Friday, May 16, 2014

ပညာရှင်


ပညာရှင်

ပညာသမာ အာဘာ နတ္ထိ (ပညာသည် တုဘက်ကင်းသော အရောင်ဖြစ် သည်) ဆိုသည့်အတိုင်း ပညာသည် အလင်းရောင် အားလုံးတို့၏ အထွဋ် အထိပ်ဖြစ်သည်။ နေရောင်၊ မီးရောင်၊ ရတနာရောင်-စသည့် မည်သည့်အရောင်ကမျှ ပညာအရောင်ကို လိုက်မမှီပေ။ စူးရှထက်မြက်သည့် ဓာတ်ရောင်ခြည် ဖြစ် စေကာမူ ပစ္စုပ္ပန်အရာဝတ္တုကိုသာ ဖောက်ထွင်းနိုင် ထွန်းလင်းနိုင်သည်။ အတိတ်၊ အနာဂတ်ထိအောင် မဖောက်ထွင်းနိုင် မထွန်းလင်းနိုင်၊ ပညာ အရောင်ကား အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်ကာလ အားလုံး ဖောက်ထွင်း သိမြင်နိုင်သည်။

ပညာရှင်သည် ယင်းပညာဖြင့်ပင် အရာခပ်သိမ်းကို ထင်နိုင် လင်းနိုင် မြင်နိုင် သိနိုင်သည်၊ ဝေဖန်ခွဲခြမ်းနိုင်သည်။ မိမိက မျက်စေ့ကောင်းလျှင် အခြားသော မျက်စေ့ကောင်းသူ မျက်စေ့ မကောင်းသူတို့ကို မြင်နိုင်သည်။ မိမိမျက်စေ့မကောင်းလျှင်ကား မျက်စေ့ ကောင်းသူ မျက်စေ့မကောင်းသူ အခြားသူတို့ကို မမြင်နိုင်ဟု ဝပ္ပထေရဂါထာ (၂၃၃)၌ ဆိုသည်။

ထိုအဆိုကို---
မြင်မှ
မြင် မမြင်ကို
မြင်သည်။
မမြင်လျှင်--
မြင် မမြင်ကို
မမြင်။ ဟု အကျဉ်းချုပ် ဆိုရိုးပြုနိုင်သည်။

ထို့အတူ မိမိက ပညာရှိလျှင် ပညာရှိသူ ပညာမရှိသူ အားလုံးကို ခွဲခြား သိနိုင်သည်။ မိမိက ပညာမရှိလျှင်ကား သူတပါးကို ပညာရှိသူ ပညာ မရှိသူ ဟု ခွဲခြားမသိနိုင်။ ထိုကြောင့် သာသနာပိုင် ဒီပဲယင်း ဆရာတော်ဘုရားကြီး က ဝပ္ပထေရဂါထာကို အမှီပြုပြီး
“သိမှ-
သိ, မသိကို
သိသည်။
မသိလျှင်
သိ, မသိကို
မသိ။” ဟု အဆိုပြုခဲ့သည်။

အသိဥာဏ်ဝိဇ္ဇာ၏ ဆန့်ကျင်ဘက် အဝိဇ္ဇာသည် အမှန်ကို မသိ၊ အမှားကို တော့ သိနေတတ်သည်။ သိအပ်သည်ကို မသိ၊ မသိအပ်သည်ကိုတော့ သိနေ တတ်သည်။ ထိုကြောင့် ပညာမရှိသူ ပညာမဲ့သူသည် ပညာရှိ ပညာမဲ့သူကိုပင် ပညာရှိဟု ထင်မြင်ယူဆနေတတ်သည်၊ ထင်မြင် ယူဆသည့်အတိုင်း လက်သုံးပြုနေ တတ်သည်။

အမှားအမှန်ကို မခွဲခြားနိုင်သဖြင့် “လုပ်သင့်သည်ကို မလုပ်၊ မလုပ်သင့် သည်ကို လုပ်” စသည်ဖြင့် အမှားမှားအယွင်းယွင်း လုပ်မိတတ်ခြင်းကြောင့် အားလုံး ဒုက္ခရောက်ကြရသည်။

ပညာရှိကား မိမိသူတစ်ပါး နှစ်ဦးသားလုံးကို ကောင်းကျိုးပြုနိုင်သည်၊ ပညာ မဲ့သူကား ပညာ၏တန်ဖိုးကိုလည်း မသိ၊ ပညာရှိများ၏ တန်ဖိုးကိုလည်း နားမလည် အတ္တကျိုးကို ရှေ့တန်းတင်ပြီး လုပ်မိလုပ်ရာ ဇွတ်လုပ်မိသဖြင့် မိမိသူတပါးနှစ်ဦးသားကို အကျိုးမဲ့စေတတ်သည်၊ ဒုက္ခတွင်းသို့ တွန်းပို့ပေး သည်။

ထိုကြောင့် နိုင်ငံရပ်ခြားရောက် မြန်မာ့သားကောင်းများဖြစ်သည့် သင်တို့ သည် ပညာရှိဖြစ်အောင် ဗဟုသုတများ ရှာမှီးပါ၊ ဆည်းပူးပါ၊ ကြိုးစားပါ၊ မိမိ တတ်သိထားသော ပညာဗဟုသုတများဖြင့် အမိ မြန်မာနိုင်ငံတော်နှင့်တကွ ကမ္ဘာသူကမ္ဘာသားအားလုံးကို ကောင်းကျိုးပြုနိုင်သော သာသနာ့ အာဇာနည် များ ဖြစ်နိုင်ကြပါစေကြောင်း တိုက်တွန်းအပ်ပါသတည်း။


(၁၃၆၅-ခု၊ တန်ဆောင်မုန်းလ၊ ၂၀၀၃ခုနှစ် နိုဝင်ဘာလထုတ် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာကျောင်းသား ရဟန်းတော်များ သာယာဖွံ့ဖြိုးရေးအဖွဲ့ စတုတ္ထနှစ်ပတ်လည် အထိမ်းအမှတ် စာစောင်မှ)


ဆရတော် ဦးတိလောကာဘိဝံသ 
ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်