Wednesday, May 7, 2014

ပရမတ်နဲ့ ပညတ်


ပရမတ်နဲ့ ပညတ်

ပရမတ္ထ အကြောင်းကို ပြောမယ်ဆိုရင် ပညတ်ကိုသိထားမှ အဆင်ပြေနိုင်ပါတယ်။ လောကုတ္တရာအကြောင်းကို သိခြင်ရင် လောကီအကြောင်းကို နားလည်ရပါမယ် လောကုတ္တရာဆိုတာ လောက လွန်မြောက်တဲ့တရားပါ လောကကို လွန်မြောက်ချင်ရင် လောကီကို ဖြတ်သန်းသွားရပါတယ်။ ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ကြီးကလဲ ပညတ်ကိုလဲမပယ်နဲ့ ပရမတ်ကိုလဲမကွယ်စေနဲ့ ပညတ်ကိုသိပါစေ ပရမတ်နဲ့ရောတော့မရောစေနဲ့ လို့ ဆုံးမထားပါတယ်။ ပညတ်ကို ရှင်းလင်း အောင် သိထားပြီး တရားနှလုံးသွင်းရင် ပရမတ်ကို သွင်းရပါတယ်။ ဒါကြောင့် ပညတ်ဆိုတာ ဘာလဲ ပရမတ်ဆိုတာဘာလဲ သိဖို့ မှတ်သားဖူးသမျှထဲက အနည်းငယ်ကို တင်ပြပါတယ်….။

ပညတ် အဟုတ်မရှိသော်လည်း အဟုတ်တကယ် ရှိသလို၊ လောကသင်္ကေတအမှတ်ဖြင့် ခေါ်ဝေါ် နေကြတဲ့ သဘောဟာ ပညတ်ဖြစ်ပါတယ်။ လူမျိုးအလိုက်၊ ဒေသအလိုက် ခေါ်ဝေါ်ပြောဆိုနေကြတဲ့ အမည်နာမများဟာ လိမ်လည်လှည့်ပတ်ခြင်း မဟုတ်လို့ မုသာဝါးဒ မဖြစ် အကုသိုလ် ကျူးလွန်ရာည်း မရောက်ပါဘူး လောကီအလိုက်မှန်ကန်နေခြင်းကြောင့် သမုတိသစ္စာ သတ်မှတ် ထားသောအမှန်တရားဖြစ်ပါတယ်။ ပညတ်ဆိုတဲ့ သမုတိသစ္စာနယ်မှာ ပုဂ္ဂိုလ်၊ သတ္တ၀ါ၊ လူ၊ နတ်၊ ဗြဟ္မာ၊ အတ္တ၊ ဇီဝ ခွေး၊ကြောင်၊ ကြက်၊ ငှက် စသဖြင့် ခေါ်ဆို သုံးစွဲကြပါတယ်။

လူမှာဆိုရင်လဲ ခေါင်း၊ ခြေ၊ လက် ဆိုပြီ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ အနေနဲ့လည်း ခေါ်ကြပါတယ်။ အသုံးအဆောင် ပစ္စည်းမှာဆိုရင်လဲ ကား၊ အိမ်၊ စသဖြင့် ခေါ်ဝေါ်သုံးစွဲကြပါတယ်။ ပညတ်ဆိုတဲ့ အမည်နာမ အခေါ်အဝေါ်တွေဟာ လူမျိုးအလိုက်၊ ဒေသအလိုက်၊ ဘယ်လောက်ပဲ အမည်တွေသတ်မှတ်ပေမယ့်၊ အဟုတ်အမှန်ရှိတဲ့ သဘောမျိုးမဟုတ်ပါဘူး။ ဥပမာ လူကို ဆိုရင်တောင်မှ လူမျိုးအလိုက် အခေါ်အဝေါ်မတူညီကြပါဘူး ဆိုင်ရာလူမျိုးနားလည်အောင် သတ်မှတ်ထားတဲ့ ဝေါဟာရနဲ့သာလျှင် ခေါ်ဆိုကြပါတယ်။

တစ်ခြားပစ္စည်းများ ဤကဲ့သိုသာလျှင် ဖြစ်ပါတယ်။ ဗုဒ္ဓအဘိဓမ္မအရ အမှန်စင်စစ် အရှိတရားက ခန္ဓာငါးပါးဖြစ်တဲ့ ရုပ်နာမ်အစုသာလျှင် ဖြစ်ပါတယ်။ ရုပ်နာမ်တရားစုဟာ ခဏမစဲ တသဲသဲ အဟောင်းအသစ် ပြောင်းလဲ ချုပ်ပျောက်ပြိး အစားထိုးနေကြပါတယ်။ ဘယ်လူမျိုးဖြစ်ဖြစ်၊ ဘယ်သတ္တ၀ါဖြစ်ဖြစ်၊ ဘယ်တိရိစ္ဆာန်ဖြစ်ဖြစ်၊ ၃၁ ဘုံမှာ ကျင်လည်နေကြတဲ့ အားလုံးဟာ ရုပ်နာမ်အစုက မလွတ်ပါဘူး အားလုံးဟာ ခန္ဓာငါးပါးထဲမှာပဲ အကျုံးဝင်နေပါတယ်။

ဒါကြောင့် ပရမတ်ဆိုတာကတော့ '' ၀ိဇ္ဇာမာနေန ပရမောအတ္တော ပရမတ္တော'' လို့ ဆရာကြီးများရဲ့ ၀ိဂြိုလ်အရ အဟုတ်ရှိ၊ တကယ်ရှိ အမှန်ရှိခြင်းကြောင့် မြတ်သည်ဟုဆိုရတဲ့ သဘောတရားပဲ ဖြစ်ပါတယ်။ တစ်နည်းဆိုရသော '' ပရမော ဥတ္တမော အ၀ိပရိတောအတ္တော ပရမတ္တော'' လို့ ဋီကာကျော်ဆရာများ၏ အလိုအရ ဖောက်ပြန်ပြောင်းလဲခြင်းမရှိ၊ မဖောက်မပြန်မြတ်သော သဘောရှိခြင်းကြောင့် ပရမတ်လို့ ခေါ်ပါတယ် ဒီလို မဖောက်မပြန် မှန်တဲ့ သဘောရှိလို့ ပရမတ္ထသစ္စာ မပြောင်းလဲသော အမှန်တရားလို့ ခေါ်ပါတယ်။

ပရမတ် (၄) မျိုးရှိပါတယ်


၁။ စိတ် ဆိုတဲ့ အာရုံကို ကြံတတ်၊ သိတတ်သောသဘော။

၂။ စေသသိက် ဆိုတဲ့ စိတ်နှင့်အတူတကွ ယှဉ်ဖော်ယှဉ်ဖက်၊ ဖြစ်လျှင်အတူတူ ပျက်လျှင် အတူတူပျက်တဲ့သဘော။

၃။ ရုပ်ဆိုတဲ့ အပူ၊ အအေးကြောင့် အခြေအနေဖောက်ပြန် ပြောင်းလဲမူ့ရှိတတ်သော သဘောမျိုး၊ အာရုံကိုကြံတတ် သိတတ်တဲ့ သဘောမျိုးမရှိပါ။

၎။ နိဗ္ဗာန် ဆိုတဲ့ ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းချင်းသဘော၊ နိဗ္ဗာန်မှာ ဘုံနန်းပြသာဒ်မရှိ၊ စိတ်၊ စေသသိတ်၊ ရုပ်တွေမရှိ တစ်နည်း ဆိုရရင် ခန္ဓာငါးပါးမရှိ၊ ခန္ဓာငါးပါးမရှိခြင်းကြောင့် ''ဝေဒယိတသုခ'' ဆိုတဲ့ ခံစားမူ့မရှိ '' သန္တိသုခ'' ဆိုတဲ့ ငြိမ်းချမ်းမူ့သာ ရှိပါတယ်။

ခန္ဓာငါးပါးမှာလဲ သင်္ခတ၊ အသင်္ခတ ပရမတ် (၂)မျိုး ရှိပါတယ်

၁။ သင်္ခတပရမတ်

သင်္ခတပရမတ်ဆိုတာ ကံ၊ စိတ်၊ ဥတု၊ အဟာရ ဆိုတဲ့ အကြောင်းလေးပါးတို့ရဲ့ ပြုပြင်စီမံမူ့မှ မလွတ်ကင်းသေးသော ရုပ်တရား၊ နာမ်တရားတို့ကို ဆိုလိုပါတယ် တစ်နည်းဆိုရသော် ခန္ဓာငါးပါးဖြစ်ပါတယ် သင်္ခတနယ်အတွင်းမှာ အနိစ္စ၊ ဒုက္ခ၊ အနတ္တသာ ရှိပါတယ် ဖြစ်မူ့နဲ့ ပျက်မူ့ပဲ ရှိတယ်။ ပုဂ္ဂိုလ်၊ သတ္တ၀ါ၊ ယောက်ျား၊ မိန်းမ မရှိပါ ဒါကြောင့် မြတ်စွာဘုရားရှင်က ရုပ်နာမ်ဆိုတဲ့ လောကကို သုညတ (သို့) သုည လို့ ပဋိသမ္ဘိဒါမဂ် ပါဋ္ဌိတော်မှာ အောက်ပါအတိုင်း ဟောကြားတော်မူခဲ့ပါတယ်

ရှင်အာနန္ဒာ အမေး ။ ။ ''သုညလောကော သညောလောကာတိ ဘန္တေ ၀ုစ္စတိ ကိတ္တတော နခေါဘန္တေ သုညော လောကောတိ ၀ုစ္စတိ'' ရုပ်နာမ် ၂ ပါးဆိုတဲ့ လောကကြီးကို သုညတ(၀ါ)သုညလို့ ဟောတော်မူပါတယ်။ ဘယ်လို အကြောင်းကြေူာင့် သုညတ(၀ါ) သုညလို့ အရှင်ဘုရားဟောတော်မူပါသလဲ။

ဗုဒ္ဓအဖြေ ။ ။ ''ယသ္မာစခေါ အာနန္ဒာ သုညမိဒံအတ္တေန ၀ါ အတ္တနိယေန ၀ါ တသ္မာ သညော လောကောတိ ၀ုစ္စတိ'' ချစ်သား အာနန္ဒာ ရုပ်ဆိုတဲ့ လောကကြီးမှာ အတ္တ ဆိုတဲ့ ပုဂ္ဂိုလ် သတ္တ၀ါ၊ ငါ၊ သူတစ်ပါး၊ ယောက်ျား၊ မိန်းမ၊ အသက်၊ လိပ်ပြာ၊ မရှိပါဘူး။ အတ္တမရှိတဲ့ အတွက် အတ္တနိယ ဆိုတဲ့ ငါပိုင်သော ပစ္စည်း မဟုတ် ဒါကြောင့် ရုပ်နာမ်ဆိုတဲ့ လောကကြီးကို သုညတ (၀ါ) သုညလို့ ငါဘုရား ဟောတော်မူတယ်။ `

ဒါကြောင့် ပညတ်ဆိုတဲ့ အမည်နာမ အခေါ်အဝေါ်တွေဟာ အဟုတ်အမှန်တကယ် ရှိတဲ့ဘဘောမျိုးမဟုတ်ဘူး တကယ်အမှန်ရှိတာ ခန္ဓာငါးပါးဆိုတဲ့ ရုပ်နာမ် နှစ်မျိုးသာ ဖြစ်တယ် ဒါကို ထပ်ချုံ့လိုက်ရင် အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဆိုတဲ့ လက္ခဏာရေး သုံးပါးပဲ ရပါတယ် ဒီလက္ခဏာရေး သုံးပါးကိုပဲ ထပ်ချုံ့မယ်ဆိုရင် ဖြစ်မူ့နဲ့ ပျက်မူ့ နှစ်ပါးပဲရပါတယ်။ ဒီဖြစ်ပျက်ကို ထပ်ချုံ့မယ်ဆိုရင် သုညတ ဆိုတဲ့ သုည တစ်လုံးပဲ ရပါတယ်။

၂။အသင်္ခတပရမတ်

အသင်္ခတပရမတ်ဆိုတာ ကံ၊ စိတ်၊ ဥတု၊ အဟာရ၊ အကြောင်းတရား ၄ ပါးတို့ရဲ့ ပြုပြင်စီရင်မူ့ ကင်းလွတ်ပြီး ရုပ်တရား၊ နာမ်တရား ခန္ဓာငါးပါး၊ အကြွင်းမဲ့ ချူပ်ငြိမ်းမူ့ ရုတ်သိမ်းသွားတဲ့ သဘောဖြစ်ပါတယ်။ ဒီခန္ဓာငါးပါး ချုပ်ငြိမ်း ရုတ်သိမ်းသွားတဲ့အတွက် ဖြစ်မူ့ ပျက်မူ့မရှိ ခံစားမူ့ ဝေဒယိတသုခမျိုးလည်းမရှိ အေးချမ်းမူ့ သန္တိသုခ သာ ရှိပါတယ်။ ထိုအေးချမ်းမူ့ သန္တိသခု အမြဲရှိခြင်းကြောင့် နိဗ္ဗာန်လို့ ဆိုရပါတယ် ထိုငြိမ်းချမ်းမူ့ သန္တိသုခ ရှိသော်လည်းပဲ ခံစားတဲ့ ပရိနိဗ္ဗူ ပုဂ္ဂိုလ်ဟူ၍မရှိ အနတ္တ သာဖြစ်ပါတယ် ဒါကြောင့် နိဗ္ဗာန်ကို သုညတ လို့ ဆိုပါတယ် တစ်နည်းအားဖြင့် အသင်္ခတနယ်မှာ သုည တစ်လုံးသာဖြစ်ပေါ်လာတယ်လို့ ဆိုနိုင်ပါတယ်။ ဤကဲ့သို့ သင်္ခတပရမတ်နယ်မှာ သုညတစ်လုံး၊ အသင်္ခတနယ်မှာ သုညတစ်လုံး ပေါင်းသုည နှစ်လုံးပေါ်လာအောင် ညဏ်ရောက်ရင် ၀ိပဿနာ ကိစ္စ ပေါက်မြောက်ပြီလို့ ဆိုနိုင်ပါတယ်.....

အရိယာ ၀ိဇ္ဇာ နှင့် လောကီဝိဇ္ဇာ....။

အရိယာဝိဇ္ဇာနဲ့၊ အခြားသော ၀ိဇ္ဇာလှိုင်းများကို ရောထွေးမသွားစေရန် မှတ်သားထားသော တစ်ချို့တစ်စိတ်တစ်ပိုင်းကို တင်ပြလိုက်ပါတယ်။

ဝိဇ္ဇာပရိယာယ်ကို လယ်တီဆရာတော် ဘုရားကြီးက အသိ၊ အလိမ္မာ၊ ညဏ်၊ ပညာ၊ ၀ိဇ္ဇာ၊ အမောဟ ဆိုပြီးခြောက်မျိုးပြထားပါတယ်။ ဒါက တရား အနေနဲ့ ပြောထားတာပါ။ အဲ့ဒီ အသိတရား၊ အလိမ္မာတရား၊ ညဏ်ပညာတရားရှိသူကို ၀ိဇ္ဇာပုဂ္ဂိုလ်၊ ၀ိဇ္ဇာမိုရ်လို့ ခေါ်ပါတယ်။ လယ်တီဆရာတော် ဘုရားကြီးက ဗေဒ ၀ိဇ္ဇာ၊ ဗေဒင်ဝိဇ္ဇာ၊ မန္တ၀ိဇ္ဇာ၊ မန္တာန်ဝိဇ္ဇာ၊ ဂန္ဓာရီဝိဇ္ဇာ၊ လောကီယ ၀ိဇ္ဇာ၊ အရိယ ၀ိဇ္ဇာဆိုပြီး ငါးမျိုးပြထားပါတယ်။

၁။ သာမဗေဒင် အစရှိတဲ့ ဗေဒင်လေးမျိုးကို တတ်ကျွမ်းသူကို ဝေဒ၀ိဇ္ဇာ၊ ဗေဒင် ၀ိဇ္ဇာလို့ ခေါ်ပါတယ်။

၂။ ဝေဒကျမ်း(ဗေဒင်ကျမ်း) မှတစ်ပါးသော ဂါထာမန္တရားကျမ်း၊ ဆေးကျမ်း၊ နှုတ်မူ့ပညာ၊ လက်မူ့ပညာ စသော ပညာရပ်များကို တတ်ကျွမ်းသူကို မန္တာန်ဝိဇ္ဇာမိုရ် လို့ခေါ်ပါတယ်။

၃။ ဆေးဝိဇ္ဇာ အင်းဝိဇ္ဇာ၊ ပြဒါးဝိဇ္ဇာ၊ သံဝိဇ္ဇာ ဟူ၍ ၀ိဇ္ဇာဓရကျမ်းများမှ လာသော ဓနသိဒ္ဓိ၊ ပထ၀ီသိဒ္ဓိ၊ ဥဒကသိဒ္ဓိ၊ အကာသသိဒ္ဓိ၊ အာယုသိဒ္ဓိ၊ စိန္တာမယသိဒ္ဓိမျိုးသို့ ပေါက်ရောက်သဖြင့် နတ်၊ သကြား၊တို့ရဲ့ အဘိညာဉ်တန်ုခိးတို့နှင့် အလားတူ တတ်စွမ်းနိုင်သော ၀ိဇ္ဇာမျိုးဟူသမျှကို ဂန္ဓာရီဝိဇ္ဇာမိုရ်လို့ ခေါ်ပါတယ်။

ဒီဂန္ဓာရီ ၀ိဇ္ဇာလိုင်းကို လိုက်သောသူများသည် ဘုရား၊ တရား၊ သံဃာ၊ ရတနာသုံးပါးကို မိမိကိုယ်၌ အမြဲထုံစေ၍ တန်ခိုးကြီးသော သစ်ပင်စောင့်နတ်၊ မြေစောင့်နတ်၊ တောစောင့်နတ်၊ တောင်စောင့်နတ်၊ တို့ကိုလည်းကောင်း၊ မန္တရား၊ အင်းအိုင် မျိုးတို့ကို အုပ်စိုးသော ၀ိဇ္ဇာဒေ၀နတ်တို့ကို လည်ကောင်း ၊ သိုက်သမိုင်းဝင် ဆေးပင်မျိုး၊ ကျောက်ဓာတ်မျိုးတို့ကို အုပ်စိုးသော သြသဓိဒေ၀ နတ်တို့ကိုလည်ကောင်း ရင်ဝယ်သားကဲ့သို့ ချစ်ခင် ကျွမ်းဝင် လေးမြတ်အောင် မိတ်ဆွေဖွဲ့နိုင်ပါမှ ထမြောက်အောင်မြင်ပါတယ်။

အဲ့ဒီ ဂန္ဓာရီလိုင်း အောင်မြင်သွားရင်လဲ နတ်တို့၏ ကမ္မ၀ိပါကဇိဒ္ဓိ တန်ခိုးကိုပင် လွမ်းမိုးနိုင်သော ၀ိဇ္ဇာမယိဒ္ဓိတန်ခိုးမျိုးဖြစ်ခဲ့၍ နတ်တို့မနာလို ရှိတတ်ပါတယ် မနာလိုရှိတတ်တဲ့အတွက် အသက်အန္တရာယ်၊ ဆေးဝါး၏ အန္တရယ် ဖြစ်တတ်ပါတယ်။ ခုသာသာနာတော်မှာ ထင်းရှာတဲ့ ပိလိန္ဒ၀စ္ဆထေရ်ဟာ စူဋ္ဌာဂန္ဓရီ ၀ိဇ္ဇာမိုရ်ဖြစ်ပါတယ် အဲ့ဒီ ၀ိဇ္ဇာမျိုးဟာ မဟာဂန္ဓရီဝိဇ္ဇာခေါ်တဲ့ ဘုရား၊ ရဟန္တများနှင့် ဆုံတဲ့အခါ် သူတို့ရဲ့ တန်ခိုးများပြယ်သွားပါတယ် အဲ့ဒါကြောင့် ဘုရားရှင်ထံ ချဉ်းကပ် ရဟန်းပြုတဲ့အခါမှာ ရဟန္တာအရှင် ပိလိန္ဒ၀စ္ဆလို့ ကျော်ကြားပါတယ် ။

လောက၌ ဂန္တာရီဝိဇ္ဇာမိုရ်ဆိုတာ ရှိပါတယ် တန်ခိုးကြီးပါတယ်၊ လူသားပင်ဖြစ်ပါတယ်၊ လူပြည်မှာပဲ နေပါတယ် ဘုံသီးခြားမရှိပါဘူး၊ ထွက်ရပ်မပေါက်ပါဘူး။ ၀ူဋ္ဌာဂန္ဓာရီ ၀ိဇ္ဇာတို့ ဘယ်လောက်ပဲ အစွမ်းထက်ပါစေ မြတ်စွာဘုရားနှင့် ဘုရားတပည့်သာဝက မဟာဂန္ဓာရီဝိဇ္ဇာများလောက် တန်ခိုးအစွမ်းမထက်ပါဘူး။

နောက်ပြီး ၀ိဇ္ဇာညစ်များလဲ ရှိပါသေးတယ်။ ဇဋိလသူဌေးကြီးရဲ့ အဖေဟာ စူဋ္ဌဂန္ဓာရီဝိဇ္ဇာဖြစ်ပါတယ် သူဌေးသမီးနဲ့ပေါင်းဖော်ပြီး ပစ်ထားရမှ မွေးဖွားကာ မွေးဖွားကာ အတိတ်ကံအားလျောစွာ ဇဋိလ သူဌေးလို့ ဖြစ်လာပါတယ် ၀ိဇ္ဇာမလို့ ဖြစ်တာမဟုတ်ပါ။ တာနောယက္ခဆိုတဲ့ ဘီလူးကြီးလဲ လူသားဇနီးကို ရွှေကြုတ်ထဲ ထည့်ပြီး ၀မ်းထဲမျိုထားတာကို ၀ိဇ္ဇာမိုရ် ကြာခိုပါတယ် နောက်ထက်ဝိဇ္ဇာမိုရ် တစ်ဦးဆိုရင် ဗာရာဏသီမင်းရဲ့ မိဖုရားကို ပြစ်မှားခဲ့ဖူးပါတယ်။ ယခုခေတ် လူပြောများကြတဲ့ ၀ိဇ္ဇာလိုင်းဆိုတာကတော့ ၀ူဋ္ဌာဂန္ဓာရီ ၀ိဇ္ဇာလှိုင်းဖြစ်ပါတယ် အမှန်အကန်ထက် အတုတွေများပါတယ်၊ လမ်းစဉ်အတိအကျမသိပါ၊ ရမ်းနေကြတာများပါတယ်။

၎။ ဒီစူဋ္ဌာဂန္ဓာရီ ၀ိဇ္ဇာလှိုင်းထက် သာတာက လောကီယ၀ိဇ္ဇာဖြစ်ပါတယ် ဒီဝိဇ္ဇာတွေဟာ သာသနာပ အခါမှာလည်း သရဘင်္ဂအစရှိတဲ့ ရသေ့ဆရာကြီးတွေဟာ ကသိုဏ်းဈာန်တို့ကို ရပြီး နိုင်နှင်းပြီးနောက် အားထုတ်လို့ရအပ်တဲ့ တန်ခိုးအမျိုးမျိုးဖန်ဆင်းနိုင်တဲ့
ဒ္ဓိ၀ိဓ အဘိညာ၊ နတ်မျက်စိနဲ့တူတဲ့ ဒိဗ္ဗစက္ခု အဘိညာ၊ နတ်နားနဲ့တူတဲ့ ဒိဗ္ဗသောတ အဘိညာ၊ သူတစ်ပါး စိတ်ကို သိတဲ့ စေတောပရိယ အဘိညာ၊ နေခဲ့ပြီတဲ့ ခန္ဓာကို ပြန်သိနိုင်တဲ့ ပုဗ္ဗေနိဝါသာနုဿတိ အဘိညာ စသဖြင့် အဘိညာတို့ကို လောကိယ၀ိဇ္ဇာလို့ ခေါ်ပါတယ် ယခုခေတ်လူပြောနေသော ၀ိဇ္ဇာလှိုင်းဆိုသည်မှာ ဒီလှိုင်းမျိုးမဟုတ်ပါ။

ဒီလောကိယ၀ိဇ္ဇာလိုင်းကတော့ လိုင်းကောင်းဖြစ်ပါတယ်။ ဘုရား ၊ ပစ္စေကဗုဒ္ဓ၊ အရိယာ သာဝကတို့နှင့်လည်း ဆက်ဆံပါတယ် ဘုရား ၊ ပစ္စေကဗုဒ္ဓ၊ အရိယာသာဝကတို့ ရအပ်၊ ရောက်အပ်သော ၀ိဇ္ဇာသုံးပါး၊ ၀ိဇ္ဇာရှစ်ပါးတို့မှာ အကြုံဝင်ပါတယ်။ သာသနာပ အခါ၌ အလောင်းတော်များသည် ဒီလောကီယ ၀ိဇ္ဇာလိုင်းကို လိုက်ကြပြိး သာသနာပ သာသနာတွင်း နှစ်ဌာန၌ လိုက်နိုင်တဲ့ လိုင်းဖြစ်ပါတယ်။

၅။ သာသနာတွင်း အခါမှာမူ ဒီလောကီယ၀ိဇ္ဇာလိုင်းကို မလိုက်ကြတော့ပဲ အရိယ၀ိဇ္ဇာလိုင်းကိုသာ လိုက်ကြပါတယ်။ အရိယ၀ိဇ္ဇာလိုင်းဆိုတာ အနိစ္စ၀ိဇ္ဇာ၊ ဒုက္ခ၀ိဇ္ဇာ၊ အနတ္တ၀ိဇ္ဇာ၊ မဂ္ဂ၀ိဇ္ဇာ၊ ဖလ၀ိဇ္ဇာ တို့ဖြစ်ပါတယ်၊ စတုသစ္စာညဏ်လေးပါးကို ဆိုလိုခြင်းဖြစ်ပါသည်။ လိုက်စားသင့်သောလိုင်းဖြစ်ပြီး ဒီအရိယာဝိဇ္ဇာလိုင်းဟာ ဗုဒ္ဓသာသနာတော် အတွင်း၌သာ ထမြောက်ပေါက်ရောက်နိုင်အောင် ကြံဆောင်နိုင်ပါတယ်။

ဗုဒ္ဓသာသနာပ၌တွင်မူ ပစ္စေက ဗုဒ္ဓအရှင်မြတ်တို့ကို ချန်ထားပြီး လူ၊ နတ်၊ ဗြဟ္မာတို့ ထမြောက်အောင် ကြံဆောင်အားထုတ်နိုင်သော အခွင့်အလမ်းမရှိပါဘူး။ ယခုကြုံတွေ့နေရသော သာသနာတော် ငါးထောင်ဆိုတဲ့ ခေတ်သမယသည် အရိယ၀ိဇ္ဇာတို့၏ ခေတ်သမယချည်း ဖြစ်ပါတယ်။ ဒီအရိယ၀ိဇ္ဇာလိုင်းကို ထမြောက်အောင်အားထုတ်နိုင်သူသာလျှင် ဘုရာကို ဖူးမြော်ရသော ဗုဒ္ဓသာသနာတော်ကို တွေ့ကြုံရသောသူ လို့ဆိုထိုက်ပါတယ်။

အချုပ်ကိုပြောရမယ်ဆိုရင် ၀ိဇ္ဇာငါးမျိုး ရှိပါတယ်။ ဒီငါးမျိုးလုံးဟာ လူ့ဘုံမှာရှိပါတယ်၊ လူသာများပင် ဖြစ်ပါတယ်။ ဒီဝိဇ္ဇာလိုင်း ငါးမျိုးအနက် ဝေဒ၀ိဇ္ဇာလိုင်းကို အသက်မွေးဝမ်းကြောင်း အဖြစ် လိုက်ကြပါတယ်။ မန္တယ၀ိဇ္ဇာ (သို့) မန္တာန်ဝိဇ္ဇာလိုင်းနှင့် ဂန္ဓာရီဝိဇ္ဇာလိုင်း (သို့) စူဋ္ဌာဂန္ဓာရီဝိဇ္ဇာလိုင်းကို အချို့က နိဗ္ဗာန်အမြန်ရောက်တဲ့ လိုင်းဟု ထင်ပြီး လိုက်ကြပါတယ်။ မဟုတ်ပါ။ မှားပါသည် မလိုက်သင့်ပါ။

လောကီယ၀ိဇ္ဇာလိုင်းသည် ဘုရား၊ ပစ္စေကဗုဒ္ဓ၊ အရိယာသာဝက တို့နှင့် ဆက်ဆံသော လိုင်း ဖြစ်ပါတယ် လိုက်သင့်သောလိုင်းဖြစ်ပါတယ် သို့သော် ဗုဒ္ဓသာသနာတော်တွင်း၌ သူထက် အရေးကြီးသော သံသရာဝဋ်ဆင်းရဲမှ လွတ်ကင်းနိုင်သော အရိယ၀ိဇ္ဇာလိုင်းကိုသာ လိုက်စားသင့်ဆုံးဖြစ်ပါတယ်။


Posted by အနန္တမေတ္တာ