Monday, September 16, 2013

အချစ်ထောင် (သို့) အချစ်၏ စွမ်းအင်များ


အချစ်ထောင် (သို့) အချစ်၏ စွမ်းအင်များ

အချို့သူတွေက ချစ်တာကို အကြောင်းပြုပြီးလှူကြတယ်၊ကိုယ့်ကျင့်သိက္ခာကို ဖြည့်ကျင့်ကြတယ်၊ ဥပုတ်တွေဆောက်တည်ကြတယ်၊တန်ခိုးအဘိညာဉ်တွေရ အောင်အားထုတ်ကြတယ်၊ နောက်ဆုံး ရဟန္တာဖြစ်အောင်တောင်အားထုတ်ကြ တယ်၊အချို့သူတွေကြတော့သတ်ဖို့လည်းဝန်မလေးကြဘူး၊ ခိုးဖို့လည်းဝန်မလေး ကြဘူး၊ လိမ်ပြောဖို့လည်းဝန်မလေးကြဘူး၊ ကုန်ကုန်ပြောရရင် ဒုစရိုက် ဆယ်ပါးလုံးကို ကြူးလွန်ဖို့ဝန်မလေးကြတော့ဘူး၊ အမေကိုသတ်ဖို့လည်း ဝန်မလေးဘူး၊ အဖေကို သတ်ဖို့လည်းဝန်မလေးတော့ဘူး၊ မှားယွင်းတဲ့အယူကို ယူချင်လည်းယူမယ် တစ်ကယ်တော့ ချစ်တာကိုအကြောင်းပြုပြီးတော့ မလုပ်ရဲတဲ့ မကောင်းမှုဆိုတာ မရှိသလောက်ဘဲ မကောင်းတာ မှန်သမျှ အကုန်လုပ်ရဲတော့ တာပဲ။

အင်း… အချစ် အချစ် တယ်လည်းဆန်ကြယ်ပါလား စွမ်းအားက လည်းကြီးလိုက်တာနော်၊ တို့ဘုရားရှင်ရဲ့ညီတော် နန္ဒမင်းသားကိုသိလားမသိဘူး နန္ဒမင်းသားကတော့ အချစ်ကို အကြောင်းပြုပြီးတော့ ရဟန္တာဖြစ်သွားတယ်။ ကုဏ္ဍလ ကေသာထေရီ ရဟန္တာမ ကြတော့ ရဟန္တာ မဖြစ်ခင် သူဋ္ဌေးသမီးဘဝတုန်းက “ သတ္တုက” အမည်ရှိ တဲ့ သူခိုးကို ချစ်မိတဲ့အတွက် သူ့ဘဝ သမိုင်းမှာ လှပသင့်သလောက်မလှပတော့ပေ။ တစ်ကယ်တော့ မချစ်သင့်တဲ့သူကို ချစ်မိတာဟာလည်း အပြစ်တစ်ခုကို ပြုလုပ်တာပဲပေါ့၊

 ကုဏ္ဍလကေသာထေရီဟာ ရဟန္တာဖြစ်နိုင်လောက်တဲ့ ပါရမီဖြည့်ပြီးသား ပုဂ္ဂိုလ်ဖြစ်သော်လည်း တဒင်္ဂဝင်နှောက်လိုက်သည့် အချစ်ကြောင့် သမိုင်းမှာပြော စရာဖြစ်လောက်အောင် အမာရွတ် တစ်ခုကို ဖန်တီးမိသားဖြစ်သွားတယ်။ အော်.. အချစ် .. တတ်လဲ တတ်နိုင်ပါပေတယ်… အချစ်ဟာ နတ်ပြည်ကိုရောက်စေနိုင်သလို ငရဲပြည်ကို လည်းရောက်စေနိုင်တာပဲ၊ တိရစ္ဆာန်စိတ်တွေကို မွေးဖွားပေးနိုင်သလို လူပီသတဲ့စိတ်ကိုလည်းမွေးဖွားပေးနိုင် ပါတယ်၊ နေဒဏ် လေဒဏ်တွေကို ခံနိုင်တယ်။ မိုးဒဏ် အအေးဒဏ်တွေကို လည်းခံနိုင်တယ်၊တစ်ကယ်တော့ အချစ်ဟာ တန်ခိုးကြီးသလို ကြောက်စရာလည်း ကောင်းတယ်၊ နောက်ဆုံးနိဗ္ဗာန်ရောက်အောင် လည်းစွမ်းနိုင်တာပဲ အပါယ်ဘဝက မလွတ်အောင်လည်းစွမ်းနိုင်တာပဲ။ အချစ်၏စွမ်းအားများကို စာဖွဲ့နေရင်ကုန်းခမ်းနိုင်မည် မဟုတ်ပေ။

အချစ်ထောင် … လူလောက အကြီးမားဆုံးအရာဝတ္ထု အကျဉ်းဆောင် အပါယ်ဘုံဖြစ်လိုက် နတ်ပြည်ဖြစ်လိုက် ရူးချင်းစရာ ….နေပူပါစေ မိုးကျပါစေ ရတယ် မှောင်နေပါစေ လင်းလွန်းပါစေ ရီပါစေ ငိုပါစေ ပြုံးပါစေ မဲ့ပါစေ ဘာဖြစ်ဖြစ်ရနေပါတယ် အစဉ်အမြဲလည်းရပါစေမယ် အချစ်… အကျယ်ချုပ်လား အချစ် …တစ်ကယ်လုပ်မလား အချစ် ….. ကိုထီးသီချင်းလေးကိုညည်းမိတာပါ။ ဗုဒ္ဓအလောင်းအလျားဟာ တစ်ခုသောဘဝမှာ “ဆပက” လို့ခေါ်တဲ့ စဏ္ဍာလ တစ်ယောက်ဖြစ်ပါတယ်၊ တစ်နေ့ ဆပကရဲ့မိန်းမမှာ ကိုယ်ဝန်ရှိ လာတဲ့အခါ အာသာတစ်ခု ပြင်းပြင်းထန်းထန်းဖြစ်ပါတယ်။

ဘယ်လိုဖြစ်သလဲ ဆိုတော့ သရက်သီး စာချင်တဲ့ အာသာ ဖြစ်ပါတယ် သရက်သီး မစားရရင် သေလောက်အောင်ကိုဖြစ်တာ ဒါနဲ့ဘုရားအလောင်းဟာ မိန်းမကို ပြောတယ် ရှင်မ ဒီအချိန်က သရက်သီး သီးတဲ့အချိန်မဟုတ်ဘူး ပြောပြတယ်။ သရက်သီး တော်တော်ရှား တဲ့အချိန်ဖြစ်တဲ့ အကြောင်း ပြောပြပေမဲ့ မရဘူး သရက်သီးမှ မစားရရင် ကျမတော့ သေမှာပဲ ဟုသာပြောတဲ့အတွက် နောက်ဆုံးတော့ အလောင်းတော်လည်း ဘာမှမတတ်နိုင်တာနဲ့ ဘုရင့်သရက်ဥယျာဉ်ကတော့ အမြဲတမ်း နီးပါး သရက်သီးရှိတတ်တယ် လို့တွေးပြီး ဘုရင့်သရက်ဥယျာဉ်ဆီ သရက်သီး ခိုးဖို့ သွားပါတော့တယ် နေ့ဖက်ကြတော့ အစောင့်တွေများတဲ့အတွက် ညဘက် ကျမှခိုးမယ်ဆိုတဲ့အကြံနဲ့ သွားပုန်းအောင်နေပါတယ်။

အဲဒီအချိန်မှာမမျှော်လင့် ဘဲ ဘုရင်နဲ့ ပုဏ္ဏားတစ်ယောက် ရောက်လာတယ် အလောင်းတော် ပုန်းအောင်း နေတဲ့သရက်ပင်အောက်ရောက်လာပါလေရော အလောင်းတော်လည်း အသာ လေးငြိမ်နေပါတယ်။ အဲဖြစ်ချင်တော့ ဘုရင်က အမြင့်ကနေပြီးပညာသင်တယ် ပုဏ္ဏားက အောက်ကနေပြီး ပညာသင်ပေးတယ် ဒါကိုမြင်ရတဲ့ အလောင်းတော် ဘယ်လိုမှနေလို့မရတော့ဘူး သဘာဝမကြတာကိုမြင်ရတော့ အလောင်းတော် ဟာ မနေနိုင်ဘဲ သစ်ပင်ပေါ်ကနေ ခုန်းချပြီး ဘုရင်နဲ့ ပုဏ္ဏားကိုပြောတယ်။

အရှင်မင်းကြီးနဲ့ ပုဏ္ဏား နှစ်ယောက်လုံးဟာ သဘာဝမကျတဲ့ အပြုအမူ ကိုပြု ကျင့်ကြတယ်တစ်ကယ်တော့ ဆရာဆိုတာ မြင့်တဲ့နေရာမှာနေရမယ် တပည့်ဖြစ်သူက နိမ့်တဲ့နေရာမှာ နေရမှာဖြစ်တယ်။ ငါလည်း မထူးဘူး မိန်းမအတွက်နဲ့ သရက်သီးလာခိုးတာ ဖြစ်တဲ့ အတွက် တရားမဲ့တဲ့ အပြုအမူကို ကျူးလွန်တာပဲ- ဟုပြောလေသည်။ တစ်ကယ် တော့ ဒို့သုံးယောက်လုံးဟာ ဒီနေ့မဟုတ်တာ လုပ်နေကြတာပဲဟု ပြောကာ ပုဏ္ဏားနှင့် ဘုရင်နှစ်ယောက်လုံးကို တရားစကားဟောတော်မူတယ်။

အလောင်းတော်ဟာ ဘယ်ဘဝကို ရောက်ရောက် ဒီလိုမျိုးမတရားတာကို လက်ပိုက်ကြည့်မနေတတ်ပါဘူး မဟုတ်တာကို မဟုတ်ဘူးဟု ပြောရဲသလို ဟုတ်တာကို ဟုတ်သည်ဟု ဝန်ခံဖို့ဘယ်တော့မှ တုံ့ဆိုင်းမနေပေ။ မဟုတ်တာကို လုပ်မိရင်လည်း ဝန်ခံရဲတယ် ဒါဟာ အလောင်းတော်၏ ကြည်ညိုစရာ သတ္တိ ထူးခြားသည့် ဂုဏ်တော်ဖြစ်လေသည်။ ဒီဇာတ်လမ်း မှာအဓိက ပြောချင်တာက အချစ်အတွက်နဲ့ မိရင် အသတ် ခံရမှန်းသိသော်လည်း ဘုရင့်ဥယျာဉ်တော်ကို လာပြီးသရက်သီး လားခိုးရဲတဲ့ သတ္တိဟာ တော်ရုံ တန်ရုံ သတ္တိမဟုတ်တာတော့ ကျိန်းသေတယ်။

 အော်… အချစ်က သတ္တိကြီးလိုက်တာ အလောင်းတော်များတောင် မဟုတ်တာကို လုပ်ရဲအောင် စွမ်းနိုင်တယ်နော် ဒို့လို သူလို ကိုယ်လို ပုဂ္ဂိုလ်တွေကို အဘယ်မှာ မပြုလုပ်နိုင်စွမ်း ရှိတော့မှာလဲ၊ ဘာမှ သမာဓိ စွမ်းအားကလည်းမရှိ အသိဉာဏ် ပညာ ကလည်း ပွားမွှား ဆိုတော့ လုပ်ချင်တိုင်းလုပ်တော့မှာပေါ့။ အရှင် မဟာမောဂ္ဂလ္လာန် အလောင်းတော်ကျပြန်တော့လည်း မိန်းမစကား နားယောင်ပြီး အမေကိုတောင် သတ်ဖို့ကြိုးစားမိတယ်။ ဒါကြောင့်ပြောတာပေါ့ အချစ်က အပါယ်ဘုံဖြစ်လိုက် နတ်ပြည်ဖြစ်လိုက်လို့။

အချစ်ကပြုလုပ်တာ မဟုတ်ပေမယ့် ဒါတွေအားလုံးဟာ အချစ်ကို အကြောင်းပြု ပြီးပေါ်ပေါက်လာတာ ချည်းပဲ။ ယသောဓရာ ဒေဝီ မိဖုရားကျပြန်တော့ အလောင်းတော်အတွက် ပါရမီတွေ ကူညီဖြည့်ပေးလို့ အချစ်ကို အားအဖြစ်အသုံး ပြုနိုင်တဲ့အတွက် နောက်ဆုံးနိဗ္ဗာန်ရသည့် ဘဝတိုင်အောင် အချစ်က အကောင်း တွေချည်း ဖန်းဆင်းပေးသွားတယ်။ တစ်ကယ်တော့ အချစ်က ကောင်းတာ အားလုံးကိုဖန်းဆင်းပေးနိုင်သလို မကောင်းတာ အားလုံးကိုလည်း ဖန်ဆင်းပေးနိုင်တယ်ဆိုတာ သိရှိပြီးသကာလ မိမိတို့၏ အချစ်ကို နိဗ္ဗာန်ရောက်သည် အထိ အကောင်းဆုံးဖြစ်အောင် စွမ်းဆောင်နိုင် ကြပါစေဟု ဆန္ဒပြုရင်း ဒီနေ့ တင်ပြချက်ကို အဆုံးသတ်လိုက်ကြပါစို့ ။

ဒီဆောင်ပါးသည် မိမိ၏ သူငယ်ချင်းတစ်ယောက်ကို အဓိက စေတနာ ပိုပြီး ရေးမိခြင်းဖြစ်သော်လည်း တစ်ကယ်တမ်းတော့ အာလုံးအတွက်စေတနာ ထားမိသည်ဟု ဝန်ခံချင်ပါသည်။

ဦးဇင်းဦးဝါသဝ