Sunday, May 18, 2014

စိတ်အလှပြင်ခန်း


စိတ်အလှပြင်ခန်း

စိတ်အလှပြင်ခန်းဟူသည် ဘုရားခန်းဖြစ်၏။ မနက်မိုးလင်းလျှင် ဘုရားခန်းဝင်ပါ။ ဘုရားဆွမ်းတော်၊ ပန်းတော်၊ ရေချမ်းတော်၊ သစ်သီးဆွမ်း၊ ဆီမီး စသည်များကပ်လှူပါ၊ ဘုရားရှိခိုးပါ၊ ဂုဏ်တော်ပွားပါ၊ ပုတီးစိပ်ပါ၊မေတ္တာပို့ပါ၊ တရားမှတ်ပါ၊ အမျှဝေပါ။ ဤလုပ်ငန်းစဉ်သည် စိတ်သန့်ရှင်းရေးအလုပ်၊ စိတ် အလှပြင်နေခြင်းဖြစ်၏။

တစ်နေ့တာ၏ကန့်လန့်ကာကို ဘုရားတရားအလုပ်နှင့်ဖွင့်လိုက်ပါ။ တစ်နေ့တာ ၏လုပ်ငန်းစဉ်ကို ဘုရားတရားအလုပ်နှင့် နိဒါန်းပျိုး မင်္ဂလာယူလိုက်ပါ။ တစ်နေ့တာ၏စိတ်အစဉ်ကို ဘုရားတရား လုပ်ပြီး ကြည်လင်အေးချမ်းလှပသောစိတ်နှင့် အစပျိုးလိုက်ပါ။

ဤကမ္ဘာလောက၌ ဘုရား တရားသည်သာ ရတနာအစစ်ဖြစ်သကဲ့သို့ ဘုရားတရား သည်သာ မင်္ဂလာအစစ်ဖြစ်ပါ၏။ ဘုရား တရားနှင့် တစ်နေ့တာစာမျက်နှာကိုဖွင့်လိုက်သောနေ့သည် မင်္ဂလာရှိသော၊ ကျက်သရေအပေါင်းနှင့် ပြည့်စုံသော၊ ရတနာထိုက်သော နေ့ထူးနေ့မြတ်ဖြစ်ပါ၏။

ဤသို့ ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံသောစိတ်အစဉ်နှင့်တစ်နေ့တာလုပ်ငန်းစဉ်အတွင်းသို့ ဝင်လိုက်လျှင် တစ်နေ့တာလုံး ပြောသမျှ၊ ဆိုသမျှ၊လုပ်သမျှ၊ကိုင်သမျှစိတ်ကူးကြံစည်သမျှ အဆင်ပြေချောမွေ့ကာ ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်နှက်နေတော့မည်မှာ သေချာပါ၏။

လောဘ၊ဒေါသစသောကိလေသာတို့သည်စိတ်၏အညစ် အကြေးများသာဖြစ်၏။ ကိလေသာ အညစ်အကြေးတို့သည် စိတ်ကို မည်းနေအောင်၊ ညစ်နေအောင်၊ ပေကျံနေအောင်၊ မိုက်မှောင် နေအောင်၊ အရောင်မထွက်အောင် လုပ်ထားလေ၏။

“အန္ဓဘူတော အယံလောကော”ဟုဘုရားရှင်ကိုယ်တော်မြတ်ညည်းတွားခြင်းသည် ဤကိလေသာ အမိုက်မှောင်ကြီးကို မြင်တော်မူရသဖြင့် စိတ်မသက်သာစွာ ညည်းတွားတော် မူခြင်းဖြစ်၏ ဘုရားရှင်ကိုယ်တော်မြတ် ဘုရားဖြစ်တော် မူခါစ အဇပါလညောင်ပင်ရင်း သီတင်းသုံးတော်မူစဉ် ကမ္ဘာလောကကြီးကိုကြည့်ပြီး စိတ်ဓာတ်ကျတော်မူခဲ့ရ၏။

“သတ္တဝါတွေကရာဂဒေါသတွေ အားကြီးလိုက်တာ၊ ငါတရားဟောလို့လည်း အကျိုးထူးမှာ မဟုတ်ပါဘူး။ ရာဂဒေါသအမှောင်တွေ လွှမ်းဖုံးနေတဲ့ သတ္တဝါတွေဟာနက်နဲသိမ်မွေ့တဲ့ ငါ့တရားကို မြင်နိုင်ကြမှာမဟုတ်ပါဘူး။ မမြင်နိုင်တဲ့သူတွေကို ဇွတ်အတင်း တရားပြနေရင် ငါပဲပင်ပန်းမှာပဲ၊ အေးအေးနေတာပဲကောင်းပါတယ်”ဟုစိတ်လျှော့သွားတော်မူခဲ့ဖူး၏။

ဘာဝနာ အလုပ် အားမထုတ်သောနေ့ရက်သည်အမှောင်ဖုံးသောနေ့ရက်ဖြစ်သကဲ့သို့ ဘာဝနာ အလုပ် အားမထုတ်သော သူ၏ဘဝသည်အမှောင်လွှမ်းသောဘဝဖြစ်၏ ဘာဝနာအလုပ် အားမထုတ်သောသူ၏ စိတ်တွင်သည်လည်း လောဘ၊ ဒေါသစသော ကိလေသာအမိုက်တိုက်၊ အမှောင်တိုက်ကြီးက ကြီးစိုးနေလေတော့၏။

အမှောင်ထဲ၌ အမှန်တရားကို မတွေ့မမြင်နိုင်။ အမှောင်ထဲ၌ ကိုလည်းမမြင်၊ ငြောင့်ကိုလည်းမမြင်၊ ခလုတ်ကိုလည်းမမြင်၊ အန္တရာယ်ဟူသမျှ ဘာမှမမြင်။ အမှောင်ထဲနေထိုင်သွားလာရသူအဖို့ အလွန် အန္တရာယ်များလှ၏။ ထို့ကြောင့် အမှောင်ကိုခွင်းဖို့လို၏။

 အမှောင်ကို ဘာနှင့်ခွင်းမည်လဲ။ အမှောင်ကိုအလင်းနှင့်သာခွင်းရ၏။မိမိတို့သည် တစ်သံသရာလုံး အမှောင်လမ်းမှာ စမ်းတဝါးဝါး နှင့်သာ သွားလာခဲ့ကြရ၏။ ထို့ကြောင့်အပါယ်လေးပါး ချောက်ထဲ ကျသည့်အခါကျ၊ ဆင်းရဲဒုက္ခ ဆူးငြောင့်ခလုတ် တွေနင်းမိ သဖြင့်   စူးသည့်အခါကစူး၊ အလွန်ဒုက္ခရောက်ခဲ့၏။


မိမိတို့ အမှန်တရားကို မြင်နိုင်၊ သိရှိနိုင်ဖို့ အလင်းရောင်လို၏။ ထိုအလင်းရောင်သည် ပညာ အလင်းရောင်ဖြစ်၏။ ထိုပညာအလင်းရောင်ကို ရရှိစေနိုင်သောနည်းသည် ဘာဝနာအလုပ် အားထုတ်ခြင်းသာဖြစ်၏။ ထို့ကြောင့် အမှောင်ခွင်း အလင်းဆောင်နိုင်ဖို့ ဘာဝနာအလုပ် ကြိုးစားအားထုတ်ကြဖို့လိုအပ်၏။


အရှင်သံဝရာလင်္ကာရ(ဓမ္မပိယဆရာတော်)
မြတ်မင်္ဂလာစာစောင် (၂၀၀၅-ခုနှစ် ၊ နိုဝင်ဘာလ)