Wednesday, May 21, 2014

ကိုယ်ကျင့်တရား


ကိုယ်ကျင့်တရား 

လူသားတစ်ယောက်အနေနဲ့ အခြေခံပြည့်စုံရမယ့်အရည်အချင်းဟာ ကိုယ်ကျင့်တရားဖြစ်ပါတယ်.... ကိုယ်ကျင့်တရားကို အကျယ်ချဲ့ရင် ထုတ်နုတ်ညွှန်းဆိုစရာ အကြောင်းအချက်တွေအများကြီးပါပဲ.. တကယ့်တကယ်တော့ ကိုယ်ကျင့်တရားဟာ အသိနဲ့သတိတို့ကတစ်ဆင့် ဆင့်ပွားလာတာလို့ ဆိုနိုင်ပါတယ်... ကောင်းတာကို ကောင်းမှန်း မကောင်းတာကို မကောင်းမှန်းသိတာက အသိဖြစ်ပါတယ်။ တစ်နည်းအားဖြင့် အမှားအမှန်ကို ဝေဖန်ပိုင်းခြားသိမြင်တဲ့ အသိကိုဆိုလိုတာဖြစ်ပါတယ်...။

သတိကတော့ ကိုယ်လုပ်သမျှ စိတ်ထဲဖြစ်သမျှကို တစိုက်မှတ်မှတ်သိရှိနေတာဖြစ်ပါတယ်... သိရှိမှုရဲ့နောက်မှာ ထိန်းသိမ်းမှုသဘောကလည်း တွဲလျက်ပါရှိပါတယ်.... အတွေးထဲမှာ မကောင်းတဲ့ စိတ်ဖြစ်လာရင် ဖြစ်မှန်းသိမယ်... ထိန်းသိမ်းမယ်... မလုပ်သင့်တစ်ခုကို မလုပ်သင့်မှန်း သိမယ်... သိတာနဲ့မလုပ်ဖြစ်အောင် ထိန်းသိမ်းမယ်... လုပ်သင့်လုပ်ထိုက်တာကိုလည်း အချိန်နဲ့ တပြေးညီလုပ်နိုင်ဖို့ သိနေမယ်... လုပ်နေမယ်ဆိုရင် သတိရှိတာပါပဲ...။

ကိုယ်ကျင့်တရားကောင်းမွန်တဲ့သူဟာ အသိနဲ့ သတိကို ဟန်ချက်ညီညီထိန်းသိမ်းနိုင်သူပါပဲ... လူဆိုတဲ့သဘောကတော့ မကောင်းမှုမှာ မွေ့လျော်ပါတယ်... မကောင်းတဲ့ဖက်မှာအားသန်ပါတယ်... မကောင်းတာကို မကောင်းမှန်းသိတဲ့သူဟာ အသိတရားရှိတဲ့သူဖြစ်ပါတယ်... မကောင်းမှန်း သိထားတဲ့အရာကို မလုပ်ဖြစ်အောင် ထိန်းနိုင်တဲ့သူဟာ သတိတရားရှိတဲ့သူဖြစ်ပါတယ်.... ဒါကြောင့် အသိတရားနဲ့ သတိတရားရှိတဲ့သူ... မကောင်းမှုမှ ကိုယ်နှုတ်နှလုံးသုံးပါလုံး ရှောင်ကြဉ်နိုင်တဲ့သူဟာ ကိုယ်ကျင့်တရားကောင်းမွန်သူဖြစ်လာပါလိမ့်မယ်...။

ကိုယ်နှုတ်နှလုံးသုံးပါးမှာ ထိန်းချုပ်ဖို့အခက်ခဲဆုံးကတော့ စိတ်နှလုံးပဲဖြစ်ပါတယ်... ဒီအချက်နဲ့ ပတ်သက်လို့ ဥပမာပြစရာကတော့ အားလုံးနဲ့ရင်းနှီးပြီးသားဖြစ်တဲ့ ဆော့ခရေးတီးစ် ဆိုတဲ့ တွေးခေါ်ပညာရှင်ကြီးပါပဲ... တစ်နေ့မှာ ဆော့ခရေးတီးစ်ရဲ့ တပည့်တွေက သူ့ကိုလာပြောပါတယ်... အင်္ဂါဝိဇ္ဇာပညာရှင်တွေရဲ့အဆိုအရ  ဆရာ့ရဲ့ပုံပန်းသွင်ပြင်ဟာ လူဆိုးလူမိုက်တွေရဲ့ လက္ခဏာတွေနဲ့ ကိုက်ညီနေတယ်လို့ လူတွေပြောနေကြတယ်ပေါ့... ဆရာ့ရဲ့ရိုးသားဖြူစင်မှုကို သူတို့သိပြီးသား ဖြစ်တဲ့အတွက် အဲ့ဒီလူတွေနဲ့ စကားများအငြင်းပွားခဲ့ရကြောင်း ပြန်ပြောပြပါတယ်...။

အဲ့ဒီမှာ ဆော့ခရေးတီးစ်ကပြန်ပြောတယ်... လူတွေပြောကြတဲ့အချက်က မမှားပါဘူးတဲ့... သူတို့ပြောတဲ့အတိုင်း သူ့မှာ မကောင်းတဲ့စိတ်တွေ အမြဲဖြစ်ပေါ်နေပါတယ်.... ဒါပေမဲ့ အဲ့ဒီမကောင်းတဲ့ စိတ်တွေကို ဘယ်တော့မှ လက်တွေ့မလုပ်ဖြစ်အောင် ထိန်းသိမ်းနိုင်တာကြောင့် သူ့ရဲ့ကိုယ်ကျင့်သီလဖြူစင်နေတာပါလို့ ရှင်းပြခဲ့ပါတယ်... ဒီအဖြစ်အပျက်ကလည်း ပါးစပ်ရာဇဝင်  ဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်... ဒါပေမဲ့တွေးစရာအချက်တွေက အများကြီးပါပါတယ်...။

ကျွန်တော်တို့ ဗုဒ္ဓဘာသာအယူအရ ကိလေသာအလုံးစုံကင်းစင်ဖို့ဆိုရင် ဘုရား၊ ပစ္စေကဗုဒ္ဓါနဲ့ ရဟန္တာတွေလိုမျိုး အာသဝေါတရားကုန်ခမ်းတဲ့သူတွေမှသာဖြစ်နိုင်တာပါ... သာမန်ပုထုဇဉ် လူသားတွေမှာတော့ မကောင်းတဲ့စိတ်... ကိလေသာစိတ်တွေဟာ တွေးဆလို့မရနိုင်အောင် အများအပြားရှိပါတယ်... ဒါကြောင့် မကောင်းတဲ့စိတ်တွေ မဖြစ်လာအောင် ထိန်းချုပ်နိုင်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး... ဖြစ်လာတဲ့ ကိလေသာစိတ်ကို သိရပါမယ်... သတိနဲ့ပယ်ဖျက်ရပါမယ်.... ဒါဆိုရင်တော့ မကောင်းမှုဟာ ကိုယ်နဲ့ နှုတ်ဆီကို ဆက်မကူးလာပဲ စိတ်ထဲမှာသာ ပျောက်ပြယ်သွားပါလိမ့်မယ်... ဒီလိုထိန်းနိုင်ခြင်းဟာ ကိုယ်ကျင့်သီလရှိခြင်း... ကိုယ်ကျင့် တရားကောင်းမွန်ခြင်းပါပဲ...

ကိုယ်ကျင့်တရားဆိုတာ ကိုယ်တိုင်ကျင့်ရတဲ့ တရားဖြစ်ပါတယ်... တခြားဘယ်သူကမှ ကိုယ့်ကို လာပေးလို့မရပါဘူး... ကိုယ်တိုင်သိ ကိုယ်တိုင်လုပ် ကိုယ်တိုင်ကျင့်မှသာ ကိုယ်ကျင့်တရား ပြည့်စုံတဲ့သူတစ်ယောက် ဖြစ်လာပါလိမ့်မယ်... ကိုယ်ကျင့်တရားကို တိုင်းတာသတ်မှတ်ဖို့ စံနှုန်းတွေကလည်း ကိုယ့်စိတ်နှလုံးအတွင်းမှာပဲရှိပါတယ်... လူအများရှေ့မှာ သူတော်ကောင်း ယောင်ဆောင်နေပေမဲ့ ကိုယ့်စိတ်ရဲ့ မကောင်းတဲ့အတွေးအကြံတွေကို ကိုယ်တိုင် အသိဆုံးဖြစ်ပါတယ်... အဲ့ဒီမကောင်းတဲ့စိတ်တွေကို ဘယ်လိုထိန်းသိမ်းနိုင်မလဲဆိုတာဟာ သင့်ရဲ့ ကိုယ်ကျင့်တရားကို အဆုံးအဖြတ်ပေးတဲ့အချက်ဖြစ်ပါတယ်... ။

မကောင်းတဲ့အတွေးအကြံဆိုတာ ပုထုဇဉ်လူသားတိုင်းဖြစ်တတ်လို့ ဒီလိုပေါ်လာတာတဲ့အတွက် ကိုယ့်ကိုအပြစ်တင်နေစရာမလိုပါဘူး... ကိုယ်ကျင့်တရားဆိုတာ အတွေးတွေကို ထိန်းချုပ်ပြီး အပြောနဲ့အလုပ်ကို စောင့်စည်းတဲ့သဘောဖြစ်ပါတယ်... လူအများက သူတော်ကောင်း သတ်မှတ်တာ ခံနေရပေမဲ့ ကိုယ့်စိတ်ထဲ ဖောက်ပြန်ပြောင်းလဲနေတာကို ကိုယ်ကိုယ်တိုင်ပဲ သိနိုင်ပါတယ်။ ရှေ့တစ်မျိုးကွယ်ရာတစ်မျိုးလုပ်နေရင် ကိုယ်ကျင့်တရား ကောင်းမွန်တဲ့သူ မဖြစ်လာနိုင်ပါဘူး... ။

ကိုယ်တိုင်မကောင်းတဲ့သူကလည်း တခြားသူတွေကိုဆုံးမပဲ့ပြင်ဖို့မဖြစ်နိုင်ပါဘူး... ကိုယ်တိုင်က စံနမူနာပြ နေပြနိုင်မှသာ အများတကာရဲ့လေးစားချစ်ခင်မှုကို ရပါလိမ့်မယ်... ကိုယ်ပြောတဲ့ စကားလည်း ထိရောက်လာပါလိမ့်မယ်... လူတွေဟာ ကိုယ်တိုင်သာ ကိုယ်ကျင့်တရား မကောင်းချင်နေမယ် ကိုယ်ကျင့်တရားမကောင်းတဲ့ တခြားသူနဲ့တော့ အဆက်အဆံ မလုပ်ချင်ကြပါဘူး... စီးပွားရေး၊ လူမှုရေးနယ်ပယ်မှာလည်း ကိုယ်ကျင့်တရား ကောင်းတဲ့သူတွေနဲ့သာ ရေရှည်လက်တွဲလုပ်ဆောင်ကြတာကို တွေ့မြင်နေကြရပါတယ်...။

တကယ်တော့ ကိုယ်ကျင့်တရားကောင်းဖို့လိုတယ်ဆိုတာ လူတိုင်းသိပြီးသားအချက်ဖြစ်ပါတယ်... ဒါပေမဲ့ ဘာကြောင့် ကိုယ်ကျင့်တရားယိုယွင်းမှုတွေ ဖောက်ပြန်မှုတွေရှိနေရတာပါလဲ... အကြောင်းရင်းကတော့ အစမှာပြောခဲ့သလို အသိနဲ့သတိမရှိတာပါပဲ... တစ်နည်းအားဖြင့်ပြောရင် အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်တဲ့ ပညာချို့တဲ့လို့ဖြစ်ပါတယ်... ပညာဆိုတဲ့နေရာမှာလည်း အသက်မွေးဝမ်းကျောင်းပညာ... စာပေပညာကို ဆိုလိုတာမဟုတ်ဘဲ အမှားအမှန်ခွဲခြားနိုင်တဲ့ ပညာအစစ်ကိုသာ ဆိုလိုခြင်းဖြစ်ပါတယ်...။

ဒါကြောင့် စာဖတ်သူများအနေနဲ့လည်း မိမိရဲ့စိတ်မှာ မကောင်းတဲ့အတွေးအကြံတွေပေါ်လာခဲ့ရင် သတိတမံ၊ ဥာဏ်မြေကတုတ်၊ ပညာနဲ့ချွန်းအုပ် ဆိုသလို အမှားအမှန်ကို ဝေဖန်ပိုင်းခြားပြီး ဥာဏ်နဲ့ဆင်ခြင်ကာ မိမိကိုယ်ကိုထိန်းသိမ်းစောင့်ရှောက်ဖို့လိုပါမယ်... ဒါမှသာ လောကအလယ်မှာ ကိုယ်ကျင့်တရားကောင်းမွန်တဲ့သူအဖြစ် အသိအမှတ်ပြုပြီး လေးစားချစ်ခင်ခြင်းခံရပါလိမ့်မယ်... လူအများရဲ့ အားကိုးယုံကြည်မှု... လေးစားချစ်ခင်မှုရတဲ့သူဟာ ဘယ်အလုပ်မျိုးကိုမဆို အောင်မြင်အောင် အလွယ်တကူလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်...။


နှိုင်းရင့်နွေမှ