Friday, September 20, 2013

ကတိရယ်...၊ ဂတိရယ်...၊ အဂတိရယ်...

9.19.3


နိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင် တော်လှန်ရေး (၆)နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်မြို့၌ စက်တင်ဘာ ၁၈ ရက်က ကျင်းပစဉ်

ကတိရယ်...၊ ဂတိရယ်...၊ အဂတိရယ်...

နိုင်ငံသားမှန်က နိုင်ငံရေးကို စိတ်ဝင်စားရမယ်။ ကိုယ့်နိုင်ငံရေး ကိုယ်သိရမယ်။ တတ်စွမ်းသမျှ ပါဝင်ထမ်းရွက်ရမယ်။ တကယ်တော့ နိုင်ငံရေးအလုပ်ဆိုတာ နိုင်ငံရေးသမားမှ လုပ်ရမယ့် အလုပ်မဟုတ်ဘူး။ နိုင်ငံသားတိုင်း လုပ်ရမယ့် အလုပ်ပဲ။ နိုင်ငံသားတိုင်း နိုင်ငံရေးလုပ်နိုင်မှ အဲဒီနိုင်ငံဟာ ကောင်းလာနိုင်မယ်၊ ပွင့်လင်းလူ့အဖွဲ့အစည်းလို့ ဆိုရာမှာ အဓိကအားဖြင့် နိုင်ငံသားတိုင်း နိုင်ငံရေး အသိအမြင် ပွင့်လင်းစေရမယ်။ နိုင်ငံရေးဆိုတာ နိုင်ငံသား တစ်ဦးချင်းစီရဲ့ သေရေးရှင်ရေးကိစ္စ သို့မဟုတ် ကိုယ်ရေးကိုယ်တာ ကိစ္စဆိုတာ သိနားလည်နိုင်တဲ့ နိုင်ငံရေး အသိဥာဏ်ရေချိန် မြင့်မားပွင့်လင်း လာအောင် လုပ်ပေးရမယ်။ နိုင်ငံသားတိုင်း နိုင်ငံရေးအသိအမြင် ပွင့်လင်းပြီး မိမိနိုင်ငံ မြင့်မားရေးအတွက် မိမိက တစ်တပ်တစ်အား ပါဝင်ထမ်းရွက်မှသာ မိမိနိုင်ငံ အဆင့်တစ်ခု မြင့်မြင့်မားမား ရှိပေလိမ့်မယ်။ ကိုယ်လဲတာ ကိုယ်ထူ၊ ကိုယ်ထူမှ ကိုယ်ထနိုင်လိမ့်မယ်။

အာဏာရှင် ခေတ်တစ်လျှောက် နိုင်ငံရေးကို နိုင်ငံသားတို့နဲ့ မဆိုင်အောင် ခြိမ်းခြောက်ခဲ့ကြလို့ နိုင်ငံသားတို့နဲ့ နိုင်ငံရေးက ခပ်စိမ်းစိမ်း ဖြစ်နေခဲ့တယ်။ နိုင်ငံရေးဆိုရင် ထောင်ဒဏ်လား၊ သေဒဏ်လား ထင်မှတ်မှားကာ ကြောက်ရွံ့နေခဲ့ကြတယ်။ နိုင်ငံရေးကို စိတ်မ၀င်စားပါ ဆိုသူများလည်း ခပ်များများ ပေါ်ထွက်လာခဲ့တယ်။ အမှန်က နိုင်ငံရေးကို စိတ်မ၀င်စားပါ ဆိုတဲ့သူဟာ ကိုယ်ကျိုးသမား ဆန္ဒာဂတိ၊ အကြောက်ကြီးသူ ဘယာဂတိ၊ နိုင်ငံရေးကို မသိနားမလည်သူ မောဟာဂတိ စတဲ့ အဂတိတရားများ သင့်ရောက်မှန်းမသိ သင့်ရောက်နေသူများသာ ဖြစ်တယ်။

အရင်စစ်အစိုးရက စက်သေနတ်နဲ့ အုပ်ချုပ်တယ်။ အခုအစိုးရကတော့ လေသေနတ်နဲ့ အုပ်ချုပ်တယ်။ တစ်ယောက်သောသူက လက်ရှိအစိုးရအပေါ် ဘယ်လိုမြင်ပါသလဲ မေးလို့ အဲဒီလိုဖြေလိုက်တယ်။ သမ္မတကြီး လစဉ်မိန့်ခွန်းတွေ ပြောနေတာတွေ၊ လယ်တောအိမ်မှာ ပါတီအဖွဲ့ငယ်တွေနဲ့ တွေ့လိုက်။ ၈၈ အဖွဲ့နဲ့ တွေ့လိုက်ဆိုတာတွေ တွေ့ရတော့ ၁၉၈၈ တုန်းက ကျောင်းသားသမဂ္ဂ အဆောက်အအုံကြီးကို ပျော်ပျော်ပါးပါး အုတ်မြစ်ချကြတာပေါ့ဆိုတဲ့ သမ္မတ ဒေါက်တာမောင်မောင်ရဲ့ လေသံကို သွားသတိရ ကြားယောင်မိတယ်။

အရင်စစ်အစိုးရနဲ့ အခုအစိုးရ ထူးခြားတာက အရင်စစ်အစိုးရက နည်းဗျူဟာအရ ဒါနဥပါယ်၊ ဒဏ္ဍဥပါယ်၊ ဘေဒဥပါယ်သုံးပါးကို ပုဂ္ဂိုလ်ကြည့်ပြီး လိုသလို လှည့်သုံးတယ်။ ပျော့ညံ့တဲ့သူကို အခွင့်အရေး တစ်ခုခုပေးပြီး ငြိမ်အောင်လုပ်တယ်။ ပြင်းထန်တဲ့သူကို ဒဏ်ခတ်တယ်၊ ထောင်သွင်းနှိပ်စက်တယ်၊ နှစ်ရှည်ထောင်ချတယ်၊ အချို့ကို သွေးခွဲသပ်လျိုတယ်၊ သာမဥပါယ်ကို လုံးဝမသုံးဘူး။ ဒါကြောင့် သူတို့မအောင်မြင်ဘူး။ အခု အစိုးရကတော့ သာမဥပါယ်ကို အလေးထား သုံးစွဲလာတယ်။ ဒါကြောင့် အနောက်ကမ္ဘာက အသိအမှတ်ပြု လက်ခံလာတယ်။ အနောက်ကမ္ဘာမှာ ၀င်ဆံ့လာတယ်။ ဘာပဲဖြစ်ဖြစ် ပြည်သူအတွက် လက်ရှိအကျိုးဖြစ်တာ မဖြစ်တာထားလိုက်၊ ဒီသာမဥပါယ်ကြောင့် သူတို့လမ်းကြောင်းကတော့ ဖြောင့်သင့်သလောက် ဖြောင့်သွားတာအမှန်ပဲ၊ သူတို့အတွက် ပြောတာနော်၊ တိုင်းပြည်အတွက် ပြောတာမဟုတ်ဘူး။ အခြေခံပြည်သူ အများစုကတော့ ကြာလေ မချောင်လေပဲ၊ ကြာလေ ကျပ်သထက် ကျပ်လေပဲ၊ ဒါသစ္စာတရား။ ရပ်ကွက်တွေထဲဝင်ကြည့်၊ အခြေခံ လူတန်းစားတွေထဲ သွားကြည့် သိရလိမ့်မယ်။ ဘာတွေ မှားနေတာလဲ၊ ဘယ်သူတွေ မှားနေတာလဲ၊ ပြည်သူအပေါ် တကယ်စေတနာရှိရင် အုပ်ချုပ်သူ အကြီးအကဲတို့ အဖြေရအောင်ရှာကြ၊ သိပါလျက်နဲ့ မသိချင်ယောင် ဆောင်နေကြတာလား၊ ဒါကတော့ မသိ။

ဆရာတစ်ဦးက လက်ရှိနိုင်ငံရေးကို နားဝေတိမ်တောင် နိုင်ငံရေးကို ကင်ပွန်းတပ်တယ်။ မှန်လိုက်လေ၊ ဟိုလိုလို ဒီလိုလို ယောင်ခြောက်ဆယ် နိုင်ငံရေးပဲ၊ သာမဥပါယ်ဆိုတာ ပြေပြေပြစ်ပြစ် ပြေပြေလည်လည် လုပ်ဆောင်ခြင်း နည်းလမ်းလို့ အဓိပ္ပာယ်ရတယ်။ ပြေပြေပြစ်ပြစ် ကောင်းပါတယ်။ ပြေပြေလည်လည် ကောင်းပါတယ်။ ဒါပေမဲ့ အတိုက်အခံကောင်း မရှိဘဲနဲ့ အစိုးရကောင်း ဆိုတာ မရနိုင်ဘူး။ အခုလက်ရှိ မြန်မာ့နိုင်ငံရေးက အတိုက်အခံ အသံက ပျောက်သလောက် ဖြစ်နေတယ်။ အတိုက်အခံက အတိုက်အခံ တာဝန်ကို အကြောင်းကြောင်းကြောင့် မယူဘဲနေက ဒီတာဝန်ကို ဘယ်သူယူမလဲ စဉ်းစားလိုက်တော့ ဥစ္စာရင်လို ဥစ္စာရင်ခဲ၊ အတိုက်အခံ တာဝန်ကို ပြည်သူကပဲ ယူရတော့မယ်။ ဒီအတွက် ပြည်သူက နိုင်ငံရေး အသိအမြင် ပွင့်လင်းဖို့ လိုလိမ့်မယ်။ ပြည်သူက ကိုယ့်အခွင့်အရေး ကိုယ်သိရမယ်။ အကြောက်တရားကို နောက်ထားလို့ ပြောစရာရှိပြော၊ ဆိုစရာရှိဆို ပြောရဲဆိုရဲရမယ်။ ဒါပေမဲ့ ပြည်သူအများစုဟာ မိမိအသက် ဆက်လက် ရှင်သန်နိုင်ရေး အတွက် ဆင်းရဲငြိုငြင်စွာ ရုန်းကန်ရတော့ အတိုက်အခံ လုပ်ဖို့လည်း အချိန်မရပါဘူး။ ဒီတော့ အတိုက်အခံ တာဝန်ဟာ ပြည်သူကိုယ်စားပြုတဲ့ စတုတ္ထမဏ္ဍိုင်ဆိုတဲ့ မီဒီယာအပေါ်မှာ တာဝန်ကျလာတယ်။ ခရိုနီမီဒီယာတွေက အတိုက်အခံ မလုပ်ပေမဲ့ ပြည်သူ့မီဒီယာကတော့ အတိုက်အခံ လုပ်ရလိမ့်မယ်။ အစိုးရကောင်း ရဖို့အတွက် သတင်းစာ အယ်ဒီတာကောင်းကောင်း လိုတယ်လို့ ဂျာနယ်ကျော် ဦးချစ်မောင်က ဆိုခဲ့တယ်။

နိုင်ငံရေး တတ်သိနားလည်သူ၊ နိုင်ငံရေး စိတ်ထက်သန်သူတို့က လက်ရှိနိုင်ငံရေးကို အားမလို အားမရ ဖြစ်နေကြတယ်။ ပြောရိုး ပြောစဉ်မို့သာ အားမလို အားမရလို့ ပြောရတာ တကယ်တော့ အားလိုပါလျက် အားမရဖြစ်နေတာ၊ တကယ့်နိုင်ငံရေး အင်အားစုဘက်မှာ အားက မရှိဘူး ဖြစ်နေတယ်၊ ဆရာတို့ ပြောသလို နှစ်နှစ်ဆယ်လောက် နိုင်ငံရေးသင်း သတ်ခံရတာလည်း ပါတာပေါ့၊ ပြေပြေပြစ်ပြစ်၊ ပျော့ပျော့ပျောင်းပျောင်း ဆိုတာ ကောင်းပါတယ်။ ဒါပေမဲ့ ပျော့ပျော့လေးနဲ့ အ၀ှာပြုတဲ့ ---ဟို ဟာလို ဖြစ်မှာလဲ စိုးရတယ်။



တိုင်းပြည်အတွက် လားရာဂတိ ကောင်းဖို့ဆိုရင် အစိုးရအဖွဲ့ဟာ ဂတိတည်ဖို့ လိုသလို (တိုင်းပြည်နဲ့ ပြည်သူလူထုအပေါ် သစ္စာစောင့်သိဖို့လို) အဂတိတရား ကင်းရှင်းဖို့ လိုပါလိမ့်မယ်။ လုံးဝကင်းစင်ဖို့ မဖြစ်နိုင်ဘူးဆိုရင် အဂတိတရားတွေ အတတ်နိုင်ဆုံး လျှော့ချဖို့ ကင်းရှင်းဖို့ လိုပေလိမ့်မယ်။ ကတိတည်မှ ဂတိတည်၊ ဂတိကောင်းပါလိမ့်မယ်။ အဂတိတရား ကင်းရှင်းမှ ဂတိ ကောင်းပါလိမ့်မယ်...



လက်ရှိ အနေအထားက မရေရာသော ဘ၀မို့ အားငယ်သည် ဆိုရမလား၊ အမှောင်လမ်းမှာ စမ်းတ၀ါးဝါးလို့ ပြောရမလား၊ေ၀၀ါးနေသော မနက်ဖြန်များလားလို့ အောက်မေ့ရမလား၊ နိုင်ငံရေး ဂတိကတော့ ဘာမှ မရေရာ မသေချာပါဘူး။ ၂၀၁၅ ရွေးကောက်ပွဲတောင် စိတ်မချရသလို ဘာသာရေးနဲ့ အမျိုးသားရေးကို မှိုင်းတိုက်သူတို့ကြောင့် ၂၀၁၄ ကိုလည်း ဘာမှမယုံစားရဲဘူး ဖြစ်နေတယ်။ ပြည်သူတွေမှာ အနာဂတ် ပျောက်နေတယ်။ ဂတိတည်ဖို့ဆိုရင် ကတိတည်ရ ပါလိမ့်မယ်။ ဂတိမြဲဖို့ဆိုရင် ကတိမြဲရ ပါလိမ့်မယ်။ ဂတိဆိုတာ လားရာပဲ၊ ဗုဒ္ဓဘာသာဝင် တစ်ယောက်အဖို့ အရေးအကြီးဆုံးက ဂတိမြဲဖို့၊ လားရောက်ရာ ဘ၀ကောင်းဖို့ပဲ၊ သို့မဟုတ် အပါယ်တံခါး ပိတ်သွားဖို့ပဲ၊ လိုအပ်တာက ဂတိမြဲဖို့ အတွက်ဆိုရင် ကတိမြဲဖို့ ကတိတည်ဖို့ လိုအပ်သလို အဂတိကင်းရှင်းဖို့လည်း လိုပါတယ်။

မင်းမှာသစ္စာ လူမှာကတိ ဆိုရာမှာ မင်းလည်းလူပဲဆိုတော့ ကတိဆိုတာ သစ္စာတရားပဲ၊ အရကောက် အတူတူပါပဲ။ ကတိသစ္စာ တည်သောအခါဝယ် သြဇာလေးနက် ပေါ်ဆီတက်၍ နွယ်မြက်သစ်ပင် ဆေးဖက်ဝင်၏ လို့ဆိုရာမှာ ကတိနဲ့သစ္စာ ထပ်တူအရတူ ဆိုထားပါတယ်။ ဒီလင်္ကာမှာ အဓိကညွှန်း လိုတာက တိုင်းပြည်အုပ်ချုပ် မင်းလုပ်သူ အစိုးရများကို ညွှန်းဆိုတာပါ။ တိုင်းပြည် အကြီးအကဲတွေ ကတိသစ္စာ မရှိခဲ့ကြရင် မြေဆီမြေလွှာဟာ အောက်ထဲကို ခုနစ်တောင် (၁၀ပေခွဲ လောက်) ဆုတ်နစ်ကျဆင်း သွားပါသတဲ့၊ ထိုအဆီသြဇာ မရှိတဲ့ အသီးအရွက်တွေ စားရတော့ စားသုံးသူလူထုမှာ ရောဂါဘယ ထူပြောရပါသတဲ့၊ ဒါဇာတ်အဋ္ဌကထာမှာ ဖွင့်ထားတာပါ။ မိမိတို့တိုင်းပြည် ကင်ဆာဆိုလည်း ထိပ်က၊ ဟိုရောဂါ ဒီရောဂါ၊ ရောဂါဆိုး တော်တော်များများ ထိပ်ကဆိုတော့ ဘာကြောင့်လဲ ဆိုတာ တွေးချင်စရာပါ၊ နှစ်ပေါင်းငါးဆယ်လောက် ခေတ်အဆက်ဆက်မှာ အုပ်စိုးသူတို့က တိုင်းပြည်အပေါ် သစ္စာဖောက်ခဲ့ ကြသလို ပြည်သူလူထု အပေါ်မှာလည်း သစ္စာမဲ့ခဲ့ ကြလေတော့ . . .။

အစိုးရ၀န်ကြီးတွေ ကတိမတည်လို့၊ အကြီးအကဲတွေ ကတိမတည်လို့ ပူညံပူညံ အသံတွေ ဂျာနယ်တွေ ဖတ်ရတယ်။ တိုင်းပြည်ရဲ့ ရှေ့အနာဂတ်လားရာ ဂတိတွေက အစိုးရအဖွဲ့ရဲ့ ကတိသစ္စာပေါ်မှာပဲ တည်နေပါတယ်။ အစိုးရအဖွဲ့ဟာ တိုင်းပြည်အပေါ် ဘယ်လောက် သစ္စာစောင့်သိ ကြသလဲ၊ ပြည်သူအပေါ် ဘယ်လောက် စေတနာရှိကြသလဲ၊ တာဝန်နဲ့ ၀တ္တရားအပေါ် ဘယ်လောက် အလေးထားကြသလဲ၊ တိုင်းပြည်ရဲ့ အရွေ့က ဒီအပေါ်မှာပဲ အဓိက တည်နေပါတယ်။

နောက်တစ်ချက် ဂတိနဲ့ အဂတိ၊ တိုင်းပြည်ရဲ့ အရွေ့လားရာ ဂတိဟာ အစိုးရအဖွဲ့ရဲ့ အဂတိတရား ကင်းရှင်းမှု၊ အဂတိတရား လိုက်စားမှုနဲ့ တိုက်ရိုက် အချိုးညီနေပါတယ်။ လက်ရှိ မြန်မာနိုင်ငံဟာ ကမ္ဘာမှာ အဂတိတရား အလိုက်စားဆုံး နိုင်ငံတွေထဲမှာ အဆင့်ငါးမှာ ရှိပါတယ်။ အဲဒီလောက် အခြေအနေ ဆိုးပါတယ်။ အဂတိတရားဆိုတာ လောဘဒေါသ မောဟတွေက လာတယ်။ အာဏာ မက်မောမှုကြောင့်ဖြစ်စေ၊ ဥစ္စာမက်မော မှုကြောင့်ဖြစ်စေ၊ သူ့ဆန်စားရဲမှ ဆိုသလို သူ့ထံက တံစိုးလက်ဆောင် ယူထားမှုကြောင့်ဖြစ်စေ၊ သံယောဇဉ်မကင်း၊ ကျေးဇူးမကင်း မှုကြောင့်ဖြစ်စေ မလုပ်သင့် မလုပ်ထိုက် တာကိုလုပ်ရင် ဆန္ဒာဂတိ၊ ဒေါသကြောင့် အမုန်းအာဃာတကြောင့် မလုပ်သင့် မလုပ်ထိုက်တာကို လုပ်ရင် ဒေါသာဂတိ၊ မသိနားမလည်မှုကြောင့် မလုပ်သင့် မလုပ်ထိုက်တာကို လုပ်ရင် မောဟဂတိ စေတနာ အမှားဆိုတာဟာ မောဟာဂတိပဲ။ ရာထူး အာဏာဥစ္စာ အခွင့်အရေး စသည်တစ်ခုခု မိမိလက်လွှတ် ဆုံးရှုံးရမှာ ကြောက်လို့ သို့မဟုတ် မိမိက လက်လွန်ခြေလွန် တစ်ခုခု ကျူးလွန်ထားပြီး မိမိအလှည့်ရောက် ပြန်ခံရမှာကို ကြောက်လို့ မလုပ်သင့် မလုပ်ထိုက်တာကို လုပ်ရင် ဘယာဂတိ၊ ကြောက်တယ်ဆိုတာ ဆုတ်နစ်တဲ့ဒေါသပဲ၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံဆိုတာ တကယ်တော့ အဂတိလေးပါးကို အခြေခံ ရေးဆွဲထားတာပဲ။

အာဏာနဲ့ ဥစ္စာဟာ အတော်ကြောက်ဖို့ ကောင်းတယ်။ ဒီနှစ်ခုနဲ့ ပတ်သက်လာရင် သာမန်လူတွေဟာ ဖောက်ပြန်ပျက်စီး ကြတာပဲ။ ဂတိမြဲမှပဲ အဂတိက ကင်းရှင်းတာ ဆိုတော့ ဂတိမမြဲသေးရင် အဂတိမကင်းရှင်း၊ အဂတိမရှင်းသေးရင် ဂတိမမြဲ၊ သူတို့နှစ်ခုက အဲဒီလို အပြန်အလှန် ဖြစ်နေတယ်။ ဂတိမြဲဖို့ သီလမြဲဖို့တော့ လိုလိမ့်မယ်။ ငါးပါးသီလကိုသာ လုံခြုံအောင် ထိန်းနိုင်ရင် ဂတိက မြဲပါတယ်။ အဲဒီတော့ တိုင်းပြည်ရဲ့အရွေ့ လားရာဂတိဟာ အစိုးရအဖွဲ့ ငါးပါးသီလ လုံမလုံဆိုတဲ့ အပေါ်မှာ တည်နေတယ်။

အာဏာရှင် အစိုးရတွေ အုပ်ချုပ်တိုင်းမှာ ခရိုနီခေတ်ပျက် သူဌေးတွေ ပေါ်စမြဲပဲ။ တိုင်းပြည် အကူးအပြောင်း ကာလတိုင်းမှာ ခရိုနီ ခေတ်ပျက် သူဌေးတွေ ပေါ်စမြဲ။ အဲဒီခရိုနီ တချို့ဟာ လွှတ်တော်ထဲမှာလည်း ရှိနေတယ်။ အစိုးရအဖွဲ့ ထဲမှာလည်း ပါနေတယ်။ ဒါဟာ တိုင်းပြည်အတွက် လုံးဝမကောင်းဘူး။ ပြင်ပတခြား အရေးကြီး အဖွဲ့အစည်းတွေမှာလည်း သူတို့ပဲ ကြီးစိုးထားကြတယ်။ ဒါဟာလည်း တိုင်းပြည်အတွက် လုံးဝမကောင်းဘူး၊

ခရိုနီဆိုတဲ့ ပုဂ္ဂိုလ်တွေဟာ တိုင်းပြည်အတွက် လုံးဝမကြည့်၊ သူတို့ကိုယ်ကျိုးသာ ကြည့်လို့ ဒီလောက်ပိုင်ဆိုင်မှုတွေ များနေကြတာပဲ။ ခရိုနီနဲ့ လွှတ်တော်၊ ခရိုနီနဲ့ အစိုးရ ပူးတွဲပူးတွဲ လုပ်နေတာဟာ တိုင်းပြည်အတွက် လုံးဝ အနုတ်လက္ခဏာပဲ၊ ဒီအထဲမှာ မမြင်နိုင်တဲ့ အဂတိတရားတွေ ကြီးမားစွာ ရှိနေတယ်။ ဒီခရိုနီတွေ ပေါ်လာတယ် ဆိုတာကကို အစိုးရအဖွဲ့ရဲ့ အဂတိတရားကြောင့် ပေါ်လာရတာပဲ၊ ခရိုနီတွေ ဓနအင်အား ကြီးမားသလောက် အစိုးရအဖွဲ့ အဂတိတရား ကြီးမားတာကို တွက်ဆနိုင်တယ်။ ခရိုနီတွေရဲ့ အခွန်ရှောင်တိမ်းမှုတွေ၊ နှစ်ရှည် အခွန်ကင်းလွတ်မှုတွေ၊ နိုင်ငံတော်ပိုင် ပစ္စည်းသယံဇာတတွေကို ပေါချောင်ကောင်းနဲ့ ပိုင်ဆိုင်ခွင့် ထုတ်ယူရောင်းချခွင့် ရတာတွေ၊ ငွေမည်းငွေဖြူ ခ၀ါချမှုတွေ၊ ပစ္စည်းမှောင်ခို တင်သွင်းမှုတွေ၊ အာဏာပိုင်တို့နဲ့ ခရိုနီတွေက မြေယာတွေကို မတရားသိမ်းပိုက် ရယူထားတဲ့ ကိစ္စတွေ၊ ယခုနာမည်ကြီးနေတဲ့ ပြည်ပဘဏ်က ဒေါ်လာ ၁၁ ဘီလျံ ကိစ္စတွေဟာ သက်ဆိုင်ရာ အာဏာပိုင်တို့ရဲ့ အဂတိတရားတွေရဲ့ ပြယုဂ်တွေပဲ။

ဒီတော့ တိုင်းပြည်အတွက် လားရာဂတိ ကောင်းဖို့ဆိုရင် အစိုးရအဖွဲ့ဟာ ဂတိတည်ဖို့ လိုသလို (တိုင်းပြည်နဲ့ ပြည်သူလူထုအပေါ် သစ္စာစောင့်သိဖို့လို) အဂတိတရား ကင်းရှင်းဖို့ လိုပါလိမ့်မယ်။ လုံးဝကင်းစင်ဖို့ မဖြစ်နိုင်ဘူးဆိုရင် အဂတိတရားတွေ အတတ်နိုင်ဆုံး လျှော့ချဖို့ ကင်းရှင်းဖို့ လိုပေလိမ့်မယ်။ ကတိတည်မှ ဂတိတည်၊ ဂတိကောင်းပါလိမ့်မယ်။ အဂတိတရား ကင်းရှင်းမှ ဂတိ ကောင်းပါလိမ့်မယ်။

Written by အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်)