Sunday, September 1, 2013

အပြစ်ကင်းသော ချမ်းသာခြင်း


 အပြစ်ကင်းသော ချမ်းသာခြင်း

ဆရာတော်အာဒိစ္စ၀ံသ ရှိစဉ်က သံဃာတော်များ ဆွမ်းဘုန်းပေးချိန်မှာ ကျောင်းသားများ တန်းစီ လက်အုပ်ချီပြီး “သာသနာပြုနိုင်အောင် ဆွမ်းစားပါသည်”လို့ ရဟန်းများအတွက် သတိပေးရွတ်ဆိုကြရပြီး၊ ကျောင်းသားများ သူတို့ကိုယ်တိုင် စားခါနီးမှာ “အလုပ်လုပ်နိုင်အောင် ထမင်းစားပါသည်”လို့ ဆိုကြရကြောင်း  ဒေးဒရဲ ကွင်းကျောင်း ဆရာတော် အရှင် ဥဇ္ဖောတိကမှ ပြောပြလို့ ကြားခဲ့ရ မှတ်ခဲ့ရဘူးပါတယ်။

အဲဒီလိုဘဲ “အလုပ်မလုပ် အစားမစားရ”လို့ သဘောသက်ရောက်တဲ့ ဇာတ်လမ်းတစ်ခု တရုပ်ပြည်မှာ ရှိ ခဲ့ဘူးပါတယ်။ ဆရာတော် “ဟာကူအို”ဆိုတာ တရုပ်ပြည်မှာရှိတဲ့ “ဇင်ဗုဒ္ဓဘာသာ”ဂိုဏ်းဝင် ဆရာကြီးတစ်ဦးပါ။ ဒီဆရာကြီးဟာ အသက်-၈၀ တိုင်အောင် သူ့တပည့်တွေနဲ့အတူတူ အလုပ်လုပ်လေ့ရှိပါတယ်။ ဥယျာဉ်အတွင်း ကိုင်းခြောက် ကိုင်းဆွေးတွေကောက်၊ မလိုအပ်တဲ့ သစ်ကိုင်းတွေချိုင်၊ ပြီးတော့ ဥယျာဉ်ခြံမြေတစ်ခုလုံး သန့်နေ အောင် တံမျက်စည်းလှဲလေ့ရှိတယ်လို့ ဆိုပါတယ်။ ဒီအလုပ်တွေက နေ့စဉ်နဲ့အမျှ လုပ်နေရတဲ့ လုပ်ငန်းတွေပါ။

ဒီလို ဆရာအိုကြီး အပန်းတကြီး အလုပ်လုပ်နေတာ မြင်ရဖန်များတော့ တပည့်တွေအနေနဲ့ စိတ်မ ကောင်းဖြစ်ကြတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဆရာကြီးကို အလုပ်မလုပ်ဘဲ အေးအေးဆေးဆေးနားနေဖို့ ပြော ကြရင်လဲ နားမထောင်လောက်ဘူးဆိုတာ သိနေကြတယ်။ တစ်ချိန်မှာတော့ ဆရာကြီးအလုပ်မလုပ်ရအောင် ဆို တဲ့သဘောမျိုးနဲ့ ဆရာကြီးအလုပ်လုပ်ရာမှာသုံးတဲ့ လက်နက်ကိရိယာတွေကို သိမ်းဆည်းသိုဝှက်ထားလိုက်ကြ တယ်။ သူ့ရဲ့လုပ်ငန်းသုံးကိရိယာတွေ ပျောက်တဲ့နေ့က ဆွမ်းမစားရှာဘူး။ ဒုတိယနဲ့ တတိယနေ့တွေမှာလည်း ဆွမ်းမစားဘဲနေတာ တွေ့ရတော့ တပည့်တွေ စိတ်ပူလာကြတယ်။ တပည့်တွေစိတ်ထဲမှာ သူ့ပစ္စည်းတွေ ၀ှက် ထားမှန်းသိလို့ သူတို့ကို စိတ်ဆိုးပြီး၊ ဆွမ်းမစားတာဘဲလို့ ထင်ပြီး၊ ပေါက်ပြား၊ တူရွင်း စတာတွေကို ပြန်ပေး လိုက်ကြတော့တယ်။ ပစ္စည်းတွေပြန်ရတဲ့နေ့က ဆွမ်းလည်းစား အလုပ်လည်းပြန်လုပ်တယ်။ ညပိုင်းရောက် တော့ တပည့်တွေနဲ့ ဆုံမိတဲ့အချိန်မှာ သူဆုံးမလိုက်တာက “No Work No Food” “မလုပ်ရင် မစားနဲ့”တဲ့။ တပည့်တွေက သူတို့ကို စိတ်ဆိုးလို့ မစားတာလို့ထင်နေကြတာ။ ဆရာကြီးပြောလိုက်ပုံက သူအလုပ်မလုပ်ရလို့ မစားတာဆိုတဲ့ အဓိပ္ပါယ်ပါ။

ဒီနေ့ ကမ္ဘာပေါ်မှာ ထူးထူးခြားခြား ကမ္ဘာ့ပိုင်ရှင်ကြီးတမျှဖြစ်လာခဲ့တဲ့ “လူ” ဆိုတဲ့ သတ္တ၀ါဘာကြောင့် ဖြစ်တည်လာရတာလဲ ဆိုတာ လက်တွေ့ကျတဲ့ သုတေသနမှန်ပြောင်းနဲ့ ကြည့်လိုက်ရင်“အသိဥာဏ်” ဆိုတာ တွေ့ရမှာ ဖြစ်ပါတယ်။ ဒီလိုဆိုတော့ ဘယ်သူကများ “အသိဥာဏ်” ဆိုတာကို အခြားသတ္တ၀ါတွေထက်ထူးပြီး လူဆိုတဲ့ သတ္တ၀ါကို ပေးလိုက်တာလည်းဆိုရင် “အလုပ်”ဆိုတာက ပေးလိုက်တယ်လို့ ပြောရမှာပါ။

အလုပ်က အတွေ့အကြုံကို ဖန်တည်းပေးပြီး အတွေ့အကြုံက စဉ်းစားတွေးခေါ်ခြင်း၊ ညှိနှိုင်းပေါင်းစပ် ခြင်းစတဲ့ ဥာဏ်ရည် ဥာဏ်သွေး အခက်အလက်တွေကို ဆင့်ပွားတိုးတက်သွားစေတာ ဖြစ်ပါတယ်။

လူမှာ လုပ်နိုင်စွမ်းရည်ရှိတဲ့ အရာသုံးမျိုးရှိပါတယ်။ ကျုပ်တို့ရဲ့ လက်၊ခြေ စတဲ့ ကိုယ်အစိတ်အပိုင်းတွေ နဲ့ ကိုယ်တွယ်ထိတွေ့ လုပ်ကိုင်နိုင်တဲ့ ကိုယ်မှု(ကာယကံ)၊ ပတ်ဝန်းကျင်နဲ့ နီးစပ်ဆက်သွယ်မိရာ နားအားလုံးဆီ ကို ရှေးရှုပြောဆိုတတ်တဲ့ နှုတ်မှု(၀စီကံ)၊ အလုပ်မှ စတင်တိုးတက်လာရာက အချိန်တစ်ခုစီ ရောက်လာတဲ့အခါ အလုပ်ကို ပြန်လည်ဦးဆောင်သွားနိုင်ပုံပေါ်တဲ့ အသိဥာဏ် စိတ်မှု(မနောကံ) တို့ဖြစ်ပါတယ်။ ကံသုံးပါးလို့ ဆို လိုက်ရင် ပြီးနိုင်ပေမယ့် ဆိုပါ၊ ကြားပါ များလာတဲ့အခါ ကိုယ်နဲ့မဆိုင်သလို ဖြစ်သွားတတ်လို့ပါ။

ဒီလုပ်ငန်းသုံးမျိုး တိုးတက်ရင်သန်လာစေဖို့ မင်္ဂလသုတ်မှာ ဗုဒ္ဓညွှန်ပြခဲ့တာတွေ ရှိပါတယ်။ မနောကံလို့ ဆိုတဲ့ စိတ်မှုအတွက် ဗာဟုဿစ္စ အကြားအမြင်များသူ ဖြစ်ရမယ်ဆိုတဲ့ မင်္ဂလာတရားဖြစ်ပါတယ်။ ဒီနေရာမှာ အကြားအမြင် ဆိုတာနဲ့ ပါတ်သက်လို့ အနည်းငယ်လေး ရှင်းကြည့်ပါရစေ။ ကြားသမျှမြင်သမျှ စုပေါင်းမှတ်ထား တဲ့ အကြားအမြင်ဟင်းလေးအိုးကို ဆိုတာမဟုတ်ပါ။ အကြားအမြင်တွေကို စုပေါင်းကျိတ်ချေပြီး ကိုယ်ပိုင်ပစ္စည်း လိုဖြစ်လာစေရမှာပါ။ အကြားအမြင်ဆိုတာ ပညာအဆင့် မရောက်သေးပါဘူး။ ဗဟုသုတခေါ် အကြားအမြင်များ မှုအပေါ် သာယာနှစ်သက်မိရင် ပညာကိုတောင် တားဆီးနိုင်ပါတယ်။ ဗဟုသုတများမှု သက်သက်က ကိုယ့်ကို ကိုယ်လည်း ပညာရှိလို့  လှည့်စားမိသလို တစ်ပါးသူများကိုလည်း ပညာရှိဟန် ပြတတ်ပါတယ်။

“ဓမ္မပဒ”လာ ဗုဒ္ဓသွန်သင်ချက်ကိုကြည့်ပါ။
“အကြင်လူမိုက်သည် သူ့ကိုယ်သူ လူမိုက်မှန်းသိ၏။ ထို့ကြောင့်ပင် ပညာရှိဖြစ်နိုင်ခွင့် ရှိသေး၏။ လူမိုက် ဖြစ်ပါလျှက် ပညာရှိဟန်ထင်သူသည် စင်စစ် မိုက်တွင်းလက်တစ်ဆုံးမက မိုက်သူဖြစ်၏။”

ဗဟုသုတများတဲ့အတွက် ၀ိုင်းဖွဲ့ပြီး စကားပြောကြပြီဆိုရင် ကျက်ထားတဲ့စာတွေ မှတ်ထားတဲ့အချက်အ လက်တွေကို စာမျက်နှာ အကိုးအကားတွေပြ ပြောလိုက်ရင် တစ်ဝိုင်းလုံးကလူတွေက အထင်ကြီးကြမှာ သေ ချာတယ်။ ဒီနေရာမှာ ရာဂျနီ(ရှ်)ရဲ့အဆိုကို တင်ပြချင်ပါတယ်။

“ဗုဒ္ဓနဲ့ ဘာသာရေးခေါင်းဆောင်ကြီးတွေက သွားရမယ့်လမ်းကြောင်းကို လက်ညှိုးညွှန်ပြကြတယ်။ ဒါ ပေမယ့် ဒီနေ့ခေတ် သူတို့ရဲ့သာဝကတွေက လက်ညှိုးညွှန်ရာကို မကြည့်ဘဲ၊ လက်ညှိုးကိုကြည့်ပြီး တိုတယ်၊ ရှည်တယ်၊ ဖြူတယ်၊ မဲတယ် ဆိုပြီး ငြင်းခုံနေကြတဲ့အသံတွေ ဆူညံနေတာဘဲတဲ့…ဟုတ်ပါတယ်နော် ရာဂျနီ(ရှ်)

ကျုပ်တို့နိုင်ငံမှာလည်း ပြောစမှတ်ရှိပါတယ်။ ဘာသာရေးနဲ့ပတ်သက်ပြီး ငြင်းကြပြီဆိုရင် ဘယ်ကျမ်းမှာ ဘုရားက ဘယ်လိုဟောထားတယ်လို့သာပြောလိုက်၊ သဘာဝယုတ္တိ ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ အားလုံး ခေါင်းငြိမ့်ကြရတာဘဲ။ နိုင်ငံရေးနဲ့ ပတ်သက်လာရင်လည်း ဗိုလ်ချုပ်အောင်ဆန်းက ဘယ်အခန်းအနားမှာ ဘယ် လိုပြောခဲ့တာလို့ အထောက်အကိုးယူပြလိုက်ရင် ကျန်လူတွေ ငြိမ်ကုန်ကြရတာဘဲ။ ကျုပ်ပြောချင်တာက ဘုရား ဟောတဲ့ တရားတွေ ဗိုလ်ချုပ်ပြောခဲ့တဲ့စကားတွေကို လူဝိုင်းမှာ အထင်ကြီးခံရဖို့ သက်သက်ကျက်မှတ်ထားတာ မျိုးမဖြစ်စေပဲ တရားတွေ စကားတွေက ဖေါ်ညွှန်းလိုက်တဲ့အနက်အဓိပ္ပါယ်တွေကို ကိုယ့်ပညာအိတ်ထဲ ထည့်ပြီး အသုံးချနိုင်စေချင်တဲ့ သဘောပါ။ ကျက်မှတ်ရုံက ဗဟုသုတပါ၊ သိပြီး ကျင့်သုံးနိုင်မှုက ပညာပါ။

ဗာဟုသစ္စံ မင်္ဂလာကို ဗုဒ္ဓက ခြံရံပေးခဲ့တဲ့ မင်္ဂလာတစ်ပါး ရှိပါသေးတယ်။ အဲဒါက ပဏ္ဍိတာနံ သေ၀နာ ဖြစ်ပါတယ်။ ပဏ္ဍိတဆိုတာ ပညာသင်ကြားပေးသူကို ဆိုလိုတာမဟုတ်ပါ။ နေပြသွားရင်း ပညာပေးသွားတဲ့ ပုဂ္ဂိုလ်ကို ဆိုလိုပါတယ်။ အကြားအမြင်လဲများ ပညာရှိများရဲ့နည်းစနစ်လဲရတဲ့ ပုဂ္ဂိုလ်တစ်ဦးရဲ့ မနောကံဆိုတဲ့ စိတ်မှုအတတ်ပညာတွေဟာ အရည်အသွေးမြင့်တက် ကောင်းမွန်နေမှာဖြစ်ပါတယ်။

သတိပြုမိစေချင်တာက ဗုဒ္ဓပြောခဲ့တဲ့ အ သေ၀နာစ ဗာလာနံ ဆိုတာကိုဖြစ်ပါတယ်။ ကိုယ်တိုင်က အကြားအမြင်တော့များပါရဲ့၊ လူမိုက်ဆရာနဲ့တွေ့လို့ ကောက်ကျစ်စဉ်းလဲတဲ့ ၀ဿကာရ ဥာဏ်မျိုးတွေနဲ့ သင် ကြားပေးလိုက်ရင် ဒီဃနိကာယ် သီလက္ခန် တေ၀ဇ္ဇသုတ်မှာ အန္ဓဝေဏူပမာ=မျက်ကန်းလူတန်းလို့ ဆိုတာရှိ တယ်၊ ရှေ့လူက အကန်း၊ အလယ်လူက အကန်း၊ နောက် နောက် လူတွေကလည်း အကန်း မျက်မမြင်အကန်း တန်းကြီးဆိုတာလို၊ ရှေ့ဆုံးလူကလည်း လူမိုက် လူဆိုးကြီး အလယ်လူကလည်း ထို့အတူ နောက်နောက် လူ တွေကလည်း ထိုနည်းလည်းကောင်း ဆိုရင် ဗာလဝေဏူပမာ လို့ ဆိုလိုက်ရမလို ဖြစ်သွားမှာပါ။

အဲ……လူမိုက်တန်းကြီးပေါ့။ လူမိုက်ကြီးများ မဖြစ်ကြရစေဖို့ ဗဟုသုတလည်းရှိ ပညာလည်းပြည့်အောင် ကြိုးစားလိုက်ရင် မနောကံဆိုတဲ့ စိတ်မှု ကောင်းမွန်မှန်ကန်လာမှာဖြစ်ပါတယ်။

ကိုယ်မှု လို့ဆိုတဲ့ ကာယကံနဲ့ ပတ်သက်လို့လည်း ဗုဒ္ဓဟောခဲ့တာ ရှိပါတယ်။ အဲဒီမင်္ဂလာက သိပ္ပဉ္စ= Skill in handicraft=လက်မှုပညာ ကျွမ်းကျင်နိုင်စွမ်းရှိရပါမယ်။ ရာဂျနီး(ရှ်) စကားကို ယူပြောရရင် “ကျုပ်တို့လူ တွေဟာ အလုပ်ကို လုပ်နိုင်စွမ်းရှိသလောက် မလုပ်ကြဘူး လို့ဆိုပါတယ်။ ကိုယ့်မှာရှိတဲ့ စွမ်းရည်ရဲ့ ၁၅%နဲ့ အ လုပ်လုပ်တဲ့လူဟာ အလွန်ကို အလုပ်ကြိုးစားသူဖြစ်ပြီး သာမန်လူတွေကတော့ လုပ်နိုင်စွမ်းရည်ရဲ့ ၇% နဲ့ ၈% လောက်ပဲ လုပ်ကြတယ်လို့ ဆိုတယ်။

တစ်စုံတစ်ယောက်အနေနဲ့ အလုပ်သစ်နဲ့ မျက်နှာခြင်းဆိုင်စမှာ အစိုးရိမ်လွန်ကဲ နေတတ်ပါတယ်။ စိုးရိမ် စိတ် သိတ်ကြီးလွန်သွားရင် အလုပ်မျက်နှာကို မကြည့်ရဲတဲ့အတွက် အလုပ်ကို ကျောပေးလိုက်တော့မှာ ဖြစ်ပါ တယ်။ ဖြစ်အောင်လုပ်မယ်ဆိုတဲ့ စိတ်နဲ့ ကြိုးစားလိုက်ရင် အလုပ်က ကိုယ်သွားရာလမ်းကြောင်းကို ခလုပ်ကန် သင်း ကင်းအောင် လမ်းရှင်းပေးလိုက်မှာဖြစ်ပါတယ်။

စကားပြောခြင်းဆိုတဲ့ နှုတ်မှုက လူမှုဆက်ဆံရေးမှာ အရေးအကြီးဆုံးကိစ္စဖြစ်ပါတယ်။ တစ်ဦးရဲ့ အလို ဆန္ဒကို အခြားတစ်ဦးသိစေဖို့ စကားလုံးတွေကို စီကာ စဉ်ကာ သုံးပြီး ပြောသွားကြရတာဖြစ်တယ်။ နှုတ်မှုဆိုင် ရာမှာလည်း အပြောအဆိုနဲ့ ပတ်သက်လို့ အရောင်အသွေးတင်ပေးတဲ့ မင်္ဂလာတရား ရှိပါတယ်။ အဲဒီ မင်္ဂလာက သုဘာသိတ၀ါစာ ဆိုတဲ့ မင်္ဂလာပါ။

ဆိုခဲ့တဲ့ ကံသုံးပါးကို မင်္ဂလာတရားတွေနဲ့အညီ (ကတွာန) ကျင့်သုံး ပြုမူ ပြောဆို သွားကြသူများမှာ

ဗုဒ္ဓဘာသာဝင်အများ ပြောဆိုနေကြတဲ့ ကံကောင်ခြင်းဆိုတာ ဖြစ်လာမှာ သေချာပါတယ်။ ဒီကံတွေနဲ့ အလုပ် လုပ်တဲ့အခါ တစ်နေ့တာကို မနက်၊ နေ့၊ ညနေ ဆိုပြီး သုံးပိုင်း ပိုင်းလို့ ဖြစ်စေ၊ သို့မဟုတ် တစ်နေ့တာအတွက် ဖြစ်စေ ဥစ္စာ၊ ပညာ၊ ကုသိုလ် သုံးမျိုးလုံး၊ ဒါမှမဟုတ် နှစ်မျိုး၊ အနည်းဆုံး တစ်မျိုးတော့ဖြစ်စေ စိတ်ဝယ်ပိုင်ပိုင်၊ လက်ဝယ်ပိုင်ပိုင် ရရှိအောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ဒီအခါ ဥစ္စာ၊ ပညာ၊ ကုသိုလ် ဆိုတဲ့ အရာတွေ ပြည့်စုံ လာပြီဆိုပါတော့။ ဒါကိုဘဲ ဗုဒ္ဓက အတ္တိသုခ=ပစ္စည်းဥစ္စာရှိလာခဲ့ရင် ချမ်းသာခြင်းတစ်မျိုးလို့ ဗုဒ္ဓက ဟောခဲ့ပါ တယ်။

အဲဒီလို ရှိလာတော့ ဘာလုပ်မှာလဲလို့ မေးစရာပေါ်လာခဲ့ရင် မိဘဘက်ကနေ သားသမီး သားမယားကို ထောက်ပံ့မယ်။ သားသမီးဘက်ကနေ မိဘကို လုပ်ကျွေးပြုစုမယ်။ ဆွေမျိုးအပေါင်းအသင်း ဘက်ကနေကြည့် ရင် ကိုယ့်ဆိုင်ရာ ဆွေမျိုးတွေ အပေါင်းအသင်းတွေကို ပြုစုထောက်ပံ့မယ် ဆိုတဲ့ ဘ၀လုံခြုံရေး မင်္ဂလာတရား တွေအပြင် စေတနာ သဒ္ဒါတရား ထက်သန်မှန်ကန်စွာနဲ့ ပေးကမ်းစွန့်ကြဲခြင်းဆိုတဲ့ ဘ၀လွတ်မြောက်မှုမင်္ဂလာ တွေနဲ့ ပြည့်စုံလာမှာဖြစ်ပါတယ်။

အေး….တစ်ခုတော့ သတိပြုစရာ ရှိပါတယ်။ ဘယ်လောက်ပင် ပစ္စည်းဥစ္စာတွေ ပေါများကြွယ်ဝ နေ သည်ပင်ဖြစ်စေ “အန၀ဇ္ဇသုခ” ဆိုတာကို မမေ့ပါနဲ့။ အပြစ်ကင်းကင်းနဲ့ ရှာဖွေမှလည်း “အတ္ထိသုခ” ဆိုတာ အဓိပ္ပါယ်ပြည့်ဝမှာ ဖြစ်ပါတယ်။ ကုန်းဘောင်ခေတ် မွန်းတည့်ချိန်လို့ဆိုတဲ့ ဘိုးတော်ဘုရားလက်ထက်မှာ ဘိုးတော်က သူပိုင်တဲ့ လယ်မြေတွေကို ကန်သင်းတစ်ဖြောင့်တည်းဖြစ်ဖို့ အမိန့်ပေးလိုက်တယ်လို့ ဆိုပါတယ်။ ဒီ လိုအမိန့်ပေးရာမှာ တခြားသူများ ပိုင်ဆိုင်ရာလယ်မြေတွေက အစွန်းထွက်မြေတွေကို သူ့ပိုင်ရာ လယ်မြေထဲကို ထည့်သွင်းမျဉ်းသတ်ဖို့ မှာလိုက်တယ်လို့ ဆိုပါတယ်။

ဒီလုပ်ရပ်က ဘိုးတော်အနေနဲ့ ငါ ရေမြေ့ရှင်ဖြစ်တယ် ဆိုတဲ့အမြင်နဲ့ အခွန်ပေး လုပ်ကိုင်စားသောက်နေ ကြတဲ့ တောင်သူလယ်သမားတို့ရဲ့ မြေယာအစွန်းတွေကို သိမ်းယူဘို့ အမိန့်ထုတ်လိုက်တာဖြစ်ပါတယ်။ အစွန်း တွေဆိုတဲ့အတွက် ဧက ရာချီ၊ ထောင်ချီ သိမ်းတာတော့ မဟုတ်ပါဘူး။ အလွန်ဆုံး ရှိပါမှ ထယ်တစ်အိမ်စာ လောက်ပဲ ရှိမှာပါ။ ဒါပေမယ့် ပိုင်ရှင် မကျေနပ်ခဲ့ရင် “အဒိန္နာဒါနကံ” မြောက်မှာဖြစ်ပါတယ်။ “အဒိန္နာဒါနကံ”ဆို တာ သူတပါးက ကိုယ် နှုတ်တို့ဖြင့် ကျေနပ်စိတ်ရှိရှိ ပေးတဲ့ပစ္စည်းမဟုတ်ပဲ ယူတဲ့ကံကို ပြောတာပါ။ ကိုယ်တိုင် သွားပြီး ခြံခတ်ယူတာမဟုတ်ပေမယ့် အမိန့်အာဏာနဲ့ နိုင်ထက်စီးနင်းလုပ်ပြီး ပစ္စည်းသိမ်း၊ မြေသိမ်း၊ တောသိမ်း တောင်သိမ်း လုပ်ခဲ့ရင် ပသယှာ ၀ဟာရ ဆိုတဲ့ ခိုးခြင်းနဲ့တော့ ငြိသွားတာပါဘဲ။

ပသယှာ ၀ဟာရ = ပသယှ + အာဟာရ (ပ) အနိုင်အထက်မူ၍ ခိုးခြင်း၊ နှိပ်စက်၍ ခိုးခြင်း (ဦးဟုတ်စိန် ရဲ့ ပါဠိမြန်မာ အဘိဓါန် အဖွင့်ဖြစ်ပါတယ်)

ဗုဒ္ဓဟောခဲ့တဲ့ သုခလေးမျိုးကို အနှစ်ချုပ်လိုက်ရင် ရှိလို့ချမ်းသာတယ်။ အသုံးပြုရလို့ ချမ်းသာတယ်၊ ကြွေးကင်းလို့ ချမ်းသာတယ်၊ အပြစ်ကင်းလို့ ချမ်းသာတယ်ဆိုပြီး လေးမျိုးရှိပါတယ်။ ၎င်း ချမ်းသာလေးမျိုးမှာ (အန၀ဇ္ဇ) အပြစ်မကင်းခဲ့ရင် ဥပမာ- ငါးထောင်လောက်တန်တဲ့ပစ္စည်းကို ၁၅-သိန်းနဲ့ ရောင်းစားတာမျိုး၊ တောင် သူလယ်သမားတွေ လယ်မဲ့ယာမဲ့ ဖြစ်အောင် လုပ်တာမျိုး စတာတွေက အပြစ်မကင်းတဲ့ ချမ်းသာတွေ ဖြစ်ပါ တယ်။ ကိုယ်တိုင် ကံသုံးပါးနဲ့ တရားသဖြင့် ရှာဖွေရယူထားတဲ့ ပစ္စည်းများမှသာ အပြစ်မဲ့ချမ်းသာ ဖြစ်မှာပါ။ ရှေ့ က သုခတွေ ပြည့်စုံပေမယ့်လို့ နောက်ဆုံးက “အန၀ဇ္ဇ သုခ” “အပြစ်ကင်းသောချမ်းသာ”မရှိရင် သုခလို့ ခေါ်နိုင် မယ်မထင်ပါဘူး။

နတ်မှီတောရဆရာတော်ကြီးရဲ့ လက်ကျန်စာအုပ် တစ်အုပ်ထဲက ကဗျာလေးတစ်ပုဒ်ကို တတ်နိုင်သ လောက် ဘာသာပြန်ပေးလိုက်ပါတယ်။ “ဘုရားသခင်က သင့်ကို ကောင်းသောနေ့ပေးတယ် မိတ်ဆွေ”လို့ အ ထက်ဆရာကြီးက ပြောလိုက်တော့ “ဘုရားသခင်ကိုကျေးဇူးပါ ကျုပ်မှာ မကောင်းတဲ့နေ့ တစ်နေ့မှ မရှိခဲ့ပါဘူး” တဲ့ သူတောင်းစားက ပြန်ပြောတယ်။“ဘုရားသခင်က သင့်ကို ပျော်စရာဘ၀လေး ပေးလိုက်တယ်နော်” အထက် ဆရာကြီးပြောတော့ “ကျေးဇူးပါ ကျုပ်မပျော်ဘူးရယ်လို့ လုံးဝမရှိပါဘူး”တဲ့။

အံ့အားတသင့်နဲ့ အထက်ဆရာကြီးက “ဟဲ့….မင်းကဘယ်သူလဲ”တဲ့။ “ကျုပ် ဘုရင်တစ်ပါးပေါ့”တဲ့။ ဒီ တော့ အထက်ဆရာကြီးက “မင်းနိုင်ငံက ဘယ်မှာလဲ”မေးလိုက်တော့ သူတောင်းစားက “ကျုပ်ရဲ့ ကိုယ်ပိုင်နှလုံး သားပေါ့”တဲ့။

စမ်းချောင်းဘေး သစ်ပင်လေး တစ်ပင်အောက်မှာ အင်ဖက်ပေါ်ပုံထားတဲ့ ထမင်းနဲ့ ဟင်းလေးတွေကို တစ်လုပ်ခြင်းစားနေရှာတဲ့ သူတောင်းစားလေးရဲ့ တစ်ကိုယ်တော်ဘ၀နဲ့

ကြယ်ငါးပွင့်ဟော်တယ်ထဲက သောက်ဝိုင်း စားဝိုင်းမှာ အခြွေအရံ အပေါင်းအသင်းတွေနဲ့ တ၀ါးဝါး တဟားဟား ဖြစ်နေတဲ့ ဘီလျံနာကြီးတို့ရဲ့ ဘ၀အသိုက်အမြုံကြီး

နှိုင်းယှဉ်ကြည့်ရင် ဘယ်ဘ၀က ပိုပြီး အပြစ်မဲ့ချမ်းသာ ဖြစ်နိုင်မလဲ။ ဘီလျံနာကြီးတို့က ဥစ္စာကို ပိုင်တာ လား။ ဥစ္စာတွေက ဘီလျံနာကြီးတို့ကို ပိုင်တာလား၊ စဉ်းစားပြီး ရှင်သန်နေသမျှ အချိန်အတွင်း အပြစ်ကင်းသော ချမ်းသာခြင်းနဲ့ ပြည့်စုံအောင် ကြိုးစားနိုင်ကြပါစေ။

ယူနတီ ဂျာနယ် အတွဲ-၂၊ အမှတ်-၁၈၊ ၁၁-၅-၂၀၁၃ နေ့ထုတ်တွင် ပုံနှိပ်ဖေါ်ပြသည်။
ရှင်ဆန္ဒာဓိက (ပေလေးပင်နတ်မှီတောရ)