စကားသုံးခွန်း
၁။ ပဏ္ဍိတာရာမ ရွှေတောင်ကုန်း သာသနာ့ရိပ်သာ ဆရာတော်။
၂။ တိပိဋကဓရ အရှင်သုမင်္ဂလာလင်္ကာရ။
၃။ တိပိဋကဓရ အရှင်သိရိန္ဒာဘိဝံသတို့ ဖြစ်ကြပါ၏။
ထိုဆရာတော် ၃-ပါးတို့တွင် ပဏ္ဍိတာရာမဆရာတော်၏ စကားကိုကား အခါပေါင်းမရေမတွက်နိုင်လောက်အောင်ပင် ကြားရပါ၏။ တိပိဋကဓရ ဆရာတော်နှစ်ပါး၏ စကားကိုကား တဆင့်ကြားဖြင့် ကြားသိထားရပါ၏။
ထိုဆရာတော် ၃-ပါးတို့နှင့် တွေ့ကြသော ရဟန်း ရှင် လူတို့က -ဆရာတော်ဘုရား၊ ကျန်းမာပါသလားဘုရား-ဟူ၍ မေးတတ်ကြပါ၏။ ထိုအခါ ထိုဆရာတော် ၃-ပါး ပြောကြားပုံမှာ အခြားပုဂ္ဂိုလ်တွေ၏- အင်း...ကျန်းမာပါတယ်-ဟူ၍ မိန့်တော်မူပုံမျိုး မဟုတ်ပါ။
ပဏ္ဍိတာရာမ ဆရာတော်၏ မိန့်တော်မူပုံမှာ---နေသာပါတယ်။
အရှင်သုမင်္ဂလာလင်္ကာရ၏ မိန့်တော်မူပုံမှာ---ကျန်းမာတယ်ဆိုတာ မရှိဘူး။
အရှင်သိရိန္ဒာဘိဝံသ၏ မိန့်တော်မူပုံမှာ---သုံးလို့ ရပါသေးတယ်-ဟူ၍ ဖြစ်ကြပါ၏။
ထိုဆရာတော် ၃-ပါးသည် ဘုရားသားတော်များပီပီ ဘုရားစကားနှင့်အညီ မိန့်တော်မူခြင်းဖြစ်ကြောင်း သိရပါ၏။ ထိုဘုရားစကားတော်ကို ခန္ဓ၀ဂ္ဂသံယုတ် နကုလပိတုသုတ်၌ တွေ့ရှိရပါ၏။ ဘုရားရှင်သည် ဘဂ္ဂတိုင်း သုသုမာရဂိရမြို့ သားကောင်တို့အား ဘေးမဲ့ပေးရာ ဘေသကဠတော၌ သီတင်းသုံးတော်မူခိုက် ဖြစ်ပါ၏။ နကုလပိတာ သူကြွယ်သည် ဘုရားရှင်ရှိရာကို သွားပြီး ဘုရားရှင်ကို ရှိခိုးကာ သင့်တော်ရာအရပ်၌ ထိုင်၍ ဤသို့လျှောက်ထားခဲ့ပါ၏။
မြတ်စွာဘုရား၊ တပည့်တော်ဟာ အိုပါပြီ၊ အသက်ကြီးပါပြီ နောက်ဆုံးအရွယ် ရောက်နေပါပြီ။ ခန္ဓာကိုယ်ဟာ နာကျင်ပါတယ်။ နာကျင်မှုရဲ့ အနှိပ်အစက်ကို မပြတ်ခံနေရပါတယ်။ ဘုရားရှင်နဲ့ ကြည်ညိုဖွယ်ရဟန်းတွေကို တပည့်တော်ဟာ အမြဲမဖူးတွေ့ရပါ။ တပည့်တော်အား ရေရှည်မှာ စီးပွားချမ်းသာဖြစ်စရာ သြ၀ါဒ အသွန်အသင် ပေးတော်မူပါဘုရား။
သူကြွယ်-ဟုတ်ပေတယ်။ ဟုတ်ပေတယ်။ ဒီခန္ဓာကိုယ်ဟာ အမြဲ မစင်ကြယ်တာတွေ ယိုထွက်နေလို့ နာကျင်တယ်။ ကွဲတတ်တဲ့ ဥလိုပဲ။ အရေနဲ့ မြှေးယှက်ထားတယ်။ ဒီခန္ဓာကိုယ်ကို ရွက်ဆောင်ထားရသူဟာ တမုဟုတ်တောင် ရောဂါကင်းကြောင်း ၀န်ခံရင် မိုက်မဲသူပဲ၊ မိုက်မဲလို့ ပြောတာပဲ။
သူကြွယ်-ဒါကြောင့် ငါဟာ ကိုယ်သာနာပြီး စိတ်မနာစေအံ့-လို့ ကျင့်ရမယ်။
ဆရာတော် ၃-ပါးသည် ဤဘုရားရှင်စကားနဲ့ အညီ မိန့်တော်မူကြခြင်း ဖြစ်ပါသည်။ ပညာရှိပီသကြပါ၏။ ထိုစကား ၃-မျိုးလုံး ကျေနပ်စရာ ကောင်းပါပေ၏။ ဘုရားရှင်၏ စကားကို မကြားဖူးသူ၊ မသိဖူးသူတို့၏ နား၌ အထူးအဆန်း ဖြစ်နေပါ၏။
သုံးလို့ ရပါသေးတယ်-ဟူ၍ မိန့်တော်မူသော အရှင်သိရိန္ဒာဘိဝံသ၏ စကားကို ကြားသိရသောအခါ လယ်တီဆရာတော်ကြီး၏ စကားကို သတိရလာမိပါ၏။
ခန္ဓာကိုယ်ကြီးဟာ အငှါးနွားနဲ့ တူတယ်။ ခိုင်းလို့ရတုန်း ခိုင်းထားရတယ်။ ပိုင်ရှင်နဲ့တူတဲ့ သေမင်းလက်ထဲ အပ်လိုက်ရရင် ခိုင်းလို့မရတော့ဘူး-တဲ့။
ထိုဆရာတော်ကြီးတို့ အဆိုအတိုင်း နေသာခိုက်၊ သုံးလို့ရခိုက်၊ ခိုင်းခွင့်ရခိုက်၊ ခိုင်းလို့ရခိုက် မိမိ၏ ခန္ဓာကိုယ်ကို လောကအတွက်နှင့် သာသနာအတွက် အကွက်ကျကျ အသုံးချကြရပါမည်။
နကုလပိတာအား ဘုရားရှင် မိန့်တော်မူခဲ့သည့် ကိုယ်သာ နာစေ-စိတ်မနာစေအံ့-အဆုံးအမသည်လည်း အလွန်ပင် မှတ်သားလိုက်နာစရာ ကောင်းလှပါသည်။ ကိုယ်သာနာပြီး စိတ်မနာအောင် သတိပဋ္ဌာန်ကို လိုက်နာကျင့်သုံးကြရပါမည်။ ကိုယ်က နာလို့ အရှုံးပေါ်ရသော် စိတ်မနာအောင် လုပ်နိုင်လျှင် အမြတ်ရပါသည်။ အရှုံးထဲက အမြတ်၊ အဆိုးထဲက အကောင်းရအောင် လုပ်နိုင်ကြလျှင် ဘုရားရှင်၏တပည့် ဖြစ်ရကျိုးနပ်ပါပြီ။ လူဖြစ်ရကျိုး နပ်ပါပြီ။ သာသနာနှင့်တွေ့ရကျိုး နပ်ပါပြီ။
မီးလောင်နေသည့်အိမ်ထဲမှ အသုံးအဆောင်ပစ္စည်းတို့ကို ထုတ်ယူနိုင်လျှင် ယူနိုင်သလောက် ယူသူအတွက် အကျိုးများပါ၏။ အသုံးဝင်ပါ၏။ ဇရာ၊ ဗျာဓိ၊ မရဏ မီးတွေ အလောင်ခံနေရသော ခန္ဓာအိမ်ထဲမှ ဒါန သီလ ဘာဝနာ ပစ္စည်းတို့ကို ထုတ်ယူနိုင်လျှင် ထုတ်ယူနိုင်သလောက် ယူသူ၏သံသရာမှာ အားကိုးရပါ၏။ အကျိုးများလှပါ၏။
စာရှုသူသည် သင့်ခန္ဓာအိမ်ထဲမှ ပစ္စည်းတွေ မည်မျှထုတ်ယူပြီးပါပြီနည်း။ ပစ္စည်းတွေ နည်းနေသေးလျှင် များများထုတ်ယူထားကြဖို့ လိုအပ်လှပါသည်။ ပစ္စည်းအထုပ် မသေးမှ သံသရာမှာ ရင်အေးရပါမည်။ သေးနေလျှင် ရင်လေးရပါလိမ့်မည်။
ဆရာတော် ၃-ပါး၏ စကားသုံးခွန်းမှ တဆင့်သိလိုက်ရသော ဤအသိပညာတို့သည်လည်း တန်ဖိုးရှိလှပါပေသည်။ ပညာရှိတို့သည် ပညာရှိပီပီ စကားပြောတတ်ကြပါပေသည်။
( သာမဏေကျော် )