Friday, May 23, 2014

ခန္တီ သည်းခံခြင်း


ခန္တီ သည်းခံခြင်း

ခန္တီ-မြန်မာလိုတော့ သည်းခံခြင်း။ သည်းခံခြင်းသည် အညံခံခြင်းဟုတော့ တိုက်ရိုက်ယူ၍ မရကောင်းသော ဝေါဟာရ တစ်ခုဖြစ်သည်။ သည်းခံခြင်း၏ ကျယ်ပြန့်သော အနက်အရ မြတ်နိုးခြင်း ခံရမှုကိုလည်း သည်းခံ၏။ မထီမဲ့မြင်ပြုခြင်း ခံရမှုကိုလည်း သည်းခံ၏။

ခန္တီကို တရားကိုယ်အားဖြင့် “အဒေါသ” ဟု၍လည်းကောင်း၊ အဒေါသ ဟူသည်မှာ “မေတ္တာ” ဟူ၍လည်းကောင်း မှတ်သားနိုင်ပါသည်။ မေတ္တာဝင်လျှင် အပြစ်မမြင်တတ်။ ထို့ကြောင့် မေတ္တာသည် သည်းခံခြင်း၏ တရားကိုယ် ဖြစ်ရခြင်း ဖြစ်၏။


ဤလောက၌ အဓမ္မမထွန်းကားအောင် ဆောင်ရွက်ဖို့ လူတိုင်း၌ တာဝန်ရှိ၏။ ထိုအဓမ္မကို ချုပ်ငြိမ်းအောင် ဆောင်ရွက်နိုင်ရန် မှန်ကန်သောနည်းကို သုံးဖို့ လို၏။ ထိုမှန်ကန်သော နည်းကား သည်းခံခြင်း “ခန္တီ”ပင် ဖြစ်၏။

သည်းခံခြင်းဟူသည် နုံ့သောဒေါသဖြင့် သည်းခံသည်လည်း ရှိ၏။ အဒေါသဖြင့် သည်းခံသည်လည်း ရှိ၏ ။ နုံ့သောဒေါသဖြင့် သည်းခံခြင်းကို ကြောက်၍ သည်းခံခြင်း ဟူ၍ ဆိုရ၏ ။ ကြောက်၍ သည်းခံခြင်းတွင် အာဃာတသည် အမြစ်တွယ်လျက် ရှိ၏ ။

တစ်ခုသော တစ်နေ့တွင် အမြစ်တွယ်နေသော အာဃာတမှ ထက်သော ဒေါသသည် ဖြစ်ထွန်းလာနိုင်၏ ။ ထက်သော ဒေါသ ဖြစ်ထွန်းလာလျှင် လက်စားချေခြင်းသည် မလွှဲသာ မရှောင်သာ ဖြစ်ပေါ်လာမည် ဖြစ်၏ ။ ထိုအခါ စော်ကားမှု သံသရာသည် လည်းကောင်း၊ လက်စားချေမှု သံသရာသည် လည်းကောင်း လူ့သမိုင်း၌ အတောမသတ် လည်ပတ်နေမည် ဖြစ်၏ ။

အဒေါသဖြင့် သည်းခံခြင်းသည်သာ အာဃာတကို ပယ်ဖျောက်နိုင်သဖြင့် အမုန်းသံသရာကို တိုစေနိုင်၏ ။ ဘ၀ကိုလည်း အနဂ္ဃရတနာ ဖြစ်စေနိုင်၏ ။ အနဂ္ဃရတနာ ဖြစ်ခြင်း ဟူသည်မှာ အရာရာတိုင်း၌ “ငါ- ငါ့ဥစ္စာ” ဟူ၍ သိမ်းပိုက်တတ်သော တစ်ကိုယ်ကောင်း အမြင်ကို ပယ်သတ်နိုင်ခြင်း ဖြစ်၏ ။ တစ်ကိုယ်ကောင်းအမြင် ကင်းလေလေ ဘ၀သည် တန်ဖိုးမြင့်လေလေ ဖြစ်၏ ။

အဒေါသ ဆိုကတည်းက ယင်းသည်းခံမှုတွင် အလောဘလည်း ပါရ၏ ။ အမောဟလည်း ပါရ၏ ။ မေတ္တာလည်း ပါရ၏ ။မေတ္တာပါဝင်သဖြင့် လောကကို ကြည့်တိုင်း ချစ်စရာကိုသာ မြင်၏ ။ ကရုဏာပါဝင်သဖြင့် လောကကို ကြည့်တိုင်း ကြင်နာစရာကိုသာ မြင်တော့၏ ။

လောက၌ ချစ်စရာနှင့် ကြင်နာစရာကိုချည်း မြင်ရလေသော အခါ မိမိ ချစ်ရသောလောက၊ မိမိ ကြင်နာရသောလောကအတွင် အနစ်နာခံချင်စိတ် အလောဘပဓါန-သည်လည်းကောင်း၊ သူတို့နှစ်သက်နိုင်မည်ကို ရွေးချယ်တတ်သော အသိဉာဏ် အမောဟပဓါန-သည်လည်းကောင်း အလိုအလျောက် ပေါ်လာ၏ ။ ဤသည်ပင် “အသင်္ခါရိက” ဖြစ်၏ ။

သည်းခံခြင်းသည် မိမိတို့၏ အမြင်အပေါ်၌ များစွာ တည်မှီ၏ ။ လောကအပေါ် ချစ်တတ်သော မျက်စိ၊ ကြင်နာတတ်သော မျက်စိ၊ ကျေးဇူးတင်တ်သော မျက်စိဖြင့်သာ ကြည့်မည်ဆိုပါလျှင် ချစ်စရာကောင်းသော လောက၊ ကြင်နာစရာကောင်းသော လောက၊ ကျေးဇူးတင်စရာ ကောင်းသောလောကအပေါ် သည်းခံနိုင်ဖွယ် များစွာ ရှိ၏။

အခါတပါး၌ ပုဏ္ဍားတစ်ယောက်သည် နွားများပျောက်သွား၍ လိုက်ရှာရာတွင် မျက်စီလည် လမ်းမှားပြီး တောထဲ၌ စားစရာမဲ့လို့ အသီးခူးစားရာမှ ချောက်ထဲသို့ ကျ၏။ ထိုအခါ မျောက်မင်း တစ်ကောင်က ၎င်းပုဏ္ဍားအား သနားဂရုဏာသက်မိပြီး ဆင်းကယ်ဆယ်လေသည်။ ချောက်အပေါ်သို့အရောက် မျောက်မင်းသည် ပင်ပန်းလွန်း၍ ထိုအကြင်ပုဏ္ဍား၏ ပေါင်ပေါ်တွင် အိပ်ပျော်သွားခဲ့သည်။

ထိုပုဏ္ဍားသည် ဗိုက်ဆာလွန်း၍ မျောက်မင်းအား ကျောက်ခဲဖြင့် ခေါင်းထုသတ်လေသည်။ ထိုအခါ မျောက်မင်းသည် အကြီးအကျယ်ထိတ်လန့်ပြီး သစ်ပင်ပေါ်တက်ပြေးလေတော့သည်။ သို့သော် မျောက်မင်းသည် အကြင်ပုဏ္ဍားအား ရွာသို့ရောက်ရန် သူ၏ သွေးစက်တို့ဖြင့် သစ်ပင်ပေါ်မှ လမ်းပြ၍ ကူညီခဲ့ပါသည်။

ထိုဇာတ်တော်တွင် မျောက်မင်းသည် ကျွန်တော်တို့ မြတ်စွာဘုရား အလောင်းတော်ပင်ဖြစ်သည်။ ကျွန်တော်တို့ မြတ်စွာဘုရား အလောင်းတော်ရဲ့ ကြီးမားတဲ့ သည်းခံခြင်း ခန္တှီတရားကို အရှင်းသားမြင်တွေ့နိုင်ပါသည်။ မိမိအား သတ်သည့်သူကိုပင် ကြီးမားသော သည်းခံတရားဖြင့် ကူညီပေးခဲ့သည်။ တကယ်ပင် အတုယူလေးစားဖို့ကောင်းပါသည်

ထို့ကြောင့်လဲ လောက၏ အတုမဲ့ အနှိုင်းမဲ့ သစ္စာတရားရှင် မြတ်စွာဘုရား ဖြစ်လာခဲ့သည်။ “စေတနာသည် လူတိုင်းနှင့် မတန်” ဟု ကျွန်တော်တို့ ပြောဖူးပါသည်။ ထိုသို့မဟုတ် စေတနာသည် လူတိုင်းနှင့်တန်၏။ လူတိုင်းအပေါ်လဲ ထားသင့်၏။ မှန်ကန်သောစေတနာဖြစ်ပါစေ, မိမိ စေတနာအား တန်ဖိုးမထားသူသည် တန်ဖိုးမထားသလောက် အပြစ်ကျရောက်တက်စမြဲပင် ဖြစ်သည်။ ထိုဇတ်တော်တွင် ထိုပုဏ္ဍားသည် ဇတ်သိမ်းမလှစွာဖြင့် နိဂုံးချုပ်ရလေသည်။

မျောက်မင်း လမ်းညွှန်သည့်အတိုင်း ထိုပုဏ္ဍား ခရီးဆက်ရာ လမ်းတွင် တွေ့သော ရေအိုင်မှာ ရေသောက်ရန် ရေကန်ထဲအဆင်း ရေပေါက်ထိသော နေရာတို့မှာ အနာများဖြစ်လေသည်။ ထိုအနာမှာ ရိုးရိုးအနာမဟုတ်ပဲ ပြင်းထန်သော နူနာသာဖြစ်လေတော့သည်။ ထိုနောက် ဥယျာဉ်တစ်ခု၌ မြေမျို၍ ဇတ်သိမ်း ဆိုးခဲ့ရလေသည်။

နိဂုံးချုပ်ရလျှင် လောကရှိ လူသားတိုင်း ကြုံတွေ့နေစမြဲ လောကဓံ အသီးသီးရှိကြသည်။ ဆိုးသည့်လောကဓံအားလည်းကောင်း၊ ကောင်းသည့်လောကဓံအားလည်းကောင်း၊ ဆိုးဆိုး ကောင်းကောင်း သည်းခံခြင်း အမှုကို လက်ကိုင်ထားရမည်။ သို့မှာသာ မိမိနှင့် ထိတွေ့ ဆက်ဆံနေရသော သူငယ်ချင်းမိတ်ဆွေများဖြင့် အမုန်းကင်း အာဃာတကင်းစွာ ပေါင်းသင်း ဆက်ဆံရ၏။


တစ်ယောက်တည်းနေဖို့ မသင့်တော်သော လောကအတွက် ပျော်ရွှင်နှစ်လိုဖွယ် ကောင်းသော ပတ်ဝန်းကျင်ဆိုတာ ရှိသင့်၏။ ထိုပတ်ဝန်းကျင်အား မိမိသည်သာ တည်ဆောက်ရမည်ပင်။ ထို့အတွက် အကြီးမားဆုံးလိုအပ်ချက်သည် ခန္တီခေါ် သည်းခံခြင်းမှ တစ်ပါး အခြားမရှိနိုင်ပေ။ ထို့ကြောင့် ခန္တီတရား လက်ကိုင်ထား၍ အမှုကင်းပါစေလို့ ဆုမွန်တောင်းရင်း တင်ပြခြင်း တစ်ခန်းရပ်ပါရစေ မိတ်ဆွေ။

မှတ်ချက်။ ။ဦးရွှေအောင်၏ “ဗုဒ္ဓလောကသားတို့၏ အနှိုင်းမဲ့ ကျေးဇူးရှင်(ကိုယ်ကျင့်ဗုဒ္ဓ၀င်)” စာအုပ်မှ

မေတ္တာဖြင့်ဝေမျှသူ
အနှိုင်းမဲ့စာတိုပေစများ