ဗုဒ္ဓဝါဒ နှင့် လူမှုရေး
(Sri Lanka
မှ ဗုဒ္ဓဘာသာ ရဟန်းတော် Dr Walpola Rahula ရဲ့ The Heritage of the Bhikkhu စာအုပ်ပါ
Buddhism and Social Service ကို ဘာသာပြန်ဆိုပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေနဲ့
နီးစပ်တယ် ထင်လို့ပါ။ Dr Walpola Rahula ကိုတော့ သူ့ရဲ့ ကမ္ဘာကျော် What the Buddha
taught ကြောင့် ကောင်းကောင်းသိကြမယ်ထင်ပါတယ်။)
ဗုဒ္ဓဝါဒက အများကောင်းစားရေးမှာ
အခြေတည်ပါတယ်။ ဂေါတမ ဗုဒ္ဓရယ်လို့ ပွင့်တော်မူမယ့် ဘုရားလောင်းသုမေဓာရှင်ရသေ့ဟာ ဒီပင်္ကရာ
မြတ်စွာဘုရားရှင်ရဲ့ခြေတော်ရင်းမှာ သူ့အတွက်ရယူနိုင်နေတဲ့ နိဗ္ဗာန်ကို စွန့်လွတ်ပြီးတော့
လောကသားသတ္တဝါတွေကို ကယ်တင်ဖို့ သံသရာမှာ ဆက်ပြီးလည်ခဲ့ပါတယ်။
ဘုရားလောင်းတော်ဟာ
သူတပါးတွေရဲ့ နှိဗ္ဗာန်အလို့ငှါ မိမိရဲ့ နိဗ္ဗာန်ကိုစွန့်လွတ်ပြီးတော့ သံသရာဆင်းရဲ့ကိုယူခဲ့တယ်။စစ်မှန်တဲ့
ဗုဒ္ဓဝါဒီတွေဟာလည်း တပါးသူတွေအငြိမ်းဓါတ်အတွက် မိမိကိုယ်ပိုင်နိဗ္ဗာန်ကို စတေးနိုင်လောက်တဲ့
စိတ်ဓါတ်ခွန်အားရှိသင့်ပါတယ်။
ဗုဒ္ဓဟာ
သူ့တပည့်ရဟန်းတော်တွေကို တနေရာတည်းမှာပဲ မနေဖို့၊ လူတွေရဲ့ကောင်းကျိုးအတွက် ရွာစဉ်လျှောက်ပြီး
တရားဟောဖို့ လမ်းညွှန်ထားခဲ့ပါတယ်။ ညွှန်ထားတဲ့အတိုင်းပဲ ဗုဒ္ဓ နှင့် တပည့်သာဝကများဟာ
လောကသားတွေရဲ့ကောင်းဖြစ်စေနိုင်လောက်တဲ့ အတွေးအခေါ်တွေကို တရားဟောရင်း ဝါတွင်းကာလသုံးလေးလမှလွဲပြီး
တစ်နှစ်လုံး ဓမ္မခရီးထွက်ခဲ့ကြပါတယ်။
တရားခရီးသည်
အိန္ဒိယရဟန်းတော်များရဲ့ ဟောပြောချက် အဲဒီအတွေးအခေါ်စိတ်ကူးတွေကို စိစစ် စစ်ဆေးကြည့်တာဟာ
သိပ်စိတ်ဝင်စားစရာကောင်းလှတာပါပဲ။ ယေဘုယျအားဖြင့်တော့ ရွာသူ ရွာသားတွေဟာ ဆင်းရဲကြတယ်၊
စာမတက်ကြဘူး၊ သန့်လည်းမသန့်ရှင်း ကျန်းမာရေး နဲ့လည်း မညီညွတ်ကြဘူး၊ သူတို့အတွက်လိုအပ်တာက
အလွန်အတွေးအခေါ်ဆန်တဲ့ နက်နဲတဲ့ တရားတော်တွေ အဘိဓမ္မာတွေမှာပြထားတဲ့ ရုပ်နာမ်စိစစ်မှုတွေ
စိတ်ပညာဆန်ဆန် တရားတွေထက် ရိုးရှင်းတဲ့ လူကျင့်ဝတ်တွေ ပစ္စည်းဥစ္စာနဲ့ ဆိုင်တဲ့ စိတ်ကူးစိတ်သန်းတွေပါပဲ။
အဲဒီလို ပုဂ္ဂိုလ်တွေအတွက်ဟောထားခဲ့တဲ့ ဒေသနာတော်တွေ ဗုဒ္ဓဘာသာဆိုင်ရာ ကျမ်းဂန်တွေမှာ
များစွာတွေ့ရပါတယ်။
ဒီဃနိကယ် စက္ကဝတိ
သီဟနာဒသုတ်မှာ ရှင်းရှင်းကြီးပြထားတာက “ဆင်းရဲခြင်းဟာ ပြစ်မှုလွန်ကျူးမိခြင်းနဲ့ ကိုယ်ကျင့်တရားပျက်စီးခြင်းရဲ့
အကြောင်းတခုပဲ” တဲ့။ ဒီအချက်ကို ဗုဒ္ဓက နားလည်သဘောပေါက်ထားတော့ ဗုဒ္ဓ နဲ့ သာဝကတွေဟာ ဓနဥစ္စာရှာဖွေစုဆောင်းခြင်း
ရဲ့ အကျိုးတရားတွေ ၊ လောကသားများအကျိုးအတွက် စီးပွားရေးဖွံဖြိုးမှု အရေးကြီးပုံတွေ
ဟောခဲ့ကြတာပါပဲ။ ဒီဃနိကယ်မှာပဲ ကူတဒန္တသုတ်မှာ ထပ်ပြထားတာက…..
” ခိုးခြင်းစတဲ့ပြစ်မှုမျိုးကို
အပြစ်ပေးရုံလောက်နဲ့ မတားဆီးနိုင်ဘူး၊ ဒီလိုပြစ်မှုမျိုးကို လုံးဝထိန်းချုပ်ဖို့ လုံးဝရပ်တန့်စေဖို့အတွက်က
လူတွေရဲ့ လုပ်ငန်းတွေမှာ လွယ်ကူချမ်းသာစွာ ဆောင်ရွက်နိုင်ဖို့ သာယာလုံခြုံတဲ့ဘဝကိုဦးဆောင်နိုင်ဖို့
အခွင့်အရေးတွေကိုလည်းဖန်းတီးပေးရမယ်”
အတ္ထိသုခ-စီးပွားရေးလုံခြုံခြင်း၊
ဘောဇနသုခ- စည်းစိမ်ကို
စိုးရိမ်မှုကင်းသုံးဆောင်နိုင်ခြင်း
အနဏသုခ- အကြွေးကင်းရှင်း၍
သောကနည်းခြင်း
အနဝဇ္ဇသုခ- အပြစ်ကင်းသော
အလုပ်ရှိခြင်း တွေဟာ လူသားတွေအတွက် လောကချမ်းသာ လေးမျိုးပါပဲ။
ဥဌာနသမ္ပဒါ-
မိမိရဲ့အသက်မွေးဝမ်းကြောင်း အလုပ်ကို ပီပြင်းအောင်မြင်အောင် လုပ်နိုင်စွမ်းခြင်း
အာရက္ခသမွဒါ-
မိမိ၏ စည်းစိမ်ကို ကောင်းကောင်းမွန်မွန် စောင့်ရှောက် ကာကွယ်နိုင်ခြင်း
ကလျာဏမိတ္တသမ္ပဒါ-
သူငယ်ချင်း မိတ်ဆွေကောင်းရှိခြင်း
သမဇီဝိကတာ-
ဝင်ငွေထွက်ငွေ မျှသော အသုံးအစွဲရှိခြင်း တို့ဟာ လည်းပဲ လောက လူသားတွေ ချမ်းသာကောင်းမွန်စွာ
နေထိုင်နိုင်ရေးအတွက် အထောက်ပံ့ကောင်း တွေလို့မိန့်မှာခဲ့ပါတယ်။
ရတဲ့ဥစ္စာ လေးပုံပုံ၊
တစ်ပုံစား တစ်ပုံစု၊ နှစ်ပုံကို အရင်းအနှီးထပ်လုပ်ဖို့။ လက်ရှိအနေအထားကနေ နိမ့်မသွားချင်တဲ
ကြယ်ဝပြီးလူများအတွက်လည်း ပျောက်တာကိုရှာ၊ ပျက်တာကိုပြင်ပြီး အစားအသောက်မှာ အသုံးအစွဲမလွန်စေပဲနဲ့
စာရိတ္တကောင်းတဲ့ ဥာဏ်ကြီးသူတွေကို အမှူးထားသင့်ကြောင်း လမ်းညွှန်ခဲ့ပါတယ်။ နေရာတော်တော်များများမှာ
ထပ်ပြထာတာက မပျင်းကြဖို့နဲ့ ကျမ္မာရေးဟာ လာဘ်ထူးကြီးဖြစ်တဲ့အတွက် ကျမ္မာရေးကောင်းအောင်
ဂရုစိုက်နေထိုင်ကြဖို့ တွေပါပဲ။
လူ့ဘောင်ကောင်းစားရေးအတွက်
အကြံအစည်အစုံစုံကို အကြိမ်ကြိမ်ညွှန်းထားတာတွေ့ရပါတယ်။ လူသိများတဲ့ သင်္ဂဟတရားလေးပါး
ဒါန- စွန့်ကြဲပေးကမ်းခြင်း
ပေယျဝဇ္ဇ- ချစ်ခင်ကြည်သာပြောဆိုတတ်ခြင်း
အတ္ထစရိယ- အများအကျိုးကိုရှေးရှုလေ့ရှိခြင်း
သမာနတ္တတာ- မျှတသောသဘောထားရှိခြင်း….
လူ့အဖွဲ့အစည်းအတွက်သာမက
မိသားစုတွေဝင်တွေအတွက်ပါ တာဝန်ဝတ္တရားနဲ့ ဆိုင်တဲ့ စိတ်ကူးတွေကို သင်္ဂလသုတ် ပရာဘဝသုတ်
ဝသလသုတ် တို့လို သုတ္တန်ဒေသနာတော်တွေမှာ ညွှန်းဆိုထားပါတယ်။
ဗုဒ္ဓခေတ်တုန်းက
တချို့ဘုရင်တွေဟာ ပြည်သူတွေကို နှိမ်းစက်ညှဉ်းပမ်းကြတယ်။ ဓမ္မပဒ မှာလာတဲ့အထောက်အထားအရဆိုရင်
ဗုဒ္ဒဟာ အစိုးရရဲ့ အုပ်ချုပ်ရေးပြဿနာပိုင်းတွေမှာ ပြည်သူတွေကို ထိခိုက်နာကျင်အကြမ်းဖက်မှုမပြုတဲ့
တရားမျှတတဲ့ အစိုးရမျိုး အခွန်အခတွေကို မတရားအဆမတန် မကောက်ခံတဲ့ အစိုးရမျိုး မေတ္တာ
ဂရုဏာပြည့်ဝတဲ့အစိုးရမျိုးဖြစ်ရေး ဆန္ဒရှိခဲ့ပါတယ်။
ဗုဒ္ဓဝါဒအရဆိုရင်တော့
နိုင်ငံတစ်နိုင်ငံကို မင်းကျင့်တရား(၁၀)ပါးနဲ့အညီ အုပ်ချုပ်ကြဖို့ပါပဲ။
(၁) ဒါန- ပေးကမ်းစွန့်ကြဲနိုင်ရမယ်။
(၂)သီလ- ကိုယ်ကျင့်တရားကောင်းရမယ်။
(၃) ပရိစာဂ-
အများကောင်းကျိုးအတွက် ကိုယ်ကျိုးစွန့်နိုင်ရမယ်။
(၄) အဇ္ဇဝ- ဖြောင့်မတ်မှန်ကန်ရမယ်။
(၅)မဒ္ဒဝ- နုညံ့ပြေပြစ်ယဉ်ကျေးရမယ်။
(၆)တပ- မဆုတ်မနစ်တဲ့
ဇွဲ လုံလ ဝိရိယလည်းပါရမယ်။
(ရ) အက္ကောဓ-
ရန်ငြိုးမဖွဲ့ရဘူး။
(၈) အဟိံသ- အကြမ်းမဖက်ရဘူး။
(၉) ခန္ဓီ- စာနာမှု
နားလည်မှု ရှိစွာနဲ့ သည်းခံ ခွင့်လွတ်နိုင်ရမယ်။
(၁၀) အဝိရောဓ-
ပြည်သူ့အကျိုးစီးပွား ပြည်သူ့ဆန္ဒ နဲ့ မဆန်ကျင်ရဘူး (ပြည်သူ့ဆန္ဒကို မဖျက်ဆီးရဘူး)
မာဂဓဘုရင် လစ္ဆဝီတိုင်းနဲ့
စစ်တိုက်မယ်ပြင်တော့ ဘုရင့်ကိုယ်စားလှယ်က ဘုရားဆီ သူတို့နိုင်မလားလာလျှောက်ဘူးပါတယ်။
ဘုရားက လစ္ဆဝီတွေမှာ မဆုတ်ယုတ်ကြောင်းတရား (ရ)ပါးကျင့်သုံးနေတော့ လစ္ဆဝီတွေ မရှုံးနိုင်ပါဘူးတဲ့။
ဒီနည်းနဲ့ပဲ
ဗုဒ္ဓ နဲ့ သာဝကတပည့်များစွာတို့ဟာ လူသားကောင်းကျိုးအတွက် ကျမ္မာရေးဆိုင်ရာ သန့်ရှင်းသပ်ရပ်ရေးဆိုင်ရာ
ဓနဥစ္စာရှာဖွေစုဆောင်းရေးဆိုင်ရာ အပြန်အလှန်နားလည်မှုရှိတဲ့ အိမ်ထောင်ရေး လူအဖွဲ့အစည်းအကျိုးစီးပွား
မှန်ကန်တဲ့အစိုးရအုပ်ချုပ်မှုရေးရာတွေနဲ့ဆိုင်တဲ့ ဒီလိုအရေးပါတဲ့ စိတ်ကူးအကြံဥာဏ်ကောင်းတွေကို
သင်ကြားပြသပေးခဲ့ပါတယ်။