ဒုက္ခရဲ့ လက်သည်များ (ဓမ္မစကြာ ၄)
"အသက်"နဲ့ လူလုပ်နေတာ
မဟုတ်ဘူး၊"အရှက်နဲ့ လူလုပ်တာဆိုတဲ့ စကားနဲ့ အယူဝါဒ အတွက် အသက်ကိုစွန့်လွှတ်ကြတဲ့
ဖြစ်ရပ်တွေကို ထောက်ဆကြည့်လိုက်ရင် "ဘ၀"ထက် ပိုပြီး ဆန္ဒပြင်းတဲ့
ဘ၀ရဲ့ဂုဏ်သိန်နဲ့ အယူဝါဒအကျင့် သိက္ခာတို့ကိုလည်း " ၀ိဘ၀"အရထဲမှာ ထည့်သွင်း ရမယ် ထင်ပါတယ်။
ဘ၀ရဲ့ဂုဏ်သိန်နဲ့ အယူဝါဒအကျင့် သိက္ခာတို့ကိုလည်း " ၀ိဘ၀"အရထဲမှာ ထည့်သွင်း ရမယ် ထင်ပါတယ်။
မိဂဒါဝုန် တရားပွဲဟာ "တရားဦး"ဖြစ်တဲ့အတိုင်း "ပွဲဦး မလန်ရအောင်"အဘက်ဘက်က စနစ်တကျ သုံးသပ်ပြီး ဟောတော်မူတာဖြစ်လို့ နောင်(၄၅)၀ါ ပတ်လုံး ဟောတော်မူတဲ့ တရားအား လုံးကို ခြုံငုံ မိရုံ မျှမက စကားလုံးတိုင်းဟာလည်း ကျယ်ဝန်းတဲ့ အဓိပ္ပာယ်ကို ဆောင်နိုင်လောက်အောင် တိုကျဉ်း ထိမိလှတဲ့ အတွက် "သြဇဂုဏ်"အလွန်မြောက်ပါတယ်။
ဒုက္ခရဲ့ ဒီနောက်ဆုံးအလွှာဖြစ်တဲ့ "သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ" ဆိုတဲ့ စကားကို ကျေ ကျေ နပ်နပ် လက်ခံလိုက်တာနဲ့ တစ်ပြိုင်နက် ဒုက္ခရဲ့လက်သည်အစစ်ဟာ "ဥပါဒါန်"ဖြစ်တယ်ဆိုတာကို လည်း ဘယ်လိုမှ ငြင်းဆန်စရာမလိုဘဲ လက်ခံပြီးသား ဖြစ်သွားစေပါတော့တယ်။
ဒီစကားပိုဒ်ဟာ ဒုက္ခသစ္စာ အတွက်သာ အရေးကြီးဆုံး ဖြစ်တာ မဟုတ်ပါဘူး၊ မြတ်ဗုဒ္ဓရဲ့ မဇ္ဈိမ လမ်းစဉ် တစ်ခုလုံး တစ်နည်းပြောရရင်တော့ သာသနာတော် တစ်ခုလုံးအတွက် အလွန်အရေးပါတဲ့ စကားပါ။
မြတ်စွာဘုရားရှင်ရဲ့ ပထမဆုံး ဥဒါန်းတော်မှာပါတဲ့ "ဒုက္ခခန္ဓာ အိမ်ကို တည်ဆောက်တဲ့ လက်သည် အစစ်ကို ရှာမတွေ့နိုင်တဲ့အတွက် သံသရာကြောမှာ မောခဲ့လှပြီး အခု လက်သည်အစစ်ကို ရှာဖွေတွေ့ရှိပြီ ဖြစ်တဲ့အတွက် နောက်ထပ် ဒုက္ခခန္ဓာအိမ်ကို ဆောက်လုပ်ခွင့် မရှိတော့" ဆိုတဲ့ စကား ကို ကြည့်လိုက်ရင် ဘုရားလောင်းတော်တို့ လေးသင်္ချေ ကမ္ဘာတစသိန်းကြာအောင် ပါရမီ ဖြည့်ကျင့်ခဲ့ရ တာတို့၊ ခြောက်နှစ် ပတ်လုံး ဒုက္ကရစရိယာ ကျင့်ခဲ့ရတာတို့ ဆိုတာ "ဒုက္ခရဲ့ လက်သည်" ကို ရှာနေရ တာပါ။။
မြတ်ဗုဒ္ဓ မပွင့်ပေါ်မီကစပြီး ဒီနေ့အထိ ဘာသာ အယူဝါဒတွေ ကွဲပြားနေတာဟာလည်း ဒုက္ခ လက်သည်ကို သတ်မှတ် နေရာမှာ ကွဲပြားနေခြင်းက အဓိက အကြောင်းရင်း ဖြစ်ပါတယ်။ ဒါကြောင့် ဒုက္ခလက်သည် အစစ်ကို မီးမောင်းထိုးပြလိုက်သလို ဖြစ်တဲ့ ဒီစကားရပ်ဟာ တခြားဝါဒ လမ်းစဉ်များနဲ့ မဇ္ဈိမလမ်းစဉ် တစ်ခုလုံး(တစ်သာသနာတော်လုံး) အတွက် အရေးကြီးဆုံး စကားလို့ ဆိုရတာပါ။
" တဏှာနဲ့ ဥပါဒါန်" ဆိုတာ လိုချင်စွဲလမ်းမှု အားသေးတာနဲ့ အားကြီးတာပဲ ကွာပါတယ်။ ဒုက္ခ ရဲ့ လက်သည်များ ဖြစ်တဲ့အတွက် သစ္စာအရာမှာတော့ "သမုဒယ"လို့ သုံးပါတယ်။ တရားကိုယ် အနေ နဲ့ တော့ အားလုံးဟာ အာရုံကို လိုချင် တပ်မက် ဆာလောင်ခြင်း သဘောရှိတဲ့ "လောဘ" စေတသိတ် ချည်းပါပဲ။
"တဏှာ"ဆိုတဲ့ စကားလုံးရဲ့ မူလအဓိပ္ပာယ်က "အာရုံဆာလေင်မှု"ဖြစ်ပါတယ်၊ အိန္ဒိယ အနောက် တောင်ပိုင်းမှာ ရှိတဲ့"အဂျန္တ" လိုဏ်ဂူမှာပဋိစ္စသုမုပ္ပါဒ်ကို(မော်ဒါန်ဆန်ဆန်)ရုပ်လုံးများနဲ့ သရုပ် ဖော်ထား ရာမှာ "တဏှာ"ကို ဆိတ်ကျောင်းသားတစ်ယောက် သစ်ရွက်ခြောက် ကလေးတွေကို လိုက်ကောက် စားနေတဲ့ပုံနဲ့ ပြထားပါသတဲ့။ ဆာလွန်းတဲ့အတွက် ရရာကို အငမ်းမရ ကောက်စား နေတဲ့ သဘောပါ။ "ဆာတယ်"ဆိုတဲ့ အဆင့် ရောက်လာတာကို "ဥပါဒါန်" လို့ ဆိုရပါလိမ့်မယ်။
ဒုက္ခရဲ့ လက်သည်ဖြစ်တဲ့ "သမုဒယ" သဘောကို ခြုံငုံမိအောင် ဆိုရင်တော့ "တဏှာ" ကို "ချစ်ခြင်းတပ်မှု"လို့ ပြောရင် ပိုပြီး အဓိပ္ပာယ်ပြည့်စုံပါလိမ့်မယ်။ "ချစ်ခြင်း"ဆိုတာ လိုချင် ရချင် တဲ့ သဘောချည်း မဟုတ်ပါဘူး။ လိုချင်တယ်၊ မလိုချင်ဘူး၊ ပေါင်းဆုံချင်တယ်၊ ဝေးကွာချင်တယ် စတဲ့ "ချင်"ဆိုတဲ့ ဥပါဒါန်စကားလုံးနဲ့ တွဲထားတာမှန်သမျှ "ချစ်ခြင်း" (သမုဒယ) ချည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း သမုဒယရဲ့ လက်ရာဖြစ်တဲ့ "ဒုက္ခသစ္စာ"မှာ "မုန်း ဆုံ၊ ချစ် ကွဲ၊ လိုတာ မရ" အားလုံး ကို ဒုက္ခ လို့ ဆိုထားတာပါ။
လောကကြီးကို တဏှာက ခြယ်လှယ် လှည့်စားတတ်ပုံနဲ့ ပက်သက်လို့ သမုဒယသစ္စာမှာ ပြဆိုထားတာ ကတော့ တဏှာဟာ သူ့ကို မပယ်သတ်နိုင်သမျှ ဘ၀ အသစ်သစ် အထပ်ထပ်ဖြစ် စေတတ်တယ်။ သံသရာမှာ တစ်ဘ၀ပြီး တစ်ဘ၀ ဖြစ်စေရုံ မကဘူး ဘ၀တစ်ခုတည်း အတွင်းမှာပဲ လူကောင်းသူကောင်း ဘ၀ကနေ သူခိုးဘ၀၊ ဓားပြဘ၀၊ လူလိမ်လူညာ၊ မတရားသူ၊ ရက်စက်သူ၊ လောင်းကစားသူ စတဲ့ ဘ၀အမျိုးမျိုးတွေ ဖြစ်နေရတာဟာ တဏှာရဲ့ လက်ချက်တွေချည်း ဖြစ်တယ်လို့ ဆိုလိုတာပါ။
ပြီးတော့ "နန္ဒီရာဂသဟဂတာ=နှစ်သက်ခြင်း၊ စွဲလမ်းခြင်းတို့နဲ့ ခွဲခြားမရအောင် တွဲကပ်နေ တတ်တယ်" တဲ့ ။ တဏှာဆိုတာ တပ်စွဲခြင်းသဘောပါ။ သမာန်ဆိုးဆေးသဘောမျိုး တပ်စွဲ တာက "နန္ဒီ" ပါ။ ချုပ်ဆေးနဲ့ မကျွက်အောင် ချုပ်ထားသလို တပ်စွဲတဲ့ သဘောကိုကတော့"ရာဂ"လို့ ခေါ်ပါ တယ်။ နန္ဒီ နဲ့တဏှာ၊ ရာဂ နဲ့ ဥပါဒန်တို့ဟာ သဘောချင်းအတူတူပဲ ဖြစ်ပါတယ်။ အကြိမ်ကြိမ် အထပ် ထပ် ဆိုးဆေးနဲ့ ဆိုးထားတဲ့ အတွက် ချွက်ဘို့ မလွယ်အောင် စွဲ သွားတတ်တယ် လို့ ဆိုလို တာပါ။
နောက်ဆုံး လှည်းစားတတ်တဲ့ သဘောကတော့ "တတြတတြာဘိနန္ဒိနီ= ၀ဋ်နာ ကျနေစေ ဦးတော့၊ ဖြစ်ရာ ဘ၀ကိုပဲ နှစ်သက်တတ်တယ်" တဲ့။ လူတွေက တိရစ္ဆာန်တွေကို ဖြစ်စေ၊ လူလူချင်းမှာ ဒုက္ခနဲ့ နေသူက ဒုက္ခအကြီးအကျယ် တွေ့နေသူကို ဖြစ်စေ၊ "လက်ရှိဘ၀က လွတ်မြောက်ပြီး ချမ်းသာတဲ့ ဘ၀ ရောက် အောင် ´ရော့… ဟောဒီပစ္စည်းဝတ္ထုကိုယူပြီး ကုသိုလ် ကောင်းမှု ပြုလိုက်၊ ပြီးရင် လက်ရှိဘ၀ကို စွန့်လွှတ်လိုက်´လို့ ပြောကြည့်ပါ။ လက်မခံတဲ့ အပြင် " ဒါဟာ ပြောင်စရာ၊ နောက်စရာလား" ဆိုပြီး ဓားနဲ့ ထ မခုတ်ရင် ကံကောင်းပေါ့။
ဝေဒနာ ပြင်းပြင်းထန်ထန် ခံစားနေရသူအတွက် ရှင်သန်ဖို့ မျှော်လင့်ချက် မရှိတော့ဘူး ဆိုတာ သိရင် ဒီ ဒုက္ခက မြန်မြန်လွတ်မြောက်အောင် ကူညီပေးလိုက်တာ ကောင်းတယ်"လို့ ယူဆသူများ သတိပြုရမယ့် အချက်ပါ။
ဇာတ်တော်ထဲမျာ "အဿက"ဆိုတဲ့ ဘုရင်ကြီး ဟာ သူ့မိဖုရားကြီးကို အလွန်မြတ်နိုးတယ်။ မိဖုရားကြီးက လည်း သူက လွဲရင် ဖွဲနဲ့ ဆန်ကွဲချည်းပဲလို့ သဘောထား လိမ့်မယ် လို့လည်း ထင်မှတ် နေတယ်(ဒီလို ပြောထားဖူးလို့ ယုံကြည်နေတာလည်း ဖြစ်နိုင်တယ်) မိဖုရားကြီး ကွယ်လွန်တော့ အလောင်းကို မပစ်ရက်ဘူး ဆိုပြီး ဒီအတိုင်း ကြည့်နေတယ်။
အဲဒီအချိန်မှာ မိဖုရား
ကြီးက ပိုစီမဘ၀ ရောက်လို့ ပိုးစီဖိုနဲ့ ပျော်မွေ့နေပြီ။ ဒီအကြောင်း သိမြင်နိုင်စွမ်းရှိတဲ့
ပုဂ္ဂိုလ်က ပြောပြတော့ မယုံဘူး။ လက်တွေ့ မေးကြည့် မယ်ဆိုပြီး မေးကြည့်တဲ့အခါ "အဿကဘုရင်ဆိုတာ
သူ့နှလုံးသားထဲမှာ မရှိဘူး။
ခုနေပိုးစီဖိုမှာ ဝေဒနာ တစ်ခုခုဖြစ်လို့ အဿကဘုရင်ရဲ့
လည်ချောင်းသွေးနဲ့ ကုမှ အသက်ရှင်မယ် ဆိုရင်တောင် သူကိုယ်တိုင် အဿကဘုရင်ရဲ့ လည်ချောင်းသွေးကို
ရအောင် ယူမယ်"လို့ ပြန်ပြော တော့မှ ဘုရင်ကြီးလည်း " ရင်ဟာ ပြီး လွန်းနာကျ
မနေတော့ဘဲ ရင်နာပြီး အလွမ်း ခ၀ါချ" သွားပါတော့သတဲ့။ " ဖြစ်ရာဘ၀ကိုပဲ နှစ်သက်တတ်တယ်"
ဆိုတာ အဲဒါကို ပြောတာပါ။
ဒုက္ခရဲ့ လက်သည် တဏှာဟာ တစ်ဆင့်ထက် တစ်ဆင့် ပိုတန်ဖိုးထားတတ်ပြီး ပိုလည်း အစွဲ ပြင်းတဲ့ အဆင့်သုံးဆင့် ရှိပါတယ်။
(၁) စည်းစိမ်ဥစ္စာလို့ခေါ်တဲ့ အာရုံငါးပါး ကာဂုဏ်တ၇ားတို့ကို တပ်မက်စွဲလမ်း တဲ့ ကာမတဏှာအဆင့်။
(၂) လက်ရှိ ဖြစ်တည်နေတဲ့ အသက်ခန္ဓ(ဘ၀) ကို စွဲလမ်းတဲ့ ဘ၀တဏှာအဆင့်၊
(၃) ဘ၀ပြတ်မှ ဒုက္ခခပ်သိမ်း အေးမယ် လို့ ယုံကြည်သတ်မှတ်ပြီး ဘ၀ပြတ်မှု ဆိုတဲ့ ဥစ္ဆေဒဒိဋ္ဌိ နဲ့ ယှဉ်တဲ့ အယူဝါဒနဲ့ ဘ၀ရဲ့ ဂုဏ်သိန် အကျင့် သိက္ခာတို့ကို စွဲလမ်းတဲ့ ၀ိဘ၀တဏှာ အဆင့်တို့ ဖြစ်ပါတယ်။
ဒီတဏှာရဲ့ အာရုံသုံးဆင့်တို့နဲ့ ပတ်သက်လို့ " တန်ဖိုးထားးခြင်း" နဲ့ "စွဲလမ်းခြင်း" တို့ကို ရောထွေး နေတတ်ကြပါတယ်။ မြတ်စွာဘုရားရှင် အလိုတော်အရ- ခြေလက်အင်္ဂါကို စောင့်ရှောက်ဖို့ ပစ္စည်းဥစ္စာကို စွန့်ရမယ်။ အသက်ခန္ဓာကို စောင့်ရှောက်ဖို့ ခြေလက်အင်္ဂါကို စွန့်ရမယ်။
ကိုယ်ကျင့်သီလကို စောင့်ရှောက်ဖို့ အသက်ခန္ဓာကိုယ် စွန့်ရမယ်လို့ ဆိုထားတဲ့အတွက် (၀ိသုဒ္ဓိမဂ် သီလကတာ) တစ်ဆင့်ထက်တစ်ဆင့် တန်ဖိုးထားကြရမှာလည်း မှန်ပါတယ်။ တန်ဖိုးထားတယ် ဆိုတာ မပျက်စီးအောင် စောင့်ရှောက်ရမယ်လို့ ဆိုလိုတာပါ။ " အသက်ခန္ဓာကို ငဲ့ကွက်ပြီးတော့လည်း ကိုယ် ကျင့်သီလ မပျက်စီးစေကြနဲ့"လို့သာ ဆိုလိုပါတယ်။ တဏှာ ဒိဋ္ဌိ တို့နဲ့ စွဲလမ်းရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။
ဒီတဏှာသုံးဆင့်မှာ"ကမတဏှာ၊ ဘ၀တဏှာ"တို့နဲ့ ပတ်သက်လို့ အဋ္ဌကထာ အစရှိတဲ့ ဆရာတို့ရဲ့ ဖွင့်ဆိုချက်များကို သဘောပေါက်လွယ်ကြပေမယ့် "၀ိဘ၀တဏှာ"ကို "ဘ၀ပြတ်မှုကို စွဲ လမ်းခြင်း" ဖွင့်ဆိုတာနဲ့ ပတ်သက်လို့ မိမိကိုယ်တိုင် ဘ၀င်မကျနိုင်တဲ့ အချက် နှစ်ချက် ရှိခဲ့ဖူးပါတယ်။
ပထမအချက်က ဘ၀ထက် ဘ၀ပြတ်မှုကို ဘာ့ကြောင့် ပိုပြီး စွဲလမ်းမလဲ ဆိုတာရယ်၊ နောက် တစ်ချက်က ဘ၀ပြတ်မှုဆိုတဲ့ ဥစ္ဆေဒဒိဋ္ဌိ စွဲလမ်းမှုကို " ၀ိဘ၀တဏှာ" ခေါ်တယ် ဆိုရင် ဗုဒ္ဓဘာသာကို ရေရေရာရာ သက်ဝင် ယုံကြည်သူတိုင်းမျာ ဥစ္ဆေဒဒိဋ္ဌိ အယူမရှိတဲ့အတွက် " ၀ိဘ၀ တဏှာ" ဆိုတာ မရှိဘူးလို့ ဆိုနိုင် ပါသလား ဆိုတဲ့ အချက် များဖြစ်ပါတယ်။
ဒီသံသယနှစ်ခုနဲ့ ပတ်သက်လို့ ဒေးဒရဲ နိကာယ်သင်တန်းမှာ ဆရာတော်များကို လျှောက်ထား ကြည့်တဲ့အခါ တောင်တွင်းကြီး နတ်မှီတောရ ဆရာတော်ကြီးက-
" ဘ၀ပြတ်မှုကို တောင့်တတယ်"ဆိုတာ "ဘ၀ပြတ်မှ ဒုက္ခချုပ်ငြိမ်းမယ်"လို့ ယုံကြည်တဲ့ အယူ ၀ါဒစွဲပါပဲ။ ဓမ္မစကြာမှာ ပါတဲ့ " အတ္တကိလမထာ နုယောဂ"ဆိုတာ လည်း ခန္ဓာကိုယ်ထဲမှာ "အတ္တ" ကလေးဟာ ခန္ဓာကိုယ်ထဲမှာ မမွေ့လျော်တော့ဘဲ ခန္ဓာကိုယ်နဲ့ ပြတ်စဲသွားမှ မူလပရမတ္ထကြီးနဲ့ " အတ္တ"ညှင်းပန်းတဲ့ အကျင့်ကို ကျင့်တာပါ။
ဘုရားရှင်လက်ထက်တော်က
အယူဝါဒတွေထဲမှာ ဒီအယူ ၀ါဒဟာ အထင်ရှားဆုံးနဲ့ အစွဲအပြင်းဆုံး ဖြစ်လို့ "၀ိဘ၀"အရ
ထုတ်ပြလိုက်တာပါ။ အတိုချုပ် ကတော့ အယူဝါဒစွဲ၊ ဓလေ့စွဲပါပဲ"လို့ ရှင်းပြပါတယ်။
ဒါဆိုရင် "ဒီနေ့ ဗုဒ္ဓဘာသာဝင်တွေမှာ အဲဒီလို အယူဝါဒစွဲ မရှိတဲ့အတွက်"၀ိဘ၀တဏှာ" ဆိုတာ မရှိဘူး လို့ ဆိုရမလား" ဆိုတာနဲ့ ပတ်သက်လို့တော့ တဏှာသုံးမျိုးတို့ရဲ့ တစ်ခုထက်တစ်ခု ပိုပြီး အစွဲပြင်းပုံကို သဘောပေါက်ဖို့ လိုပါတယ်။ "ဘ၀"(အရပ်သုံးစကားနဲ့ပြောရရင်တော့" အသက်") ထက်ပိုပြီး လူတွေ အစွဲပြင်းတဲ့ အရာကို " ၀ိဘ၀ "လို့ ယူရမှာ ဖြစ်ပါတယ်။ ဘ၀ ထက် တန်ဖိုးထား အစွဲ ပြင်းတဲ့အရာ ဆိုတာ ----
လောကမှာ ပြောနေကြတဲ့ "အသက်" နဲ့ လူလုပ်နေတာ မဟုတ်ဘူး။ "အရှက်"နဲ့ လူလုပ်နေတာ ဆိုတဲ့ စကား၊ ဂုဏ်သိက္ခာနဲ့ အယူဝါဒအတွက် အသက်ကို စွန့်လွှတ်သွားကြတဲ့ ဖြစ်ရပ်တွေကို ထောက်ကြည့် မယ်ဆိုရင် "ဘ၀ရဲ့ ဂုဏ်သိန်၊ အယူဝါဒ၊အကျင့်သိက္ခာတို့ကိုလည်း "၀ိဘ၀"အရ ကောက်ယူရမှာပါ။ ဒီလို ယူလိုက်ရင် မုထုဇဉ်မှန်သမျှ တဏှာ သုံးမျိုးလုံးနဲ့ မကင်းကြဘူး ဆိုတာ ထင်ရှားပါလိမ့်မယ်။
"ဒီလိုဆိုရင် ဗုဒ္ဓဘာသာဝင်တို့ အနေနဲ့ မိမိတို့ စောင့်ထိန်းထားတဲ့ သီလသိက္ခာကို စွဲလမ်း တာကော ၀ိဘ၀ တဏှာပဲလား"လို့ မေးတဲ့ ပုဂ္ဂိုလည်လည်း ရှိနိုင်ပါတယ်။ အဖြေကတော့  ပဋ္ဌာန်းပါဠိတော်၊ အာရမ္မဏပစ္စည်းမှာ---
ဒါနံဒတွာ သီလံ သမာဒိယိတွာ ဥပေါသထကမ္မံ ကတွာ အဿာဒေတိ စသည်ဖြင့် ဟောတော် မူထားတာ ရှိပါတယ်။ "မိမိ ပြုထားတဲ့ ဒါန၊ ဆောက်တည်ထားတဲ့ သီလ၊ ကျင့်သုံးထားတဲ့ ဥပုသ်တို့ကို အာရုံပြုပြီး သာယာနှစ်သက်ရင် ရာဂဒိဋ္ဌိ ၀ိစိကိစ္ဆာ စတဲ့ အကုသိုလ်တရားစုသာ ဖြစ်တယ်"လို့ ဆိုတာ ပါ။
မဟာပရိနိဗ္ဗာနသုတ် ဓမ္မဒါယာဒ တရားမှာလည်း သီလနဲ့ ပတ်သက်လို့ "၀ိညူ ပသဋ္ဌေဟိ အပရာ မဋ္ဌေဟိ- ပညာရှိတို့ ချီးမွမ်းထိုက်၊ တဏှာဒိဋ္ဌိတို့ဖြင့် မှားယွင်းစွာ မသုံးသပ်(မစွဲလမ်း)တဲ့ သီလ ဖြစ်မှသာ အပါယ်ဒုဂ္ဂတိ ဘေးက ကင်းဝေးနိုင်တယ်။ အရိယာပုဂ္ဂိုလ် ဖြစ်နိုင်တယ်" လို့ ဟောညွန်ထား ပါတယ်။
ဒါကြောင့် ဘယ်အကျင့်သီလကို မဆို တဏှာဒိဋ္ဌိတို့နဲ့ မှားယွင်းစွာ စွဲလမ်းသုံးသပ်တာဟာ ၀ိဘ၀တဏှာ လို့ပဲ ဆိုရမှာ ဖြစ်ပြီး ၊ တဏှာမှန်သမျှဟာလည်း ဒုက္ခရဲ့ အကြောင်းရင်း လက်သည် များ ချည်းသာ ဖြစ်တယ် လို့သာ မှတ်ယူရမှာ ဖြစ်ပါတယ်။
သီလကို သာယာနှစ်သက်စွဲလမ်းတာနဲ့ သုံးသပ်ဆင်ခြင်တာ မတူဘူး ဆိုတာကိုလည်း သဘောပေါက်ကြရ ပါလိမ့်မယ်။
ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)