Thursday, June 19, 2014

ကျေးဇူးရှင်

ကျေးဇူးရှင် 

အကျိုးဖြစ်ထွန်းအောင် ပြုလုပ်မှု အထူးသဖြင့် ကောင်းကျိုးပြု ဆောင်ရွက်မှု ကို ကျေးဇူး ဟုခေါ်သည်။ ယင်းသည့် ကျေးဇူးများကို ဆောင်ရွက်သူများ သည် ကျေးဇူးရှင်များဖြစ်ကြသည်။ ပစ္စည်း၊ ဓနရှိသူကို ပစ္စည်းရှင် ဓနရှင် ဟုလည်းကောင်း၊ ပညာရှိသူကို ပညာရှင်ဟုလည်းကောင်း ခေါ်ဝေါ်သကဲ့သို့ ကျေးဇူးရှိသူများကိုလည်း ကျေးဇူးရှင် ဟုခေါ်ဝေါ်ကြသည်။

ထိုကျေးဇူးရှင်သည် လောကီကျေးဇူးရှင်၊ လောကုတ္တရာကျေးဇူးရှင်၊ စီးပွါးရေးကျေးဇူးရှင်၊ ပညာရေးကျေးဇူးရှင် စသည်ဖြင့် အမျိုးမျိုးရှိနိုင်သည်။ တစ်စွန်းတစ်စ၊ တစ်လုံးတစ်ပါဒမျှပင် ကျေးဇူးပြုဖူးသူဖြစ်က ကျေးဇူးရှင်ဟု ပင်ခေါ်ရမည်။

သို့သော် ကျေးဇူးရှင်တိုင်းကား ကျေးဇူးများသူ မဖြစ်နိုင်ပေ။ ကျေးဇူးရှင် ဆိုသည်မှာ နည်းသည် ဖြစ်စေ၊ များသည်ဖြစ်စေ၊ ကျေးဇူးပြုဖူးသူ၊ ကျေးဇူးရှိ သူတိုင်း ကျေးဇူးရှင်ဖြစ်နိုင်သည်။ ယင်းကျေးဇူးရှင်များ အနက် အနည်းဆုံး တစ်ခုမက ကျေးဇူးပြုဖူးသောသူကိုသာ ကျေးဇူးများသူ ဟု ခေါ်ဆိုနိုင်သည်။

သားသမီးများအပေါ်ထားရှိသော မိဘများ၏ ကျေးဇူးကား အလွန်များသော ကြောင့် ဗဟူပကာရာ ဘိက္ခဝေ မာတာမိတရော ပုတ္တာနံ (မိဘများသည် သားသမီးများအပေါ်မှာ အလွန်းကျေးဇူး များသူများ ဖြစ်ကြသည်) ဟု ပိဋက ပါဠိတော်များ၌ ဘုရားရှင် ဟောတော်မူလေ့ရှိသည်။

မိဘများသည် အနန္တကျေးဇူးရှင်များ ဖြစ်သကဲ့သို့ အတိုင်းဆမရှိ ကျေးဇူးရှိ သူများမှာ ရတနာသုံးပါး၊ မိဘ၊ ဆရာသမားများဖြစ်ကြသည်။ ထိုကြောင့် ယင်းအရာငါးပါးကို အနန္တော အနန္တ ငါးပါး-ဟု ခေါ်လေ့ရှိကြသည်။

အကျိုးဖြစ်ထွန်းပုံ

မြတ်စွာဘုရား ပွင့်ထွန်းပေါ်ပေါက်လာခြင်းကြောင့် တရားရတနာ၊ သံဃာ ရတနာလည်း ပေါ်ပေါက်လာရသည်။ ပွင်းထွန်းလာရသည်။ ရတနာမြတ် ၃-ပါး၏ ဂုဏ်ကျေးဇူးကြောင့် ရတနာသုံးပါးနှင့် ဆက်စပ်သူ ကမ္ဘာသူ ကမ္ဘာ သားအားလုံး လူရော နတ်ပါ သတ္တဝါအားလုံး အတိုင်းမသိသော အကျိုး ကျေးဇူး အသီးအပွင့်များ ခံစားကြရသည်။

ထိုကျေးဇူး ခံစားရသောသူများအနက် မြန်မာနိုင်ငံ၊ နွားထိုးကြီးမြို့နယ် ဒေါင့်ဘိုးကျေးရွာအုပ်စု မဟာသောဘိတာရာမကျောင်းတိုက်၊ ဂေါစရဂါမမ် အတွင်းရှိ နယ်သူ နယ်သားအားလုံးသည် ရွာဦးကျောင်းတိုက်ရှိ အာစရိယ ပရမ္ပရ (ဆရာစဉ်ဆက်) သိဿနုသိဿ (တပည့်စဉ်ဆက်) ဆရာတော်ကြီး များ၏ ပညာရင်နို့ သောက်စို့ခဲ့ကြရသည်။

ထိုကြောင့် သေစာ ရှင်စာ လောက်မျှ မသိသောဘဝမှ လွှတ်မြောက်လာ ခဲ့ကြရသည်။ အနည်းဆုံး အ-သုံးလုံး ကြေခဲ့ကြရသည်။ လောကီ လောကု တ္တရာပညာ ဗဟုသုတ ကြွယ်ဝခဲ့ကြသည်။ ပစ္စုပ္ပန် သံသရာနှစ်ဖြာ ကြီးပွါး ကြောင်းနေထိုင်ကျင့်သုံးနည်းများ ရရှိခဲ့ကြသည်။

ရက်ရာဇာ ပြဿဒါး မြေခံရွေးနည်း စသော ဗေဒင်ပညာများ မင်္ဂလသုတ် စသော ဘုရားဟော ကျမ်းဂန်များ လောကနီတိ စသောကျမ်းစာများ သဂြိုဟ် စသော ပိဋကတ်အခြေံခံ ပညာများကို လည်း ရရှိခဲ့ကြသည်။ နားရည် ဝခဲ့ကြ သည်။

ဤကဲ့သို့ ဆက်ဆံရေး၊ ကျင့်သုံးရေး၊ လူမှုရေး၊ မင်းရေးစိုးရေး စသော ရန်သူမျိုးငါးပါးပင် မဖျက်စီးနိုင်သည့် ပညာရွှေအိုးကြီးများ ရရှိခဲ့ကြသည်။ တစ်သက်လုံးသုံးမကုန်သည့် ပညာများဖြင့် လောကအလယ် ထည်ဝါခဲ့ကြ သည်။

သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ စသော သူတော်ကောင်း ဥစ္စာရှင်ကြီးများ ဖြစ်ခဲ့ကြ သည်။ ဤသည့် အကျိုးဖြစ်ထွန်းမှု များအားလုံးသည် ရွာဦးကျောင်း ဆရာ တော်များ၏ ကျေးဇူးပင်ဖြစ်ပါသည်။

ဖေါ်ပြပါ ကျောင်းကို တည်ထောင် ခဲ့ကြသူ ဆရာသခင် ကျေးဇူးရှင်ကြီးများ သည် မင်းပေါက် စိုးပေါက် မင်းကိုးကွယ်ခံ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး များဖြစ်ပါလျက် ချမ်းသာစွာ နေထိုင်ရသော မင်းနေပြည် မြို့တော်ကြီးကို စွန့်ခွါ၍ စားဝတ်နေရေး၊ ကျန်းမာရေး အဘက်ဘက်က ဆင်းရဲနုံချာလှသည့် ကျေးလက်တောရွာဇနပုဒ်သို့ လာရောက်နေထိုင်ကြသည်။

ဤအချက်သည် ဆင်းရဲမွဲတေလှသော ကျေးလက်တောရွာသူ ရွာသားများ ပေါ်မှာ ထားရှိသော ကြီးမားသည့် ကရုဏာပင် မဟုတ်ပါလော။ လက် တော်သို့ ရောက်ပြီးသော နိဗ္ဗာန်ချမ်းသာကို ပယ်စွန့်၍ ဒုက္ခခံကာ ပါရမီဖြည့်ခဲ့ သော သုမေဓာရှင်ရသေ့ စသော အလောင်းတော်ကြီးများ၏ စာရင်းဝင်- ဟု ပင် ဆိုနိုင်သည်။

ကတညုတ ကတဝေဒီ

ဆိုသည့်အတိုင်း မဟာသောဘိတာရာမ ကျောင်း၌ သတင်းသုံးခဲ့သော အာစရိယပရမ္ပရ၊ သိဿာနုသိဿ ဆရာတော်များသည် မူလတိုက်တာ တည်ထောင်ခဲ့သော ဆရာတော်ကြီး၏ ကျေးဇူးဂုဏ်ကို တုန့်ပြန်ပူဇော် သောအားဖြင့် မဟာသောဘိတာရာမ ကျောင်းတိုက်ကို အကောင်းအဆိုး အမျိုးမျိုးသော ခေတ်ကာလ အခြေအနေမည်သို့ပင် ကြုံစေကာမူ မဖြုံသော စိတ်ဓာတ် မလျှော့သောဇွဲတို့ဖြင့် ဤကျောင်းတိုက်ကြီး တည်တံ့အောင် ဓမ္မ ပူဇာဖြင့် ပူဇော်ခဲ့ကြသည်။

ဆရာ့စကားလိုက်နာခြင်း၊ ဆရာ့ဆန္ဒပြည့်ဝအောင် ဆောင်ရွက်ခြင်းတို့သည် ဓမ္မပူဇာပင်ဖြစ်သည်။ တပည့်စဉ် ဆက်တို့သည်-

၁။ ဆရာ့လက်ငုတ် ကျောင်းတိုက်ကိုလည်း မပျက်စီးအောင် ထိန်းသိမ်းခဲ့ သည်။ မွမ်းမံခဲ့သည်။ တိုးချဲ့ခဲ့သည်။

၂။ ဂေါစရဂါမ် အတွင်းရှိ ဒါယကာ ဒါယိကာမများကိုလည်း- မကောင်း မြစ်တာ၊ ကောင်းရာညွှန်လစ်၊ အသစ် ဟောကြူး၊ နာဖူး ထပ်မံ၊ နတ်ထံတင်ရာ၊ မေတ္တာလည်းပြု၊ ရဟန်းမှု၊ ခြောက်ခု လွန်သေချာ- ဟူသော ရဟန်းသံဃာ တို့၏ တာဝန်များ ကျေပွန်အောင် ဆောင်ရွက်ခြင်းဖြင့် ကျေးဇူးပြုခဲ့ကြသည်။
မဟာသောဘိတာရာမ ကျောင်းတိုက်၌ သီတင်းသုံးခဲ့သော အဆက်ဆက် သော ဆရာတော် သံဃာတော်များသည် ဤကျောင်းတိုက် ဂေါစရဂါမ် အတွင်းရှိ ဒါယကာ ဒါယိကာမများ၏-

၁။ အနန္တကျေးဇူးရှင် သံဃာရတနာလည်းဖြစ်သည်။
၂။ ဆရာရှင်များလည်းဖြစ်သည်။
အနန္တော အနန္တ ငါးပါးတွင် (၂) မျိုးသော ကျေးဇူးရှင် (သို့) နှစ်ထပ်၊ နှစ်ပြန်၊ နှစ်ဆကျေးဇူးရှင်များ ဖြစ်ခြင်းကြောင့် “ပရိယာယ် နှစ်ချက်ဆင့် အနက်မြင့် ထွက်စေ” ဟူသော ရှေးပညာရှင်များ စကားအရ-
အနန္တ ကျေးဇူးရှင်များဟု ဆိုနိုင်သည်။

ကျေးဇူးရှင်များ၏ ကျေးဇူးကိုသိခြင်း၊ သိသည့်အတိုင်း ကျေးဇူးတုံ့ပြန် ဆပ် နိုင်ခြင်းသည် ကတညုတ ကတဝေဒီ မင်္ဂလာဖြစ်သည်။ ထိုကတညုတ ကတဝေဒီ မင်္ဂလာဖြစ်အောင် အာမိ သပူဇာ၊ ဓမ္မပူဇာတို့ဖြင့် ပူဇော်ခြင်းသည် နောက်ထပ် ပူဇာမင်္ဂလာထပ်ဆင့်ခြင်းပင် ဖြစ်သည်။

ထို ကတညုတ ကတဝေဒီ မင်္ဂလာ ပူဇာ မင်္ဂလာ စသော မင်္ဂလာများကို ပြုလုပ်ရန် ရည်သန်၍ နှစ် ၂၀၀-ပြည့်ပွဲ ကျင်းပကြသူ စီမံဆောင်ရွက်ကြသူ အားပေးကူညီကြသူ ပုဂ္ဂိုလ်အပေါင်းတို့မှာ-

ဧတာဒိသာနိ ကတွာန၊ သဗ္ဗတ္ထ မပရာဇိတာ။
သဗ္ဗတ္ထ သောတ္ထိံ ဂစ္ဆန္တိ၊ တံ တေသံ မင်္ဂလမုတ္တမံ…
 ဟူသော ဘုရားရှင် မိန့် ကြားအပ်သည်နှင့်အညီ

သုံးဆယ့်ရှစ်ဖြာ မင်္ဂလာကုံးကို
လိုက်နာကျင့်သုံး ပန်းသူတွေ
စီးပွါးချမ်းသာ ကျက်သရေတိုးလို့
ကောင်းကျိုးစည်ပွင့် တဝေဝေ
ဘေးကင်းရန်ကွာ ချစ်သူပေါလို့
စိတ်ရောကိုယ်ရော ချမ်းသာမလေ
ပြောဆိုကြံဆ ဆောင်သမျှ
အောင်ရမည် ကိန်းသေ
အဲဒါကြောင့် ပန်ကြ ဆင်ကြ မင်္ဂလာ့ပန်းခိုင်တွေ။

ဟူသည့် မင်္ဂလာအကျိုးများ ရရှိနိုင်ကြောင်း တင်ပြရင်း နိဂုံးကမ္ပတ် အဆုံး သတ်အပ်ပါသတည်း။ ။
ဆရာတော် ဦးတိလောကာဘိဝံသ (ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်)
(၁၃၆၂-ခု၊ မဟာသောဘိတာရာမတောရကျောင်းတိုက် နှစ် ၂၀၀-ပြည့်ပွဲ အထိမ်းအမှတ်စာစောင်မှ)