Tuesday, September 3, 2013

ချစ်ခြင်းယိုင်

ချစ်ခြင်းယိုင်


လှတဲ့အကြောင်းတွေ လှတာတွေကို အများကြီးပြောတတ်တယ်၊ ဒါပေမယ့် လှတယ်ဆိုတာ ဘာလဲလို့ မေးလာတဲ့အခါ ချက်ချင်းအဖြေပေးဖို့ ခက်နေတတ်တယ်။ လှတယ်ဆိုတာ ဘာလဲဆိုတဲ့ ဖွင့်ဆိုချက် Definition ပေးဖို့ ခက်တယ်။

တချို့ကတော့ "လှတယ်" ဆိုတာ အကျိုးပြုနိုင်မှု စွမ်းရည်တစ်မျိုးမျိုး ရှိခြင်းဖြစ်တယ်လို့ ဖွင့်ဆိုကြတယ်။ အလှဆိုသည်မှာ အကျိုးပြုနိုင်စွမ်းရည် ရှိခြင်းလို့ ဖွင့်ဆိုတဲ့သဘောပေါ့။

ဥပမာ... အမျိုးသမီးတစ်ဦးရဲ့ မျက်တောင်ဟာ ရှည်ပြီးကော့နေရင် ဒီမျက်တောင် ကော့ကော့ကလေးကို လှတယ်လို့ မြင်တယ်။ ဘာကြောင့် လှတာလဲဆိုရင် မျက်တောင်တိုတိုထက် ရှည်ရှည်ကော့ကော့ကလေးဟာ "မျက်စိ" ကို ဖုံ၊ အမှိုက် စသည့် အန္တရာယ်တို့မှ ကာကွယ်ပေးနိုင်စွမ်းမှု ရှိလို့တဲ့။ ဒီလို ကာကွယ်မှု ပေးနိုင်စွမ်းတာ၊ မျက်လုံးကို အကျိုးပြုနိုင်မှု စွမ်းရည်ရှိတာဟာပဲ "အလှ" တဲ့။

ယောက်ျားမှာ ကျန်းမာသန်စွမ်းခြင်း၊ ယောက်ျားပီသခြင်းအဖြစ်နဲ့ ကြွက်သားဖွဲ့စည်းမှု ပေါ်ပေါ်လွင်လွင် ရှိတယ်။ ယောက်ျားပီသခြင်းဟာ "အလှ" ဖြစ်နေတယ်။ ဘာလို့လှတာလဲဆိုတော့ အဲဒီယောက်ျားရဲ့ ကျန်းမာသန်စွမ်းခြင်းဟာ အလုပ်ကောင်းစွာ လုပ်နိုင်ခြင်း၊ အန္တရာယ်တွေကို ခုခံတိုက်ခိုက်နိုင်ခြင်းဟာ အကျိုးပြုတဲ့ အစွမ်းသတ္တိ ရှိလို့ပဲတဲ့။ မိန်းမမှာတော့ ယောက်ျားလို ကြွက်သားဖွဲ့စည်းမှု မပေါ်လွင်ဘူး။ သူ့ခန္ဓာမှာ ဖုံးလွှမ်းထားတဲ့ အဆီပြင်တစ်မျိုး ရှိနေလို့ မိန်းကလေးဟာ အသားအရေ စိုးပြေပျော့ပျောင်း နူးညံ့နေတယ်။ ဒီအဆီပြင်ဟာ အစာရေစာ ပြတ်လပ်တဲ့အခါမှာ မိမိကိုယ်ထဲမှာ ကိုယ်ဝန်ဆောင်ထားတဲ့ သား၊ သမီးအတွက်တော့ အသက်ဆက်ရှင်နေနိုင်အောင် ဖန်တီးပေးနိုင်စွမ်း ရှိတယ်တဲ့။ 

ဒီလို အကျိုးပြုနိုင်စွမ်းတဲ့ အစွမ်းရှိလို့ အမျိုးသမီးရဲ့ အသားအရေ နူးညံ့ပျော့ပျောင်း စိုပြည်လန်းဆန်းခြင်းကို "လှတယ်" လို့ မြင်လာတာတဲ့။ ဒီနည်းအတူပဲ အမျိုးသမီးရဲ့ ရင်သား ပြည့်ဝဖွံ့ဖြိုးခြင်းဟာ သားသမီးငယ် အသက်ရှင်ဖို့အတွက် နို့ချိုတိုက်ကျွေးနိုင်ခြင်းဆိုတဲ့ အကျိုးပြုမှုရှိတယ်။ အမျိုးသမီးရဲ့ တင်ပါး အချိုးတကျ ပြည့်ဖြိုးကျယ်ပြန့်ခြင်းဟာ သားသမီးကို ကောင်းစွာ ကိုယ်ဝန်ဆောင်နိုင်ခြင်းဆိုတဲ့ အကျိုးတရားရှိတယ်။ အကျိုးပြုနိုင်မှု ရှိတယ်။ ဒီလို အကျိုးပြုနိုင်မှုအစွမ်း ရှိနေလို့ ပြည့်ဖြိုးကျယ်ပြန့်တဲ့ တင်ပါးကို လှပတယ်လို့ မြင်လာတာတဲ့။

ဒါကြောင့် အလှဆိုသည်မှာ အကျိုးတစ်စုံတစ်ရာ ပြုနိုင်စွမ်းခြင်း သို့မဟုတ် အလှဆိုသည်မှာ အသုံးဝင်ခြင်း ဖြစ်တယ်လို့ ဖွင့်ဆိုကြတာ ဖြစ်လိမ့်မယ်။

ချစ်တယ်ဆိုတာဟာ အဲဒီ လှတာကို ရယူချင်၊ ပိုင်ဆိုင်ချင်တာ ဖြစ်ပါလိမ့်မယ်။ ပိုပိုလှတာတွေ့တော့ ပိုပိုချစ်သွားတာတွေ ရှိမှာပေါ့။ ငါးစိမ်းမြင်တော့ ငါးကင်ပစ် ဆိုတာမျိုးတွေလည်း ရှိမှာပေါ့။ ဒါဖြင့် ချစ်ခြင်းမှာ ပိုလှတာကို ပိုချစ်တဲ့ သဘောရှိနေတော့ "မေတ္တာ" နဲ့ ခြားနားနေတယ်၊ မေတ္တာမှာက "ပို" သွားတယ်။ "လျော့" သွားတယ်ဆိုတာ မရှိဘူး။

ဗုဒ္ဓစာပေတွေမှာ ဂေါတမမြတ်စွာဘုရားက အင်မတန် လှပတင့်တယ်တဲ့ ဇနပဒကလျာဏီနဲ့ လက်ထပ်တော့မယ့် ညီတော် နန္ဒမင်းသားကို ခေါ်ထုတ်သွားတဲ့အကြောင်း ဖော်ပြထားပါတယ်။ အဲဒီလို ခေါ်သွားလို့ လမ်းတစ်နေရာမှာ မျောက်အိုမကြီး တစ်ကောင်ကို တွေ့တော့ ဂေါတမမြတ်စွာဘုရားက နန္ဒကို "အဲဒီ မျောက်အိုမကြီးနဲ့ ဇနပဒကလျာဏီ ဘယ်သူက ပိုလှသလဲ" လို့ မေးတယ်။ 

ညီတော်နန္ဒ စိတ်ဆိုးလိုက်မယ့်ဖြစ်ခြင်း၊ တွေးကြည့်လို့ ရပါတယ်။ အင်မတန်လှတဲ့ သူ့ဇနပဒကလျာဏီနဲ့ ဒီမျောက်အိုမကိုများ နှိုင်းပြီး မေးရသလားလို့ပေါ့။ ဒေါသတွေ ဖြစ်မှာပဲ။ ဒါနဲ့ ဂေါတမမြတ်စွာဘုရားက ညီတော်ကို နတ်ပြည်ခေါ်သွားပြီး နတ်သမီးကလေးတွေနဲ့ တွေ့ပေးလိုက်တယ်။ နတ်သမီးဆိုတော့ သိပ်ချောသိပ်လှနေမှာပေါ့။ ဂေါတမမြတ်စွာဘုရားကို ညီတော်က "ဒီနတ်သမီးတွေနဲ့ နှိုင်းစာရင် ဇနပဒကလျာဏီဟာ မျောက်အိုမကြီးလိုပါပဲဘုရား" လို့ ဖြေတယ်တဲ့။ ပြောရက်တယ်၊ ဇနပဒကလျာဏီဟာ မျောက်အိုမကြီးလိုပါပဲတဲ့။

ချစ်ခြင်းဆိုတာ .... ဒီလိုပါပဲ... ဘက်လိုက်တတ်တယ်၊ အလှသာတဲ့ဘက်ကို အလေးသာ ပေးလိုက်တယ်။ ဘက်လိုက်တယ်။ ချစ်ခြင်းဟာ မတည်ငြိမ်ဘူး။ ပို၍ ပို၍ လှတာနဲ့တွေ့ရင် ပို၍ ပို၍ ချစ်ချစ်သွားတယ်။ ချစ်ခြင်းဟာ မခိုင်ခံ့ဘူး။ ယိမ်းယိုင်တယ်။ သစ္စာမဲ့တယ်။ ကတိဖျက်တယ်။ မိန်းမက မလှတော့ဘူးဆိုရင် ယောက်ျားက မြတ်နိုးမှုတွေ လျော့လာတယ်။ ယုယုယယ ကြင်ကြင်နာနာတွေ မရှိဘူးဖြစ်လာတယ်။ ဆူဆူပူပူတွေ လုပ်လာတယ်။ အော်လား၊ ဟစ်လား၊ ဟိန်းလား၊ ဟောက်လားတွေ လုပ်တယ်။ အလျင်ကလို မချစ်တော့လို့ တစ်ဖက်သူကလည်း စိတ်ဆင်းရဲတယ်။ ဟုတ်တယ်၊ အချစ်ဆိုတာ ပြောင်းလဲဖောက်ပြန်တတ်တဲ့ သဘောရှိတယ်။

မေတ္တာကတော့ ယိမ်းယိုင်ဖောက်ပြန်ခြင်း မရှိဘူးတဲ့ဗျ။

ဇာတ်တော်တစ်နေရာမှာ သိပ်ကိုလှပတဲ့ အမျိုးသမီးငယ်ကို လက်ဆောင်ပဏ္ဏာတွေနဲ့ ချစ်ရေးဆိုလာသူရဲ့ ပြုမူပုံကို ဖော်ပြထားတာ ရှိတယ်။ အဲဒီ ချစ်ရေးလာဆိုသူက ပထမအခေါက်မှာ အမျိုးသမီးအတွက် လက်ဆောင်ပဏ္ဏာကို ရွှေလင်ပန်းနဲ့ ထည့်လာတယ်။ အမျိုးသမီးက ငြင်းဆိုလိုက်တယ်။ နောက်တစ်ခေါက် လာပြန်တယ်။ ဒီအခေါက်မှာ လက်ဆောင်ပဏ္ဏာတွေကို ငွေလင်ပန်းနဲ့ ထည့်ယူလာတယ်။ ဒီအခေါက်မှာလည်း အမျိုးသမီးက သူ့ကမ်းလှမ်းချက်ကို ငြင်းပြန်တယ်။ နောက်ဆုံးတစ်ခေါက် လာပြန်တယ်။ ဒီအခေါက်မှာတော့ သူက လက်ဆောင်ပဏ္ဏာတွေကို ကြေးလင်ပန်းနဲ့ ထည့်လာတယ်။

တစ်ခေါက်ထက် တစ်ခေါက် လက်ဆောင်ထည့်ယူလာပုံက ရွှေလင်ပန်းမှ ကြေးလင်ပန်းအဆင့်ကို ဆင်းသွားတယ်။ လက်ဆောင်ယူလာပုံ ညံ့ညံ့လာတာကို အမျိုးသမီးက သိတယ်။ ဒါကို အမျိုးသမီးက နောက်ဆုံးအခေါက်မှာ "ရှင်... ကျွန်မသိက္ခာကို စော်ကားတာလား၊ ဘယ်လိုလဲ" စသည်ဖြင့်ပေါ့ စိတ်ဆိုးပြီး မေးတော့၊ လက်ဆောင်ယူလာသူက သိက္ခာကို စော်ကားခြင်း မဟုတ်ရပါကြောင်း၊ ထိုက်တန်ရာကိုသာ ယူလာခြင်း ဖြစ်တဲ့အကြောင်း၊ အလှဆိုသည်မှာ တစ်နေ့ပြီးတစ်နေ့ ပိုပိုပြီး လှလှသွားတာ မဟုတ်ဘဲ၊ အလှဆိုတာ တစ်နေ့ပြီးတစ်နေ့ လျော့လျော့သွားတဲ့ သဘောသာ ရှိတဲ့အကြောင်း ဒါကြောင့် သူကလည်း လက်ဆောင်တန်ကြေးကို လျော့လျော့ယူခဲ့ခြင်းသာ  ဖြစ်ပါကြောင်း ပြန်ပြောတယ်တဲ့ဗျ။

ဟုတ်မှာပေါ့ဗျာ။ "အလှ" လျော့ရင် တန်ဖိုးလည်း ကျကျသွားတယ်၊ ချစ်ခြင်းကလည်း ယိုင်ယိုင်သွားတတ်တဲ့ သဘောရှိလိမ့်မယ်။ ရင့်ရော်ဟောင်းနွမ်း သွားတတ်တဲ့ သဘောရှိလိမ့်မယ်။ မေတ္တာရဲ့ သဘောကတော့ ယိမ်းတာယိုင်တာ မရှိဘူး၊ ဖောက်ပြန်သွားတာ မရှိဘူး။ ယွင်းယို ဆွေးမြေ့သွားတဲ့ သဘောမရှိဘူးလို့ ဖွင့်ဆိုဖို့ ပလေတိုးရဲ့ Symposium မှာ ဆော့ခရတ္တိက စိစစ်နေတာ။

နန္ဒာသိန်းဇံ
[၂၀၁၀ ခုနှစ်၊ အောက်တိုဘာလထုတ်၊ YOUTH လူငယ် မဂ္ဂဇင်း၊ အတွဲ-၅၊ အမှတ်-၁၀၊ စာမျက်မှာ-၁၀၆ မှ ၁၀၉]