"မိခင်တစ်ယောက်၏ မေတ္တာ နှင့် မိန်းမသားတစ်ယောက်၏ တန်ဖိုး"
သားသမီးလိုချင်ရခြင်းအတွက် ကျွန်မရဲ့အကြောင်းပြချက် (၁၀) ချက် ဆိုတဲ့ ခေါင်းစဉ်အောက်မှာ
အမျိုးသမီးတွေဆီက သားသမီးလိုချင်ရခြင်း၊ မလိုချင်ရခြင်း အကြောင်းလေးတွေလည်း သိဖို့စိတ်ဝင်စားပါတယ်
လို့ ရေးထားတဲ့ ပန်ပန် ပိုစ့်ကို ဖတ်ပြီးပြီးချင်းမှာတော့ ရုတ်တရက် စိတ်ထဲ ရေးချင်သွားတာတွေ
အများကြီိးပါပဲ။ ဒါပေမဲ့ တကယ်တမ်း ချရေးခါနီးမှာ စဉ်းစားရင်း စဉ်းစားရင်း လက်တွေက အလိုလို
နှေးသွားးတယ်။ ဘာကြောင့်လဲ ဆိုတော့ သားသမီးဆိုတာ ကိုယ်လိုချင်တိုင်း၊ ကိုယ် တောင့်တတိုင်း
လွယ်လင့်တကူ ရလာတတ်တဲ့ အရာမျိုး မဟုတ်လို့ပါ…။
ကျွန်မ အိမ်ထောင်ကျပြီးတဲ့ အချိန်က စလို့ သားကို ကိုယ်ဝန်ဆောင်စဉ်အချိန်၊ သားကို မွေးဖွားပြီးချိန်… အဲဒီအချိန်တွေမှာ ကျွန်မကိုယ် ကျွန်မ ဘာကြောင့် သားသမီး လိုချင်သလဲ လို့ တစ်ခါမှ ပြန်မမေးကြည့်ခဲ့ဖူးပါဘူး။ ကျွန်မ စိတ်ထဲမှာ သားသမီးနဲ့ ပတ်သက်လို့ အကြီးအကျယ်တွေ ကြိုတင် ကြံစည်ထားတာမျိုး၊ ရည်ရွယ်ထားတာမျိုး၊ စိတ်ကူးယဉ်ထားတာမျိုးလည်း ပြန်တွေး ကြည့်တော့ ဘာတစ်ခုမှ တွေးလို့မရခဲ့ဘူး။ ကျွန်မ အမျိုးသားကလည်း ပင်ကိုယ် သဘာဝအရ အေးချမ်းသူ၊ စိတ်ခံစားမှုမှန်သမျှကို သိသိသာသာ ထုတ်ဖေါ် မပြတတ်တဲ့သူတစ်ယောက် ဖြစ်နေ လေတော့… ဒီတော့ ကျွန်မတို့မှာ သားသမီးလိုချင်ရခြင်းအတွက် အကြောင်းပြချက် တချက်တလေမှ မရှိခဲ့တာ သေချာပါတယ်။
သို့သော်…သားကို ကိုယ်ဝန်ဆောင်နေစဉ်အချိန်မှာတော့ ကျွန်မစိတ်တွေဟာ အလိုလို ပျော်ရွှင် ကြည်လင်နေတတ်တာ သတိထားမိပါရဲ့…။ ဒါပေမဲ့လဲ သားကလေးနဲ့ ပတ်သက်လို့ ဘာတွေမှ အများကြီး မတွေးထားခဲ့ဘူး... သားလေးကို ပြုစုပျိုးထောင်ဖို့အတွက် ဘာစာအုပ်မှလဲ မဖတ်ခဲ့ဘူး။ တစ်ခုပဲ ကျွန်မ ဆုတောင်းပါတယ်။ ကျွန်မ မွေးလာမဲ့ သားကလေးဟာ ကျန်းမာပြီး ကိုယ်လက်အင်္ဂါ ပြည့်စုံ ဖွံ့ဖြိုးတဲ့ သားကလေး၊ ဥာဏ်ရည် ဥာဏ်သွေး ထက်မြက်မဲ့ သားကလေး… ရှင်းရှင်းပြောရင်တော့ စာသင်လို့ ရမယ့် သားကလေးတစ်ယောက်သာ ဖြစ်ပါစေလို့ ကျွန်မ အမြဲ ဆုတောင်းခဲ့ပါတယ်။
ဒီလိုနဲ့ သားလေးရလာတော့ မိခင်တစ်ယောက်အနေနဲ့ သူ့အတွက် ကိုယ်တတ်နိုင်သမျှထဲက အကောင်းဆုံးတွေကိုသာ ပေးချင်မိတယ်...။ မိဘ အဖြစ်ကို ပီပီပြင်ပြင် ရောက်စေဖို့ တွန်းအား (Drive) က အဲဒီက စလာတယ် လို့ ဆိုနိုင်ပါတယ်…။ သူ့အတွက် ကျွန်မ လိုချင်တာ တချို့ကို ကျေကျေနပ်နပ် စွန့်လွှတ်ခဲ့ရတယ်။ ကျွန်မရဲ့ ဆန္ဒတွေကို အရင်ကလို ရှေ့တန်းတင်လို့ မရတော့ဘူးလို့ အလိုလို သိလာရတယ်။ ကိုယ်ဖြစ်ချင်တာတွေထက် ဖြစ်သင့်တာတွေကို ဦးစားပေးရမယ်လို့ နားလည်လာခဲ့တယ်။ ဒါတွေဟာ ဘာမှ ကြိုတင် ကြံစည်စရာ မလို၊ မိခင်တစ်ယောက်ရဲ့ သားသမီးအပေါ် အလိုအလျောက် ဖြစ်ပေါ်လာတဲ့ စိတ်စေတနာတွေပါ…။
သားကလေးဟာ ကျွန်မတို့ အတွက် ပျော်ရွင်မှုတွေနဲ့အတူ ကြည်နူးချမ်းမြေ့မှုတွေကို တပွေ့တပိုက် ယူဆောင်လာသူကလေး ဖြစ်တယ်။ သားကလေးကြောင့် မိဘမေတ္တာ ဆိုတာကို ပိုနားလည်လာတယ်။ သားကလေးကြောင့် ကျွန်မတို့ မိသားစုကလေးတစ်ခု ဖြစ်လာတယ်။ တစ တစနဲ့ သားကလေးဟာ ကျွန်မရဲ့ ကမ္ဘာ ဖြစ်လာတဲ့အပြင် သားကလေးရဲ့ မေမေ ခေါ်သံဟာ ကြားဖူးသမျှထဲမှာ အချိုဆုံး တေးသွားတစ်ခုလည်း ဖြစ်လာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သားကလေးကြောင့် ကျွန်မ လောဘတွေ ကြီးတတ်လာတယ်…။ ကိုယ်က သူ့ကို အကောင်းဆုံးတွေသာ ပေးချင်မိတာကိုး…။ ဒီတော့ သားကလေးနဲ့အတူ ကျွန်မတို့ ဆက်လျှောက်ရမဲ့လမ်းကို သေသေချာချာ စဉ်းစားရတယ်။ အရင်ကလို ကိုယ်နေချင်သလို နေ၊ ကိုယ် လုပ်ချင်သလို လုပ်၊ ကိုယ်လျှောက်ချင်သလို လျှောက်နေလို့ မဖြစ်တော့ဘူး ဆိုတာ သိလာတယ်။ ကိုယ် သူ့ကို ပေးချင်တာတွေအတွက် အချိန်၊ ငွေကြေး၊ ကိုယ်ကျိုး၊ အတ္တ… အစရှိတာတွေကို အများကြီး ပေးဆပ်ခဲ့ရပါတယ်။ ဒါပေမဲ့လည်း အဲဒီလို ပေးဆပ်ခဲ့ရတာတွေ အပေါ်မှာ စိုးစဉ်းမှ ငြိုငြင်မှု မရှိခဲ့တာ သူ့အပေါ် ထားခဲ့တဲ့ ကျွန်မရဲ့ မေတ္တာတွေပါပဲ...။
သားလေးနဲ့ ပတ်သက်လို့ သားဆီက ကျွန်မ သင်ယူရတာလေးတွေလည်း ရှိခဲ့ပါတယ်။ အခုအချိန်အထိလည်း သင်ယူနေရဆဲပါ…။ အဓိက ကတော့ သားအပေါ် ကျွန်မ တစ်ဦးတည်း ပိုင်ဆိုင်လိုစိတ်နဲ့ အတ္တတွေကို လျှော့ချပြီး စိတ်ကို ထားတတ်ဖို့ပါ…။ တဖြည်းဖြည်းနဲ့ အရွယ်ရောက်လာတဲ့သားကို သူ တစ်ခုခု တောင်းဆိုလာတဲ့အခါတိုင်း ခွင့်ပြုလို့ ရသမျှကို စည်းကမ်းဘောင်ထဲကနေ ခွင့်ပြုရင်း နားလည် လိုက်လျောတတ်တဲ့ မိခင်တစ်ယောက်ဖြစ်အောင်၊ သူ့ကို လူကြီးလေးတယောက်လို သဘောထား ဆက်ဆံရင်း သူ့ဆန္ဒတွေကို ရဲရဲဝံ့ဝံ့ ထုတ်ဖေါ် ပြောပြတတ်စေဖို့၊ ကိုယ်ဖြစ်စေချင်တာ တစ်ခုထဲကို ရှေ့တန်းတင်ပြီး သူ့ကို တဖက်သတ် တားဆီး ပိတ်ပင်တာမျိုး မလုပ်မိဖို့ လည်း ကျွန်မ သတိထားရပါတယ်။ ဒါတွေကတော့ သားကို ပဲ့ပြင် ထိန်းကျောင်းရင်း ကျွန်မ ရလာတဲ့ သင်ခန်းစာတွေပါ။
သားကလေးနဲ့ ပတ်သက်လို့ ကျွန်မမှာ ရည်မှန်းချက်၊ မျှော်လင့်ချက်နဲ့ ရည်ရွယ်ချက်တွေ များများစားစား ပြောပြစရာ မရှိခဲ့ပါဘူး။ ရှိခဲ့တယ် ဆိုရင်လည်း ဒါဟာ သူ့ အကျိုးအတွက်ပဲ ဖြစ်ပါလိမ့်မယ်…။ ဥပမာ ပြောရရင် သူ အတန်းထဲမှာ စာတော်အောင်၊ အမှတ်များများရအောင် ကြိုးစားစေချင်တဲ့ စိတ်ဟာ သူ့အတွက်နဲ့ သူ့ ရှေ့ရေးအတွက်သာ ဖြစ်တယ်…။ မိခင်တယောက်ဖြစ်တဲ့ ကျွန်မကတော့ သူ့အောင်မြင်မှုတိုင်းမှာ ကိုယ်တိုင် စိုက်ပျိုးထားတဲ့ အပင်လေး တစ်ပင် အသီး အပွင့်တွေ ဝေလာတာကို ကြည့်ရင်း ကြည်နူး ဂုဏ်ယူနေချင်တဲ့ စိတ်တစ်ခုထဲသာ ရှိပါတယ်…။
တစ်ဦးတည်းသောသား ဖြစ်နေတာက တစ်ကြောင်း၊ မြန်မာပြည်မှာ မြန်မာအသိုင်းအဝိုင်းကြားမှာ၊ ဆွေမျိုး ညီအစ်ကို မောင်နှမတွေကြားမှာ ကြီးပြင်းရတဲ့ သားကလေး မဟုတ်တာက တစ်ကြောင်း တို့ကြောင့် မိဘအပေါ်မှာ ကြင်နာ နွေးထွေးမှု၊ နားလည် သိတတ်မှု နည်းပါးမှာတော့ ကျွန်မ နည်းနည်း စိုးရိမ်မိပါတယ်။ အတတ်နိုင်ဆုံးတော့ ကျွန်မ သွန်သင်ပါတယ်။ ကျွန်မကိုယ်တိုင်က မိဘကို စေတနာ မေတ္တာအပြည့်နဲ့ ဂရုစိုက်တတ်တဲ့ သမီးတစ်ယောက် ဖြစ်လေတော့ ကိုယ့်စေတနာအတွက် တူသော အကျိုး ပြန်ရလိမ့်မယ်လို့ ကျွန်မ အမြဲမျှော်လင့်မိပါတယ်။
နောက် နှစ်လ ဆိုရင် ကျွန်မသားကလေး အသက် ဆယ့်ခြောက်နှစ် ပြည့်တော့မှာ…။ ကျွန်မ ဆုတောင်းခဲ့သလိုပဲ သားကလေးဟာ စိတ်ပိုင်းဆိုင်ရာအရရော၊ ရုပ်ပိုင်းဆိုင်ရာအရပါ တိုးတက်ဖွံဖြိုးတဲ့ လူကလေးတစ်ယောက် ဖြစ်တယ်။ ဘာသာတရား အဆုံးအမကြောင့် ယဉ်ကျေး လိမ်မာတဲ့ကလေးတစ်ယောက် ဖြစ်တယ်။ ဒါ့အပြင် ပင်ကိုယ် အရည်အသွေးရော ဥာဏ်ရည်ပါ ထက်မြက်တဲ့ ကလေးတစ်ယောက်လည်း ဖြစ်နေပါသေးတယ်။ မိခင်တစ်ယောက်ဖြစ်တဲ့ ကျွန်မဟာ ဒါတွေအတွက် အချိန်တိုင်း ကျေနပ် ပီတိ ဖြစ်မိပါတယ်။ ရှေ့ခရီးကို ဆက်လျှောက်ဖို့ ခွန်အားတွေကိုလည်း ဒီ ကျေနပ်ပီတိတွေက အားဖြည့်ပေးပါတယ်။
အခု ကျွန်မ ပြောခဲ့တာတွေအားလုံက လက်ရှိ မိခင်တစ်ယောက် ဖြစ်နေတဲ့ ကျွန်မရဲ့ သားအပေါ် ထားတဲ့ မေတ္တာ၊ စေတနာ၊ ကျေနပ်ခြင်း ပီတိနဲ့ သင်ယူပြီး သင်ယူဆဲ သင်ခန်းစာတွေ အကြောင်းပါ။
ဆက်ပြီးတော့ မိန်းမတစ်ယောက်ရဲ့ တန်ဖိုးအကြောင်း နည်းနည်းလေး ပြောပြချင်ပါတယ်…။
မနေ့ကညက ဒီမှာ ရုံတင်နေတဲ့ Oshin ဇာတ်ကား သွားကြည့်ဖြစ်ပါတယ်။ Oshin ဆိုတာ ကျွန်မတို့ ငယ်ငယ်က မြန်မာ့အသံကနေ ပြတဲ့ ဇာတ်လမ်းတွဲပါ။ အပိုင်းပေါင်း နှစ်ရာကျော်၊ သုံးရာနီးပါး ရှိတဲ့ ဒီဇာတ်လမ်းကို ရုပ်ရှင်ဇာတ်ကားတစ်ခုအနေနဲ့ နှစ်နာရီစာ ဘယ်လိုများ ပြမှာပါလိမ့်လို့ စိတ်ဝင်တစားနဲ့ သွားကြည့်တာပါ။ ဒါပေမဲ့ သူတို့က မူလ လက်ဟောင်း Oshin တစ်ကားလုံးမဟုတ်ပဲ Oshin ရဲ့ ငယ်ဘဝ အပိုင်းလေးကိုပဲ ရိုက်ထားတာပါ။ ကြည့်လို့တော့ ကောင်းပါတယ်…။
အတိုချုံးပြောပြရရင်တော့ Oshin တို့ မိသားစုမှာ စားစရာ ဆန်မရှိလို့ အိုရှင် မြို့ကိုသွားပြီး အလုပ်လုပ်ရတယ်။ သူ အလုပ်လုပ်တဲ့အိမ်က ပိုက်ဆံ ငါးမူးပျောက်လို့ သူ့ကို သူခိုး စွတ်စွဲလို့ အဲဒီအိမ်ကနေ သူ ထွက်ပြေးလာခဲ့တယ်။ အိမ်ပြန်ရောက်တော့ သူ့မိသားစု အဆင်မပြေတာတွေကို ပြန်တွေ့ပြီး နောက်တခေါက် သူ မြို့ကိုသွားပြီး အလုပ်လုပ်ရတယ်။ အဲလို အလုပ်လုပ်နေရင်း ပွဲတော်ရက်တစ်ရက်မှာ မထင်မှတ်ပဲ သူ့အမေကို ယောက်ျားတစ်စုနဲ့အတူ ဂေရှားမယ် အဖြစ်နဲ့ တွေ့လိုက်ရတယ်။ ခွဲခွာနေရတဲ့ အမေကို တွေ့လို့မှ မပျော်နိုင်၊ အမှောင်ထဲမှာ ၀မ်းနည်းအားငယ်စွာ ငိုနေတဲ့ အိုရှင်ကို သူ့ အိမ်ရှင် အဖွားကြီးက မိန်းမသားတစ်ယောက်ရဲ့ သဘာဝကို ပြောပြတဲ့ အခန်းလေး ပါပါတယ်။
အဲဒီမှာ ပြောသွားတဲ့ စကားလေးတော့… “None of us women work for our own benefit. We work for our parents, husbands and children.” တဲ့…။
မိန်းမသားတစ်ယောက်ရဲ့ တန်ဖိုးကို ဖေါ်ပြတဲ့ ဒီစကားဟာ အင်မတန် မှန်ကန်ပြီး သဘောကျစရာကောင်းတယ်လို့ ကျွန်မ ထင်ပါတယ်။ မိန်းမတစ်ယောက်ဟာ ပထမအဆင့်အနေနဲ့ သူ့မိဘအတွက် ကျေးဇူးပြု ရှင်သန်ခွင့်ရတယ်။ အဲဒါကမှ တစ်ဆင့်တက်လို့ အိမ်ထောင်ကျခဲ့ရင် သူဟာ ခင်ပွန်းအတွက် ချစ်ခြင်းမေတ္တာတွေကို အခြေပြုပြီး ရှင်သန်ခဲ့တယ်။ ပြီးတော့ အဲဒီ အိမ်ထောင်ကနေ ထွန်းကားလာတဲ့ သားသမီးတွေအတွက် ဆက်လက် ရှင်သန်ကြပါတယ်…။

တကယ်လို့များ သူတို့ဘဝမှာ အကြောင်းအကျိုး မညီညွတ်လို့ သားသမီး မထွန်းကား ခဲ့ကြသည့်
တိုင်အောင် မိန်းမတစ်ယောက်ဟာ အနည်းဆုံးတော့ မိဘနှစ်ပါးနဲ့ ခင်ပွန်းအတွက် အကောင်းဆုံး
အကျိုးပြု ရှင်သန်နေကြတဲ့သူတွေ မဟုတ်လား…။ ဒါကို ကြည့်ခြင်းအားဖြင့် မိန်းမ တစ်ယောက်ဟာ
အိမ်ထောင် ကျသည်ဖြစ်စေ၊ အိမ်ထောင် မကျသည်ဖြစ်စေ၊ သားသမီး ထွန်းကားသည်ဖြစ်စေ၊ မထွန်းကားသည်ဖြစ်စေ
ကိုယ်နဲ့ အနီးဆုံး ပတ်ဝန်းကျင်အပေါ် အကောင်းဆုံး ပေးဆပ်နိုင်တဲ့ သူတွေဆိုတာ သိပ်သေချာပါတယ်။
တွေးကြည့်လိုက်ရင် အင်မတန်မှ ကျေနပ်စရာ ကောင်းပါတယ်။
ဒါကြောင့် ကျွန်မ ချစ်ခင်ရတဲ့ မိတ်ဆွေ သူငယ်ချင်းတွေ၊ အစ်မတွေ ညီမတွေ အားလုံး တန်ဖိုးရှိတဲ့ မိခင်ဘဝ (သို့မဟုတ်) တန်ဖိုးရှိတဲ့ မိန်းမသားဘဝကို ပိုင်ဆိုင်ခွင့်ရနိုင်သူများ ဖြစ်ကြပါစေ လို့ ဆန္ဒပြုပါတယ်…။
ဒီပိုစ့်ကို ရေးဖြစ်အောင် အစပျိုးပေးတဲ့ ညီမ ပန်ပန် ကို ကျေးဇူးတင်ပါတယ်။ မကြာခင် ပိုင်ဆိုင်လာရတော့မယ့် မိသားစုဘဝလေးမှာ အစစ အရာရာ အဆင်ပြေ ပြည့်စုံပါစေ၊ ကျန်းမာ ချမ်းသာစွာနဲ့ ပျော်ရွှင်ချမ်းမြေ့ပါစေ လို့လည်း ဆုတောင်းပေးတယ်နော်…။
လူဗိုလ်ဟူသည် မှ.....