ဒုက္ခကို တစ်လွှာခြင်း ခွာကြည့်ခြင်း (ဓမ္မစကြာ ၃)
ဒုက္ခဆိုတာ……..
*သတိမေ့သူကို လှုပ်နှိုးပေးတတ်တယ်။
* ဥပါဒါန်အားကြီးသူကို ခြောက်လှန့် တတ်တယ်။
* သတိကင်းမဲ့သူကို ၀ါးမျိုတတ်တယ်။
* သတိရှိရှိ တက်စီးနိုင်ရင်း လိုရာခရီးကို ပို့ပေးတယ်။
* ပညာမျက်စိနဲ့ ရာနှုန်းပြည့် ကြည်လိုက်ရင်တော့
" စက်ရုပ်ကျားကြီး"ပါပဲ။
" မဇ္ဈိမ" လမ်းစဉ်ကို ကျင့်သုံးခြင်းရဲ့ ရည်မှန်းချက်ပန်းတိုင်က ဒုက္ခအားလုံး ချုပ်ငြိမ်း ရာဖြစ်တဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုရေး(နိဗ္ဗာနာယ)ဖြစ်ပါတယ်။ အဲဒီလို မျက်မှောက် ပြုနိုင် ဖို့အတွက် အမှန်ကို အမှန်အတိုင်း အပြည့်အ၀ (ရာနှုန်းပြည့်) ထိုးထွင်း သိမြင်အောင် ကြိုးစား အားထုတ် ကြရမှာပါ။ (သမ္မောဓာယ)။
အသိဉာဏ်ရာနှုန်းပြည့်တယ်ဆိုတာ အမှန်တရားတစ်ခုချင်းစီအတွက်…..
(၁) နာယူသိ (သစ္စဉာဏ်)၊
(၂) ကျင့်သုံးသိ (ကိစ္စဉာဏ်)
(၃) ဆုံးဖြတ်သိ (ကတဉာဏ်) ဆိုတဲ့ အဆင့်သုံးဆင့်လုံး ပြည့်စုံအောင် သိတဲ့ အသိဉာဏ် ဖြစ်ရမှာပါ။ သူများပါးစပ် အငှား (စာအငှား) နဲ့ စကားလုံး သိနေရုံနဲ့တော့ အသိဉာဏ် ရာနှုန်း မပြည့်ရုံမျှမက ဉာဏ် မျက်စိတောင် လည်နေတတ်ပါတယ်။
မြတ်စွာဘုရားရှင်က မဇ္ဈိမပဋိပဒါ လမ်းစဉ်အရ ပညာသိက္ခာအနေနဲ့ သိရမယ့် သစ္စာ လေးပါးတို့ကို အခြေခံဖြစ်တဲ့ နာယူသိ(သစ္စဉာဏ်)နဲ့ သိမြင်ဖို့အတွက် ဟောကြားရာမှာ ပထမ ဆုံး " ဒုက္ခသစ္စာ" နဲ့ပတ်သက်လို့ အလွန်အငြင်းပွားစရာ မရှိနိုင်ပါဘူး။ ကျန်သစ္စာသုံးပါးမှာသာ အယူဝါဒတွေ ကွဲပြား နေကြတာပါ။
မဇ္ဈိမပဋိပဒါ လမ်းစဉ်အရ
နိဗ္ဗာန်ကို ထိုးထွင်းသိမြင်ရေး အတွက် အရေးကြီးဆုံး လိုအပ် ချက်က အယူမှားနဲ့ ယုံမှားသံသယ
(ဒိဋ္ဌိ နဲ့ ၀ိစိကိစ္ဆာ) ကင်းစင် ရမှာ ဖြစ်တဲ့အတိုင်း ဘယ်သူမှ ယုံမှား သံသယ ဖြစ်စရာ မရှိသလို
အားလုံးနဲ့ ရင်းနှီး ကျွမ်းဝင် ပြီးဖြစ်တဲ့ ဒီ ဒုက္ခသစ္စာကို စပြီး ဟောတော်မူ တယ်လို့
မှန်းဆကြည်ညိုမိပါတယ်။
ဒုက္ခဆိုတာ လောကရဲ့ သရုပ်မှန် ဖြစ်တဲ့ အပြင် တရားဦးကို နာယူကြမယ့် ပဉ္စ၀ဂ္ဂီ ငါးဦးတို့ ကိုယ်တိုင် လည်းပဲ ဒီဒုက္ခကို အထိုက်အလျောက် ဉာဏ်မီ သိမြင်ကြလို့သာ လောက နယ်က ရုနုးထွက်ပြီး ဓမ္မနယ် ဘက်လာကြသူများ ဖြစ်လို့ ဒုက္ခအကြောင်းက စပြီး ဟောပြော တာဟာ သူတို့ လက်ခံဖို့အတွက် အလွယ်ကူဆုံး ဖြစ်နိုင်ပါတယ်။
မြတ်စွာဘုရားရှင် ဟောပြတော်မူတဲ့ ဒုက္ခသစ္စာကို အလေးအနက် နှစ်လုံးသွင်း နာယူ ကြည့်မယ်ဆိုရင်-
" ဒုက္ခ" ဆိုတာ သတိမေ့သူကို လှုပ်နှိုးပေးတတ်တယ်။ ဥပါဒါန်အားကြီးသူကို ခြောက်လှန့်တတ်တယ်။ သတိကင်းမဲ့သူကို ၀ါးမျိုတတ်တယ်။ သတိရှိရှိ တက်စီး နိုင်သူကိုတော့ လိုရာခရီးကို အရောက်ပို့ပေး နိုင်တယ်။ ပညာမျက်စိနဲ့ ရာနှုန်းပြည့် ကြည့်လိုက်ရင်တော့ "စက်ရုပ်ကျားကြီး"ပါပဲ။
ဟုတ်ပါတယ်။ တဏှာအဆီ ထည့်ပေးထားပြီး ဥပါဒါန်က လှုပ်နိုးပေးနေလို့သာ သက်ဝင်လှုပ်ရှား နေတဲ့ စက်ရုပ်ကျားကြီးပါပဲ။ အကြောင်းမှန်ကို သိပြီးလို့ တဏှာအဆီ ထည့် မပေးတော့ဘူး ဆိုရင်တော့ ဥပါဒါန်ကလည်း လှုပ်နိုး အသက်သွင်း မရတော့လို့ "ဒုက္ခ" ဆိုတာ လည်း အရုပ်ကြိုးပြတ် ဖြစ်သွားရ စမြဲပါပဲ။
မဇ္ဈိမပဋိပဒါ မပေါ်ထွန်းသေးတဲ့ အတွက် သတ္တ၀ါတွေ ဒုက္ခကြောင့် အရုပ်ကြိုးပြတ် ဖြစ်သလို ဒုက္ခရှေ့ မှောက်မှာ ဒူးထောက်ကြရပေမယ့် မဇ္ဈိမလမ်းစဉ်ကို ကျင့်သုံးပြီးလို့ အကြောင်း မှန် သိပြီး သွားရင်တော့ "ဒုက္ခ" က အရုပ်ကြိုးပြတ်ဖြစ်ပြီး မဇ္ဈိမအကျင့်နဲ့ ပြည့်စုံ သူရဲ့ ရှေ့မှောက်မှာ ဒူးထောက် လာရမယ့် သဘောပါ။
ဒုက္ခရဲ့ သဘောကို နှလုံးသွင်းရင်းကပဲ ကြားဖူးတဲ့ ဖြစ်ရပ်လေး တစ်ခုကို ပြေးပြီး သတိ ရမိလိုက်တယ်။ ကိုလိုနီခေတ်တုန်းက "မြို့ပိုင်မင်း"ဆိုတာကို ကျေးလက်တောရွာတွေမှာဘုရားထူး ၊ဦးချနဲ့ အတော်လေး ဖိမ့်ဖိမ့်တုန်အောင် ကြောက်ရွံ့ကြပါသတဲ့ ။ ရွာတစ်ရွာကို မြို့ပိုင် မင်း ရောက်လာတဲ့အခါ သူကြီးက စပြီး တစ်ရွလုံး ပျာပျာသလဲ ဖြစ်နေကြတော့ အဒေါ်ကြီး တစ်ယောက်က "ဒီလောက်တောင် အဖြစ်သည်း နေကြတာ၊ ဘယ်လိုပုဂ္ဂိုမျိုးလဲ ဆိုတာ သိရ အောင် ငါလည်း သွားကြည့်ဦးမှပဲ"ဆိုပြီး သွားကြည့်တဲ့အခါ မြို့ပိုင်မင်းဆိုသူကိုလည်း မြင် လိုက်ရော"
ဟောတော် …. မြို့ပိုင်မင်း
မြို့ပိုင်မင်းနဲ့ တစ်ရွာလုံး ဖိမ့်ဖိမ့်တုန် နေလိုက်ကြတာ၊ ဘယ်သူများလဲလို့၊ လက်စသတ်တော့
ငယ်ငယ်တုန်းက ငါ ထိန်းပေးခဲ့ရတဲ့ မျောက်ရှုံး "ငပြူး" ကိုး ဟဲ့၊ မျောက်ရှုံးအောင်
ဆော့ထားလို့ နဖူးကွဲထားတဲ့ အမာရွတ်ကြီး မြင်လိုက်ကတည်းက သင်းကို ငါမှတ်မိပါ့တော်"
လို့လည်း အော်လိုက်တော့ မြို့ပိုင်မင်းလည်း မမျှော်လင့်ဘဲ ဒီရွာမှာ ရောက်နေတဲ့ သူ့အဒေါ်နားကပ်ပြီး"
တိုးတိုးပြောပါ အဒေါ်ရဲ့၊ သူများတွေ ကြားလို့ ရှက်စရာကြီး ၊ အဒေါ် ဒီရွာမှာ ရောက်နေမှန်း
မသိလို့ပါ၊ အလုပ်ပြီးမှ လာတွေ့ပါ့မယ်၊ အခု ကိုယ့် အိမ် ကိုယ် ပြန်ပါတော့" လို့
ချော့မော့ တောင်းပန်လိုက်ရသတဲ့။
"ဒုက္ခ"ဆိုတာ ဒီသဘောပါပဲ။ "ငပြူး"မှန်း မသိသူတွေကသာ သူကို ဖိမ့်ဖိမ့်တုန် ကြောက်ပြီး ဒူးထောက် နေကြပေမယ့် "ငပြူး"မှန်း သိသူကိုကြတော့ သူကတောင် ဖိမ့်ဖိမ့် တုန်ကြောက်ပြီး ဒူးထောက်ရမယ့် သဘောပါ။ ဟုတ်တယ်၊ သူ့အကြောင်း အကုန်သိကုန် ကြရင် ဘယ်သူကမှ အရေးမလုပ်ကြတော့တဲ့ အတွက်"သစ္စာတရား"ဆိုတဲ့ ဂုဏ်ပုဒ်ကြီးတောင် အလကား ဖြစ်သွားနိုင်တာကိုး။
မြတ်စွာဘုရားရှင်ရဲ့ တရားဦး ဒေသနာတော်မှာ "ဒုက္ခ" ကို တစ်လွှာခြင်း ခွာပြတော်မူတဲ့ အခါမှာတော့ ငှက်ပျောတုံးကြီးလိုပါပဲ။ ဘာမှ အနှစ်သာရ၊ အခိုင်အမာ ဆိုတာ မတွေ့ရပါဘူး။ (အိမ်ရှင်များ၊ မုန့်ဟင်းခါး အချက်ကောင်းရင်တော့ မြိန်ရေရှက်ရေ ခံစားလိုက ခံစားနိုင်ပါ လိမ့် မယ်)။
အပေါ်ဆုံး အလွှာကတော့ လူတိုင်းအသိဆုံးနဲ့ အကြောက်ဆုံး ဖြစ်တဲ့ " မွေး၊ အို၊ နာ၊ သေ " ဒုက္ခပါ။ ဒီအလွှာနဲ့ပတ်သက်လို့ ပဉ္စ၀ဂ္ဂီငါးဦးလုံးက အလွယ်တကူ လက်ခံပြီ ဆိုတော့ နောက်ထပ် တစ်လွှာကို ခွာပြတယ်။ " မုန်း ဆုံ ချစ် ကွဲ" ဒုက္ခပါ။ ( အပိယ ပိယ ဆိုတဲ့ ပါဠိ စကားကို လွယ်လွယ်ကူကူ "မုန်းသူ ချစ်သူ"လို့ မြန်မာပြန်ကြပေမယ့် အတိအကျတော့ အပိယ ဆိုတာမလိုလား မနှစ်သက် မမြတ်နိုးစရာ အာရုံဝတ္ထု(ပုဂ္ဂိုလ်)များ ဖြစ်ပြီး ပိယ ဆိုတာ လိုလားနှစ်သက်မြတ်နိုးစရာ အာရုံဝတ္ထုနှင့်ပုဂ္ဂိုလ်(ဣဋ္ဌ ကန္တ မနာပ) အားလုံးကို ဆိုတာပါ) ဒီဒုက္ခလွှာဟာ ကျန်သစ္စာသုံးပါးကို သဘောပေါက်ဖို့ အတွက် ညင်ညင်သာသာနဲ့ အဆင့် တက် ပေးလိုက်တဲ့ သဘောပါ။
( ဟောပြောမှု ကျွမ်းကျင်လိမ္မာတော်မူလှတဲ့
ဘုရားရှင်တို့ရဲ့ ကောသလ္လဉာဏ်တော်ကို အာရုံပြု ကြည်ညိုစရာပါ)။
သူလို ကိုယ်လို ဘယ်သူ မဆို ၊ ဘယ်အရာ မဆို သင်္ခါရ မှန်သမျှ ဖြစ်ပေါ်နေတဲ့" မွေး၊ အို၊ နာ၊ သေ"ဆိုတဲ့ သဘာဝ ဖြစ်စဉ်ကြီးကိုပဲ ဖြစ်ဖြစ်၊ တခြား သင်္ခါရအာရုံ ၀တ္ထုတွေကို့ ဖြစ် ဖြစ်၊ ကိုယ်က" မချစ်ခင် မနှစ် သက်စရာ" လို့ သတ်မှတ် စွဲလမ်းထားရင် "ပေါင်းဆုံရတဲ့ ဒုက္ခ" ကို ခံစားရမယ်၊ "ချစ်ခင်နှစ်သက်စရာ"လို့ သတ်မှတ် စွဲလမ်းထားရင် "ကွေကွင်းရတဲ့ ဒုက္ခ" ကို ခံစားရမယ်လို့ မိန့်တော်မူလိုက်တာပါ။ ဒီ ဒုက္ခ အလွှာ ကလည်း အရပ်ထဲမှာ လူပြော သူပြော အများ ဆုံး ဖြစ်နေတာမို့ ပဉ္စ၀ဂ္ဂီတို့ အနေနဲ့ မငြင်းသာပါဘူး။ လက်ခံရတော့တာပါပဲ။
ဒီအလွှာကို "မှန်ပါတယ်"လို လက်ခံလိုက်တာနဲ့ တစ်ပြိုင်နက် ပထမအလွှာက လုံးဝ ပျောက်ကွယ် သွားပါ တယ်။ မှန်ပါတယ်။ မွေး၊ အို၊ နာ၊ သေ ဆိုတာ သင်္ခါရတို့ရဲ့ သဘာဝ ဖြစ်ရိုးဖြစ် စဉ်ကြီးပါ။ ဒီသဘာဝ ဖြစ်စဉ်ကြီး အပေါ်မှာ "မချစ်ခင် မနှစ်သက်စရာ"လို့ သတ်မှတ် စွဲ လမ်း သူတွေက "ပေါင်းစုံဒုက္ခ" ကို ခံစားရတယ်။
နုပျိုကျန်းမာ အသက်ရှင်နေတာကို ချစ်ခင် နှစ်သက်စရာလို့
သတ်မှတ် စွဲလန်းသူတွေက "ကွေကွင်းဒုက္ခ"ကို ခံစားရမယ်။ သဘာဝ က တော့ သဘာဝအတိုင်းပါပဲ။
ဘယ်သူ့အလိုကျ အတိုင်းမှ မဖြစ်ပါဘူး။ ဒါကို သဘောပေါက် လာပြီဆိုရင် "မွေး၊ အို၊
နာ၊ သေ"က ဒုက္ခဖြစ်လာတာလား၊ သတ်မှတ် စွဲလမ်းမှုက ဒုက္ခဖြစ်နေ တာလား ဆိုတာ နည်းနည်း
ရိပ်စားမိလာ စေပါတယ်။
(သင်တန်းမှာတုန်းက ဆရာသမား မိန့်ကြားတာကတော့" ရိပ်စားမိလာတယ်" ဆိုတာ ဒီအတိုင်း ကိုက်ဖြတ် စားတဲ့ အဆင့်ကို ကျော်လာတာပဲ၊ ဘာဖြစ်လို့လဲ ဆိုတော့ တိရစ္ဆာန် တွေက အသီးအပင်တွေကို ဒီအတိုင်း ကိုက်ဖြတ်စားတယ်။ လူတွေကသာ ရိတ်သိမ်း ချက်ပြုတ် စားကြတာ ဖြစ်လို့ပါ တဲ့။ သံတူကြောင်းကွဲ မှတ်မိလွယ်စရာပါ)
ဒီအလွှာကို လက်ခံ သဘောကျပြီ ဆိုရင် ဒုက္ခအစစ်က ဘာလဲ၊ ဒုက္ခလက်သည်( သမုဒယ) ဆိုတာ ဘာလဲ ၊ ဒုက္ခချုပ်ငြိမ်းရာ ဆိုတာ ဘာလဲ၊ ဒုက္ခ ချုပ်အောင် ဘာကို ဖြုတ် ရမလဲ ဆိုတဲ့ ကျန်သစ္စာ သုံးမျိုးကို ရိပ်စား မိစေမှာ ဖြစ်လို့ ဒီအလွှာဟာ ကျန်သစ္စာသုံးပါးကို သဘဘောပေါက်ဖို့အတွက် အဆင့်တက်လိုက် တာ ဖြစ်တယ်လို့ ဆိုရတာပါ။
နောက်ထပ် တစ်လွှာကတော့ "ယံပစ္ဆံ န လဘတိ တမ္ပိ ဒုက္ခံ" ပါတဲ့။ လိုတာ မရတာဟာ ဒုက္ခပဲလို့ ဆို လိုက်တာပါ။ ဒါကလည်း အရပ်ထဲမှာ သူလိုကိုယ်လို သိနေ ပြောနေကြတာ ဖြစ် လို့ ဘာမှ အငြင်း ပွား စရာတော့ မလိုပါဘူး၊ ဒီစကားရပ်ကို နှစ်လုံးသွင်မယ်ဆိုရင် အရပ်ထဲမှာ လူပြောသူပြော ဒုက္ခတွေဟာ တကယ်ဒုက္ခ မဟုတ်သေးဘူးလို့ ဆိုရမှာပါ။
အမှန်က လိုတာ မရတာ ဒုက္ခ
မဟုတ်ဘူး၊ မရတာကို လိုချင် နေတာကသာ ဒုက္ခဖြစ်နေတာလို့ ဆိုလိုက်တာပါ။ ဒီအလွှာကို လက်ခံ
လိုက်နိုင်ပြီ ဆိုရင်တော့ ဒုက္ခရဲ့ လက်သည်ဟာ " လိုချင် တပ်မက် စွဲလမ်း မှု (တဏှာ)"သာ
ဖြစ်တယ် ဆိုတာ ကွင်းကွင်းကြီးပေါ်လာပါပြီ။
ဒါကြောင့် ဘုရားရှင်က ဒုက္ခနဲ့ ပတ်သက်လို့ နောက်ဆုံး အကျဉ်းချုပ် ကောက်ချက်ချ ပြလိုက်တာကတော့
" သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ"ပါတဲ့။ အတိုချုပ်ကတော့ ဥပါဒါန် စွဲကပ်ထားတဲ့ ခန္ဓာငါးပါးကြီးဟာ ဒုက္ခဖြစ်နေတာပဲလို့ ဆုံဖြတ်လိုက်တာပါ။ ဒီနောက်ဆုံးအလွှာ ဟာ ဒုက္ခရဲ့ အကျဉ်းချုပ်ဖြစ်သလို အစစ်အမှန် ပရမတ္ထဒုက္ခ လို့လည်း ဆိုရပါလိမ့်မယ်။
မှန်ပါတယ်။ ပရမတ္ထရဲ့ သဘောက ဆန့်ကျင်ဘက် စကားလုံးနဲ့ တွဲလိုက်ရင် ဆန့်ကျင်ဘက် အဓိပ္ပါယ် ကို ထွက်စေပါတယ်။ ဥပမာ- လောဘနဲ့ အလောဘ တို့လို ပါပဲ။ ဒုက္ခရဲ့ အလွှာ တစ်ခုချင်းကို ဆန့်ကျင်ဘက် စကားလုံးများနဲ့ တွဲပြီး စဉ်စားကြည့်ပါ။
မွေး၊ အို၊ နာ၊သေ ဆိုတဲ့
အလွှာမှာ မမွေးဘူးဆိုရင် ဘာဖြစ်မလဲ။ မမွေးတဲ့အရာဟာ ဖြစ်ကို ဖြစ် ပေါ်မလာတဲ့ အတွက် ပြောစရာ
ဘာမှမလိုတဲ့ ကိစ္စပါ။ ဒါဖြင့်" မအို၊ မနာ၊ မသေရင်ကော" ဆိုရင် အမှတ်မဲ့တော့
ဒါဆို "သုခ" ပေါ့လို့ ထင်စရာပါပဲ။ ဒါပေမဲ့ မွေးဖွားလာသမျှ သတ္တ၀ါတွေ ဟာ
"မအို၊ မနာ ၊ မသေကြဘူးဆိုရင် " စိတ်ကူးနဲ့ မှန်းကြည့်ကြည့်ပါ။ လူဘုံလူ့ဘဝ
တစ်ခု တည်း ကိုပဲကြည့်။ အခုရှိနေသူတွေဟာ ဘယ်သူမှ သတ္တလောကရဲ့ "ဓားမ ဦးချ"
တွေ မဟုတ် ကြဘူး ဆိုတာကိုလည်း မမေ့ပါနဲ့။
ဘယ်လိုနေမလဲ၊
"အ၀ီစိ ငရဲ" ဆိုတာ ကံကြွေးမကုန်သမျှ သေကြရိုးထုံးစံ မရှိဘဲ အသစ်တွေသာ တိုးတိုးပြီး ဖြစ်နေတဲ့ အတွက် ၀ါးလုံးခေါင်းထဲမှာ မုန့် နှစ်တွေကို သိပ်ထည့်ထားသလို ခံစားနေရတဲ့ ငရဲဘုံလို့ ဆိုပါတယ်။ လူ့ဘုံမှာလည်း မွေးလာ သမျှ မသေကြရင် အ၀ီစိငရဲနဲ့ ထူးပါ့မလား။ ဒီလိုဆိုရင် မွေး၊ အို၊ နာ၊ သေ ဒုက္ခဆိုတာကို မမွေး၊ မအို၊ မနာ၊ မသေ လို့ ဆန့်ကျင်ဘက်စကားနဲ့ တွဲလိုက်ပေမယ့် " ဒုက္ခ မဟုတ်တော့" ဆိုတဲ့ ဆန့်ကျင်ဘက်အဓိပ္ပာယ် ထွက်မလာပါဘူး။
"အ၀ီစိ ငရဲ" ဆိုတာ ကံကြွေးမကုန်သမျှ သေကြရိုးထုံးစံ မရှိဘဲ အသစ်တွေသာ တိုးတိုးပြီး ဖြစ်နေတဲ့ အတွက် ၀ါးလုံးခေါင်းထဲမှာ မုန့် နှစ်တွေကို သိပ်ထည့်ထားသလို ခံစားနေရတဲ့ ငရဲဘုံလို့ ဆိုပါတယ်။ လူ့ဘုံမှာလည်း မွေးလာ သမျှ မသေကြရင် အ၀ီစိငရဲနဲ့ ထူးပါ့မလား။ ဒီလိုဆိုရင် မွေး၊ အို၊ နာ၊ သေ ဒုက္ခဆိုတာကို မမွေး၊ မအို၊ မနာ၊ မသေ လို့ ဆန့်ကျင်ဘက်စကားနဲ့ တွဲလိုက်ပေမယ့် " ဒုက္ခ မဟုတ်တော့" ဆိုတဲ့ ဆန့်ကျင်ဘက်အဓိပ္ပာယ် ထွက်မလာပါဘူး။
လုံးဝ ကွေ့ကွင်းခြင်း
မရှိစေဘဲ တစ်တွဲတည်း ပေါင်းနေစေဆိုရင် သုခဖြစ်မလား၊ မဖြစ်တာ သေချာပါတယ်။ " မုန်းသူ
နဲ့ မပေါင်းဆုံရတာကတော့ သုခဖြစ်နိုင်တယ်" လို့ ထင်ကြအုံးမလား။ ဒါဆို ဘယ်တော့မှ
မမုန်းနိုင်တဲ့ ချစ်စရာဆိုတာ ဘယ်သူရှိသလဲ လို့ စဉ်းစားကြည့်ပါ။
"လိုတာ မရ"
ဆိုတဲ့ စကားရဲ့ ဆန့်ကျင်ဘက်အဖြစ် "လိုတာတွေ ရနေရင်" လို့ တွေးကြည့်မယ်ဆိုရင်တော့
ပုံပြင်ထဲက " ရွှေ ဖြစ်တဲ့ လက်ပိုင်ရှင် ဘုရင်ကြီးတို့" " ပြေးလို့ ရောက်နိုင်သမျှ
မြေကို အပိုင်ယူစေ" လို့ အမိန့် ချ ခံရသူတို့ရဲ့ အဖြစ်တွေကို စဉ်းစားလိုက်ရင်
ဆန့်ကျင်ဘက် စကားကြောင့် ဆန့်ကျင်ဘက် အဓိပ္ပာယ် ထွက်မလာဘဲ ဒုက္ခပြီး ဒုက္ခတွေသာ တိုးတိုးလာမယ်
ဆိုတာ ထင်ရှားပါတယ်။
နောက်ဆုံးအလွှာကို ဆန့်ကျင်ဘက် စကားလုံးနဲ့တွဲပြီး " အစွဲ ဥပါဒါန် ကင်းတဲ့ ခန္ဓာ ငါးပါး" ဆိုတာ ဖြစ်သွားရင် အဓိပ္ပာယ်ကလည်း "ဒုက္ခအားလုံး ချုပ်ငြိမ်းရာ" ဆိုတဲ့ ဆန့်ကျင် ဘက် အဓိပ္ပာယ် ဖြစ်သွား ပါတယ်။ ခန္ဓာငါးပါးမှာ အစွဲဥပါဒါန် မရှိတော့ရင် အတွင်းဆုံးအလွှာ ပြောင်းသွားပြီး ဖြစ်တဲ့အတွက် အပေါ်အလွှာတွေ အားလုံးလည်း အဓိပ္ပာယ် ပြောင်းလွဲ သွား ပါတော့တယ်။
ဒုက္ခရဲ့ နောက်ဆုံးအလွှာက " ဒုက္ခ ဖြစ်ခြင်း၊ ချုပ်ခြင်း ဆိုတာ ဥပါဒါန်ရှိခြင်း၊ မရှိခြင်းက လွဲပြီး တခြား 'အတ္တ' စတဲ့ အရာဆိုတာ မရှိဘူး " လို့ သဘောပေါက်စေတဲ့ အတွက် သစ္စာ လေးပါးကိုသာမက နောက်ထပ် ဟောမယ့် အနတ္တလက္ခဏသုတ် အတွက်လည်း ပဉ္စ၀ဂ္ဂီတို့ ကိုယ်တိုင် သဘောကျ ဖြေဆိုနိုင်လောက် အောင် ကြိုတင် လမ်းခင်းပေးတဲ့ သဘောဖြစ်လို့ မိဂဒါဝုန် တရားတော် နှစ်ပုဒ်လုံးအတွက် အရေးအပါဆုံး စကားပိုဒ် အဖြစ်လည်း မှတ်ယူ နိုင်ပါတယ်။
ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)