Wednesday, June 11, 2014

ဝေဘူဆရာတော်ဘုရားကြီးနှင့် ဆရာကြီး ဦးဘခင်


 ဝေဘူဆရာတော်ဘုရားကြီးနှင့် ဆရာကြီး ဦးဘခင်

"ကျေးဇူးရှင် ဝေဘူဆရာတော်ဘုရားကြီး" (၁၈၉၅-၁၉၇၇)နှင့် "ဆရာကြီး ဦးဘခင်" (၁၈၉၉-၁၉၇၁)

ကျေးဇူးရှင် ဝေဘူဆရာတော်ဘုရားကြီး အား ဆရာကြီး ဦးဘခင် မှ ဖူးမျှော်ခဲ့စဉ်က

၁၉၄၁-ခုနှစ်တွင် "ဆရာကြီးဦးဘခင်"သည် မီးရထားဋ္ဌာန "စာရင်းကိုင်အရာရှိ" ဖြစ်လာသည်။ထိုနှစ် "ဇူလိုင်လ"တွင် ဆရာကြီးသည်"မြစ်သားဘူတာ"သို့ စာရင်းစစ်ရန် ရောက်လာခဲ့သည်။ အလုပ် ၀တ္တရားပြီးသည့်အခါတွင်ဆရာကြီးသည်"ကျောက်ဆည်ဘူတာ" ၌ရက်အတော်ကြာ တာဝန် ဆောင်ရွက်ရင်း ဘူတာရှေ့တည့်တည့်ရှိ"ရွှေသာလျောင်းတောင်"ကြီး ကိုတွေ့ရာ မဆိုင်းမတွပင် "ကျောက်ဆည် လက်ထောက်ရုံပိုင်"နှင့်တောင်ပေါ်တက်ခဲ့လေသည်။

တောင်ပေါ်တွင်ဘုရားဝတ်ပြုဆုတောင်းပြီးနောက် ပတ်ဝန်းကျင် လှည့်ပတ်ကြည့်ရှုရာ "၀ါးတဲ ကျောင်း"လေးတစ်ကျောင်းကိုတွေ့ရသည်။ ပါလာသူ လက်ထောက်ရုံပိုင်အားစုံစမ်းကြည့်ရာ "၎င်း ကျောင်းကလေးတွင် အလွန်ကြည်ညိုဖွယ်ရာဆရာတော်တစ်ပါး သီတင်းသုံးနေထိုင်ကြောင်း၊ (ဝေဘူလတောင်စွယ်)ကို အမှီပြု၍ (ဝေဘူဆရာတော်)ဟုခေါ်တွင်ကြောင်း၊ အနီးအနား ပတ်ဝန်း ကျင်မှ လူအများက ဆရာတော်ကြီးအာ ရဟန္တာတစ်ပါးဖြစ်ကြောင်း၊ ယုံကြည်ကိုးကွယ်နေကြ ကြောင်း"ပြောပြသည်။

ဆရာကြီးသည် ရုတ်ခြည်းပင် ဆရာတော်ထံသွားရောက်ဖူးမျှော်လိုသောဆန္ဒဖြစ်ပေါ်လာ၍ သွားရန်ခြေလှမ်းပြင်လိုက်သောအခါ လက်ထောက်ရုံပိုင်းလေးက-
"ဆရာကြီး ဒီက ဆင်းသွားလို့မဖြစ်နိုင်ပါဘူး၊ တောင်အောက်ခြေကပန်းပြီးမှ သွားနိုင်ပါတယ်၊ညနေ ကျွန်တော်လိုက်ပို့ပါမယ်၊ ဒီအချိန်မှာလည်း ဆရာတော်ကြီးက လူတွေ့မခံဘူးလို့ ထင်ပါတယ်" ဟုဆို၏။

"ကျောက်ဆည်ဘူတာ"သို့ပြန်အရောက်နေ့လည်စာစားပြီးနောက်"ဆရာကြီး"သည်"တရားအာရုံ ယူ၍" ဝေဘူဆရာတော်ကြီး"ကို မေတ္တာပို့ကာ "ဆရာတော်ကြီးအား လာရောက်ဖူးမျှော်မည် ဖြစ်ကြောင်း" စိတ်ဖြင့်လျှောက်ထားလိုက်၏။

ညနေ(၃)အချိန်တွင်လက်ထောက်ရုံပိုင်အဖော်ပြု၍"ဝေဘူချောင်"သို့ထွက်ခွာလာခဲ့သည်။ ချောင်ထဲ ၌အလွန်ဆိတ်ငြိမ်သာယာလှ၏။ ထိုအခိုက်တစ်ဖက်မှသီလရှင်(၂)ပါးထွက်ပေါ်လာသဖြင့် ၎င်းတို့ အား  "ဆရာတော်ကြီးအားဖူးမြော်လိုကြောင်း "ပြောပြရာ" ယခုအချိန်၌ ဖူးမျှော်၍မရ၊ နံနက် ဆွမ်းစားချိန်နှင့်ညနေ တရားဟောချိန်မှသာ ဖူးမြော်ခွင့်ရနိုင်သည်"ဟုပြန်ပြောကြား၏။

ဆရာကြီး က-
"မဖူးမျှော်ရလည်း နေပါစေ၊ဆရာတော်သီတင်းသုံးသည့် ကျောင်းကိုသာပြပေးပါ၊ကျောင်းအပြင်မှ ဦးတိုက်ပါရစေ"ဟုပြန်ပြော၏။သီလရှင် ညွှန်ပြလိုက်သော "၀ါးကျောင်း"ကလေး၏ ဖိနပ်ချွတ်နေရာ မှထိုင်၍ "ဆရာတော်ကြီး"အားရည်မှန်းကာဦးချပြီးနောက် "ရန်ကုန်က ဒကာများ ကန်တော့ ရောက်နေပါတယ် ဘုရား"ဟု စိတ်ဖြင့်လျှောက်ထားလိုက်ရာကဲလားတံခါးကလေး ရုတ်တရက် ပွင့်လာ၍ "ဆရာတော်ကြီး" ၏မျက်နှာ ကိုဖူးမြင်ရသည်။

"ဘာ အလိုရှိလို့ ကန်တော့သလဲ ဒကာကြီး"
"မဂ်ဖိုလ် နိဗ္ဗာန် အလိုရှိလို့ပါ ဘုရား "
"အေး နိဗ္ဗာန် သွားချင်ရင် ဘယ်လိုသွားရမလဲ"
"၀ိပဿနာဉာဏ်တရား နဲ့ သွားရပါတယ်ဘုရား၊အခုလည်း ၀ိပဿနာတရားကို အာရုံပြုနေလျှက်ပါ ဘုရား"

"အေး သာဓု၊သာဓု၊သာဓု အဲဒီတရား ဘယ်လိုရသလဲ" ဟု မေးမြန်းရာ-
"ကျေးဇူးရှင် (ဆရာသက်ကြီး)ဆီမှာရှေးဦး(၇)ရက်တရားအားထုတ်ပြီး နောက်ရယူခဲ့ကြောင်း၊ နောက်လည်း ဆက်လက်အားထုတ်ကြောင်း၊ခရီးသွားရင်းလည်း ရထားပေါ်မှာ အမြဲတရား အားထုတ်ကြောင်း" ပြန်လည်လျှောက်ထားရာ-
"ဒီလိုဆို-ဒကာကြီး ပါရမီ ရှိတယ်၊ ဘုန်းကြီးစိတ်ထဲမှာက တောထဲသွားပြီး ပင်ပင်ပန်းပန်း လုပ်ခဲ့ရတယ်အောက်မေ့တယ်"ဟု "ဆရာတော်ကြီး" က မိန့်၏။

ဤသို့မေးလျှောက်ထားခြင်းဖြင့်(၁)နာရီကျော်ကျော် အချိန်ကြာသွားခဲ့သည်။နောက်တစ်နေ့မနက် "သက်သတ်လွတ်ဆွမ်း" ကပ်ရန်ခွင့်ပန်ကြားပြီး ပြန်ခဲ့ကြလေသည်။
နောက် မနက်တွင် "အရုဏ်ဆွမ်း"အမီ ချက်ပြုတ်ကြပြီးနောက် ဆွမ်းကပ်သွားကြပြန်ရာ" ဆရာတော်ကြီး"နှင့်စကားလက်ဆုံကျပြန်၏။ အရုဏ်ဆွမ်းကပ်ရောက်လာသူ ပုဂ္ဂိုလ်အများ ပြောပြချက် အရ၊" ဘယ်တုန်းကမှဆရာတော်ကြီး ဒီလောက်စကားများများ မပြောကြား" ဟု သိရပါသည်။

"ဆရာတော်ကြီး"၏ နောက် "မိန့်ကြားချက်"တစ်ခုမှာ-
"ဒကာကြီး ရရှိထားတဲ့တရား သူများဝေမျှပြရလိမ့်မည်။ယခု ဒကာကြီးနှင့်အတူပါလာတဲ့ ဒကာလေး ကို နောက်ဘယ်တော့မှပြန်တွေ့နိုင်ဦးမလဲ မသိနိုင်ဘူး၊တွေ့တုန်း ပေးခဲ့ပါ၊ နည်းကလေးပြပေးပေါ့။ ဒကာကြီးတို့ လူပုဂ္ဂိုလ်တွေအနေနဲ့ ပိတ်ဖြူလဲပြီး တရား ပေးပါ" ဟု တိုက်တွန်း နှိုးဆော်တော် မူလိုက်သည်။

"ကျောက်ဆည်ဘူတာ"သို့ပြန်ရောက်လျှင်ပြန်ရောက်ချင်း"ဝေဘူဆရာတော်ဘုရားကြီး"၏သြ၀ါဒကို နာခံလျှက်"လက်ထောက်ရုံပိုင်" အား စတင် တရားပြပေးပေတော့သည်။ ဤသို့နှင်နှင် "အစိုးရတာဝန်မပျက်"၊"လုပ်ငန်းမပျက်"၊"သွားလေရာကိုယ်တိုင်တရားအားထုတ်"၊"သူတစ်ပါးအားတရားပြသခြင်း" စသော သာသနာပြုလုပ်ငန်းများစတင်ဆောင်ရွက်ခဲ့သည်။

တစ်နေ့တွင် "မြန်မာ့အလင်းဦးတင်"အိမ်၌ တရားအကြောင်းဆွေးနွေးမိကြသည်။ လက်တွေ့ သမား ဖြစ်သည့် ဆရာကြီးက "တရားအကြောင်းဆွေးနွေးရုံနှင့်မပြီး လက်တွေ့လုပ်မှတရားအရသာကို ဒိဋ္ဌ ခံစားနိုင်မည်၊မြတ်စွာဘုရားကိုယ်တော်တိုင်ကဧဟိပသိကော-လာရောက်ကြည့်ရှု စမ်းသပ် ကြည့်ကြပါဟု ဖိတ်ခေါ်ထားပြီးဖြစ်ရာ စမ်းသပ်ကြည့်လိုလျှင် ၎င်းက ကူညီမည် ဖြစ်ကြောင်း" ပြောပြ၏။

ထို့နောက်-"ဆရာသက်ကြီး ထံမှ တရားယူခဲ့ပုံ၊ နည်းနာနိဿယ ခံခဲ့ပုံ၊ ဝေဘူဆရာတော်ဘုရားကြီး ဖူးမျှော်ခဲ့ပုံ၊ ဆရာတော်ကြီး၏သြ၀ါဒအရ တရားပြသပေးနေပုံ အကြောင်း"တို့ကိုလည်း ပြန်ပြောင်း ပြောပြသည်။ ၎င်းနှစ် "ဒီဇင်ဘာလ"တွင် ဆရာကြီးဦးဘခင်သည် "အနာဂါမ်ဆရာသက်ကြီး"ထံသို့ သွားရောက်၍တရားအားထုတ်ရာ"ဦးတင်""ဦးနု"တို့လည်းလိုက်လာကြသည်။အစိုးရတာဝန်ဝတ္တရားများကြောင့်"အနာဂါမ်ဆရာသက်ကြီး"ထံမှောက် တရားအား ထုတ်ရန်ရက် အနည်းငယ်သာရရှိရာ အားမလို၊အားမရ ဖြစ်ကြရ၏။

ထိုအခါ "အနာဂါမ် ဆရာသက်ကြီး"က "ဦးတင်နှင့် ဦးနု"တို့အား-"ဆရာကြီး က ဆရာဝန် ဆိုရင် မောင်ဘခင် ကိုသူနာပြုအဖြစ်မှတ်ယူရကြမယ်၊ ဆရာဝန်က လူနာနား အစဉ် မရှိနိုင်၊ သူနာပြု ကသာ ယုယုယယ ပြုစုစောင့်ရှောက်ပေးနိုင်တယ်၊ ဒါကြောင့်မို့ မောင်ဘခင်ရဲ့ တရားစကားများကို နားထောင်ကြရမယ်၊ သူ့ရဲ့ သီလ၊ သမာဓိ၊ ပညာတွေကို ယုံကြည်နိုင်ပါတယ်"ဟု ဆုံးမ ညွှန်ကြား ခဲ့လေသည်။

ထိုမျှသာမက "ဆရာကြီးဦးဘခင်"၏ နိုင်ငံဝန်ထမ်းဘ၀  မှတ်တမ်းကို ဖတ်ရှုကြည့်လျှင် "အရည်အချင်းပြည့်ဝသော၊အဂတိမလိုက်စားသော၊တည်ကြည်ဖြောင့်မတ်သော၊တိုင်းပြည်အပေါ် စေတနာထားသော အကြီးအကဲ"အဖြစ်သော်လည်းကောင်း၊ "မိခင်ဋ္ဌာနမှ လစာတစ်ခုတည်း" ကိုသာ ခံစားခွင့်ယူပြီး "ဋ္ဌာနကြီး(၃-၄)ခု ကိုတာဝန်ယူထမ်းဆောင်ခဲ့သောဋ္ဌာနအကြီးအကဲ"အဖြစ် ကြည်ညိုဖွယ်၊ဂုဏ်ယူဖွယ်၊ချီးကျူးဖွယ် မြင်တွေ့ရပေမည်။

"ကမ္ဘာ့ဝိပဿနာတရားပြဆရာကြီး" အဖြစ်ဖြင့် ချဉ်းကပ်လေ့လာပြန်လျှင်လည်း" ၀ိဇ္ဖာစရဏ" နှစ်ဝလုံးပြည့်စုံသော"ပရိယတ်၊ပဋိပတ်"စွယ်စုံထူးချွန်သော ပုဂ္ဂိုလ်ကြီး အဖြစ်မြင်တွေ့ရမည် ဖြစ်လေသည်။

"ရဟန်းတစ်ပါး" မဟုတ်သော "လူဝတ်ကြောင်တစ်ဦး"သာ ဖြစ်ပါလျှက် "နိုင်ငံခြားသား သိပ္ပံပညာရှင်များ၊ တက္ကသိုလ်ပါမောက္ခများ"စသည် ထိပ်တန်းပုဂ္ဂိုလ်များက ဆရာကြီး၏ တပည့်အဖြစ်ခံယူကာ "၀ိပဿနာတရား"အားထုတ်ပြီး"ဗုဒ္ဓဘာသာဝင်" ဖြစ်လာ ခဲ့ကြသည်။

နိုင်ငံခြားသားများအား ဗုဒ္ဓမြတ်စွာ၏၀ိပဿနာတရားနှင့်ကျင့်စဉ်ကို အကြွင်းမဲ့ လက်ခံ ယုံကြည်အောင် ဟောကြားပြသနိုင်ခြင်းမှာ "ဆရာကြီးဦးဘခင်"၏ အထူးခြားဆုံး ဂုဏ်ရည် တစ်ရပ်ပင် ဖြစ်ပါသည်။

မှီခိုရာကျမ်းကိုး-

-"မြန်မာ့ဂုဏ်ဆောင် ပုဂ္ဂိုလ်ထူး ဆရာကြီး ဦးဘခင်"(အတ္ထုပ္ပတ္တိနှင့်သာသနာပြုလုပ်ငန်းများ)
(ရေးသားပြုစုသူ-ဦးကိုလေး(ဇေယျာမောင်)(အငြိမ်းစား)ဒုတိယအဓိပတိ၊မန္တလေးတက္ကသိုလ်)
(၂၀၀၄-ခုနှစ်၊မေလထုတ်၊ စာမျက်နှာ-၇၂ )

ချမ်းသာပါစေ၊အေးငြိမ်းပါစေ၊ သံသရာဝဋ်ဆင်းရဲမှ..လွတ်မြောက်ကြပါစေ။
ဘ၀တုသဗ္ဗမင်္ဂလံ
သင့် ကလျာဏ မိတ္တ
(ည.ည.တ)
nyinyitindrums@gmail.com