Friday, May 9, 2014

အယောင်ဆောင်ချစ်သူတွေအတွက်


အယောင်ဆောင်ချစ်သူတွေအတွက်

သမ္မာကင်းထ၊ ကျင့်ပါပနှင့်၊ နှုတ်ကဘုရား၊ လက်ကားရားဖြင့်၊ တရားမစောင့်၊ စိတ်မဖြောင့်သား၊ သူကောင့်လက္ခဏာ၊ အပေါ်ဝါလျက်၊ ယုတ်မာစရိုက်၊ မိစ္ဆာလိုက်သည့်၊ ခွေးမိုက်ဗာလ၊ ဓမ္မိကသို့၊ စာရမကောင်း၊ လူ့တစောင်းလည်း၊ မပေါင်းဖြစ်သာ၊ ရှောင်လွဲရာ၏-လို့ မဃဒေ၀ လင်္ကာသစ်မှာပြဆိုထားပါတယ်။

လောကလူတွေက နာမည်ကြီးရင် လိုက်တတ်ကြတယ် ဂုဏ်ရှိရင်လိုက်တတ်ကြတယ် ပစ္စည်းရှိရင် လိုက်တတ်ကြတယ်ကိုယ်လိုက်တဲ့သူကသူတော်ကောင်းလားသူယူုတ်မာလား ခေါင်းဆောင်ကောင်းလား ဒါမှမဟုတ်အယောင်ဆောင်ကျီးပေလား မခွဲခြားတတ်ကြတော့ပေ။

အယောင်ဆောင်ခေါင်းဆောင်တွေကိုရှောင်ရှားဖို့ လူမိုက်တွေနဲ့မပေါင်းဖို့ မြတ်ဗုဒ္ဓကတော့ ခုလိုလေးဇာတ်တော်လေးနဲ့ တပည့်သားတွေကိုသွန်သင်ခဲ့ပေတယ်။

ရှေးသရောအခါ ဗာရာဏသီပြည် ဗြဟ္မဒတ်မင်း လက်ထက်၌ ဘုရားလောင်းသည် တောတွင်းဝယ် ကြွက်မင်းမျိုး၌ ဖြစ်၏။ ခန္ဓာကိုယ်ပမာဏမှာ ၀က်ငယ်ပမာဏ ရှိ၏။ အခြွေအရံကြွက်များမှာ ရာပေါင်းများစွာ ရှိလေသည်။

တနေ့သ၌ မြေခွေးတကောင်သည် အစာရှာစဉ် ဘုရားလောင်းကြွက်နှင့် ကြွက်အပေါင်းကို တွေ့မြင်သွား၏။ ထို့နောက် ကြွက်အပေါင်းကို လှည့်စား၍ ငါစားအံ့-ဟူသောအကြံဖြင့် ကြွက်တို့၏ အနီး၌ နေမင်းသို့မျက်နှာမူကာ ပါးစပ်ကိုဟလျက် ခြေတချောင်းဖြင့်သာ ရပ်နေ၏။

ဘုရားလောင်းကြွက်မင်းသည် မြေခွေးကိုမြင်လျှင် ဤမြေခွေးသည် သီလရှိရာ၏-ဟုကြံ၍ မြေခွေးကို မေးသည်။

အရှင်မြေခွေး၊ အရှင်၏ နာမည်ကား အသို့ပါနည်း။

အို-ကြွက်မင်း ငါ၏နာမည်ကား ဓမ္မိက (တရားကျင့်သူ) မည်၏။

အရှင်သည် အဘယ်ကြောင့် ခြေတချောင်းဖြင့်သာ မြေ၌ ရပ်သနည်း။

ငါ၏ ခြေအားလုံးတို့ကို မြေ၌ထားလျှင် ဤမဟာပထ၀ီမြေကြီးက ဆောင်ထားခြင်းငှါ မစွမ်းနိုင်။

ထို့ကြောင့် ခြေတချောင်းဖြင့်သာ မြေ၌ ရပ်၏။

ပါးစပ်ကို အဘယ့်ကြောင့် ဖွင့်ဟထားသနည်း။

ငါက အခြားအစာကို မစားဘဲ လေကို စား၏ ထို့ကြောင့် ပါးစပ်ကို ဖွင့်ဟထား၏။

အဘယ့်ကြောင့် နေမင်းသို့ မျက်နှာမူ၍ ရပ်နေသနည်း။

ငါသည် နေမင်းကို ရှိခိုး၏။ ထို့ကြောင့် နေမင်းသို့ မျက်နှာမူ၍ ရပ်၏။

မြေခွေး၏စကားကိုကြားလျှင် ဘုရားလောင်းသည် မြေခွေးအပေါ်၌ ကြည်ညိုသွား၏။ လေးစား သွား၏။ ထို့နောက် ဘုရားလောင်းသည် အခြွေအရံနှင့်တကွ မြေခွေးထံ နံနက်တကြိမ်၊ ညတကြိမ် ဆည်းကပ်သည်။ မြေခွေးလည်း ကြွက်အပေါင်းတို့ ဆည်းကပ်၍ ပြန်သွားလျှင် နောက်ဆုံးကြွက်ကို ကိုက်သတ်ကာ စား၏။

ကြွက်အပေါင်းလည်း အစ၌ သတိမထားမိသော်လည်း ရက်ပေါင်းအတော်ကြာသော် ကြွက်များ လျော့နည်းခြင်းကို သတိထားမိလာသည်။

ဘုရားလောင်းကြွက်မင်းသည် ကြွက်အပေါင်း လျော့နည်းရခြင်း၏အကြောင်းကို စဉ်းစားလတ်သော် မြေခွေးအပေါ်၌ သံသယဖြစ်ကာ နောက်တနေ့ မြေခွေးကို ဆည်းကပ်၍ပြန်ရာ၌ အခြားကြွက်တို့၏ နောက်ဆုံးမှ ပြန်လာ၏။ မြေခွေးလည်း ထုံးစံအတိုင်း နောက်ဆုံးကြွက်ကို ဖမ်းစားရန် ပြေးလာ၏။

ဘုရားလောင်းကြွက်မင်းသည် မြေခွေးပြေးလာသည်ကို မြင်လျှင်- ဟယ် မြေခွေး၊ သင်၏အကျင့်သည် တရားသဘောအားဖြင့် မဟုတ်၊ စင်စစ်ကား သူတပါးတို့ကို ညှဉ်းဆဲခြင်းငှါ တရားကို တံခွန်ပြု၍ ကျင့်၏-ဟုပြော၍ မြေခွေး၏ မေးအောက်ရှိ ရေမျိုကို ကိုက်ဖောက်လေ၏။

မြေခွေးလည်း ထိုနေရာ၌ပင် သေဆုံးသွား၏။ ထိုအခါမှစ၍ ကြွက်အပေါင်းတို့သည် အန္တရာယ် ကင်းရှင်းစွာ သွားလာနေထိုင်ကြရလေ၏။
 
လောကဇာတ်ခုံထဲမှာလဲ မြေခွေးလို ဟန်ဆောင်ထားတဲ့ ခေါင်းဆောင်တွေ အလွန်များစွာ ရှိနေကြသလို ကြွက်အုပ်လို ရိုးသားဖြောင့်မတ် မှန်ကန်တဲ့ ပြည်သူတွေဆိုတာလဲ အလွန်များစွာ ရှိနေကြတာပါပဲ။

အားလုံးကို သတိပေးချင်တာက ဘယ်လောကထဲမှာပဲဖြစ်ဖြစ် အယောင်ဆောင်ထားတဲ့ မြေခွေးဓမ္မိကလို လူသားမျိုနှင့် ဝေးဝေးရှောင်ရှားနိုင်ကြပါမှ ဒုက္ခစက်ကွင်း ဆင်းရဲတွင်း လွတ်မြောက်နိုင်မှာပါ။

ယခုခေတ်တွင်မူ လူယောင်ဆောင်ထားသော ဘီလူးအစစ်များမရှိ။ သို့ရာတွင် လူဖြစ်လျှက် လူလိုမကျင့်ဘဲ ပညာရှိယောင်ဆောင်နေသော ဘီလူးအတုများသည် လည်းကောင်း။ ကရုဏာ ရှင်ယောင်ဆောင်နေသော ဘီလူး အတုများသည်လည်းကောင်း သူတော်ကောင်းယောင် ဆောင်နေသော ဘီလူး အတုများသည်လည်းကောင်း အခြားသော အယောင်ဆောင် ဘီလူး အတုများသည် လည်းကောင်း များစွာရှိကြပါ၏။ ရှောင်ရှားဖို့ အယောင်ဆောင်လားဘာလား ဆိုတာသိဖို့ အတုနဲ့အစစ်ခွဲခြားနိုင်သော ပညာရှိဖို့လိုနေပါပြီ။

ဓမ္မစမ်းရေ....