Saturday, May 24, 2014

လူကောင်းကိုသာ ရွေးချယ်ပါ

လူကောင်းကိုသာ ရွေးချယ်ပါ

အကျိုးစီးပွားကိုအခြေခံ

လောကကြီးမှာ လူတော်တွေ များပါတယ်။ လူကောင်းတွေလည်း ရှိပါတယ်။ တော်လည်းတော်၊ ကောင်းလည်းကောင်းတဲ့ လူတော်လူကောင်းကတော့ ရှားတယ်။ တချို့က သိပ်တော်သိပ်ချွန်တယ်။ ဒါပေမယ့် စိတ်ထားမကောင်းဘူး။ စိတ်ထား ယုတ်ညံ့သူ သိပ်တော် သိပ်ချွန်လေ ကြောက်စရာကောင်းလေပဲ။ ဉာဏ်နီဉာဏ်နက်တွေ ကောက်ကျစ်စဉ်းလဲမှုတွေ အလွန်များပြီး တစ်ဖက်သားကို နောက်ကျောဓားနဲ့ ထိုးဖို့အတွက်လောက်ပဲ ချောင်းနေတတ်တယ်။ ဘယ်သူသေသေ ငတေမာပြီးရောဆိုတဲ့ စိတ်သဘောလည်း ရှိတတ်တယ်။ ဒီလူစားမျိုးက မိတ်ဆွေဆိုတာလည်း ထားလေ့မရှိဘူး။ အကျိုးတူ ပူးပေါင်းဆောင်ရွက်တဲ့ အပေါင်းအဖော် ဆိုတာမျိုးပဲ ရှိတယ်။ အကျိုးရှိနေတုန်း ပေါင်းမယ်။ အကျိုးမရှိတော့ဘူးဆိုတာနဲ့ ခွါပစ်လိုက်မယ်ပဲ။ ဘယ်လိုကိစ္စမျိုးမဆို သူတို့က အကျိုးစီးပွားအပေါ်မှာပဲ အခြေခံပြီး စဉ်းစားတယ်။ ပေါင်းသင်းတယ်။ အလုပ်လုပ်တယ်။

အပြစ်မရှိသူတွေ မထိခိုက်စေချင်

သိပ်တော် သိပ်ချွန်ပြီး စိတ်ဓာတ်ယုတ်ညံ့သူတွေ မြန်မာ့သမိုင်း ဇာတ်ခုံပေါ်မှာ လက်ညှိုး ထိုးပြစရာတွေ အများကြီးရှိပါတယ်။ ဓာတ်ပုံတစ်ပုံ ထောက်ပြလိုက်ရုံ၊ ဒါမှမဟုတ် နာမည်တစ်ခု ရွတ်ပြလိုက်ရုံနဲ့တင် စာလုံးပေါင်းတစ်ထောင်လောက် ရေးပြနေတာထက် ပိုပြီး ကွင်းခနဲ ကွက်ခနဲ ဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့် ဘာအပြစ်မှမရှိတဲ့ သားစဉ်မြေးဆက်များ စိတ်ထိခိုက်စရာ ဖြစ်စေတာကြောင့် မရေးလိုပါဘူး။ အပင်ပန်းခံပြီး စာလုံးပေါင်းတစ်ထောင်လောက်နဲ့ သွယ်ကာ ၀ိုက်ကာ ရေးရတာကိုသာ သည်းခံခွင့်လွှတ်စေချင်ပါတယ်။

သူတော်စင်လိုပုဂ္ဂိုလ်

တချို့ပုဂ္ဂိုလ်များကျတော့ စိတ်ထားသဘောထား အင်မတန် ဖြူစင်မြင့်မြတ်တယ်။ သူတော်စင်လို့ ခေါ်ရလောက်အောင်ကို ကောင်းတဲ့သူဖြစ်တယ်။ ဒါပေမယ့် သိပ်ချွန် သိပ်ထက်တဲ့လူမျိုးတော့ မဟုတ်ဘူး။ ဒီပုဂ္ဂိုလ်မျိုးက လုပ်ငန်းတစ်ခုကို ထိပ်ဆုံးရောက်အောင် လုပ်ဆောင်နိုင်စွမ်း မရှိဘူး။ သာမန်ရွက်ကြမ်းရေကျို အဆင့်လောက်သာ လုပ်နိုင်တယ်။ ဒါပေမယ့် စိတ်ချရတာက ဘယ်သူ့ကိုမှ ဒုက္ခမပေးဘူး။ ၀န်တို မစ္ဆရိယစိတ်မျိုးလည်း မရှိဘူး။ သူ့ခေါင်းပေါ်နင်းပြီး တက်ချင်သူကိုတောင် မလိုမုန်းထားစိတ် မထားတတ်ဘူး။

ဆရာတင်ထိုက်၊ ကြည်ညိုထိုက်သူ

စိတ်သဘောထား ကြီးရင့်မြင့်မြတ်သူဖြစ်တဲ့ အဲဒီပုဂ္ဂိုလ်မျိုးဟာ ငွေကြေးစည်းစိမ်ဥစ္စာ၊ ရာထူး အာဏာ၊ ခြွေရံသင်းပင်း ကျော်စောထင်ရှားခြင်း ဆိုတာမျိုးတွေကိုလည်း တပ်မက်ခြင်း မရှိဘူး။ သူ့အလုပ် သူ့တာဝန် ကျေပွန်အောင် လုပ်ဖို့ဆိုတဲ့ စိတ်တစ်ခုပဲ ရှိတယ်။ ဒါကြောင့် ဒီပုဂ္ဂိုလ်မျိုးဟာ နာမည်မကျော်ဘူး။ ထိပ်ဆုံးရောက်လေ့ မရှိဘူး။ ဒါပေမယ့် အင်မတန် လေးစားကြည်ညိုထိုက်သူ၊ ဆရာတင်ထိုက်သူ၊ တစ်သက်တာ အနီးကပ် ပေါင်းသင်းထိုက်သူ ဖြစ်တယ်။

တစ်ယောက်ပဲ တွေ့ဖူးတယ်

မြန်မာ့သမိုင်း ဇာတ်ခုံပေါ်မှာ ဒီလို ပုဂ္ဂိုလ်မျိုးတွေလည်း အများကြီးရှိပါတယ်။ ကျွန်တော်တို့ နယ်ပယ်ဖြစ်တဲ့ စာနယ်ဇင်းလောကမှာလည်း အများကြီး ရှိခဲ့ပါတယ်။ ဒီလို ပုဂ္ဂိုလ်ကြီးများရဲ့ ဆုံးမသွန်သင်မှုတွေ၊ ရေးခဲ့တဲ့ စာတွေကို ကြားနာဖတ်ရှု မှတ်သားပြီး ကျွန်တော်တို့ လူဖြစ်လာရတာပါ။ ကျွန်တော်တို့ရဲ့ ကျေးဇူးရှင်ကြီးတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့ စာနယ်ဇင်းသမား သက်တမ်းတောင် ငါးဆယ် ရှိခဲ့ပါပြီ။ ဒီသက်တမ်းအတွင်းမှာ ကျွန်တော်တို့ခေတ်ပြိုင် လုပ်ဖော်ကိုင်ဖက်တွေထဲမှာ တော်လည်းတော်ပြီး ကောင်းလည်းကောင်းတဲ့ လူဆိုလို့တော့ တစ်ယောက်ပဲ တွေ့ခဲ့ဖူးပါတယ်။

တစ်သက်မှာ တစ်ယောက်သာတွေ့

တချို့ကံကောင်းသူများ သုံးလေးဦး တွေ့ကောင်းတွေ့နိုင်ပါတယ်။ တစ်သက်လုံးနေလို့မှ လူတော်လူကောင်း ဆိုနိုင်လောက်သူ တစ်ဦးမှ မတွေ့ခဲ့ရသူတွေလည်း ရှိပါတယ်။ ကျွန်တော်တို့ တစ်သက်မှာတော့ အတတ်ပညာအရရော စိတ်နေသဘောထားဆိုင်ရာပါ ကြည်ညိုလေးစားနိုင်သူ၊ တော်လည်းတော် ကောင်းလည်းကောင်းသူဆိုလို့ တစ်ဦးတည်းပဲ တွေ့ခဲ့ဖူးပါတယ်။ အဲဒီပုဂ္ဂိုလ်က သူ့ကို ချီးပင့်မြှောက်စား လုပ်တာမျိုး မနှစ်ခြိုက်တာကြောင့် ဘယ်သူဘယ်ဝါဆိုတာကို သူ သက်ရှိထင်ရှား ရှိနေစဉ်မှာတော့ ထုတ်မပြောချင်သေးပါဘူး။ ကိုယ်က အရင်သေခဲ့ရင်လည်း မပြောနိုင်တော့ဘူးပေါ့။ ဒါပေမယ့် ကိစ္စမရှိပါဘူး။ လူတစ်ယောက်ရဲ့ သမိုင်းဆိုတာ သူများက ရေးပေးတာ မဟုတ်ပါဘူး။ သူ့ဟာသူ ရေးတာပါ။

လူတော်တွေများ လူကောင်းရှား

တော်လည်းတော် ကောင်းလည်းကောင်းတဲ့ လူတော်လူကောင်းဆိုတာ အင်မတန် ရှားပါတယ်။ တစ်ခေတ်မှာ တစ်ယောက်တောင် ထွက်ချင်မှ ထွက်နိုင်တာပါ။ အထူးသဖြင့် "ကြောင် ဖြူတာမည်းတာက အရေးမကြီးဘူး၊ ကြွက်မိဖို့သာ လိုရင်းပဲ" ဆိုတဲ့ ဘယ်နည်းနဲ့ရရ ပိုက်ဆံရဖို့က အဓိကဆိုတဲ့ ခေတ်ကြီးမှာ လူတော်တွေသာ အထွက်များလာပြီး လူကောင်းက ရှားသထက် ရှားလာတယ်။ ရှားတာက ကမ္ဘာတစ်ခုလုံးမှာကို ရှားတာ။ ဒါကြောင့် တော်လည်းတော်၊ ကောင်းလည်းကောင်းတဲ့ လူတော်လူကောင်းဆိုတာ မျိုးသုဉ်းကွယ်ပျောက်မယ့် အန္တရာယ် ရင်ဆိုင်နေရတဲ့အရာ (endangered species) လို့တောင် ပြောရလိမ့်မယ် ထင်မိတယ်။

မတတ်တာ သင်လို့ရတယ်

လူတော်လူကောင်းရှားတော့ အလုပ်တစ်ခု လုပ်တဲ့အခါမှာ ဘယ်လိုလူကို ရွေးချယ်သင့်သလဲ၊ လူတော်ကို ရွေးရမှာလား၊ လူကောင်းကို ရွေးရမှာလားလိုပ မေးတတ်ကြတယ်။ ကိုယ်နဲ့ နီးစပ်ရာ စာနယ်ဇင်းနယ်ပယ်က လာမေးကြသူတိုင်းကိုတော့ လူကောင်းရအောင် ရှာပါလို့ချည်း အကြံပေးပါတယ်။ မတော်တာ မတတ်တာက သင်ပေးလို့ရတယ်။ လူကောင်းဖြစ်အောင်က သင်ပေးလို့ မရပါဘူး။ စိတ်ဓာတ်အောက်တန်းကျတဲ့ လူတော်တစ်ယောက်ကြောင့် ဂျာနယ်တစ်စောင်လုံး ပျက်စီးသွားနိုင်တယ်။ အဲဒီ လူတော်က သိပ်တော်လွန်း ထက်လွန်းတဲ့ လူဖြစ်ရင် တိုင်းပြည်တောင် ပျက်အောင် လုပ်နိုင်တယ်။

သူလိုလူရှိတယ်

တစ်ခါက မေးခွန်းတစ်ခု မေးခံရဖူးတယ်။ မူလတန်းပညာလောက်သာတတ်တဲ့ သူတော်ကောင်း ရွာဦးဂေါပကလူကြီးကို ဖြူစင်လွန်းလို့ဆိုပြီး နိုင်ငံတစ်ခုရဲ့ သမ္မတခန့်လို့ ဖြစ်သလားဆိုတဲ့ မေးခွန်းဖြစ်တယ်။ ဒါက တမင်သက်သက် ကန့်လန့်တိုက်တဲ့ မေးခွန်းဖြစ်ပါတယ်။ သူတော်ကောင်းမှန်ရင် ရာထူးအာဏာတွေ မက်သူမဟုတ်တာကြောင့် ခန့်လည်း မလုပ်ပါဘူးလို့ပဲ ဖြေလိုက်တယ်။ ဒါတောင် သေချာရဲ့လားလို့ ထပ်မေးသေးတယ်။ ရှည်ရှည်ဝေးဝေး ပြောမနေတော့ဘူး။ ဆရာမောင်ဝံသရေးတဲ့ "ရှာမှ ရှားတဲ့ နိုင်ငံရေးသမား" ဆောင်းပါး ဖတ်ဖူးတယ်မဟုတ်လား။ အမတ်တစ်နေရာ ရဖို့အတွက် လူသတ်ဖို့ ၀န်မလေးသူတွေရှိသလို၊ "သခင်ဝတင်" လို နိုင်ငံရေးသမားကောင်းမျိုးဟာ အမတ်ဆိုတာ မပြောနဲ့ ၀န်ကြီးတွေ သမ္မတတွေတောင် လုပ်ချင်တာ မဟုတ်ဘူးလို့ ဆက်ပြောလိုက်ရတယ်။

ဘုရားဆင်းတုခိုးရောင်းမယ့်သူမျိုး

သခင်ဝတင်လို လူမျိုး ရှားပါတယ်။ ဒါပေမယ့် ရှိတယ်။ ရှာရင် တွေ့နိုင်တယ်။ စောစောက ဘုရားဂေါပက ခန့်တဲ့ကိစ္စပဲ ပြောဦးမယ်။ ရွာသူရွားသားတွေက ကိုယ့်ရွာသားချင်းဆိုတော့ ဘယ်သူလူကောင်း ဘယ်သူလူဆိုးဆိုတာ သိတယ်။ ရွာဘုရား ဂေါပကလုပ်တာက ရွှေတိဂုံဘုရားဂေါပကလို နိုင်ငံခြားက သမ္မတတွေ၊ ၀န်ကြီးချုပ်တွေကို ကြိုဆိုဧည့်ခံနေရတာမှ မဟုတ်တာ။ အလှူရငွေ သုံးငွေ စာရင်းလေးလောက် မှတ်သားတတ်ရင် ဖြစ်တာပဲ။ မြို့က အထက်တန်းတွေ ဘာတွေ အောင်လာတဲ့ အရက်သမား၊ ဖဲသမား သူကြီးသားကို ဘုရားဂေါပက ခန့်လို့ကတော့ ဘုရားဆင်းတုတော်တောင် ခိုးရောင်းပစ်မှာ သေချာတယ်။ ရွာသားတွေက ဘယ်သူလူကောင်းလဲဆိုတာ သိပါတယ်။ တန်ရာတန်ရာ ရွေးထားကြတာ ဖြစ်တယ်။

ကြောက်နေပါပြီ

လူတော် လူကောင်းဆိုတာ ရှားတယ်။ ဒါပေမယ့် လုံးဝမရှိတာတော့ မဟုတ်ဘူး။ စိတ်ရှည်လက်ရှည် ရှာရင် တွေ့နိုင်တယ်။ ရှာမတွေ့သေးခင် အချိန်မှာတော့ တော်သူနဲ့ ကောင်းသူ ဘယ်သူ့ ရွေးရမလဲဆိုတဲ့ ကိစ္စမျိုး ကြုံတွေ့လာရင် သခင်ဝတင်လို လူကောင်းကို ရွေးဖို့ပဲ အကြံပေးချင်တယ်။ တချို့ကတော့ သိပ်တော်၊ သိပ်ထက်၊ သိပ်ချွန်သူမျိုးကိုမှ သဘောကျချင်ကျလိမ့်မယ်။ ကျွန်တော်ကတော့ လူ့သမိုင်းဇာတ်ခုံပေါ်မှာ သိပ်တော်သိပ်ထက်တယ်ဆိုတဲ့ မသူတော်တွေ တစ်ယောက်ပြီးတစ်ယောက် ထွက်လာပြီး ဇာတ်ခုံကြီးတစ်ခုလုံး ကျွမ်းထိုးမှောက်ခုံဖြစ်အောင် လုပ်ကြတာတွေ တွေ့ရမြင်ရပါ များလွန်းလို့ ကြောက်နေပါပြီ။ လူကောင်းတွေကိုပဲ တွေ့ချင်ပါတော့တယ်။

လူထုစိန်ဝင်း
၂၅-၆-၂၀၁၀