Wednesday, September 4, 2013

သဒ္ဓါ


သဒ္ဓါ

သဒ္ဓါတရားသည် လူသားတိုင်းမှာ ရှိထိုက်သော အရေးအကြီးဆုံး တရားတစ်မျိုးဖြစ်သည်။ ရတနာမြတ်သုံးပါး ကံ ကံ၏အကျိုးတရား ယခုလက်ရှိဘ၀ နောင်ဘ၀တို့၌ ယုံမှားသံသယမရှိဘဲ လေးလေးနက်နက် ယုံကြည်မှုကို သဒ္ဓါ ဟု ခေါ်သည်။

အယူဝါဒရေးရာ၌ အမြင်ကြည်လင်ပြတ်သားမှုသည် သဒ္ဓါ၏ အစွမ်းသတ္တိဖြစ်သည်။ ဘုရားဆုပန်ရာမှစ၍ ဖြစ်ပေါ်လာသော ဘုရားအလောင်းတို့၏ သဒ္ဓါတရား (အာဂမသဒ္ဓါ) ၊ အရိယာပုဂ္ဂိုလ်တို့၌ဖြစ်သော သဒ္ဓါတရား (အဓိဂမသဒ္ဓါ) ၊ ရတနာမြတ် သုံးပါး၌ မတုံမလှုပါသက်ဝင်ယုံကြည်မှု (သြကပ္ပနသဒ္ဓါ) ၊ ဘုရား တရား သံဃာ ရတနာ သုံးပါးကို ကြည်ညိုမှု (ပဿဒသဒ္ဓါ) အားဖြင့် ၄ မျိုးရှိသည်။


ဘုရားရှင်က “သဒ္ဓါတရားနဲ့ ကိလေသာရေအလျဉ်တွေရဲ့ ဟိုတစ်ဖက်ကမ်းထက်ကို ကူးခပ်သွားနိုင်တယ်” ဟု မိန့်တော်မူ၏။ အဓိပ္ပါယ်က သဒ္ဓါတရားနှင့် နိဗ္ဗာန်ရောက်နိုင်သည်ဟု ဆိုလိုခြင်းဖြစ်၏။သဒ္ဓါတရားသာ အဟုတ်အားကောင်းပါစေ၊အားပြည့်ပါစေ နိဗ္ဗာန်ကိုရောက်နိုင်ပါ၏။ သဒ္ဓါတရားသည် ထိုမျှလောက်အစွမ်းထက် ၏။ စွမ်းအားကြီးမား၏။

နောက်ထပ်ဘုရားရှင် မိန့်တာက “လူတို့ရဲ့သန္တာန်မှာ တည်ရှိနေရမယ့် အကောင်းဆုံးတရားဟာ သဒ္ဓါ
တရားသာဖြစ်တယ်။ လူတို့ရဲ့ အကောင်းဆုံး အရင်းအနှီးဥစ္စာဟာ သဒ္ဓါတရားသာဖြစ်တယ်။ ကုသိုလ်တရားတွေရဲ့ မျိုးစေ့ဟာ သဒ္ဓါတရားသာဖြစ်တယ်” ဟု မိန့်တော်မူ၏။

သဒ္ဓါတရားအားကောင်းသူများသည် ဘုရားတရားအလုပ် သူများထက် ပို၍လုပ်ဖြစ်၏။ အလှူဒါနတွေ သူများထက် ပို၍လှူဖြစ်၏။ ဥပုသ်သီတင်းတွေ သူများထက်ပို၍ စောင့်သုံးဖြစ်၏။ တရားဘာဝနာအလုပ်တွေ သူများထက် ပို၍ အားထုတ်ဖြစ်၏။ ကျောင်းကန်ဘုရားကို သူများထက်ပို၍ ရောက်ဖြစ်၏။ ကုသိုလ်ကို လမ်းခင်း၍သွားရတာဖြစ်တော့ ကုသိုလ်ပိုရသူသည် နိဗ္ဗာန်နှင့် ပို၍နီးမည်ဖြစ်၏။ သူများထက်အရင် နိဗ္ဗာန်ကို မြန်မြန်ရောက်မည်ဖြစ်၏။

သဒ္ဓါတရား အရင်းအနှီး လုံလုံလောက်လောက် ရှိသူမှာသာ လူ့ဘဝလူ့ချမ်းသာ၊ နတ်ဘဝ နတ်ချမ်းသာ၊ ဗြဟ္မာဘဝ ဗြဟ္မာချမ်းသာ ဟူသောလောကီအကျိုးထူး၊ အကျိုးမြတ်များကို ရနိုင်၏။ မဂ်ဖိုလ်နိဗ္ဗာန်
ဟူသော လောကုတ္တရာ အကျိုးထူး၊ အကျိုးမြတ်များသည်လည်း သဒ္ဓါတရားအရင်းအနှီးရှိသူမှာသာ ရနိုင်၏။ ချမ်းသာသုခ မှန်သမျှသည် သဒ္ဓါတရားရင်းနှီးပြီးမှသာ ရနိုင်၏။

လူ့ဘဝ နတ်ဘဝ၊ လူ့ချမ်းသာ နတ်ချမ်းသာ စသော ကောင်းကျိုးတရားတို့သည် ကုသိုလ်ရှိသူမှသာ ရနိုင်၏။ ကုသိုလ်ကြောင့်သာ ထိုကောင်းကျိုးတရားတွေကို ရရှိခြင်းဖြစ်၏။ ကုသိုလ်၏မျိုးစေ့ကား သဒ္ဓါတရားဖြစ်
၏။ သဒ္ဓါ မျိုးစေ့ရှိမှသာ ကုသိုလ်ဟူသော အပင်ပေါက်နိုင်၏။ကုသိုလ်ရနိုင်၏။ ဒါန သီလစသော ကုသိုလ်တို့ကို ပြုလုပ်ခြင်းသည် ထိုကုသိုလ်ကံနှင့် ထိုကံ၏ အကျိုးတရားအပေါ် ယုံကြည်သော သဒ္ဓါတရားကြောင့် ပြုလုပ်ခြင်း
ဖြစ်၏။ ထို့ကြောင့် သဒ္ဓါတရားကို ကုသိုလ်၏ မျိုးစေ့ဟု ခေါ်ရ၏။

လောဘ ဒေါသစသော ကိလေသာတို့သည် စိတ်ကို နောက်ကျုစေတတ်၏။ ကိလေသာ ဝင်နေသော
စိတ်သည် နောက်ကျုနေ၏။ မကြည်မလင် ဖြစ်နေ၏။ ထိုနောက်ကျုနေသော စိတ်ထဲကို သဒ္ဓါတရားသာထည့်
လိုက်၊ ဘုရားတရားသာ အာရုံပြုလိုက်၊ ကိလေသာ အနောက်အနည်တွေ အကုန်ထိုင်ကျသွားပြီးစိတ်ကြည်လင်
လာပါလိမ့်မည်။ စိတ်ကြည်လျှင် ရုပ်ပါ ကြည်တော့၏။ သဒ္ဓါတရားကောင်းသူတို့၏ မျက်နှာဆိုလျှင် ကြည်လင်နေ၏။ သန့်ရှင်းနေ၏။ ဖြူစင်နေ၏။ တရားရက်ရှည် အားထုတ်ထားသူတို့၏မျက်နှာဆိုလျှင် ကြည်လင်နေ၏။ နောက်တဖြည်းဖြည်း တရားနှင့် ပြန်ဝေးသွားလျှင်လည်း ထိုကြည်လင်မှုတွေ ပြန်ပျောက်ကွယ် သွား၏။

စိတ်နှင့်ရုပ်ကို ကြည်လင်စေမှသာ သဒ္ဓါတရားအစစ်ဟု မှတ်ယူရမည်။ တချို့ဘာသာရေးအလုပ် လုပ်နေ
သူတွေ၊ တရားသမားပါဆိုသူတွေ၊ တရားနယ်ပယ်တွင်းမှာ နေ နေသူတွေ၊ ပညာတတ်ပညာရှိတွေ မျက်နှာတွေ ရှုံ့နေ၏၊ မဲ့နေ၏၊ ရှုပ်နေ၏၊ မှုန်နေ၏၊ တင်းနေ၏၊ မာနေ၏၊ မရှင်းမလင်းဖြစ်နေ၏။ မကြည်မလင်ဖြစ်နေ၏။ ထိုသို့ဖြစ်လျှင် သူတို့၏သန္တာန်၌ သဒ္ဓါတရား ရှိမရှိ စဉ်းစားရတော့မည်။ သဒ္ဓါတရား မဖြစ်လျှင် ကုသိုလ်မဖြစ်၊ ကုသိုလ်မရှိ။ ကုသိုလ်မဖြစ်၊ ကုသိုလ်မရှိလျှင် တရားမဖြစ်၊ တရားမရှိနိုင်။ အကြောင်းက သဒ္ဓါတရားသည်သာ ကုသိုလ်၏မျိုးစေ့ဖြစ်နေသောကြောင့်ဖြစ်၏။

သဒ္ဓါတရားကလည်း လူများအိပ်ပျော်နေသလို အိပ်ပျော်နေတတ်၏။ သဒ္ဓါတရားအိပ်ပျော်တယ်ဆိုတာ သဒ္ဓါတရား ပျောက်ကွယ်နေသောအချိန်ကို ဆိုလို၏။ ထိုသို့ အိပ်ပျော်နေသော သဒ္ဓါတရားကို နိုးကြားလာအောင် နှိုးပေးရလိမ့်မည်။ဘယ်လိုနှိုးပေးရမှာလဲဆိုလျှင် သူတော်ကောင်းနှင့်ပေါင်း၊ သူတော်ကောင်းတရားကို နာယူ၊ သူတော်ကောင်းစကားကိုပြော၊ သူတော်ကောင်းစာတွေဖတ်၊ သဒ္ဓါတရားနိုးကြားနိုင်သောစာတွေဖတ်၊ ယောနိသောမနသိကာရ ရှိ၊ သင့်တင့်စွာနှလုံးသွင်း၊ ကုသိုလ်ဖြစ်အောင် စိတ်ထား၊ အကောင်းဆုံးကတော့ တရားထိုင်၊ ထိုသို့ ကျင့်ကြံအားထုတ်လျှင် သဒ္ဓါတရား နိုးကြားလာလိမ့်မည်။ သဒ္ဓါတရား တိုးပွားလာလိမ့်မည်။ သဒ္ဓါတရားခိုင်မြဲလာလိမ့်မည်

လူဆိုတာ ဘုရားတရားနှင့်ကင်းကွာ၍မရ၊ ဘုရားတရားနှင့် ကင်းကွာနေသောအချိန်သည် မိုက်နေသော
အချိန်ဖြစ်၏။ မိုက်နေလျှင် မည်းနေလိမ့်မည်။ မည်းနေလျှင် မှောင်နေလိမ့်မည်။ မှောင်ဟူသည် ကိလေသာ
အမှောင်ဖြစ်၏။ ကိလေသာအမှောင်ကျနေလျှင် အကုသိုလ်ဝင်နေခြင်း ဖြစ်၏။

လူတွေက တစ်စုံတစ်ခု ဒုက္ခရောက်မှ အကုသိုလ်ဝင်တာဟု ခေါ်ကြ၏။ အမှန်က အကုသိုလ်တွေလုပ်၊ အကုသိုလ်တွေဖြစ်နေလျှင် အကုသိုလ်ဝင်တော့တာပဲဖြစ်၏။ ဒုက္ခရောက်တာက အကုသိုလ်ဝင်တာမဟုတ်၊ အကုသိုလ်၏ အကျိုးဝင်ခြင်းဖြစ်၏။ ထိုအမိုက် အမည်း အမှောင်တွေ ပျောက်ဖို့ဆိုတာ သဒ္ဓါတရားရှိနေမှ၊ သဒ္ဓါ
တရားဖြစ်နေမှ ပျောက်လိမ့်မည်။ သဒ္ဓါတရားရှိနေဖို့၊ သဒ္ဓါတရားဖြစ်နေဖို့ ဘုရားတရားအလုပ်တစ်ခုခု လုပ်နေရမည်။

ယခုကဲ့သို့ ဆုတ်ကပ်အခါသမယတွင် အကောင်းအကောင်းတွေ နောက်ဆုတ်သွားကြပြီး အဆိုးအဆိုး
တွေ ရှေ့တိုးရှေ့တက်လာကြ၏။ အကောင်းတွေက နောက်ရောက်၊ အဆိုးတွေက ရှေ့ရောက်လာကြ၏။ အကောင်းဟူသည် အလောဘ အဒေါသ အမောဟ၊ အဆိုးဟူသည် လောဘ၊ဒေါသ၊ မောဟ။
အလောဘကလောဘ၏ဆန့်ကျင်ဘက်၊ တပ်မက်မှုနည်းခြင်း၊ အတ္တနည်းခြင်း၊ အတ္တမဆန်ခြင်း၊ အတ္တမကြီးခြင်း၊ တစ်ကိုယ်ကောင်းမဆန်ခြင်း၊ စွန့်လွှတ်နိုင်ခြင်း၊ အနာခံနိုင်ခြင်း ဖြစ်၏။
အဒေါသ က ဒေါသ၏ဆန့်ကျင်ဘက်၊ စိတ်ရှည်ခြင်း၊ သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ သဘောထားကြီးခြင်း ဖြစ်၏။
အမောဟက မောဟ၏ဆန့်ကျင်ဘက်၊ အမှားအမှန်ခွဲခြားဝေဖန်နိုင်ခြင်း၊ အမှန်တရားသိခြင်း၊ အမှန်တရားကို ဖက်တွယ်ခြင်း၊ အမှန်တရားကို မြတ်နိုးခြင်း၊ အမှန်တရားကို တန်ဖိုးထားခြင်းဖြစ်၏။

ဆုတ်ကပ်၌ အကောင်းတွေဆုတ်၊ အဆိုးတွေတိုး၊ အဆိုးတွေတက်လာသောအခါ လူတွေ လောဘတွေ
ကြီး၊ ဒေါသတွေကြီး၊ မောဟတွေကြီး၊ အတ္တတွေကြီး၊ မာနတွေကြီး၊ အာဃာတတွေကြီးနှင့် ပိုပြီးတော့ စိတ်ညစ်ရ၊ ပိုပြီးတော့ စိတ်ရှုပ်ရ၊ ပိုပြီးတော့ ဦးနှောက်ခြောက်ကြရ၏။
ထို့ကြောင့် ယခုလို စိတ်ရှုပ်စရာ၊ စိတ်နောက်စရာတွေ ပေါများသော အချိန်ကြီးမှာ စိတ်ရှင်းစေ၊ စိတ်ကြည်စေသော ဘုရားတရားအလုပ်ကို များများလုပ်ကြမှ တော်ပေလိမ့်မည်။

ဗုဒ္ဓဒေသနာတော် ဝေါဟာရ အဘိဓာန် နှင့် အရှင်သံဝရာလင်္ကာရ(ဓမ္မပိယဆရာတော်) ၏ ဆောင်းပါးတို့မှ ကောက်နှုတ်ဖော်ပြပါသည်။
 
အဖေ့သား