှက်ငယ်မသည် ကျီးကန်း၊ ယင်မမဲရိုင်း၊
ဖားတို့နှင့် အဆွေခင်ပွန်း မိတ်ဆွေဖွဲ့လျက် ဆင်ရိုင်းကြီး၏ မျက်လုံးများကန်းအောင် ကျီးကန်းက
ထိုးဖောက်၊ ယင်မမဲရိုင်းက ဥတွေဥချပြီး ပိုးလောက်များ ပေါက်ဖွားစေ၊ ပိုးလောက်တို့ ကိုက်ခဲဆင်းရဲခြင်းဒုက္ခကို
ခံစားရစေ၊ ဆင်ရိုင်းကြီး ရေအလွန်ဆာသော် မျက်စိကန်းနေသဖြင့် ရေရှိရာအရပ်သို့ မသွားနိုင်။
ဖားက မြည်သံပေး။ ဖားရှိလျှင် ရေရှိမည်အထင်ဖြင့် ဆင်ကန်း တောတိုးသွားရာ ချောက်ထဲထိုးကျပြီး
သေဆုံးစေရန် အစီအစဉ်တကျဆောင်ရွက်စေပြီး ဆင်ရိုင်းကြီးကို အသေသတ်နိုင်ခဲ့ကြောင်းကို
ဟောပြပြီး
“အို မင်းအပေါင်းတို့၊ ကိုယ်အားထက်
ဥာဏ်အားက ပိုလို့ကြီးမား၏။ တစ်စုံတစ်ယောက်သူနှင့်မျှ ရန်အမှုကို မပြုသင့်ချေ။ အင်အားနည်းပါးကြသည့်
ဘီလုံးငှက်၊ ကျီးကန်း၊ ယင်မမဲရိုင်း၊ ဖား လေးဦးသားတို့ ပေါင်းစုအားဖြင့် ညီညွတ်စွာ
မိမိတို့ထက် အင်အား အဆမတန်ကြီးမားလှသော ဆင်ပြောင်ကြီးကိုပင် အသက်ကုန်ဆုံးခြင်းသို့
ရောက်စေနိုင်၏။ ထို့ကြောင့် မချစ်လုံးလုံး အမုန်း တရား ပွားစေမည့် စစ်တိုက်ခြင်းကို
မပြုကြပါကုန်လင့်” ဟု လဋုကိကဇာတ်တော်ဖြင့်လည်းကောင်း ခိုက်ရန်ဖြစ်ပွား အချင်းများ စစ်တိုက်ခြင်းကို
မပြုကြရန် ဆုံးမတော်မူပါသည်။
ဖားက ထောင်ထိပ်မှနေ မြည်သံပေးပြီး၊ ဆင်ကြီးကို မျှားခေါ်ခြင်း၊ ဆင်ကန်းကြီး တောင်ထိပ် ရောက်သောအခါ ချောက်ထဲမှ တစ်ဖန် ဖားသံပေးခြင်းဖြင့် လှည့်စားခြင်းတို့ကို အမြင်ကန်းနေသော၊ အလွန်ဆာလောင် မွတ်သိပ်နေသော၊ ဒုက္ခဝေဒနာကြောင့် ဒေါသူပုန်ထနေသော ဆင်ကန်းကြီး မသိရှာခဲ့။ ဥာဏ်ပညာကြီးမားသူ၊ အင်အားကြီးသူများပင် ဖြစ်စေဦးတော့ ဖားမြည်သံကြားတိုင်း ရေမရှိတတ်၊ လှည့်စားခြင်းဖားသံတို့ကိုလည်း သတိသမ္ပဇဉ်ဥာဏ်ယှဉ်လျက် ချင့်ချိန်နိုင်စွမ်း ရှိကြရ ပါမည်။ သို့မဟုတ်ပါက ဆင်ကန်းတောတိုးအဖြစ်ဆိုးနှင့် ကြုံရတတ်သည်ကို လည်းကောင်း၊ ဘီလုံး ငှက်မ ကဲ့သို့လည်း ရည်မှန်းချက် ပေါက်မြောက်စေရန် အစီအစဉ်တကျ ဆောင်ရွက်တတ်ရမည်ကို လည်းကောင်း ဇာတ်တော်ထဲမှာ သင်ခန်းစာပေးပါသည်။
“အို မင်းအပေါင်းတို့ သင်တို့သည် ဆွေရင်းမျိုးချာများ ဖြစ်ကြ၏။ ဆွေမျိုးတို့မည်သည် ညီညွတ်ကြ မှသာ ရန်သူတို့အခွင့်ရေးမရနိုင်။ လူသားတို့သာမဟုတ် သစ်ပင်တို့ပင် ညီညွတ်မှုရှိပါမှ သင့်လျော် ၏” ဟု ဟိမ၀န္တာတောအရပ်၌ စုဖွဲ့၍ ပင်ချင်းဆက်လျက် နွယ်ချင်းယှက်ပြီး ပေါက်နေသော သစ်ပင်ငယ်တို့သည် လေပြင်းတိုက်ခတ်သော်လည်း ကျိုးကြေပြိုလဲခြင်းမရှိဘဲ လွင်တီခေါင်တွင် တစ်ပင်တည်းပေါက်နေသော သစ်ပင်ကြီးမှာ ပြိုလဲသွာရသော ရုက္ခဓမ္မ ဇာတ်တော်ဖြင့် လည်း ကောင်း၊

“အိုမင်းအပေါင်းတို့၊ ငှက်မုဆိုး၏
ဖမ်းဆီးခြင်းကို အကြိမ်ကြိမ်ခံကြရသော ငုံးငှက် အပေါင်းသည် ညီညွတ်စွာဖြင့် ပိုက်ကွန်ကို
ကိုက်ချီလျက်ပျံနိုင်ကြသဖြင့် အသက်ဘေးမှ လွတ်မြောက်ခဲ့ကြ၏။ မုဆိုးကို ပိုက်ကွန်များစွာ
ဆုံးရှုံးစေ၏။ နောက်တွင် ငုံးငှက်တို့သည် “သူ့ကြောင့်လွတ်မြောက်တယ်၊ ငါ့ကြောင့်သာ လွတ်မြောက်တယ်”
ဟု ငြင်းခုံ၍ ညီညွတ်ခြင်းပြိုကွဲလျက် ငုံးငှက် အားလုံး မုဆိုး ပိုက်ကွန်မှာ အမိခံကြရ၏။
သေကျေပျက်စီးကြရ၏” ဟု ၀ဋ္ဋကဇာတ်တော်ဖြင့် လည်းကောင်း မျိုးနွယ်တူအချင်းချင်း ငြင်းခုံကြခြင်းသည်
ပျက်စီးဖို့ရန် အကြောင်းရင်းခံ ဖြစ်ကြောင်းကို ဆုံးမတော်မူသည်။
ထို့နောက် အတ္တဒဏ္ဍသုတ်တော်ကို ဆက်လက်ဟောကြားပြီး နှစ်ပြည်ထောင်မင်းတို့သည် အညီအမျှ ၀မ်းမြောက်ကြလျက် “ငါတို့သည် ဘုရားမြတ်စွာကြွရောက်မလာလျှင် အချင်းချင်း သတ်ကြပေလိမ့်မည်။ ဘုရားရှင်ကို အမှီပြု၍ ငါတို့ အသက်ချမ်းသာရာ ရပေပြီ” ဟု အချင်းချင်းတိုင်ပင်ကြပြီး ဘုရားမြတ်စွာထံ မင်းသားနှစ်ရာ့ငါးဆယ်စီ ရဟန်းပြုရန် လှူဒါန်းကြပါသည်။
မင်းသားငါးရာတို့အား ဧဟိဘိက္ခုအဖြစ် ရဟန်းပြုပေးပြီး ဇနီးမယားတို့ကို လွမ်းဆွတ်တသ သတိတရဖြစ်နေကြသောကြောင့် ဟိမ၀န္တာအရပ်ရှိ တောခုနစ်ထပ်၊ တောင်ခုနစ်ထွေ စိမ့်စမ်းရေ အသွယ်သွယ် ငှက်မျိုးစုံတို့ဖြင့် အဆန်းတကြယ် တင့်တယ်သာယာ လှပမွေ့ပျော် ကောင်းသော ကုဏာလအိုင်သို့ တန်ခိုးတော်ဖြင့်ခေါ်ဆောင်၍ ကုဏာလဇာတ်တော်ကို ဟောကြားတော်မူပါ သည်။ ရဟန်းငါးရာတို့ သောတာပန်အရိယာအဖြစ်သို့ ဆိုက်ရောက်ကြသည့်အပြင် မြေလျှိုးမိုးပျံ နိုင်သော တန်ခိုးဈာန်တို့ကိုလည်း ရရှိကြ၍ ဘုရားနှင့်အတူ ကပိလ၀တ်မြို့တော်အနီး မဟာဝုန် တောကြီးသို့ ကောင်းကင်ခရီးဖြင့် ကြွချီတော်မူကြပါသည်။
ဘုရားရှင်သည် ယင်းရဟန်းငါးရာတို့အား အရဟတ္တဖိုလ်ပေါက် ကမ္မဋ္ဌာန်းတရားကို ပေးတော်မူ ပါသည်။ ဇနီးမယားတို့ကို လွမ်းတသ သတိရနေကြသည်ကို သိတော်မူသဖြင့် ကုဏာလအိုင်သို့ ခေါ်ဆောင်ပြီး မမွေ့ပျော်ခြင်းကို အလျှင်းပယ်ဖျောက်စေ၍ သောတာပန်အဖြစ်သို့ ရောက်စေတော် မူခဲ့သည်။ အရိယာဖြစ်ကြသော ငါတို့သည် မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆနေကြရန် မသင့်ချေဟု ကြံတွေးကြလျက် သစ်တစ်ပင်ရင်း ၀ါးတစ်ပင်အောက်တို့၌ ပြင်းပြင်းထန်ထန် တင်းတင်းရင်းရင်း တရားအားထုတ်ကြရာ ရဟန္တာများ ဖြစ်သွားကြပါသည်။
ထို့နောက် ဘုရားရှင်ထံမှောက်သို့ ရဟန္တာငါးရာလုံး ရောက်ရှိလာကြကုန်၏။ နတ်ဗြဟ္မာအပေါင်း တို့ကလည်း “လာသွားကြစို့။ ဘုရားဖူးခြင်း၊ တရားနာခြင်းသည် အကျိုးများလှ၏။ ဖြစ်စ ရဟန္တာ ငါးရာတို့ကို ဖူးမြော်ရခြင်းသည်လည်း ကျေးဇူးကြီးလှ၏” ဟုဆိုကာ စကြ၀ဠာတိုက်တစ်သောင်းမှ နတ်ဗြဟ္မာအပေါင်းတို့လည်း ရောက်ကြကုန်၏။ ထိုသို့ ရဟန္တာငါးရာနှင့် နတ်ဗြဟ္မာများစွာတို့ စည်းဝေးဆုံစည်းရာအခါ (မဟာသမယ) ကြီး၌ နတ်ဗြဟ္မာတို့၏ မျိုးနွယ်တို့ကိုပြဆိုသော မဟာသမယသုတ်ကို ဟောကြားတော်မူပါသည်။
ထိုနေ့ကား အရှေ့လောကဓာတ် ယုဂန္ဓိုရ်တောင်ထိပ်မှ အညစ်အကြေးမျိုးကင်းစင်လျက် လပြည့်ဝန်းကြီး ထွန်းလင်းတောက်ပ ပေါ်ထွက်လျက်ရှိသော၊ ကျက်သရေမင်္ဂလာအပေါင်း ခညောင်းလျက်ရှိသော နယုန်လပြည့်နေ့ ဖြစ်ပါ၏။
ထို့ကြောင့် ၀ိဝါဒကွဲပြား အချင်းများမနေကြဘဲ အချင်းချင်းညီညွတ်စွာဖြင့် မဟာသမယခေါ် ကြီးလေးကြီးတို့ ပေါင်းစည်းနိုင်ကြပါစေကြောင်း မဟာသမယအခါတော်နေ့ မှာ ဆုမွန်ကောင်း တောင်းလိုက်ပါသည်။

Written
by: အရှင်ပညာသီဟာဘိဝံသ (တရားဓမ္မစကြာ)
http://www.news-eleven.com/