Sunday, May 25, 2014

သဒ္ဓါ နှင့် ပညာ


သဒ္ဓါ နှင့် ပညာ 

အရာဝတ္ထု ၂-ခု အသုံးပြုရသည့်အရာမှန်သမျှ တစ်ခုနှင့်တစ်ခု ညီမျှဖို့ ဟန်ချက်ညီဖို့ လိုအပ်သည်။
ခြေထောက် ၂-ချောင်း၊ ၀ဲနှင့် ယာ၊ လင်နှင့် မယား၊ လျှာနှင့် သွား၊ အမည်းနှင့် အဖြူ၊ အမှောင်နှင့် အလင်း၊ အသွားနှင့် အပြန်၊ အပေးနှင့် အယူ၊ အ၀င်နှင့် အထွက်၊ အရောင်းနှင့် အ၀ယ်၊ ထုတ်လုပ်မှုနှင့် စားသုံးမှု၊ အထက်နှင့် အောက်၊ အသိနှင့် အကျင့်၊ ၀ိဇ္ဇာနှင့် စရဏ၊ ၀ီရိယနှင့် သမာဓိ၊ သဒ္ဓါနှင့် ပညာ စသည့် မည်သည့်အရာ တွင် မဆို တစ်ခုနှင့်တစ်ခု ညီမျှမှ လွယ်ကူသည့်ရလဒ်၊ ပြည့်စုံသည့် အကျိုး ရနိုင်ပေ မည်။

တစ်ခုနှင့်တစ်ခု မညီမျှလျှင် လွယ်ကူပြည့်စုံသည့် အကျိုးမရနိုင်။ ဖော်ပြပါ စုံတွဲအမျိုးမျိုးရှိသည့်အနက် ခြေထောက် ၂-ချောင်းမှာပင် အတို အရှည်၊ အနှေး အမြန်၊ အကြီး အသေး စသည် မညီမျှလျှင် ရပ်တည်မှု၊ ခရီးရောက်မှု၊ မြင်ရမှု စသည့် အခက်အခဲများစွာ ရင်ဆိုင်ရပေမည်။ အခြားသော သက်မဲ့စုံတွဲ သက်ရှိစုံတွဲ မည်သည့်စုံတွဲမှာမဆို မညီမျှလျှင် အစွန်း ရောက်လျှင် ထိုက်တန်သည့် ဆိုးကျိုး ရင်ဆိုင်ရမည်။ ညီမျှလျှင် ထိုက်တန်သည့် ကောင်းကျိုး ခံစားရမည်။

ဤအရာ၌ သဒ္ဓါ ပညာ စုံတွဲကိုသာ ညွှန်ပြလိုပါသည်။ သဒ္ဓါကဲ၍ ပညာနည်းလျှင် ဆင်ခြင်တုံတရား လက်ကိုင်မထားဘဲ တွေ့သမျှ ကြည့်ညိုမိတတ်သည်။ အတု အယောင်ဖြစ်သော ဘိုးတော်၊ မယ်တော်၊ ဆရာ၊ ရဟန်း၊ သူတော်စင် စသော မကြည်ညိုသင့်သည်များကို ကြည်ညိုမိခြင်းကြောင့် သမီးဆုံးရှုံးခြင်း၊ မယားဆုံးရှုံးခြင်း၊ လင်ဆုံးရှုံးခြင်း၊ ပစ္စည်းဆုံးရှုံးခြင်း၊ အရှက်တကွဲ ကျိုးနည်းဖြစ်ခြင်း၊ ပူဆွေးသောက ရောက်ရခြင်း စသော ဆိုးကျိုးများနှင့် ရင်ဆိုင်ကြရသည်။

ရဟန်းခံရာ၌ပင် ရဟန်းလောင်း၏အရည်အသွေး အခြေအနေမှန်ကို မစိစစ်ဘဲ ရဟန်း ဒါယကာဖြစ်လိုသော သဒ္ဓါတရားတစ်ခုကို ဦးစားပေး၍ ရဟန်းခံပေးတတ်ကြသည်။ တွေ့သမျှလူကို ဘုန်းကြီးလုပ်ဖို့ တိုက်တွန်းတတ်ကြသည်။

ရဟန်းလောင်း၏ အရည်အသွေးမပြည့်ဝမှုကြောင့် သာသနာတော်၌ ညံ့ဖျင်းသော ရဟန်း၊ လုံ့လ၀ီရိယ မရှိသော ရဟန်း၊ ဆိုးသွမ်းသော ရဟန်း၊ သာသနာဖျက် ရဟန်း စသည် ပေါများခဲ့ရသည်။ အဆိပ်ပင် ရေလောင်းသကဲ့သို့ ဖြစ်ရသည်။ ဘုရားတည်၊ ကျောင်းဆောက် စသည် မည်သည့်ကုသိုလ်မျိုး၌မဆို အရှည်မျှော်၍ ပြုလုပ်မှ ကုသိုလ်လည်းရမည်၊ အကျိုးလည်း များမည်၊ အလှူဒါနအရာ၌
၁။ ကုသိုလ်ရရုံ လှူသော အလှူဒါန၊
၂။ ကုသိုလ်လဲရ အကျိုးလည်းများသော အလှူဒါန ဟူ၍ ၂-မျိုးခွဲခြားသင့်သည်။

အလဇ္ဇီ ဒုဿီလကိုပင် အလှူခံအမှတ်ဖြင့် လှူလျှင် ကုသိုလ်တော့ ရနိုင်ပါသည်။ သို့သော် အလွန်အကျွံ ပုံလှူခြင်းကြောင့် သာသနာအတွက် အကျိုးမများနိုင်ပါ။ မကောင်းမှု လုပ်ဖို့ အားပေးသလိုပင် ဖြစ်တတ်ပါသည်။ မီးလောင်ရာလေပင့် ဆိုသလို အလဇ္ဇီ၊ ဒုဿီလများ လာဘ်လာဘပေါများလျှင် မိမိအတွက်ရော သာသနာအတွက်ပါ ပို၍ပင် အန္တရာယ်ကြီးပါသည်။

ငှက်ပျော၊ ၀ါး၊ ကျူပင်တို့၏ အသီးသည် မိမိအပင်ကိုပင် ပြန်၍ သတ်သကဲ့သို့ လည်း ကောင်း၊ အဿတိုရ်မြင်းမ၏ ကိုယ်ဝန်သည် မိခင်ကိုပင် သတ်သကဲ့သို့လည်းကောင်း၊ ညံ့ဖျင်းသော ယောက်ျား၏ လာဘ၊ သက္ကာရ၊ သိလောက သည် မိမိကိုယ်ကိုပင် ပြန် သတ်တတ်သည်။

ဤသည်တို့မှာ ၀ိ-၄၊ ၃၄၆၊သံ-၁၊ ၁၅၆၊ ၄၃၆၊ အံ-၁၊ ၃၈၅၊ နေတ္တိ-၁၀၉ တို့၌ ဒေ၀ဒတ် ကို အကြောင်းပြု၍ မြတ်စွာဘုရား ဟောထားသည်။ “သဒ္ဓါလွန်တော့ တဏှာ ကျွန် ဖြစ်ရသည်” ဟူသော စကားပုံများသည်လည်း ပညာနည်း၍ သဒ္ဓါကဲသူများကို ရည်ညွှန်းခြင်းဖြစ်သည်။

ဤသာဓကများအရ သဒ္ဓါကဲ၍ ပညာနည်းလျှင် အကျိုးမဲ့ဖြစ်တတ်ပါသည်။ သဒ္ဓါတရား အားကောင်းသည့် သာသနာပြုလိုသူများ သတိထားရမည့်အရာ ဖြစ်ပါသည်။ သာသနာပြု လိုပါလျက် သာသနာဖျက်ရာ ရောက်နေတတ်သည်။

သဒ္ဓါနည်း၍ ပညာကဲလျှင် ကောက်ကျစ် စဉ်းလဲတတ်သည်။ ဆေးကြောင့်ဖြစ် သော ရောဂါသည် ကုသလို့ မရသကဲ့သို့ ဖြစ်တတ်သည်။
ဒါနကြောင့် သံသရာရှည်သည်။
စိတ်ထားတတ်လျှင် မြတ်သည်။
လှူစရာ မလို၊ ရိပ်သာသွား တရားထိုင်စရာ မလို။
အကုသိုလ်မဖြစ်အောင် နေရင်ပြီးတာပဲ။
စိတ်ကို စိတ်အတိုင်းထား၊
လုပ်သမျှ ဒုက္ခ စသည်ဖြင့် ပြောတတ်သူများသည် သဒ္ဓါနည်း၍ ပညာကဲသူများ ဖြစ်ကြသည်။

 သဒ္ဓါနည်း၍ ပညာကဲသူသည် သဒ္ဓါနည်း ခြင်းကြောင့် သူများအပြစ်ကိုသာ ရှုမြင်နေတတ်သည်။ အရာရာမှာ သင့်တင့်အောင် မရှုမြင်တတ်၊ ဖြည့်မကြည့်တတ်၊ မကြည်ညိုတတ်။

လူမိုက်၏ အတတ်ပညာသည် -
လူမိုက်အား အကျိုးမဲ့ရန်အတွက်သာ ဖြစ်သည်။
ကုသိုလ်အဖို့အစုကို ဖျက်ဆီးတတ်သည်။
ပညာဦးထိပ်ကို ပြတ်၍ ကျစေတတ်သည်။
ဟူသော ဓမ္မပဒ ဂါထာ ၇၂-စကားသည်လည်း သဒ္ဓါနည်း၍ ပညာကဲသူကို ရည်ညွှန်း ခြင်းဖြစ်သည်။

သဒ္ဓါပညာညီမျှလျှင်ကား အရာရာကို သင့်တင့်အောင် ရှုမြင်တတ်သည်။ သူတစ်ပါး၏ လိုအပ်ချက်ကို ဖြည့်စွက်၍ ရှုမြင်သည်။ တွေးခေါ်တတ်သည်။ စဉ်းစားတတ်သည်။ သူတစ်ပါးက ကိုယ့်ကို လာရောက်ပြီး ဆဲရေးတိုင်းထွာနေသည်ကိုပင် သူ့ခမျာ မခံနိုင်လွန်းလို့၊ စိတ်ဆိုးလွန်းလို့ ဆဲတာဖြစ်မည်။

သူ့ဘက်က အလွန်မဟုတ်၊ ငါ့ဘက်ကသာ လွန်တာဖြစ်မည်။ ငါ ၀ဋ်ကျွေးရှိလို့ အဆဲခံရသည်။ ငါ၏အပြစ် ၀ဋ်ကျွေးကျေပါစေ။ ပြုသူ အသစ်၊ ဖြစ်သူ အဟောင်းပေါ်မှာ အကုသိုလ်အသစ် ထပ်မဖြစ်အောင် ငါထိန်းသိမ်းမည် စသည်ဖြင့် ဖြည့်စွက် တွေးခေါ်ရှုမြင်သည်။ အရှုံးမပေါ်သည့် အပြင် အမြတ်ပင် ထွက်နိုင်သည်။

သာသနာပြုလိုသော ဒါယကာတစ်ယောက်နှင့် ဆရာတော်ကြီးတစ်ပါး

ရှေးအခါက သာသနာအတွက် ကောင်းစေလိုသော ဒါယကာတစ်ယောက်သည် ဆရာတော်ကြီး တစ်ပါးအား လျှောက်ထားဖူးလေသည်. “ဆရာတော်ဘုရား၊ သာသနာ တော်၌ အကျင့်သိက္ခာနှင့် ပြည့်စုံသည့် ရဟန်းသာမဏေများသာ ရှိစေချင်သည်၊ အကျင့်သိက္ခာမကောင်းသည့် ရဟန်း သာမဏေများ သာသနာတော်မှာ မရှိလျှင် ကောင်းမှာပဲ” ဟု လျှောက်ထားလေသည်။

ထိုအခါ ဆရာတော်ကြီးက “ဒါယကာ၊ သစ်ပင်တစ်ပင်မှာ အကာနှင့် အနှစ် ဘယ်ဟာ က လိုရင်းဖြစ်သနည်း” ဟု မေးရာ “ အနှစ်က လိုရင်းပါ ဘုရား” ဟု ဖြေသည်။ “အနှစ်က လိုရင်းဖြစ်၍ လိုရင်းမဟုတ်သော အကာများကို ဖယ်ပစ်လိုက်ရင် မကောင်းဘူးလား” ဟု ဆရာတော်ကြီးက မေးရာ ဒါယကာက

“အကာဟာ လိုရင်း မဟုတ်သော်လည်း အနှစ်အတွက် အကာအကွယ် ဖြစ်စေရန် အကာလည်း လိုအပ်ပါသည်။ အကာ မရှိလျှင် အနှစ်ပျက်စီးသွားနိုင်သည်” ဟု လျှောက်ထားရာ

ဆရာတော်ကြီးက “ ဒါယကာ၊ အကာနှင့်တူသော အကျင့်မကောင်းသည့်ပုဂ္ဂိုလ်များ ကြောင့် အကျင့်ကောင်းသည့်ပုဂ္ဂိုလ်များ ပို၍ ဂုဏ်တက်ရပါသည်။ လိုရင်း မဟုတ် သော်လည်း အကာ လိုအပ်ပါသည်”ဟု ဆရာတော်ကြီးက မိန့်တော်မူမှ သာသနာ အတွက် ကောင်းစေလိုသော ဒါယကာလည်း သဘောပေါက်သွားသည်။

အကျင့် မကောင်းသူများအပေါ် အပြစ်မမြင်တော့၊ အကျင့်မကောင်းသူများ မြင်တိုင်း အကျင့်ကောင်းသူများကို ပို၍ ကြည်ညိုခွင့်ရရှိခဲ့သည်။ အကျင့်မကောင်းသူများလည်း အကျင့်ကောင်းသူများကို ကြည်ညိုစေဖို့ အကြောင်းတစ်မျိုးဖြစ်ပါသည်။ ဆရာတော် ကြီး၏ သဒ္ဓါ ပညာ ညီမျှအောင် ရှုမြင်နိုင်မှုကား အံ့သြလောက်ပါပေသည်။

စာရှုသူများလည်း အရာခပ်သိမ်း၌ သဒ္ဓါ ပညာ ညီမျှအောင် လက်ကိုင်ထား၍ ရှုမြင် ကြပါ ဟု တိုက်တွန်းရင်း ဤဆောင်းပါးကို အဆုံးသတ်အပ်ပါသတည်း။


ဆရာတော် ဦးတိလောကာဘိဝံသ (ရွာမပရိယတ္တိစာသင်တိုက်)
၁၃၆၆ ခု၊ တပေါင်းလဆန်း ၁၃ ရက် (၂၂၊ ၃၊၂၀၀၅) အင်္ဂါနေ့
မှတ်ချက်- ထည့်သွင်းသော စာစောင်အမည် မမှတ်မိ၍ မဖော်ပြနိုင်၊ပေးပို့သော ရက်စွဲသာ မှတ်မိတော့သည်။