Monday, September 23, 2013

ဗောဓိရွှေကျောင်း

ဗောဓိရွှေကျောင်း

အသက်အရွယ် သီသီကြီးစွန်းလာတော့ ငယ်ဘ၀တွေကို ပိုအောင်းမေ့တတ်တာ လူ့သဘာဝများလား မသိပါ။ တစ်ခါတစ်ခါတော့ စိတ်က ငယ်ဘ၀တွေဆီရောက်သွား တတ်သည်။ ကျွန်မငယ်စဉ်က အဘ၊အမေကြီးတို့နှင့်အတူ တောကျေးလက်မှာ နေခဲ့ရသော ငယ်ရိပ်တွေကို ပြန်တွေးရင်း လွမ်းရသည်လည်း ရှိပါ၏။ နွေရာသီ ကျောင်းပိတ်ရက်တွေမှာ အ၀တ်တွေ ထိုးသိပ်ထည့်ရင်း ရွာအရောက်ပြန်ရသည့် အပျော်မျိုးကို ဘယ်အပျော်ကမှ မမှီ။ ရွာရောက်ပြီဆိုသည်နှင့် အဘက ကျွန်မ အစ်ကို နှစ်ယောက်ကို ဘုန်းကြီးကျောင်းခေါ်သွားကာ သင်္ကန်းဆီးပေးနေကျ။ ကိုရင်ဘ၀ဖြင့် ဘုန်းကြီးကျေင်းမှာပဲ ကျောင်းအိပ်ကျောင်းစား ပို့ထားသည် ဆိုသော်လည်း အိမ်နှင့်ကျောင်းက သိပ်မဝေးလှပါ။ ရွာမှာက နွေရာသီ ကျောင်းပိတ်ရက် ရောက်သည်ဆိုလျှင် ကလေးတွေကို ဘုန်းကြီးကျောင်း တွင်တွင်ပို့ကာ လောကုတ္တရာ စာပေများ သင်အံလေ့ကျက်စေခြင်း သည်ပင် ရွာဓလေ့ထုံးစံလို ဖြစ်နေပြီ။ ရွာကတော့ လောကုတ္တရာစာကို မပြောကြပဲ ဘုန်းကြီးစာဟု ခေါ်ကြ၏။ ကျွန်မသည်လည်း ရွာကလေးများ ထုံးစံ ဘုန်းကြီးကျောင်းကို မရောက်မဖြစ်ရောက်ရကာ ဘုန်းကြီးစာနှင့် မလွတ်ခဲ့။

“ညည်းတို့ အတန်းကျောင်းဆိုသာက လောကဓတ်စာပဲတတ်တာ ငါမြေးရဲ့၊ ဘုန်းကြီးကျောင်းကမှ ဘုရားစာ၊ တရားစာသင်သာ။ ဘုန်းကြီးစာက ဘုရားရှိခိုးတတ်သယ်၊ လိမ္မာရေးခြားရှိသယ်၊ဆိုပီ နားကြားရှိသယ်၊ ကိုယ့်ဘာသာ တရားနဲ့ နီးစပ်တော့ အကုသိုလ်လည်း ကင်းသယ် ”

အမေကြီးပြောခဲ့ဖူးသည့် စကားတွေကို ကျွန်မ ပြန်တွေးကြည့်တော့ ဘုရားရိပ် ကျောင်းရိပ်ကရသည့် အသိသည်လည်း ဘ၀မှာ အရေးပါကြောင်း ဆိုလိုဟန်တူပါသည်။ ရွာဘုန်းကြီးကျောင်းမှာ စာသင် စာအံခဲ့ရစဉ်က စာသင်ခန်းကလေးကို ကျွန်မ မျက်စိထဲ မြင်ယောင်နေဆဲပဲ ဖြစ်သည်။ သရက်သား ပျဉ်ချပ်ကြီးတွေကို တြိဂံပုံစပ်၍ ထမင်းရည်နှင့် အိုးမည်းကို ပြစ်ပြစ်ဖျော်သုတ်ထားသော သင်ပုန်းကြီးကို ရှေ့မှာထောင်ထားသည်။ ဆရာတော် သို့မဟုတ် ခန်းနေဦးပဉ္စင်း တစ်ပါးပါးက ဘေးမှာ ကုလားထိုင်ကလေးဖြင့် ထိုင်ကာ စာချပေးသည်။ ကျွန်မတို့ ကလေးများကတော့ ကျောင်းအောက်ထပ် စိမ့်ပေါက်နေသည့် မြေကြီးပေါ်မှာ သစ်သားကွပ်ပျစ်ကြီးတွေ ခင်း၍ စုထိုင်ရင်း စာလိုက်ကြရသည်။ ကျောင်းထိုင်ဆရာတော်ကြီးက ကြိမ်လုံးတစ်လုံးအမြဲတမ်း ကိုင်ထားတတ်သည်။ တစ်ယောက်နှင့် တစ်ယောက် အပြိုင်အဆိုင် အသံကုန်ဟစ်၍ အော်ကြတာဆိုတော့ တစ်ကျောင်းလုံး ကျွန်မတို့ စာအံသံများဖြင့် ကျောင်းကြီးသိမ့်သိမ့် တုန်နေတတ်ပါသည်။ ကိုရင်ကြီးတွေက ကျွန်မတို့ ကျောက်သင်ပုန်ုးတွေပေါ်မှာ သံချွန်ဖြင့် လေးကြောင်းမျဉ်းဆွဲပေးပြီး လက်ရေး လှလှရေးပုံ၊ အရစ်အပင့်ဆွဲပုံတွေ သင်ပြသည်။ မြို့ကျောင်းမှာ စာတက်ခဲ့ကြသူတွေ ဆိုသော်လည်း ဘုန်းကြီးကျောင်းရောက်တော့ ဘုန်းကြီးကျောင်းလိုကျင့်ရသည်။

ကျွန်မတို့ရွာမှာ ရှေးကတည်းက ဘုန်းကြီးကျောင်း လေးကျောင်း ရှိသည်။ ရွာနှင့် ကပ်လျက်မှာ နှစ်ကျောင်းရှိကာ ရွာအပြင် တစ်ခေါ်စာလောက်ဝေးသော စိုက်ခင်းစပ်မှာတော့ တောရကျောင်းနှစ်ကျောင်း ရှိသည်။ ဘုန်းကြီးကျောင်း လေးကျောင်းစလုံး ကျွန်မတို့ ဘိုးဘွားများ လက်ထက်ကတည်းက ရှေးကျောင်းကြီးတွေ ဖြစ်သည်။ ပျဉ်ထောင် ပျဉ်ခင်းနှင့် ကျောင်းတိုင်ကြီးတွေကလည်း လူနှစ်ယောက် ဖက်စာလောက် ရှိသည်။ ကျောင်းအဆင်း လှေကားနှစ်စင်းကလည်း လှေကားခုံ မြင့်မြင့်ကြီးတွေနှင့် တစ်ကယ့် ရှေးပုံမျိုး ဖြစ်သည်။ အညာကျေးလက် ဘုန်းကြီးကျောင်းများပီပီ ဟောင်းမြင်းပုံပေါက်နေသော်လည်း ရွာတက္ကသိုလ်ကြီးတွေ ဖြစ်သည်။ ကျေးရွာလူထု၏ အထွတ်အမြတ်ထားရာ ကိုးကွယ်ဆည်းကပ်ရာ အဆောက်အအုံကြီးတွေပဲ ဖြစ်၏ ။ အဘိုးအဘွားများ ပြောပြသလောက် ရှေးကတော့ ဘုန်းကြီးကျောင်းမှာပဲ ပညာသင်ယူခဲ့ကြရသည်။ စာဝါလိုက်သည့် ကိုရင်၊ ဦးပဉ္စင်းအပါး နှစ်ရာ သုံးရာလောက်ရှိသည်ဆို၏ ။

ဘုန်းကြီးကျောင်းများတွင် ဆင်းရဲချမ်းသာ ဆူကြုံနိမ့်မြင့်မရှိ။ မည်သူမဆို အခါမရွေး အခမဲ့ပညာသင်ကြားပေးတော်မူကြရုံမက ယောက်ျားကလေးများ ဆိုလျှင် ရှင်သာမဏေ သွတ်သွင်းပေးရာ သာသနာ့ အဆောက်အအုံကြီးတွေ ဖြစ်သည်။ ရွာဘုန်းကြီးကျောင်းများကို ကြည့်ကာ ရွာစီးပွားရေးကို ခန့်မှန်းနိုင်သည်။ ကျွန်မတို့ရွာမှာတော့ ဘုန်းကြီးကျောင်းလေးကျောင်းစလုံး ကျွန်းတိုင်လုံးကြီးများ၊ ကျွန်းသား အခင်းအကာများကို ရေနံချေးဝအောင် သုတ်ထားသော ကျွန်းသားကျောင်းကြီး တွေချည်းဖြစ်၏။ နှစ်ပေါင်းများစွာ အစဉ်အဆက် လက်ဆင့်ကမ်းကာ ခေတ်အဆက်ဆက် ထိန်းသိမ်းပြုပြင် စောင့်ရှောက်လာကြခြင်းကြောင့် ရှေးဟောင်း သာသနိက အဆောက်အဦးကြီးတွေ အဖြစ်ရွာက သဘောထားကြသည်။ သည်ရွာက သည်ဆရာနှင့် သည်ဒကာ ဘယ်တုံးကမှ ဝေးကြသည် မရှိ။မြန်မာအိုတော့ ကျောင်းကြို ကျောင်းကြားဆိုသည့် စကားအတိုင်း အသက်ကလေး အိုချင်လာသည်နှင့် ကျောင်းရိပ်ခိုချင်လာကြပြီ။

များသောအားဖြင့် ကျေးလက်ဘုန်းကြီးကျောင်းဝင်း ကြီးတွေက ကျယ်ကျယ်လွန့်လွန့် ရှိကြသည်ဆိုတော့ သစ်ပင်ပန်းပင်တွေ ဝေေ၀ဆာဆာ စိုက်ပျိုးတတ်ကြသည်။ ဥယျာဉ်ပင်များဖြစ်သည့် သရက်၊ ပိန္နဲ၊ မရမ်း၊ ဆီးဖြူ စသည့် သီးပင်ကြီးတွေရှိသလို ပုဏ္ဌရိက်၊ သော်က၊ ပန်းအိ၊ ဇလပ်၊ ဇီဇ၀ါ၊ ညမွှေးပန်း၊ တတိုင်းမွှေးလို ပန်းပင်များလည်း ရှိတတ်သည်။ ကျောင်းဝင်းတွေထဲမှာ ရှိတတ်သော လက်ငင်ရေချိုတွင်းကလေးအနားမှာတော့ ငှက်ပျောပင် အုပ်အုပ်ကြီးတွေလည်း ရှိတတ်ပါသေးသည်။ ရွာထဲမှာ ပူပြင်းခြောက်သွေ့သဘောက် ဘုန်းကြီးကျောင်းတွေမှာ အရိပ်အာဝါသ ကောင်းတတ်သည့်အတွက် အလုပ်ကလေး လက်က ချသည်နှင့် ကျောင်းကို လှူဖွယ်ကလေး ရွက်ကာသွားကြမြဲ ဖြစ်ပါ၏။

ရှေးတုံးကတော့ ပညာရေးအတွက် ဘုန်းတော်ကြီးကျောင်းတွေကပဲ တာဝန်ယူတော် မူခဲ့ကြသည်။ ဆရာဘုန်းကြီးများက သင်ပုန်းကြီး၊ မင်္ဂလသုတ်၊ အပြင်အောင်ခြင်း ၊ အတွင်းအောင်ခြင်း၊ ရတနာရွှေချိုင့်၊ သဒ္ဒါ ၊ သဂြိုင်္ုဟ် စသည့် ဗုဒ္ဓဘာသာ မြန်မာလူမျိုးတစ်ယောက် တပ်အပ် သိအပ်သမျှ သင်ပေးတော်မူကြသည်။ သင်ရိုးညွှန်းတမ်း သဘောရှိသော်လည်း တစ်ဦးချင်း၏ ဥာဏ်အရည်အသွေးပေါ် မူတည်ပြီး စာတက်ပေးလေ့ရှိကြပါသည်။ တချို့ကျောင်းသားတွေကတော့ သည်ကျောင်းမှာ သာမဏေပြု၊ အရွယ်ရောက်တော့ ရဟန်းခံကာ သာသနာ့ဘောင်မှာ သက်ထက်ဆုံး ပျော်မွေ့တော်မူကြသည်။ သာသနာဘောင် မပျော်မွေ့နိုင်ကြသူတွေ ကိုတော့ ရပ်ရေး ၊ရွာရေး၊ လူမှုရေးတွေက အစ အိမ်ထောင်မှု မှာပါ အသုံးတည့်နိုင်သည့် အိမ်ဆောက်၊ မဏ္ဌပ်ဆောက်၊ ဇရပ်ဆောက်၊ နွားတင်းကုပ်၊ ထန်းလက်တဲထိုး၊ ရေအိုးစင်တည်နည်းကအစ နှီးဖြာ၊ ဖျာယက်၊ ကြိုးကျစ်နည်းတွေပါ မကျန် သင်ကြားပေးသည်များလည်းရှိ၏ ။ ကျွန်မတို့ရွာကျောင်းမှာ သျှောင်ကြီးကို တစောင်းဖွဖွ ထုံးလျက်ကျောင်းမှာပဲ ကပ္ပိယကြီး လုပ်နေသော ဘဖိုး (ဦးစိန်ဖိုး) ကို ကျွန်မ မီလိုက်ပါသေးသည်။ ဘဖိုးက ဘုန်းတော်ကြီးများ စာသင်နားချိန်မှာ ကိုရင်တွေ ကျောင်းသားတွေကို သူတတ်ထားသမျှ လူမှုနယ်ပယ်မှ ပညာတွေ သင်ပေးသည်။

စာပေပို့ချသင်ကြားပေးသော ဆရာတော်၏ ၀သီတော် အလျောက် တချို့ကျောင်းများတွင် ဗေဒင်ကျမ်း၊နက္ခတ်ကျမ်း၊ ရာဇသတ်ဓမ္မသတ်ကျမ်း၊ ဆေးကျမ်းများကိုပါ သင်းကြားပေးသည်လည်း ရှိ၏ ။ ရှေးက ပွဲကျောင်းဟု ခေါ်ကြသော ဘုန်းကြီးကျောင်းများမှာတော့ မြင်းစီး၊ လှံထိုး၊ ဓားရေး၊ လေးမြား အတတ်ကအစ လက်ဝှေ့ လက်သိုင်းပညာများကို သင်ကြားပေးကြသည်။ တချို့ကျောင်းများတွင် ဆိုင်းပညာ၊ ပန်းချီပန်းပုပညာ၊ မီးရှူးမီးပန်း ပညာလို သုခမအနုပညာများကို သင်ကြားပေးကြသည်ဆို၏ ။ ကျွန်မတို့ ရွာကျောင်းများကတော့ မီးပုံးပျံလုပ်သည့် အတတ်ပညာ၊ ကျွဲချိုကို အရုပ်ထွင်းသည့် ပညာ၊ စက္ကူကို အရုပ်မျိုးစုံချိုးသည့်ပညာ၊ လှော်လှေ ပြိုင်လှေ များခုတ်သည့် လက်သမားပညာများကိုသင်ကြားပေးတော်မူကြသည်။ ကျွန်မတို့ရွာက ရေ၀င်ရွာမို့ ရေကြီးခါဆိုလျှင် ရေပြင်ကျယ်ကြီးထဲမှာ လက်လှော်လှေကလေးများဖြင့် ကူးကြသန်းကြရသည်။ဘုန်းကြီးကျောင်းတိုင်းမှာ ဆွမ်းခံလှေကလေးတွေ မှောက်ထား တတ်တာကလည်း မြစ်နားကျေးလက်ဘုန်းကြီးကျောင်းများတွင် မြင်ရတတ်သည့် မြင်ကွင်းပဲ ဖြစ်သည်။

မနက်အရုဏ်တက်ချိန်တိုင်လျှင် ဘုန်းတော်ကြီးကျောင်းဆီက အုန်းမောင်းခေါက်သံ တတုံတုံသည် ရွာကျက်သရေဖြစ်သလို တစ်နေ့တာ၏ လုပ်ငန်းစရန်နှိုးဆော်သည့် နရီသံလည်းဖြစ်သည်။ မနက်လေးနာရီ ဆိုလျှင် အုန်းမောင်းခေါက်သံနှင့် အတူ ရွာကလေးသည် နိုးရပြီ။ မီးခွက်ကလေးတွေ ပြန်လင်းကြပြီ။ ဘုရားရှိခိုးသံ၊ မေတ္တာပို့ အမျှဝေသံ၊ ကြေးစည် ရိုက်သံတွေ ဆက်ကာဆက်ကာ ပေါ်ထွက်လာကြပြီ။ သည်အသံတွေကို ကြားရသူတိုင်းက သာဓုခေါ်ကြမြဲဖြစ်၏။

“ နာကိုး၊ တောင်းရှစ်၊ သာဓု တစ်၊ ဟောလစ် အသင်္ချေတဲ့၊ တရားနာရင် ကိုးကမ္ဘာ အပါယ်မလားဘူး။ တရားတောင်းသဲ့ သူများကျ ရှစ်ကမ္ဘာ အပါယ်မလားဘူး။ အမျှဝေသံကြားလို့ သာဓုခေါ်တဲ့ သူများကြတော့ တစ်ကမ္ဘာအပါယ်မလားဘူးသဲ့။ တရားဟော ပုဂ္ဂိုလ်များ အသင်္ချေ အပါယ်မလားဘူးသဲ့ ငါ့မြေးရဲ့ အမျှဝေသံကြားရင် သာဓု သာဓု သာဓုလို့ သုံးကြိမ်သုံးခါ ခေါ်ရသယ် ”

ငယ်ငယ်ကတည်းက အမေကြီးသင်ကြားခဲ့သဖြင့် အမျှဝေသံကြားလျှင် သာဓုခေါ်တတ်ခဲ့ရပြီ။

ရွာကျောင်းက ကျောင်းထိုင်ဘုန်းတော်ကြီးများသည် ရွာသူရွာသားတို့အပေါ် သြဇာညောင်းတော်မူကြသည်။ ရွာရေးရပ်ရေး ရှိလာသည့်အခါ ရွာက အဦးထားကာ တိုင်ပင်မေးလျှောက်ကြရသည်။ မြေးတွေပင်ရနေကြပြီ ဖြစ်သော်လည်း ဆရာတော်က အခေါ်တော်ရှိလျှင် ရောက်ရာအရပ်က သုတ်ကနဲ ထသွားကြရသည်။ အရက်သေစာ သောက်စားမူးရစ် ရမ်းကားသူများဆိုလျှင် အဆုံးအမ၊ အရိုက်အနှက်များပင် ခံကြရ၏ ။ ဖိန့်ဖိန့်တုန်အောင် ကြောက်ရွံ့ရိုသေကြရပါသည်။ ကျွန်မတို့ရွာအ၀င်တွင် ဘုန်းကြီးကျောင်း နှစ်ကျောင်း ယှဉ်လျက်ရှိသည်။ ရွာကတော့ ကျောင်းဘွဲ့ကိုမခေါ်ကြဘဲ အရှေ့ကျောင်း အနောက်ကျောင်းလို့သာ လွယ်လွယ်ခေါ်ကြသည်။ ကျောင်းနှစ်ကျောင်းကြား ရောက်ကြပြီဆိုလျှင် ပြောလက်စ စကားကိုပင် ကျယ်ကျယ်မပြောဝံ့။ ဘုရားဝင်းကျောင်းဝင်း မဟုတ်သော ရွာလမ်းဆိုသော်လည်း ကျောင်းရိပ်ကို နင်းရသည်ဆိုကာ ဖိနပ်ချွတ်သွားကြရသည်။ သည်လမ်းကလေးကတော့ ရွာအ၀င်လှည်းလမ်းလည်း ဖြစ်သည်။

ဟိုတုန်းကတော့ ဘုန်းကြီးကျောင်းသားချင်း တစ်ကျောင်းနှင့်တစ်ကျောင်း စာပြိုင်တတ်ကြသည့် ဓလေ့လည်းရှိ၏ ။ တစ်ကျောင်းနှင့် တစ်ကျောင်း ကျောင်းသားချင်း စာပြောင်စာချိုးတွေနှင့် လှောင်ကြ ပြောင်ကြတာမျိုးတွေလည်း ရှိသည်။
“ ညနေ ငပိဖုတ် လှဖေမိချုပ် ”
“ တုံးပေါ်ကြွက်လျှောက် အုံးကျော်လက်ကောက် ”
“ ကြက်ဥကုလားဆွဲ နက်ပုအသားမည်း”
စသဖြင့် တစ်ဦးနှင့်တစ်ဦး စာချိုးဖြင့် စကြနောက်ကြသည်။ သည်လိုစာချိုး စာစပ်တွေ သုံးကာ အော်ကြ ဟစ်ကြသံကြားလျှင် ဆရာတော်များကလည်း ပြုံးတော်မူတတ်ကြ၏ ။ စာအံကြချိန် အာဂန္တု ရဟန်းဧည့်သည်၊ လူဧည့်သည် ရောက်လာလို့ ဆရာတော် ကျောင်းပေါ်ကြွသွားပြီဆိုလျှင် ကျောင်းအောက်မှာ ကျွန်မတို့ ကလေးတွေ သောင်းကျန်းချင်တိုင်း သောင်းကျန်းကြတော့သည်။ စိမ်ပြေးတမ်း၊ ဂုံညှင်းဒိုးပစ်တမ်း၊ ကြက်ခွပ်တမ်း၊ ကစားကြရုံဖြင့် အားမရနိုင်ကြသေးဘဲ သစ်ပင်တက်တမ်းပင် ကစားလိုက်ကြသေး၏ ။

“ ကလေးတကာ့ ကလေးထဲတွင် ဘုန်းကြီးကျောင်းက ကလေးတွေလောက် ဆော့သာ ကြုံဖူးပေါင်တော် ကတည်း လက်ပံပင် ဇရက်ကျလို့ ”
လမ်းပေါ်မှာ ဖြတ်သွားကြသူတို့ပင် ကလေးများ၏ အော်ဟစ်သံကို မခံနိုင်ကြ။ ဆရာဘုန်းကြီးများကတော့ သည်အသံ သည်ဗလံတွေကို သည်းညည်းခံတော် မူနိုင်ရှာကြသည်။ သိပ်လွန်လာလျှင်တော့ ကျောင်းကြမ်းပြင်ကို ကြိမ်ဖြင့် ဖျန်းဖျန်းမြည်အောင် ရိုက်ကာ ဟန့်တားတော် မူကြ၏။
ကျေးလက် ဘုန်းကြီးကျောင်းများတွင် ရှေးဆရာတော်ကြီးများ လက်ထက်ကတည်းက စုဆောင်းခဲ့ကြသောရှေးဟောင်းပစ္စည်းတွေလည်း ရှိတတ်ပါသည်။ ကျွန်မတို့ ဘကြီးဘုန်းကြီးကျောင်းမှာဆိုလျှင် ပန်းချီတော် ဦးချစ်မြဲ ရေးဆွဲထားသော ဗုဒ္ဓ၀င်ဇတ်တော် ပန်းချီကားကြီးများရှိသည်။ ရှေးဟောင်းပေ၊ ပုရပိုက်များထည့်သောကျွန်းစာတိုက်သေတ္တာကြီးတွေကိုရွှေထီးဟောင်းကြီးများ မိုးလျက်သား မြင်တွေ့နိုင်သည်။ ကြေးကမ္မ၀ါများ၊ဘုရားဆင်းတုတော်များ၊ မောင်းများ၊ ရှေးခေတ် အသုံးအဆောင်များနှင့် အတူ ကျောင်းအောက်မှာ ရှေးပြိုင်လှေကြီးများကို ဂုဏ်တစ်ရပ်အနေဖြင့် တုံးဆင့်ကာ လှလှပပ ထားတတ်ကြ၏။ အညာကျေးလက် ဘုန်းကြီးကျောင်းတွေမှာ တွေ့ရတတ်သော အလှူရှင်လောင်းလှည့်ရတွင် နားထွင်း မိန်းကလေးများစီးသည့် လက်ရာမြောက်နားရံ လှည်းယဉ်ကြော့ကလေးလည်း ရှိတတ်ပါသည်။ ဆရာတော် ဟိုရွာသည်ရွာ ကြွတော့လည်း သည်လှည်းယဉ်ကလေးကိုပဲ သုံးတော်မူသည်။ ဘုန်းကြီးကျောင်းတွေအကြောင်း အမေ့ကို မေးကြည့်တော့ အမေက သူမှတ်မိတာကို ပြောပြသည်။ ဖက်ဆစ်ဂျပန် တော်လှန်ရေးကာလ အတွေ့အကြုံများဖြစ်သည်။

“ သည်တုံးက တိုင်းရေးပြည်ရေး အခြေအနေကို သိအောင်လို့ ဆိုပြီးတော့ တို့ဘလေး ဦးပဉ္စင်းက မြင်းခြံကို ခြေကျင်ကြွကြွပြီး စနည်းနာရသာအမော။ ဦးဇင်းက ကြားလာသဲ့သတင်း ရဲဘော်တွေကို ညဘက်ကျောင်းအမှောင်ချပြီး ပြန်ပြောရသာပေါ့။ ရွာကတော့ ဂျပန်နဲ့တိုးမှာ ကြောက်လို့ ရွာခရိုးတောင်မကျော်ဝံ့ကြဘူး ။ ဦးဇင်းကတော့ ကြောက်ပေါင် သူတစ်ပါးတည်း ကြွသာပဲ ”
ကျွန်မ ရွာပြန်တိုင်း ဘုန်းကြီးကျောင်း လေးကျောင်းစလုံး ရောက်အောင်သွားကန်တော့သည့် ဒါန၀တ်ကိုတော့ မပျက်စေရ။ အရိယာ သူတော်စင်တို့၏ ရိပ်သာပတ်ဝန်းကျင်ဆိုတော့ အေးမြလှပါသည်။ ဘ၀အမောများပင် တဒင်္ဂပြေပျောက်ရပါ၏။ ကျောင်းဝိုင်းထဲက တန်ဆောင်းမှာ အဘိုး အဘွား၊ အဖေ အမေတို့၏ ကုသိုလ်စာတန်းကို ဖတ်ရတော့ ၀မ်းနည်းခြင်းနှင့် ကြည်နူးခြင်းကို ရောထွေး ခံစားရပါသည်။ အဘိုး အဘွားတို့၏ ရှေးကုသိုလ်ကိုသာ အောင်းမေ့ရင်း ကုသိုလ်ယူရခြင်းမျိုးမဟုတ်ပါလား။


ခင်ခင်ထူး
(မဟေသီ မဂ္ဂဇင်း၊ ဇွန် ၊ ၂၀၀၇ ခုနှစ်)