Thursday, May 15, 2014

ခေါက်ဆွဲစားသူများ


(ဗင်ဆင့်ဗဲန်ဂိုးရဲ့ ကမ္ဘာကျော် အာလူးစားသူများ ပန်းချီ )

ခေါက်ဆွဲစားသူများ

ဂန္ထ၀င် ဟော်လန်ပန်းချီဆရာကြီး ဗင်းဆင့်ဗင်ဂိုရဲ့ ကမ္ဘာကျော် ပန်းချီကား “အာလူးစားသူများ”ကို အားကျ တုပ လိုက်တာတော့ မဟုတ်ပါဘူး။ ပရဟိတ လူငယ်မောင်မယ်တွေ ဦးဆောင်ကျင်းပတဲ့ တရားပွဲတစ်ခုမှာ “ရင်ထဲက ဘောလုံးပွဲ”ဆိုတဲ့ ခေါင်းစဉ်နဲ့ ဟောပြောရင်းက စပ်မိပြီး ပြောဖြစ်ခဲ့တဲ့ ခေါက်ဆွဲစားသူများ အကြောင်းပါ။

“ရင်ထဲက ဘောလုံးပွဲ”ဆိုတာ မိမိက ခေတ်မီအောင် အဆန်းတည်ထွင်အမည်ပေးပြီး ဟောကြားတဲ့ အကြောင်းအရာတော့ မဟုတ်ပါဘူး။ တိပိဋကဓရ(ယော)ဆရာတော်ဘုရားကြီး အမည်ပေး ဟောကြားထားတဲ့ “ခန္ဓာကိုယ်ထဲ ဘောလုံးပွဲ”ဆိုတဲ့ အကြောင်းအရာပါပဲ။

လူတိုင်းရဲ့ခန္ဓာကိုယ်ထဲမှာ “စိတ်”ဆိုတဲ့ ဘောလုံးကလေးကို “ကဏှပက္ခ = အမည်းရောင်အသင်း” လို့ အမည်ရတဲ့ အကုသိုလ်သင်းနဲ့ “သုက္ကပက္ခ = အဖြူရောင်သင်း”လို့ အမည်ရတဲ့ ကုသိုလ်သင်းတို့ အပြိုင်အဆိုင် အလုအယက်ကစားနေတဲ့ ဘောလုံးပွဲကြီးဟာ နိုးချိန်ကစပြီး အိပ်ပျော်နေချိန်အထိ နေ့စဉ်မပြတ် ဆင်နွှဲနေပါတယ်။

သုဂတိလူ့ဘုံဆိုတာ ကုသိုလ်ကံကြောင့် ရရှိထားတဲ့ ဘ၀ဖြစ်တဲ့အတွက် ကိုယ့်အိမ်ကွင်းဖြစ်တဲ့ ဒီဘောလုံးပွဲမှာ ကိုယ့်အသင်းက အဖြူရောင်ဖြစ်တဲ့ ကုသိုလ်သင်းပါ။ အခုလို သာသနာတော်တွင်း ကာလနဲ့ ကြုံခိုက်မှာ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ = မြတ်စွာဘုရားကို အားထားကိုးကွယ်ရာဟု သိမှတ်ဆည်းကပ်ပါ၏”လို့ အဓိဋ္ဌာန်ပြု တည်ဆောက်ထားကြတဲ့ ဗုဒ္ဓဘာသာဝင်များအနေနဲ့ ကိုယ့်အသင်းဟာ ဘုရားရှင် ကိုယ်တော်တိုင် နည်းပြလမ်းညွှန်ပေးမှုကို ခံယူရရှိထားတာဖြစ်လို့ နည်းစနစ်ပိုင်းရော နည်းဗျူဟာပိုင်းပါ အလွန်ပြည့်စုံကောင်းမွန်နေတာ သေချာပါတယ်။ ဒါဟာ ဘုန်းကံပါရမီ အလွန်ကြီးမားသူတို့သာ ရနိုင်တဲ့ အခွင့်ထူးကြီးပါ။

ဒါပေမယ့် တကယ့်လက်တွေ့မှာတော့ နည်းပြကောင်းနဲ့ လေ့ကျင့်ထားတဲ့ ကိုယ့်အသင်းက ကိုယ့်အိမ်ကွင်းမှာ ကိုယ့်ပရိသတ်ရဲ့အားပေးမှု နည်းလွန်းတဲ့အတွက် တစ်နေ့တာ စာရင်းချုပ် လိုက်ရင် အကုသိုလ်အသင်းကချည်း အနိုင်ရသလို ဖြစ်နေပါတယ်။ အဓိကချွတ်ယွင်းချက်ကတော့ ကိုယ့်အသင်းရဲ့ ခေါင်းဆောင်ဖြစ်တဲ့ “သတိ”တရား ပေါ့လျော့မှုကြောင့်ပါ။ ဒါဟာ အခုခေတ် မှာတော့ မဟုတ်ပါဘူး ပဝေသ ဏီကတည်းကပါ။ ဒါကြောင့်လည်း မြတ်ဗုဒ္ဓသက်တော် ထင်ရှားရှိစဉ်က နေ့စဉ်နေ့တိုင်း “အပ္ဗမာဒေန သမ္မာဒေထ ”လို့ အမြဲတိုက်တွန်းတော်မူနေရတာပါ။

ကိုယ့်အသင်းအတွက် မြတ်ဗုဒ္ဓချမှတ်ပေးထားတဲ့ နည်းစနစ်က “နောက်တန်းမှာ သီလသိက္ခာ မဂ္ဂင်သုံးပါး။ အလယ်တန်းက သမာဓိသိက္ခာမဂ္ဂင်သုံးပါး။ ရှေ့တန်းက ပညာသိက္ခာမဂ္ဂင်နှစ်ပါး”ဆိုပြီး ၃-၃-၂ စနစ်ဖြစ်ပါတယ်။ နည်းဗျူဟာပိုင်းအရကတော့ နောက်တန်းက “မကောင်းမှုရှောင်(၀ါရိတ္တသီလ)၊ ကောင်းမှုဆောင်(စာရိတ္တသီလ)”ကြရမှာဖြစ်ပြီး ရှေ့တန်းကတော့ အမည်းရောင်ဖြစ်တဲ့ တစ်ဖက်အသင်း လုံးဝရှုံးနိမ့်ပြီး စိတ်ဘောလုံးကို ကိုယ့်အသင်းက အပိုင်ကိုင်ထားနိုင်ရေးဖြစ်တဲ့ “ဖြူအောင် စိတ်ကို ထား”နိုင် ကြဖို့ ဖြစ်ပါတယ်။

ရင်ထဲက ဘောလုံးပွဲဆိုတာ ဘ၀တစ်ခုလုံးကို ပုံလောင်းထားရတဲ့ အရေးအကြီးဆုံး ဘောလုံးပွဲကြီးပါ။ ဘာဖြစ်လို့လည်းဆိုတော့ ရှုံးရင် သုဂတိဘုံက ထွက်ပြီး အပါယ်လေးဘုံဆိုတဲ့ ဒုဂ္ဂတိဘုံကို သွားရမှာဖြစ်ပြီး နိုင်ရင်တော့ အပါယ်ဘုံကို လုံးဝပြန်မသွားရတော့ဘဲ သုဂတိအဆင့်ဆင့်ကနေ နိဗ္ဗာန်အထိ တက်ခွင့်ရကြမည့် “ရှုံးထွက်၊ နိုင်တက်”ပြိုင်ပွဲကြီး ဖြစ်လို့ပါပဲ။

ကိုယ့်ဘ၀နဲ့ ဘာမျှ မပတ်သက်တဲ့ အပြင်ဘောလုံးပွဲတွေမှာတော့ လူတွေဟာ ကိုယ့်အသင်း၊ ကိုယ်နိုင်စေချင်တဲ့အသင်းကို စိတ်အား ထက်ထက်သန်သန် အားပေးတတ်ကြပေမယ့် ကိုယ့်ဘ၀တစ်ခုလုံး လောင်းကြေးတင်ထားရတဲ့ ကိုယ့်ရင်ထဲက ဘောလုံးပွဲမှာတော့ ကိုယ့်အသင်းဖြစ်တဲ့ ကုသိုလ်သင်းဟာ မြန်မာပြည်သားများပီပီ မြန်မာမှုပြုနေကြတယ်လို့ ဆိုရလောက်အောင်ပဲ မြန်မာ့ဘောလုံးသင်းနဲ့ အတော်လေး တူနေတယ်။

ဟုတ်တယ်လေ၊ ကြွေးကြော်သံအရ ကြည့်လိုက်ရင် မြန်မာ့အားကစားကလည်း “ကမ္ဘာကို လွှမ်းစေရမည်”တဲ့။ ဗုဒ္ဓဘာသာဝင်တို့ရဲ့ ကြွေးကြော်သံကရော ဘာထူးလဲ၊ ပန်းတစ်ပွင့် ရေတစ်ခွက်ပဲ လှူလှူ “နိဗ္ဗာန ပစ္စယော ဟောတု” ပဲ။ နိဗ္ဗာန်ဆိုတာ လောကုတ္တရာတရား။ လူနတ်ဗြဟ္မာဆိုတဲ့ လောကသုံးပါးလုံးကို ကျော်လွန်တဲ့တရားဆိုတော့ “လောကသုံးပါးလုံးကို လွှမ်းစေရမည်”ဆိုတဲ့သဘောပဲ။

ကြွေးကြော်သံဆိုတာ လုပ်ဆောင်ချက်နဲ့ အကောင်အထည်ဖော်ရမှာလေ။ စာရေးဆရာ ထက်ခေါင် ပြောသလို “လွှမ်း”ချင်တယ်ဆိုရင် “လှမ်း”နေရမှာ။ “လွှမ်း”ဆိုတဲ့ နေရာမှာ ပုဂ္ဂိုလ်ရဲ့တာဝန်က “ဟထိုး”လေးပဲ ထည့်ပြီး “လှမ်း”ရမှာ။ “၀ဆွဲ”က ပုဂ္ဂိုလ်ရဲ့တာဝန်(ပုဂ္ဂလဗျာပါရ)မဟုတ်ဘူး၊ လုပ်ဆောင်ချက်ရဲ့ အကျိုးအဖြစ်နဲ့ ရောက်လာရမှာဖြစ်လို့ ဓမ္မရဲ့တာဝန် (ဓမ္မဗျာပါရ)ဖြစ်တယ်။ မှီအောင်လှမ်း နိုင်ရင် ညီသွားမယ်။ ကျော်အောင်လှမ်းလိုက်ရင် လွှမ်းသွားမှာပဲ မဟုတ်လား။

ပုဂ္ဂလဗျာပါရဖြစ်တဲ့ “ဟထိုး”ကိုတော့ မထည့်ကြဘဲ ဓမ္မဗျာပါရဖြစ်တဲ့ “၀ဆွဲ”ကို ဇွတ်အတင်းထည့် နေကြတော့ ဒီကြွေးကြော်သံကို တွေ့ရတိုင်း ဆရာငြိမ်းကျော်ရဲ့ လူကြိုက်များတဲ့ ၀တ္ထုတစ်ပုဒ်ကို ပြေးပြီး သတိရမိတယ် “လွမ်းလို့ ကျန်ရစ်ခဲ့မှာကို အားနာပါတယ်လေ”တဲ့။
—————-

ဒီနေ့ ပရဟိတ လူငယ်မောင်မယ်တွေရဲ့ ကြိုးစားလုပ်ဆောင်နေမှုကို ကြည့်လိုက်မယ်ဆိုရင် မကောင်းမှု ရှောင်၊ ကောင်းမှု ဆောင်ဆိုတဲ့ သီလသိက္ခာအရ အတော်လေး တာဝန်ကျေကြတဲ့အတွက် နောက်တန်းကောင်းတယ်လို့ ဆိုနိုင်ပါတယ်။ ဘောလုံးပွဲတစ်ပွဲမှာ နောက်တန်းခံစစ်လုံရင် တစ်ဖက်သင်းက ဂိုးမရှူးနိုင်တဲ့အတွက် “မရှုံးဘူး”လို့တော့ ပြောလို့ရပါတယ်။ မရှုံးဘူးဆိုတော့ မထွက်ရဘူးဆိုလည်း ပြောနိုင်ပါတယ်။ ဟုတ်ပါတယ် သီလသိက္ခာလုံခြုံရင် သုဂတိဘုံက ထွက်ပြီး ဒုဂ္ဂတိဘုံကျရောက်ဖို့ အကြောင်း မရှိပါဘူး။

မထွက်ရလို့ တက်ရမှာလားဆိုရင်တော့ ဒီလိုတော့ ပြောလို့ မရသေးပါဘူး။ နောက်တန်းဆိုတာ ရှုံးတယ်နဲ့ မရှုံးဘူးကိုသာ အဆုံးအဖြတ်ပေးနိုင်တာမျိုးပါ၊ မရှုံးရင် မထွက်ရဘူးလို့ပဲ ပြောလို့ရပါသေးတယ်။ တက်ရမယ် မတက်ရဘူးဆိုတာကတော့ ရှေ့တန်းက အနိုင်ဂိုး ရှူးနိုင်တဲ့အပေါ် မူတည်ပါတယ်။ ရှေ့တန်းပညာသိက္ခာက ၀ိပဿနာပညာတာဝန်ကျေလို့ မဂ်ပညာတစ်ခုလောက် အနည်းဆုံးရအောင် ရှူးနိုင်မယ်ဆိုရင်တော့ နိဗ္ဗာန်ဖလား အပိုင်ရပြီဖြစ်လို့ အပါယ်လေးဘုံကို ဘယ်တော့မှ ပြန်မသွားရဘဲ တစ်ဆင့်တက်သွားပြီလို့ ဆိုနိုင်ပါတယ်။
ဒီအဆင့်ရောက်အောင် မတက်နိုင်သေးရင်တော့ မထွက်ရသေးဘူးဆိုပေမယ့် အခိုင်အမာတော့ မဖြစ်သေးပါဘူး။ အချိန်မရွေး အပါယ်လေးဘုံဆီ ပြန်လည်သွားနိုင်ပါတယ်။

အဲ … “ပြန်လည်သွားနိုင်တယ်”ဆိုတာနဲ့ စပ်မိလို့ ပြောရဦးမယ်။ အပြင်ဘောလုံးပွဲတွေမှာ “ခေါက်ဆွဲစားတယ်”ဆိုတဲ့ ဝေါဟာရတစ်ခု ရှိတယ်။ အမရပူရမှာနေတုန်းက မန္တလေးတိုင်းမှာ ဘောလုံးကစားရာမှာ နာမည်ကြီးသလောက် ခေါက်ဆွဲစားရာမှာလည်း နာမည်ကြီးတဲ့ ရှေ့တန်းတိုက်စစ်မှူး ဘောလုံးသမားကြီးတစ်ဦးအိမ်မှာ ဆွမ်းခံရလို့ အတော်ရင်းနှီးခဲ့ဘူးတယ်။ မိမိက ခေါက်ဆွဲစားတယ်ဆိုတာ တကယ့်ခေါက်ဆွဲပြောတာမှတ်လို့ “ဘောလုံးသမားတွေ ခေါက်ဆွဲစားတာ ဘာဖြစ်လို့ အပြစ်ပြောရတာလဲ” ဆိုတဲ့ အကြောင်း မေးကြည့်တော့ သူက ရယ်ပါတယ်။

ခေါက်ဆွဲစားတယ်ဆိုတာ အပြင်က အစားစရာခေါက်ဆွဲစားတာကို ပြောတာမဟုတ်ဘူး။ သရေဖြစ် ရင်တောင် အောက်ကြေးသမားဘက်က အနိုင်ရသွားနိုင်တဲ့ ပွဲမျိုးမှာ အောက်ကြေး ကစားသမား တွေဆီက ငွေကို ယူထားတဲ့ အထက်ကြေး ဘောလုံးအသင်းက ရှေ့တန်းကစားသမားတွေ တစ်ဖက်အသင်းရဲ့ ဂိုးရှေ့မှာ ကိုယ့်ဆီ ဘောလုံးရလာပြီဆိုရင် ဂိုးရှူးခွင့်ရပေမယ့် မရှူးဘဲ တစ်ဖက်အသင်းက ဖျက်ထုတ်ဖို့အချိန်ရအောင် လိမ်ခေါက်ပြီး အချိန်ဆွဲ၊ နောက်ပြန်ဆွဲ လုပ်နေတာကို ပြောတာ။ အမှန်ကတော့ ခေါက်ဆွဲလုပ်နေတာပါ။ ဒါကို အပြင်က စားစရာခေါက်ဆွဲနဲ့ တင်စားပြီး “ခေါက်ဆွဲစားတယ်”လို့ ပြောကြတာတဲ့။

အဲဒီသဘောမျိုးနဲ့ ပြောရမယ်ဆိုရင် ရင်ထဲက ဘောလုံးပွဲမှာလည်း ရှေ့တန်းဖြစ်တဲ့ ပညာသိက္ခာပိုင်း ရောက်ပြီဆိုရင် ဗုဒ္ဓဘာသာဝင် တော်တော်များများဟာ ခေါက်ဆွဲစားသူတွေ ဖြစ်နေကြလို့ အနိုင်ဂိုး မရှူး နိုင်ကြတာကို တွေ့နေရတယ်။

ဗုဒ္ဓဘာသာတို့အနေနဲ့ ဘယ်လို ကုသိုလ်ကောင်းမှုမျိုးပဲ လုပ်လုပ် “နိဗ္ဗာန ပစ္စယော ဟောတု” လို့ ဆိုကြတာချည်းပါပဲ။ တကယ်တန်း အလှူကြီး အတန်းကြီး လုပ်ကြလို့ ရေစက်ချမယ့် အချိန်ရောက်ပြီ ဆိုရင်တော့ လယ်တီဆရာတော်ဘုရားကြီးက “ဥတ္တမပုရိသ ဒီပနီ”ကျမ်းမှာ ရေးပြသလိုပဲ “နိဗ္ဗာန ပစ္စယော”က အသံသဲ့သဲ့ကလေးနဲ့ ပါလေကာမတ္တပဲ ပါတော့တယ်။ “အကြင်မျှလောက် ကာလပတ်လုံး နိဗ္ဗာန်ချမ်းသာကို မရရှိသေး၊ ထိုမျှလောက်ကာလပတ်လုံး သံသရာ၌ ကျင်လည်ရသည်ရှိသော်”ကစပြီး ရေစက်ချဆရာ အာဝဇ္ဇန်းကောင်းရင် ကောင်းသလောက် သံသရာကျင်လည်ရေး တရားတွေကို တောင်းနေ ကြတဲ့အတွက် နိဗ္ဗာန်ရောက်ကြောင်းကုသိုလ်တွေ ကြောင်ခြစ်သလို ဖြစ်ကုန်ကြတယ်တဲ့။

“ကုသိုလ်ကြောင်ခြစ် ဖြစ်တယ်”ဆိုတာ သစ်သားသင်ပုန်းကြီးတွေနဲ့ စာရေးတဲ့ခေတ်က သုံးတဲ့ စကားပါ။ သစ်သားမှာ ထမင်းရည်နဲ့ မီးသွေးမှုန့်သုတ်လိမ်းပြီး ရေးထားတဲ့စာကို ကြောင် ကုတ်ခြစ်ပစ်တဲ့အခါ စာလုံးတွေ ဖတ်မရတော့ဘဲ ဖြစ်ကုန်တာကို ပြောတာ။ ကုသိုလ်ကြောင်ခြစ်တွေ လုပ်နေတာဟာ သံသရာ ၀ဋ်ဒုက္ခမှ လွတ်ရာနိဗ္ဗာန်အတွက် လုပ်တဲ့ ကုသိုလ်တွေကို သံသရာနယ်ထဲ ပြန်လည်အောင် ခေါက်ဆွဲ လုပ်ပစ်ကြတာပဲ မဟုတ်လား။ ဒါကြောင့် ရင်ထဲက ဘောလုံးပွဲတွေမှာလည်း ရှေ့တန်း ပညာသိက္ခာပိုင်း ရောက်ပြီဆိုရင် ခေါက်ဆွဲစားသူတွေများပြီး အနိုင်ဂိုး မရှူးကြတဲ့အတွက် သံသရာက မတက်နိုင်ကြသူတွေ များနေကြတယ်လို့ ပြောတာပါ။
——————–

လောကီသားတွေဟာ လောကထဲ နေကြသူတွေဖြစ်တဲ့အတွက် ရင်ထဲက ဘောလုံးပွဲတွေကလည်း နိဗ္ဗာန်ဖလားကို တိုက်ရိုက်ရည်မှန်းတဲ့ ဓမ္မဘောလုံးပွဲတွေချည်း ကစားနေကြရတာ မဟုတ်ပါဘူး။ ကိုယ်ကျင် လည်ရာ လောကအတွက် ကစားကြရတဲ့ လောကဘောလုံးပွဲတွေလည်း အများကြီး ကစားနေကြရတာပါ။ ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးစတဲ့ ဘောလုံးပွဲတွေပေါ့။

ပညာရေးမှာ ပညာကို အလေးမထားဘဲ အပျော်အပါးတွေ ကာလပေါ်ဆေးဝါးတွေ အသုံးပြုနေကြ တဲ့ သူတွေ။ စီပွားရေးလုပ်ရင်းက အပျော်အပါးတို့၊ လောင်းကစားတို့၊ အကြံအဖန် အကပ်အရပ်တွေနဲ့ ဖြတ်လမ်းနည်း စီးပွားရှာချင်ကြသူတွေ စသည်ပေါ့။ ဒီလိုလူတွေလည်း ခေါက်ဆွဲစားနေကြသူတွေပါပဲ။

ဒီနေ့ ပရဟိတ လူငယ်မောင်မယ်တို့အနေနဲ့ မိမိတို့ ပတ်ဝန်းကျင်မှာ အခုလို ပရဟိတ လုပ်ငန်းတွေကို  လုပ်ဆောင်နေကြတာဟာ ကိုယ့်ရင်ထဲမှာ လူမှုရေး ဘောလုံးပွဲကြီး ဆင်နွှဲနေကြ တာပါပဲ။ တချို့ဆိုရင် နိုင်ငံရေးအသင်းအဖွဲ့တွေထဲမှာ ပါဝင်ပြီး နိုင်ငံရေး ဘောပွဲဆင်နွှဲနေကြသူတွေလည်း ရှိနေကြမှာ ပါ။

ဒီနေ့ ဂျာနယ်တွေ သတင်းစာတွေကို ဖတ်ကြည့်တဲ့အခါ နိုင်ငံရေးဘောလုံးပွဲ ဆင်နွှဲနေကြသူ အချို့ ဆိုရင် စပြီး ကြွေးကြော်တုန်းကတော့ အပျံစားဒီမိုကရေစီ နိုင်ငံကြီးဖြစ်အောင် ချီတက်မယ့် အကောင်းစား အစိုးရဖြစ်စေဖို့ဆိုတဲ့ အသံတွေ မြည်ဟိန်းနေလို့ လက်ခုပ်လက်ဝါးတွေ အားရပါးရတီးပြီး အားပေးမယ်မှ မကြံရသေးဘူး လိမ်ကွေ့ခေါက်ဆွဲလုပ်နေကြတဲ့ အကြောင်းတွေက နေ့စဉ်သတင်းတွေထဲမှာ အများဆုံး ပါနေကြတာ လူငယ်မောင်မယ်တွေလည်း တွေ့မိကြမှာပါ။

အရှိန်အဟုန်နဲ့ချီတက်ပြီး ဒီမိုကရေစီဖလားကြီးနဲ့ အောင်ပွဲခံကြမယ်လို့ ကြွေးကြော်သံဟိန်းခဲ့ပြီးမှ ခေါက်ဆွဲစားသူတွေ များနေရင်တော့ ကိုယ့်အသင်းကောင်တာပေါက်ပြီး တစ်ဖက်အသင်း အချောင်ဂိုးနဲ့ အနိုင်ရသွားရင် ဘာဖြစ်သွားမယ်ဆိုတာ သိတယ်မို့လား။ ရှုံးထွက်ပွဲတို့ရဲ့ ထုံးစံအတိုင်း ရှုံးပြီးရင် ထွက်ရမှာပဲ။ သုဂတိဘုံက ထွက်ရရင် ဘယ်ရောက်သွားမယ်ဆိုတာ အားလုံးသိကြမှာပါ။

အခုတရားပွဲကြီး ကျင်းပတဲ့ လူငယ်မောင်မယ်တွေ အားလုံးဟာ ကိုယ့်လုပ်ငန်းနဲ့ ကိုယ့်ပန်းတိုင်ကို သဘောပေါက်ပြီး မျက်ခြည်မပြတ်ကြစေဖို့ အထူးသတိထားကြရပါလိမ့်မယ်။ “ပရဟိတအလုပ်” ဆိုတာ အများအကျိုးကို ဆောင်ရွက်နေကြတာပါ။ ဘာရည်မှန်းချက်နဲ့လည်းဆိုတာ အထူပြောဖို့ မလိုပါဘူး “အများ ချမ်းသာဖို့”ပါပဲ။

ဒီလုပ်ငန်းမှာ ပါဝင်ကြတဲ့ လူငယ်မောင်မယ်တွေအနေနဲ့ ကိုယ့်ရည်မှန်းချက်နဲ့ မျက်ခြည်ပြတ်ပြီး ကိုယ်ကျိုးဖက်လာကြမယ်၊ အနည်းဆုံး ကိုယ့်အတွက် ဂုဏ်သတင်းကျော်စောခြင်းတွေကို တောင့်တလာ ကြမယ်။ နေရာရလိုမှု၊ အာဏာပြလိုမှု၊ ဗိုလ်ကျလိုမှုတွေ ဖက်လာကြမယ်ဆိုရင် သိတယ်မို့လား “အောင်ပွဲ သွားတွေ” ဖြစ်ရမည့်အစား “ခေါက်ဆွဲစားသူတွေ”ဖြစ်သွားကြမှာပဲ။

ဒီလို ဖြစ်သွားပြီဆိုရင်တော့ အချင်းချင်းညီညွတ်မှုတွေ ပျက်ပြားပြီး ကောင်တာပေါက်သွားမှာ သေချာတယ်။ ကောင်တာပေါက်သွားရင် တစ်ဖက်အသင်းက အချောင်ဂိုးနဲ့အနိုင်ရသွားမှာလည်း မိုး လက်ညှိုးထိုး မလွဲပဲ။ ကိုယ့်ရင်ထဲက ဘောလုံးပွဲဆိုတာ ခဏ ခဏလည်း ပြောခဲ့ပါပြီ။ ရှုံးရင်ထွက်၊ နိုင်ရင်တက်ရမှာလေ။ နိုင်တက်မဖြစ်ရင်တော့ ရှုံးထွက်က သေချာနေတာပဲ။

သုဂတိလူ့ဘုံက ထွက်ရပြီဆိုရင် ဘယ်ရောက်သွားမလဲ ဆိုတာကတော့ မေးနေစရာမလိုပါဘူး။ ငယ်ငယ်တုန်းက နားထောင်ဖူးတဲ့ ထွေးညိုပြဇာတ်ထဲကလိုပဲ “ကိုကြီးသာဒင် မြေကြီးခံနေလို့နော်၊ မြေကြီးသာ မခံရင် အ၀ီစိ ရောက်သွားမယ်”ဆိုတာမျိုး ပါပဲ။ ဒါကြောင့် မောင်တို့ မယ်တို့ အလေးအနက် မှတ်ထားကြပါ။ ခေါက်ဆွဲစားသူတွေ ဖြစ်နေရင်တော့ ချောက်ထဲ သွားသူတွေ ဖြစ်မှာလည်း မလွဲပါဘူး။

မောင်တို့ မယ်တို့ အားလုံး “ခေါက်ဆွဲစားပြီး ချောက်ထဲသွားသူ” မဖြစ်ကြဘဲ ရည်မှန်းချက် ပန်းတိုင်ကို မျက်ချည်မပြတ်ဆင်နွှဲနေကြတဲ့ “အောင်ပွဲသွားသူတွေ”ဖြစ်ကြပါစေလို့ တိုက်တွန်း ဆုတောင်း လိုက်ပါတယ်။

ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)
(၆-၅-၂၀၁၄)