Thursday, February 28, 2013

ကျန်ရှိနေတဲ့သက်တမ်းကို ဘယ်လိုနေမလဲ








 
~ကျန်ရှိနေတဲ့သက်တမ်းကို ဘယ်လိုနေမလဲ~

တစ်ခါတုန်းက ဂျပန်ဘုန်းကြီးတစ်ပါးဟာ နန်းဆောင်ထဲကို ၀င်လာခဲ့ပါတယ်။ သူဝင်လာချိန်မှာ အစောင့်တွေက မတားဆီးလိုက်နိုင်ပါဘူး။ ဒီတော့ ဘုရင်ကြီးဆီကို တန်းရောက်သွားပါတယ်။ ဘုရင်ကြီးကလည်း ဂျပန်ဘုန်းကြီးကို တွေ့ လိုက်ရတော့ ချက်ချင်းပဲ မေးလိုက်ပါတယ်။

“အရှင်ဘုရား... ဘာများအလိုရှိပါသလဲ ဘုရား”
“ငါအိပ်ဖို့ အခန်းကောင်းကောင်းတစ်ခု အလိုရှိတယ်”
“အို...အရှင်ဘုရား နေရာမှားလာပြီ။ ဒါ တည်းခိုခန်းမဟုတ်ဘူး။ နန်းတော်ဘုရား။”
“နေပါအုံး။ မေးပါအုံးမယ်။ မင်းပြောတဲ့ ဒီနန်းတော်မှာ မင်း အရင် ဘယ်သူနေသွားသလဲ”
“တပည့်တော်အရင် တပည့်တော် အဖေ နေသွားပါတယ်။ အခု တပည့်တော် အဖေ မရှိတော့ပါဘူး။”
“မင်းအဖေ အရင်ကော ဘယ်သူနေသွားသလဲ”
“တပည့်တော် အဘိုး နေသွားပါတယ်။ အခုတော့ မရှိတော့ပါဘူး ဘုရား”
“မင်းအဘိုးအရင်ကော”
“တပည့်တော် အဘေး နေသွားပါတယ် ဘုရား”
“ဒါများကွာ.... နန်းတော်တဲ့၊ မင်းအဖေလည်း နေပြီး ထွက်သွားရပြီ၊ မင်းအဘိုးလည်း နေပြီး ထွက်သွားရပြီ၊ မင်းအဘေးလည်း နေပြီး ထွက်သွားရပြီ၊ မင်းလည်း နေပြီး ထွက်သွားရအုံးမယ်၊ ဒါတည်းခိုခန်းမဟုတ်လို့  ဘာလဲကွာ”

ဂျပန်ဘုန်းကြီးရဲ့ စကားကို ကြားလိုက်ရတော့ ဘုရင်ကြီးလည်း တစ်ခါမှ မစဉ်းစားဖူးတဲ့ “သြော်... ငါဟာတည်းခိုခန်းမှာ နေနေပါလား” ဆိုတဲ့ အသိဉာဏ်သစ်တစ်ခု လင်းကနဲ ၀င်သွားပါတော့သတဲ့။
(ဂျပန် ဇင်ပုံဝတ္ထု)

ဘုရင်ကြီးက ဂျပန်ဘုန်းကြီးကို အခန်းပေး မပေးတော့ စာထဲမှာ ဆက်ပြမထားပါဘူး။
ပုံပြင်လေးကတော့ ဒါပါပဲ။
တကယ်တော့ ဂျပန်ဘုန်းကြီးပြောသလို အားလုံး အားလုံးဟာ တည်းခိုခန်းမှာ ခေတ္တခဏ ၀င်တည်းနေကြရတာပါ။ အချိန်တန်ရင် သတ်မှတ်ရက်စေ့ရင် အိမ်ပြန်ကြရမှာပါ။
ဒီတော့ တည်းခိုခန်းမှာ ဘယ်လောက်အထိ နေခွင့်ရအုံးမလဲ...?

လူ့ ဘ၀သက်တမ်းကို ယေဘုယျ ၇၅နှစ်ပဲ ထားလိုက်ပါတော့။ အသက် ၄၀ ရှိတဲ့ လူတစ်ယောက်ဟာ တည်းခိုခန်းမှာ ၃၅ နှစ်ပဲ နေခွင့်ရတော့မှာပါ။ အသက် ၅၀ ရှိတဲ့ လူတစ်ယောက်ဟာ တည်းခိုခန်းမှာ ၂၅နှစ်ပဲ နေခွင့်ရတော့မှာပါ။ အသက်၆၀ ရှိတဲ့သူတစ်ယောက်ဟာ တည်းခိုခန်းမှာ ၁၅နှစ်ပဲ နေခွင့်ရတော့မှာပါ။

လက်ကျန်အချိန်ကနည်းနေပါပြီ။ ကျန်နေတဲ့အချိန်က ကိုယ့်အတွက် သိပ်တန်ဖိုးရှိနေပါတယ်။

ဒီအချိန်ဟာ သူတစ်ပါး ကောင်းတာ မကောင်းတာကို ဝေဖန်နေရမယ့်အချိန်၊ အရွယ် မဟုတ်တော့ပါဘူး။ ကိုယ်ကောင်းအောင်ပဲ နေရမယ့် အချိန်၊ အရွယ်ဖြစ်နေပါပြီ။

ဆိုလိုတာက သူတစ်ပါး ကောင်းတာ မကောင်းတာထက် ကိုယ်ကောင်းအောင်နေဖို့ က အဓိကပါ။

ဒီတော့ ကျန်ရှိနေတဲ့ သက်တမ်းကို ဘယ်လိုနေမလဲ....?
ဒီမေးခွန်းကို နေ့ တိုင်း ကိုယ့်ကိုယ်ကို မေးရမှာပါ။
ဒါဆို လူတစ်ယောက်ရဲ့  တန်ဖိုးကို ဘာနဲ့ ဆုံးဖြတ်မလဲ။ ရာထူးဌာနန္တရ၊ ငွေကြေးဥစ္စာ၊ ပညာ၊ အောင်မြင်ကျော်ကြားမှု၊ အခြံအရံတွေနဲ့ တိုင်းတာမလား။

ဒါတွေနဲ့ တိုင်းတာလို့ မရပါဘူး။ လူတစ်ယောက်ရဲ့ တန်ဖိုးကို သီလ၊ သမာဓိ၊ ပညာဆိုတဲ့ သိက္ခာသုံးပါးနဲ့ ပဲ တိုင်းတာရမှာပါ။ လူတစ်ယောက်ဟာ သိက္ခာသုံးပါးနဲ့  ပြည့်စုံနေရင် တန်ဖိုးရှိနေတာပါပဲ။

ရာထူးဌာနန္တရ၊ ငွေကြေးဥစ္စာ၊ ပညာ၊ အောင်မြင်ကျော်ကြားမှု၊ အခြံအရံတွေတော့ရှိပါရဲ့ ။ ဒါပေမယ့် သိက္ခာသုံးပါး မရှိဘူးဆိုရင် တန်ဖိုးရှိတယ်လို့  မဆိုနိုင်ပါဘူး။ ရာထူးဌာနန္တရ စသည်တွေလည်း ရှိမယ်၊ သိက္ခာသုံးပါးလည်း ရှိမယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပါပဲ။

ဒါကိုထောက်ပြီး ကိုယ့်မှာ ရာထူးဌာနန္တရ၊ ငွေကြေးဥစ္စာ၊ ပညာ၊ အောင်မြင်ကျော်ကြားမှု၊ အခြံအရံတွေ မရှိပေမယ့် ဘာမှ အားငယ်စရာ မလိုပါဘူး။ ကိုယ့်ရင်ထဲမှာ သိက္ခာသုံးပါး တည်နေရင် ကိုယ်ဟာ တန်ဖိုးရှိနေတာပါ။

ဒါကြောင့် ကိုယ့်ကိုယ်ကို သိက္ခာသုံးပါးတည်အောင် လုပ်လိုက်ရုံပါဘဲ။

မနက်အိပ်ရာထ ကိုယ်လက်သန့် စင်ပြီးတာနဲ့  ဘုရားခန်းထဲသွားလိုက်ပါ။ ပြီးတော့ ငါးပါးသီလယူလိုက်ပါ။ ဒါဆို သီလသိက္ခာတည်သွားပါပြီ။ နောက် ဂုဏ်တော်ကို ငါးမီနစ်၊ မေတ္တာကို ငါးမိနစ် ပွားလိုက်ပါ။ ဒါဆို သမာဓိသိက္ခာတည်သွားပါပြီ။ နောက်ဆက်ပြီး ၀ိပဿနာကို ငါးမိနစ်ပွားလိုက်ပါ။ ဒါဆိုရင် ပညာသိက္ခာတည်သွားပါပြီ။

သိက္ခာသုံးပါး ကိုယ့်ရင်ထဲကို ရောက်သွားတာနဲ့  ကိုယ်ဟာ တန်ဖိုးရှိတဲ့သူ ဖြစ်သွားပါပြီ။ ခက်လား။ မခက်ပါဘူး။ ဆယ့်ငါးမိနစ်လောက်ပဲ အချိန်ပေးရပါတယ်။

ပြီးတော့ “ငါ့ရင်ထဲမှာ သိက္ခာသုံးပါးတည်နေရင် ငါဟာတန်ဖိုးရှိနေတာပဲ” လို့  အသံထွက်ပြီး သုံးကြိမ်လောက် ရွတ်လိုက်ပါ။

နေ့ ခင်းကျရင် တစ်ကြိမ်ရွတ်လိုက်ပါ။ ညပိုင်းရောက်ရင် တစ်ကြိမ်ရွတ်လိုက်ပါ။ အသံနဲ့ ပါ ပူးတွဲပြီး ကိုယ့်ကိုယ်ကို အားပေးလိုက်တာပါ။

ကိုယ့်ရင်ထဲ သိက္ခာသုံးပါး ရောက်လာတာနဲ့  စိတ်ပါဝါစွမ်းအားတွေလည်း အလိုလိုရောက်လာတာပါ။ တရားသံနဲ့ ပြောရင် ကိုယ့်ကိုယ်ကို ကြည်ညိုလာတာပါ။

ဘယ်သူပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကို ကြည်ညိုသွားပြီဆိုရင် နေရထိုင်ရတာ ပျော်ပျော်ရွှင်ရွှင် ဖြစ်သွားတော့တာပါ။ သူတစ်ပါးကြည်ညိုတာ မကြည်ညိုတာထက် ကိုယ့်ကိုယ်ကို ကြည်ညိုဖို့ က အဓိကပါ။

အသံထွက်ပြီး ကိုယ့်ကိုယ်ကို အားပေးတာကို လျှော့မတွက်ပါနဲ့ ။ အသံထဲမှာ စွမ်းအားတွေရှိနေပါတယ်။ ဒါကြောင့် တစ်နေ့ ကို သုံးခါလောက် အသံထွက်ပြီး ရွတ်ဆိုပါ။ အသံကလည်း ကိုယ့်ရဲ့ စိတ်ဓါတ်တက်ကြွမှုကို ကူညီပါလိမ့်မယ်။

တစ်ခါတလေ အဆင်မပြေမှုတွေ ကြုံတဲ့အခါပဲဖြစ်ဖြစ်၊ လောကဓံဆိုးတွေ တွေ့ ကြုံတဲ့အခါပဲဖြစ်ဖြစ် အားငယ်စိတ်ဝင်လာရင် ကိုယ့်ရင်ထဲကို သိက္ခာသုံးပါး တည်အောင် လုပ်လိုက်ပါ။ တည်လိုက်တာနဲ့  ကိုယ်ဟာ တန်ဘိုးရှိတဲ့သူတစ်ယောက် ဖြစ်သွားပါပြီ။ ဒါဆို ဘာမှ အားငယ်စရာ မလိုတော့ပါ။

တစ်စုံတစ်ယောက်က ကိုယ့်ကို မချစ်ဘူး၊ ဘာဖြစ်လဲ၊ ကိုယ့်မှာ သိက္ခာသုံးပါးရှိတယ်။ တစ်စုံတစ်ယောက်က ကိုယ့်ကို မုန်းနေတယ်၊ ဘာဖြစ်လဲ။ သူ့ ဟာသူ ကြိုက်သလောက်မုန်း၊ ကိုယ့်မှာ သိက္ခာသုံးပါးရှိတယ်။ ကိုယ့်မှာ အခြံအရံ အသိုင်းအ၀ိုင်းမရှိဘူး၊ ဘာဖြစ်လဲ။ ကိုယ့်မှာ သိက္ခာသုံးပါးရှိတယ်။ ကိုယ်က မအောင်မြင်ဘူး။ ဘာဖြစ်လဲ။ ကိုယ့်မှာ သိက္ခာသုံးပါးရှိတယ်။ ကိုယ့်မှာ ကားမရှိဘူး။ ဘာဖြစ်လဲ။ ကိုယ့်မှာ သိက္ခာသုံးပါးရှိတယ်။ ကိုယ့်မှာ မကျန်းမာဘူး။ ဘာဖြစ်လဲ။ ကိုယ့်မှာ သိက္ခာသုံးပါးရှိတယ်။ ကိုယ့်မှာ ငွေကြေး မချမ်းသာဘူး။ ဘာဖြစ်လဲ။ ကိုယ့်မှာ သိက္ခာသုံးပါးရှိတယ်။ လူတစ်ယောက်ရဲ့ တန်ဖိုးကို အခြံအရံအသိုင်းအ၀ိုင်းတွေနဲ့  ဆုံးဖြတ်တာမှ မဟုတ်တာ။ သိက္ခာသုံးပါးနဲ့ ပဲ ဆုံးဖြတ်တာပဲ။

အလုပ်သွားတဲ့အခါ ကားပေါ်မှာပဲဖြစ်ဖြစ်၊ အလုပ်ထဲမှာပဲဖြစ်ဖြစ် ဂုဏ်တော်လေးကို ပွားနေမယ်။ အလုပ်နားနေတဲ့အချိန်လေးတွေမှာာလည်း ဂုဏ်တော်လေးကို ပွားနေမယ်။ နောက်ဆုံးအိမ်သာတက်ရင်လည်း ဟိုဟိုဒီဒီတွေ တွေးမနေဘဲ ဂုဏ်တော်လေးပွားတက်မယ်ဆိုရင် ပိုက်ဆံမကုန်ဘဲ သမာဓိသိက္ခာတွေဖြစ်နေတာပါ။။ တစ်ယောက်တည်း လုပ်ရတဲ့အလုပ်တွေမှာလည်း တတ်နိုင်သမျှ သတိလေးကပ်ပြီး လုပ်နေမယ်ဆိုရင်လည်း ပညာသိက္ခာတွေတည်နေတာပါ။

“ငါ့ရင်ထဲမှာ သိက္ခာသုံးပါးတည်နေရင် ငါဟာတန်ဖိုးရှိနေတာပါပဲ” ဆိုတဲ့ အတွေးလေးကိုတော့ ရင်ထဲမှာ သေချာ ထည့်ထားရမှာပါ။ တတ်နိုင်ရင် ကိုယ့်အိပ်ခန်းထဲမှာပဲ ဖြစ်ဖြစ်၊ ကိုယ့်ရဲ့ အလုပ်စားပွဲပေါ်မှာပဲဖြစ်ဖြစ်၊ ကိုယ်အမြဲ မြင်နေရတဲ့ နေရာမှာပဲဖြစ်ဖြစ် “ငါ့ရင်ထဲမှာ သိက္ခာသုံးပါးတည်နေရင် ငါဟာ တန်ဖိုးရှိနေတာပါပဲ” ဆိုတဲ့စာတမ်းလေးကို ကပ်ထားရမှာပါ။ ဒါဆို စာတမ်းကို မြင်တိုင်း မြင်တိုင်း ကိုယ့်ကိုယ်ကို ဘယ်လိုဖြတ်သန်းရမယ်ဆိုတာ သတိပေးပြီးသား ဖြစ်နေတော့တာပါ။

ကျန်ရှိနေတဲ့ သက်တမ်းလေးကို သိက္ခာသုံးပါးနဲ့ နေသွားရုံပါပဲ။

ဒီနေရာမှာ တွေးစရာ သံဝေဂဖြစ်ဖွယ် ဥဒယဘဒ္ဒဇာတ်ကလေးကို အကျဉ်းချုပ်ပြောပြပါအုံးမယ်

တစ်ခုသော ညတစ်ညမှာ ဥဒယဘဒ္ဒမင်းသမီးဟာ ပြဿဒ်ထက် တိုက်ခန်းမှာ နေနေပါတယ်။

အဲဒီအချိန်မှာပဲ လုလင်ပျိုတစ်ယောက်ဟာ ရွှေခွက်နဲ့  ရွှေအပြည့်ထည့်ပြီး ရောက်လာပါတယ်။ နောက်လုလင်က မင်းသမီးကို လူပျိုစကား စပြောပါတယ်။

“မင်းသမီး... တစ်ညလောက် သင့်တိုက်ခန်းမှာ အတူတကွ နေပါရစေ”

မင်းသမီးလည်း အတော်ထိတ်လန့် သွားပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ အောက်မှာ အစောင့်တွေအများကြီး ချထားလို့ ပါ။ ဒါကြောင့် မင်းသမီးက “ဘယ်လိုလုပ် တက်လာတာလဲ” ပြန်မေးပါတယ်။

လုလင်ကလည်း “ငါဟာ နတ်သားတစ်ယောက်ဖြစ်တယ်။ ငါ့အတွက် မခက်ပါဘူး။ သင်က ငါ့ကိုချစ်တယ်ဆိုရင် ပါလာတဲ့ ရွှေခွက်နဲ့  ရွှေအပြည့် ပေးပါ့မယ်” လို့  ပြန်ပြောပါတယ်။

ဒီတော့ မင်းသမီးက “သင့်ဟာသင် နတ်သားမကလို့  ဘာပဲဖြစ်နေဖြစ်နေ ကွယ်လွန်သွားတဲ့ ကျွန်မခင်ပွန်းဟောင်း မင်းသားမှတစ်ပါး ဘယ်သူ့ ကိုမှ မမြတ်နိုးဘူး။ သင်ပြန်ပါတော့” လို့  နှင်လွှတ်လိုက်ပါတယ်။

ဒုတိယညကျတော့ လုလင်ပျိုနတ်သားက ငွေခွက်နဲ့  ရွှေအပြည့်ထည့်ပြီး ရောက်လာပြန်ပါတယ်။ ဒါပေမယ့် မင်းသမီးက ချက်ချင်းပဲ ပြန်လွှတ်ပါတယ်။

တတိယညကျတော့လည်း လုလင်ပျိုနတ်သားက ကြေးခွက်နဲ့ ရွှေအပြည့်ထည့်ပြီး ချစ်ရေးဆိုလာပြန်ပါတယ်။

ဒီမှာတင် မင်းသမီးက စဉ်းစားပါပြီ။ ပထမရက်မှာ ရွှေခွက်နဲ့ ။ ဒုတိယရက်မှာ ငွေခွက်နဲ့ ။ တတိယရက်မှာ ကြေးခွက်နဲ့ ဆိုတော့ သူ့ အတွက် အထူးအဆန်းဖြစ်နေပါတယ်။ ဒါကြောင့် မင်းသမီးက လုလင်ကို မေးကြည့်ပါတယ်။

“အသင် ယောက်ျား...ယောက်ျားဟာ မိန်းမကို ချစ်ရေးဆိုရင် ဥစ္စာပစ္စည်းကို တိုးတိုးပဲ ပေးရတယ်။ သင်က ဘာဖြစ်လို့  တစ်နေ့ ထက်တစ်နေ့  လျှော့လျှော့ပေးရတာလဲ” လို့  မေးပါတယ်။

ဒီတော့ လုလင်ပျိုကလည်း ပြန်ဖြေပါတယ်။ “မင်းသမီးရယ်၊ သင့်ရဲ့ အသက်နဲ့  ရုပ်ရည်အဆင်းက တစ်နေ့ ထက်တစ်နေ့  တိုးတိုးပျိုပျိုလာတယ်ဆိုရင်တော့ ဥစ္စာပစ္စည်းကို တိုးတိုးပေးမှာပေါ့။ သင်မင်းသမီးရဲ့ အသက်နဲ့  ရုပ်ရည်အဆင်းက တစ်နေ့ ထက်တစ်နေ့ လျော့လျော့အိုအိုလာတာပဲ။ ဒါကြောင့် ငါက ပစ္စည်းကို လျှော့လျှော့ပေးတာပါ။ မင်းသမီးရယ် တစ်ရက် တစ်ည ကုန်လွန်တာကို ထားလိုက်ပါဦး။ အခု သင့်ကို ငါကြည့်နေဆဲမှာပဲ သင့်ရဲ့ ရုပ်ရည် အဆင်းတွေက တဖြုတ်ဖြုတ်နဲ့  အို အို လာနေပြီလေ။ တဖြည်းဖြည်း တစ်နေ့ ထက် တစ်နေ့  ပျိုပျိုလာတာမှ မဟုတ်တာ” လို့  ရှင်းပြလိုက်ပါတယ်။

နောက် လုလင်နတ်သားက မင်းသမီးကို နတ်ပြည်ရောက်ကြောင်း ကုသိုလ်ကောင်းမှုတွေကို ဆက်ပြီး ဟောပြပေးပါတယ်။

တကယ်တော့ လုလင်ပျိုက အတိတ်လူ့ ဘ၀က မင်းသမီးရဲ့ ခင်ပွန်းဟောင်းပါ။ လူ့ ပြည်မှာ ကျန်ခဲ့တဲ့ ဇနီးဟောင်းကို လာပြီး သတိပေးတရားဟောတာပါ။

လူတစ်ယောက်ဟာ တစ်ရက်ကုန်သွားတာနဲ့  သေဖို့ တစ်ရက် နီးနီးသွားတာပါ။ သေဖို့ တစ်ရက် နီးသွားတာနဲ့  ကုသိုလ်ပြုဖို့  အခွင့်အရေးတွေ တစ်ရက်လျှော့သွားတာပါ။ ပြီးတော့ တစ်ရက်ကုန်သွားတာနဲ့  အို အိုသွားတာပါ။ တိုး တိုးပြီး ပျိုပျို မလာပါဘူး။

ဒီတရားသဘောကို အခြေခံပြီး ဆရာတော်ဘုရားတွေက “တစ်ရက်ကုန်ပြန်၊ ငါ့ရုပ်နာမ်၊ သေရန် တစ်ရက်နီးလာပြီ” လို့  သတိပေးထားပါတယ်။

မနက်အိပ်ရာကနိုးတာနဲ့ မထသေးဘဲ “တစ်ရက်ကုန်ပြန်၊ ငါ့ရုပ်နာမ်၊ သေရန် တစ်ရက် နီးလာပြီ” လို့  နှစ်ခေါက်လောက်ဆင်ခြင်လိုက်ရင် ကိုယ့်ကိုယ်ကိုလည်း သတိပေးပြီးသားဖြစ်သွားပါတယ်။ ဒါဆိုရင် တစ်နေ့ တာဖြတ်သန်းတဲ့အခါ အကုသိုလ်ပြုချင်စိတ် ရှိတော့မှာ မဟုတ်သလို ကုသိုလ်ပြုဖို့ ကိုလည်း သေချာအားထုတ်တော့မှာပါ။

တစ်ရက်ကုန်သွားတာနဲ့  သေဖို့ တစ်ရက်နီးလာပြီဆိုတာလေးကို သံဝေဂဖြစ်အောင် သေချာဆင်ခြင်ရမှာပါ။

ငယ်ရွယ်နုပျိုတဲ့ သူတွေအတွက်တော့ ကုသိုလ်ပါရမီဖြည့်ဖို့  အခွင့်အရေး ရက်တွေက ပိုပြီး ရှိနေပါသေးတယ်။

ဘယ်အသက်အရွယ်ပဲ ရောက်နေရောက်နေ “ကျန်ရှိနေတဲ့ သက်တမ်းကို ဘယ်လိုနေမလဲ” ဆိုတဲ့ မေးခွန်းကို သေချာမေးပြီး ကျန်ရှိနေတဲ့ သက်တမ်းအတွက် “ဘ၀ပုံစံ” ကို သေချာချရမှာပါ။ ကိုယ်ချထားတဲ့ “ဘ၀ပုံစံ” အတိုင်း နေသွားဖို့ ပါ။

ဘာပဲဖြစ်နေဖြစ်နေ၊ ဘာမှ အားငယ်စရာ မလိုပါဘူး။ ကိုယ့်ရင်ထဲမှာ သိက္ခာသုံးပါး တည်နေရင် ကိုယ်ဟာ တန်ဖိုးရှိနေတာပါပဲ။

အလင်းတန်းဂျာနယ်
၃၁.၈.၂၀၀၉

စာကြွင်း။ ။ ဒီဓမ္မစာစုလေးဟာ စာရေးသူ ၄.၆.၂၀၀၉ နေ့ က မုံရွာဗောဓိတစ်ထောင်မှာ ၀န်ချီစက်ပြုတ်ကျလို့  ခြေထောက်ကျိုးပြီး ကိုယ့်ကိုယ်ကို အကြိမ်ကြိမ်ပြန်ဟောထားတဲ့ တရားလေးကို ဆောင်းပါးအဖြစ် ပြန်ရေးလိုက်တာပါ။

စာရေးသူ ကျိုးပြီး နောက်ပိုင်းမှာ စိတ်နှစ်စိတ်ဖြစ်လာပါတယ်။ တစ်စိတ်က ကြောက်လန့် သွားတဲ့စိတ်ပါ။ တစ်စိတ်က သံဝေဂ စိတ်ပါ။ သံဝေဂစိတ်ဖြစ်တာ ကောင်းပေမယ့် ကြောက်လန့် စိတ်ကျတော့ လူကို တော်တော်ဒုက္ခပေးပါတယ်။ ခရီးဝေးသွားရမှာတောင် ကြောက်သွားပါတယ်။ ဘ၀မှာဖြစ်ချင်တာတွေ အကုန်နီးပါးဖြစ်၊ လိုချင်တာတွေ အကုန်နီးပါးရဆိုတော့ “သြော်...ငါအတိတ်ကုသိုလ် ပါရမီတွေ တော်တော်ကောင်းခဲ့ပါလား၊ ဒီဘ၀ပြုနေတဲ့ကုသိုလ်တွေကလည်း အကျိုးပေးနေပုံရတယ်။ ဆက်လည်း ပြုနေအုံးမှာဆိုတော့ နောင်လည်း ဒီထက်မကတဲ့ ကောင်းကျိုးတွေက လာနေအုံးမှာပဲ” ဆိုတဲ့ အတွေးက အစဉ်သဖြင့်ရှိနေလို့ ပါ။ ဒီမှာတင် အဖြစ်ဆိုးကြီးနဲ့  ကြုံလိုက်ရတော့ ကြောက်လန့် စိတ်ဝင်သွားပါတယ်။ ကျိုးပြီးနောက်ပိုင်း ဒကာ ဒကာမတွေက ယခင်ကထက် ပိုဂရုစိုက်ပေးပါတယ်။ န၀ကမ္မဆိုလည်း ကပ္ပိယမှတစ်ဆင့် ပိုပိုလျှံလျှံလှူပေးတာပါ။ ဘယ်ဆေးရုံသွားချင်လဲ၊ ဘယ်လောက်ပဲကုန်ကုန်ဆိုပြီး ကုန်ကျစရိတ် အကုန်လှူမယ်လို့  ဆိုလာတဲ့ ဒကာ ဒကာမတွေလည်း အများကြီးရယ်ပါ။ ရန်ကုန်-မန္တလေး ဆရာဝန်တွေကလည်း သိပ်ဂရုစိုက်ကြတာပါ။ ဒါပေမယ့် ကြောက်လန့် စိတ်ကတော့ ပျောက်မသွားခဲ့ပါဘူး။ ဒါကြောင့် အထက်ပါ ဓမ္မစာစုလေးကို ကိုယ့်ကိုယ်ကို နေ့ ရော ညပါ အကြိမ်ကြိမ် ပြန်ဟောခဲ့ရတာပါ။ ကိုယ့်ကိုယ်ကို ဟောရတာလည်း မရိုးနိုင်၊ နာရတာလည်း မရိုးနိုင်ခဲ့ပါဘူး။ အကြိမ်ကြိမ်ဟောခဲ့မှ စိတ်သက်သာရာ ရခဲ့တာပါ။ အခုလည်း ဟောနေဆဲပါ။

စာရေးသူနဲ့ စာဖတ်သူဆိုတာ မသိကြပေမယ့် စိတ်ချင်းရင်းနှီးကြတာ များပါတယ်။ ကိုယ်က ရဟန်းဆိုတော့ ကြည်ညိုစိတ်နဲ့  ပိုပြီးတောင် ရင်နှီးစိတ် ဖြစ်ကြအုံးမှာပါ။

စိတ်ချင်းရင်းနှီးရင် ကိုယ်ရေးလိုက်တဲ့စာဟာ စာဖတ်သူအတွက် လက်ခံကျင့်ကြံအားထုတ်ဖို့  ပိုဖြစ်သွားတော့မှာပါ။ ဒီဓမ္မစာစုလေးဟာ စာဖတ်သူအတွက် ကျင့်ချင်စရာ အကျင့်စရဏလေးတစ်ခု ဖြစ်သွားလိမ့်မယ်လို့ လည်း ယုံကြည်ပါတယ်။

တကယ်လို့  စာဖတ်သူက ရင်းနှီးစိတ်ကို အခြေခံပြီး လက်တွေ့ ကျင်ြ့ဖစ်သွားတယ် ဆိုရင်တော့ စာရေးသူအတွက် ရေးရကျိုး နပ်သွားပါပြီ။
 
—ရဝေနွယ်(အင်းမ)

Wednesday, February 27, 2013

ပျော်ရွှင်ခြင်းကို ဖမ်းဆုပ်ပါ 抓住你要的幸福


ပျော်ရွှင်ခြင်းကို ဖမ်းဆုပ်ပါ 抓住你要的幸福


အသက်ကြီးလာလေ ပျော်ရွှင်ခြင်းက ရှားပါလေပါပဲ။ ပြီးတော့ ပျော်ရွှင်တယ်၊ မပျော်ရွှင်ဘူးဆိုတာ လူတစ်ယောက်ရဲ့ ပင်ကိုယ်စရိုက်နဲ့ တိုက်ရိုက်ပတ်သက်နေပြီး သူပိုင်ဆိုင်တဲ့စည်းစိမ်ဥစ္စာနဲ့ လုံးဝမဆိုင်ကြောင်းကို တဖြည်းဖြည်းသိလာခဲ့ရတယ်။

"ပျော်ရွှင်ခြင်းက ဆုတောင်းပြီးရလာတာ မဟုတ်သလို မမျှော်လင့်ဘဲ တွေ့ဆုံပြီးရလာတာလည်း မဟုတ်ပါဘူး" ဆိုတဲ့အပြောက ဟုတ်သလိုလိုရှိခဲ့ပါတယ်။
ပျော်ရွှင်ခြင်းဆိုတာ ရင်ထဲက စိတ်ကူးအိပ်မက်ရဲ့မျိုးစေ့လေးပါ။ ဘဝတစ်ခုလုံးရဲ့ ပြင်းပျတဲ့ဆန္ဒနဲ့ ရေလောင်းပေါင်းသင်ပေးမှ ပျော်ရွှင်တဲ့အသီးအပွင့်တွေ ဖူးပွင့်လာမှာဖြစ်တယ်။
ဘဝရဲ့ပြင်းပျတဲ့ဆန္ဒ မရှိသူက ပျော်ရွှင်ခြင်းနဲ့တွေ့ဆုံဖို့ အင်အားလုံလောက်မှာ မဟုတ်ပါဘူး။

ပျော်ရွှင်ခြင်းကို လူတိုင်းခက်ခက်ခဲခဲ ရှာဖွေကြတယ်။ တကယ်တော့ ပျော်ရွှင်ခြင်းက ကိုယ့်ရင်ခွင်ထောင့်တစ်နေရာမှာ နဂိုကတည်းက ရှိနှင့်နေပြီးသားပါ။
ဆင်းရဲတဲ့မိသားစုကနေ ပေါက်ပွါးလာခဲ့သူကျွန်တော့်အတွက် ငယ်ငယ်လေးတည်းက မိဘတွေ ဘယ်လောက်ပင်ပင်ပန်းပန်း ရုန်းကန်ခဲ့ရသလဲဆိုတာ မျက်မြင်ကိုယ်တွေ့ပါ။ ငွေကြေးမပြည့်စုံတဲ့ အိမ်ထောင်ရေးမှာ ဝမ်းနည်းခြင်းတွေပဲရှိမယ်လို့ ကျွန်တော်ယုံကြည်ခဲ့တယ်။ ဒါကြောင့် လုံလောက်တဲ့ငွေကြေးရှိမှ ပျော်ရွှင်ခြင်းရှိမယ်လို့ ထင်မှတ်မှားခဲ့တယ်။

လူတစ်ယောက် ဒါမှမဟုတ် အိမ်ထောင်တစ်စုမှာ ငွေကြေးတွေ ဘယ်လောက်စုဆောင်းရမှ၊ ဥစ္စာတွေ ဘယ်လောက်ပိုင်ဆိုင်မှ လုံလောက်တယ်လို့ ထင်ပါသလဲ?
လွန်ခဲ့တဲ့နှစ်က လခကောင်း၊ အလုပ်ကောင်းတဲ့ Micro-soft ဆော့ဝဲလ်ကုမ္ပဏီကနေ ကျွန်တော်အလုပ်ထွက်ဖို့စီစဉ်တော့ ကျွန်တော့်ကိုယ်ကျွန်တော် ဒီလိုကြီးလေးတဲ့မေးခွန်းကို မေးမိတယ်။ အမေက အလွယ်တကူ ကျွန်တော့်ကိုအဖြေပေးပါတယ်။
"အမေတို့မှာ မိသားစုသုံးယောက်ပဲရှိတာ တစ်လကို နှစ်သောင်းငါးထောင်(ထိုင်ဝမ်ငွေ)နဲ့ပဲ အသားငါးတွေ နပ်တိုင်းစားနိုင်ပါတယ်"

ဒုတိယကမ္ဘာစစ်ကို ကြုံခဲ့ဖူးတဲ့အမေအတွက် ပျော်ရွှင်ခြင်းဆိုတာ ကိုယ့်လင်ယောက်ျား၊ ကိုယ့်သားသမီးနဲ့အတူ သိုက်သိုက်ဝန်းဝန်း နေရဖို့ပါပဲ။ တစ်မိသားစုလုံး အသားငါးတွေနဲ့နပ်တိုင်း ဝဝလင်လင်စားနိုင်ရုံနဲ့တင် ပျော်ရွှင်ခြင်းကို အလွယ်တကူရနိုင်ခဲ့ပါတယ်။
အမေရဲ့အဖြေက တွေဝေနေတဲ့ ကျွန်တော့်စိတ်ကို တိုက်ရိုက်ထိမှန်ခဲ့တယ်။ အဲဒီနောက် ငွေကြေးရဲ့ကျေးကျွန်ဘဝကနေ ကျွန်တော်လွတ်မြောက်ခဲ့ပြီး "ကိုယ်လုပ်ချင်တာလုပ်ဖို့" အခွင့်ရခဲ့တယ်။

ကိုယ်ပိုင်ရုံးခန်းလေးတစ်ခုဖွင့်ပြီး နှစ်အနည်းငယ်အကြာမှာ ကျွန်တော့်စိတ်ကူးတချို့ကို အကောင်အထည်ဖော်ခဲ့တယ်။ ဒါပေမယ့် အမေရုတ်တရက် ဦးနှောက်သွေးကြောပေါက်ပြီး လေဖြတ်သွားခဲ့ရလို့ သွားလာလှုပ်ရှားမှုမှာ အခက်အခဲကြုံခဲ့ရတယ်။ ပျော်ရွှင်နေတဲ့မိသားစုမှာ ကြီးမားတဲ့ထိခိုက်မှုကြုံခဲ့ရတယ်။ မိသားစုအားလုံး တက်ညီလက်ညီ ကြံ့ကြံ့ခံပြီး နောက်တစ်ကြိမ် ထရပ်နိုင်ဖို့ ကြိုးစားခဲ့တယ်။ အမေဘဝရဲ့ အခက်အခဲဆုံးအချိန်ကို အဖော်လုပ်ဖြတ်သန်းခဲ့ကြတယ်။
အဖေက "နပ်စ်" နေရာမှာသရုပ်ဆောင်ပြီး အမေကိုပြုစုတယ်။ တစ်အိုးတစ်အိမ် ထူထောင်သွားကြပြီဖြစ်တဲ့ အစ်မနှစ်ယောက်လည်း မကြာခဏပြန်လာပြီး "ဆေးကျောသုတ်သင်သူ" "အာဟာရစပ်သူ"အဖြစ် ရှိနေခဲ့ကြတယ်။ ကျွန်တော်က "ဒါရိုက်ဘာနဲ့ အကူ"အဖြစ် တာဝန်ယူခဲ့တယ်။
ဒီအတွက် ပျော်ရွှင်ခြင်းက ကျွန်တော်တို့နဲ့ ဝေးမသွားတဲ့အပြင် ကျွန်တော်တို့မိသားစုအားလုံးကို တစ်စုတစ်စည်းတည်း ရှိစေခဲ့တယ်။

ပျော်ရွှင်ဖို့အတွက် ငွေကြေးတွေ မလိုအပ်ဘူးဆိုပေမယ့် အခြေခံစားဝတ်နေရေးအတွက်တော့ ငွေတွေလိုအပ်ပါတယ်။ ဒါပေမယ့် ပိုလျံတဲ့ငွေကြေးတွေက အသုံးမတတ်ရင် အကျိုးမပေးသလို ကျန်းမာရေး၊ ပျော်ရွှင်ခြင်းတွေကိုလည်း ဝယ်ယူလို့ မရနိုင်ခဲ့ပါဘူး။
နှစ်အတော်ကြာ ခရီးသွားခဲ့တဲ့ အတွေ့အကြုံကြောင့် ရိုးရှင်းတဲ့ပျော်ရွှင်ခြင်းတချို့ကို ကျွန်တော်တွေ့မြင် ခံစားခွင့်ရခဲ့တယ်။

ထိုင်းနိုင်ငံက ကလေးတွေ ဆင်စီးပြီး ဘောလုံးကန်ကြတယ်။
တီဘက် Turpanကရွာသားတွေ သူတို့ကိုယ်တိုင် စပျစ်သီးတွေစိုက်ပြီး ကမ္ဘာပေါ်ကအမွှေးဆုံး စပျစ်ဝိုင်ကို သောက်ကြတယ်။
အရှေ့ဥရောပပိုလို(Polo)က ပင်လယ်မြို့တစ်မြို့ဖြစ်တဲ့ Latviaမြို့လမ်းမပေါ်မှာ အမျိုးသမီးတစ်သိုက် ပယင်းလက်ဝတ်လက်စားတွေ ဝယ်နေတာကို ကျွန်တော်တွေ့ခဲ့တယ်။ တစ်ရာလောက်ပဲ တန်ဖိုးရှိတဲ့ပစ္စည်းကို သူတို့ကြည့်ရတာ အဖိုးတန်ရတနာကို ဝယ်ယူနေရသလို ဝမ်းသာပျော်ရွှင်နေခဲ့ကြတယ်။
သူတို့ရဲ့ ရိုးသားတဲ့အပြုအမှုမှာ ပျော်ရွှင်ခြင်းတွေကို ကျွန်တော် ရှင်းရှင်းလင်းလင်း တွေ့မြင်ခဲ့ရတယ်။

ပျော်ရွှင်ဖို့အတွက် ဘဝရဲ့အခြေခံလိုအပ်ချက်တွေအပြင် ရောင့်ရဲတတ်ဖို့နဲ့ ကျေးဇူးသိတတ်တဲ့စိတ်လည်း လိုပါသေးတယ်။ ဒါတွေဟာ ပျော်ရွှင်ခြင်းတွေကို ဖန်တီးပေးနိုင်တယ်။ တချို့အတွက် ငွေကြေးဥစ္စာပြည့်စုံပေမယ့် ဒါတွေကို ဝယ်ယူလို့ မရနိုင်ခဲ့ပါဘူး။
ပျော်ရွှင်ခြင်းဆိုတာ အတွင်းစိတ်ထဲမှာရှိတဲ့ ခံစားချက်ဖြစ်တယ်။ ကိုယ့်စိတ်ထဲက ရှာယူရမှာဖြစ်ပြီး တစ်ခြားလူဆီကနေ ငှါးယူလို့ရတာမျိုး မဟုတ်ပါဘူး။ ရခဲ့ရင်လည်း ခဏတာပျော်ရွှင်မှုမျိုး ဖြစ်ပါလိမ့်မယ်။
ပျော်ရွှင်ခြင်းက ကိုယ့်ကိုချစ်တဲ့လူဆီကနေ ရလာတာဖြစ်တယ်လို့ လူအများကထင်ခဲ့ကြတယ်။ ဒါက အန္တရာယ်ရှိတဲ့ ထင်မြင်ချက်မျိုးဖြစ်တယ်။

တကယ်လို့ ကိုယ်ကိုယ်တိုင်က ပျော်ရွှင်ခြင်းကို မခံစားတတ်၊ မထိန်းချုပ်တတ်ပါဘဲ တခြားလူဆီက ပျော်ရွှင်ခြင်းကို တောင့်တတာဟာ မတရားသလို သူ့အတွက်လည်းဝန်ပိုစေပါတယ်။ တစ်နည်းပြောရရင် ကိုယ့်ကိုချစ်တဲ့လူကို "ငါ့ကို ပျော်ရွှင်ခြင်းတွေပေး" ဆိုတဲ့ ကြီးလေးတဲ့တာဝန်ကို ထမ်းပိုးထားစေတာနဲ့ မခြားပါဘူး။
အချင်းချင်းချစ်ကြသူနှစ်ဦး ပျော်ရွှင်တယ်၊ မပျော်ရွှင်ဘူးဆိုတာကို သူတို့နှစ်ဦးမှာ ပျော်ရွှင်ခြင်းကိုယ်စီ ရှိသလားဆိုတာနဲ့ ဆုံးဖြတ်ရလိမ့်မယ်။ ကိုယ်တိုင်က ပျော်ရွှင်နေသူဖြစ်မှ တဖက်သားအတွက် ပျော်ရွှင်ခြင်းတွေ ပေးနိုင်မှာဖြစ်တယ်။

ပျော်ရွှင်ခြင်းကို တခြားလူစီကနေ ကျွန်တော်တို့တောင်းယူလို့ မရနိုင်ပေမယ့် ပျော်ရွှင်ခြင်းကို လူတွေနဲ့ရက်ရက်ရောရော မျှဝေခံစားနိုင်ပါတယ်။ ပြီးတော့ တခြားလူကို ပေးကမ်းနိုင်ပါတယ်။ အံ့သြစရာကောင်းတာက မျှဝေလိုက်လို့၊ ပေးကမ်းလိုက်လို့ ကျွန်တော်တို့မှာ ပျော်ရွှင်ခြင်းတွေ ဆုံးရှုံးသွားတာမျိုး မရှိခဲ့ပါဘူး။ ကိုယ်ဝေမျှလိုက်တဲ့ ပျော်ရွှင်ခြင်းကများလေ ကိုယ့်ပြန်ရတဲ့ပျော်ရွှင်ခြင်းက များလေဆိုတာကို တအံ့တသြတွေ့ပါလိမ့်မယ်။
ပျော်ရွှင်ခြင်းဆိုတာ လူတိုင်းရဲ့ရင်ထဲက ခပ်လို့မကုန်နိုင်တဲ့ တွင်းရေလေးတစ်ခုဖြစ်တယ်။

စီးဆင်းတာများလေ၊ ခပ်ယူတာများလေ မပြတ်လျံထွက်လေဖြစ်ပြီး လှုပ်ရှားလေးတက်ကြွလေ၊ ပေးလေများလေဖြစ်တဲ့ တွင်းရေဖြစ်တယ်။
ဒါဟာ ဘဝကိုမယုတ်လျော့စေတဲ့ အင်အား၊ သံလိုက်စက်ကွင်းကြီးဖြစ်တယ်။ အင်အားများများသုံးပြီး ထုတ်လွတ်လေ စက်ကွင်းကျယ်ပြန့်လေ၊ ကိုယ်နဲ့ပျော်ရွှင်ခြင်း အသွင်အပြင်တူသူကို ဆွဲငင်ပေးလေဖြစ်တယ်။ ပျော်ရွှင်ခြင်းကို မခံစားတတ်သူအတွက် စက်ကွင်းကလည်း သေးငယ်နေမှာဖြစ်ပါတယ်။

မူရင်း--- http://share.youthwant.com.tw/sh?do=D&id=31021768
နိုင်းနိုင်းစနေ

                                                     抓住你要的幸福


年紀漸長,愈來愈知道「幸福」的可貴。
也慢慢了解:一個人是否夠擁有幸福,多半和他本身的個性直接相關,和他本身有多少財富,關係並不大。
至於「幸福,可遇不可求」這種說法,更覺得似是而非了。

幸福,是心中一顆夢想的種子,需要用整個生命的熱情去耕耘灌溉,它既不是遇到的,也不是求來的。
缺乏生命的熱情的人,沒有足夠能量,遇不到也求不到幸福。
幸福,原來是眾裡尋它千百度,卻在自己內心的燈火闌珊處。

小時候在經濟不甚寬裕的家庭中長大,看盡父母為錢勞苦奔波的窘境,一直相信「貧賤夫妻百世哀」,誤以為只有賺到足夠的錢,才能獲得幸福。
而一個人或一個家庭,必須累積多少錢、擁有多少財富才算足夠呢?
幾年前,當我決定要離開Micro-soft微軟公司那份待遇及福利十分優厚的工作前,我問自己這個沉重的問題,母親卻給我十分輕鬆的答案:「我們一家三口,每個月只要新台幣兩萬五千元,就可以餐餐吃魚吃肉了。」

經歷過第二次世界大戰的母親,對幸福的渴望只不過是和她的丈夫及兒子團聚,全家餐餐有魚有肉可吃,如此簡單而容易獲得幸福。
這個答案,對當時的我而言,有極其關鍵性的影響。

我終於在職場上脫離金錢的牢籠,得到「做自己想做的事」的自由。
成立工作室幾年後,實現了一些小小的夢想,有了一點基礎的儲蓄。
母親卻意外腦幹出血導致中風,從此失去自由行動的能力。
這對一個幸福的家庭而言,是一次重大的打擊。


所幸,我們全家人同心協力堅持要再站起來,陪伴母親度過生命的難關。
父親扮演「生活看護」的角色,兩位已出嫁的姊姊也常回來充當「造型師」及「營養師」,我則兼任「司機及雜役」。

幸福,不但沒有遠離,反而將全家人更親密地圍繞在一起。
錢財並非完全沒有用,基本的生活開銷還是要顧到。
但是,過多的錢財,真的沒有太多用途,它換不回健康,也買不到快樂。
同樣居住在這片土地的人們,基本上都是有錢人,至少以「小康之家」佔大多。

但是,我們卻不見得能將生活過得十分幸福、快樂。
比起東南亞中國大陸、甚至更遠的東歐,那些經濟上還有待改善的地方,我們有錢多了,但是,他們可能過得比我們幸福、快樂。
多年來獨自旅行的經驗,讓我有幸能見識清貧的幸福。

泰國
鄉間的孩童,騎在大象身上賽球。
中國新疆吐魯番的村民,他們自己種葡萄,喝著世界上最香醇的紅酒。
在東歐波羅的海三小國之一的拉托維亞街道上,我看見一群婦人正在選購琥珀飾品,價值約新台幣一百元,她們卻像在買百萬名鑽般慎重而興奮。
從他們單純而珍惜的表情,一再印證幸福的種種可能性。

維持生活基本的條件之外,需要的是知足而感恩的心情,是敏銳而細膩的眼光,是自然而優雅的美感,是誠懇而體貼的自信。
這些足以創造幸福、維繫快樂的條件,非關財富,但對某些已經被利慾薰心的人來說,可能比財富還更難獲得。
畢竟,這是很內省的功夫,必須反求諸己,才能重新獲得。

幸福是發自內在的感覺,不假外求;也不是可以靠別人給的。
依賴別人施捨的幸福,如海市蜃樓般虛無的繁華,只是暫時的假象。
很多人以為:幸福,是來自於愛你的人。
其實,這是很危險的想法。

如果,你自己無法掌控幸福,而將幸福與否的關鍵,放在別人手上,對彼此而言,都是太大的負擔,也不公平!
再說,怎麼忍心讓愛我們的人,承擔這樣巨大的責任。
兩個相愛的人,能不能擁有共同的幸福,最先決的條件,是他們各自是不是幸福的人。
唯有自己本身就是幸福的人,才能和另一個人共同創造幸福。

我們無法向別人乞討幸福,卻可以大方地和別人分享幸福,甚至對別人奉獻幸福。
更奇妙的是,分享與奉獻,完全無損於我們本身擁有的幸福。
反而,會因為你付出愈多幸福,就在付出的同時,獲得愈多幸福。
幸福,是每個人心底的一口永不乾凅的活泉。
流出來愈多、被舀走愈多,它愈是不停湧出。愈動愈有活力;愈給愈快樂。

這是生命不滅的能量,它形成一種磁場。
放出的能量愈大,形成的磁場範圍就愈遼闊。
可以吸引和你有同樣幸福特質的人,在適當的時候、適當的地點相遇。
有情的人,一定會相遇。但是,相遇的不一定是真正的有緣人。
對於那些自省功夫不夠、修練程度不深的人來說,生命的能量十分微弱,磁場交會時不免產生混亂。

他們的碰撞,只會有短暫的火花,來不及留下彼此互放的光亮。
若不是幸福的所在,無須強留。
我們可以在錯誤中學習,領悟之後,要讓錯誤離開,或讓自己遠走。
糾纏與眷戀,都是混亂,只會浪費能量。


末世男女,常錯把短暫的火花中發生的激情,拿來燃燒通往永恆的愛情引線。
奈何它的燃點不夠、持續力也不足,無法化剎那為永恆。
世間能永恆的,唯有真愛。

作者:  燎原之火

Tuesday, February 26, 2013

လူ့အသက်….အလုအယက်တစ်ရာ

 လူ့အသက်….အလုအယက်တစ်ရာ

လူတို့၏ အသက်တမ်းကို ဗုဒ္ဓလက်ထက်က (၁ဝဝ) တမ်းဟု သတ်မှတ်ခဲ့ပြီး နှစ်ပေါင်း (၁ဝဝ) ကြာလျှင် (၁)နှစ်လျော့သည်ဟု ဖတ်မှတ်ခဲ့ဖူးပါသည်။
ဤသို့ဆိုသော် ဗုဒ္ဓ၏ ဝါတော်(၄၅)ဝါနှင့် ဗုဒ္ဓပရိနိဗ္ဗာန်စံခဲ့ပြီးနောက် နှစ်ပေါင်း (၂၅၅၅) ကိုပေါင်းလျှင် (၂၆ဝဝ) တင်းတင်းပြည့်ခဲ့လေပြီ။ လူတို့၏ အသက်တမ်းလည်း
၁ဝဝတမ်းမှ (၂၆)နှစ် လျော့နည်းခဲ့ပြီမို့ ယခုဆိုလျှင် လူတို့၏ အသက်တမ်းကား (၇၄) နှစ်သက်တမ်းဟု ဆိုရပေမည်။ ထို (၇၄) နှစ်ဆိုသည်မှာလည်း လူတိုင်း သက်တမ်းစေ့နေရသည် တော့မဟုတ်။ အမျိုးမျိုးသော ကံကြမ္မာအလှည့် အပြောင်းရှိတာမို့ အကြောင်းတစ်မျိုးမျိုးနဲ့ သေခဲ့ကြရသူတွေလည်း ဒုနှင့်ဒေးပင်။

မည်သို့ပင်ဆိုစေကာမူ သက်တမ်းစေ့နေရသည့် ပုဂ္ဂိုလ် တစ်ယောက်အကြောင်းကို ကျွန်ုပ်လေ့လာကြည့်ချင်မိသည်။
၇၄ နှစ်သက်တမ်းစေ့သူ တစ်ယောက်ဆိုပါစို့။ အများအမြင်မှာတော့ သူဟာ ၇၄ နှစ်အသက် ရှည်တဲ့သူပေါ့။ သူ အသက်ရှည်နေထိုင်ခဲ့တာ ၃၇ နှစ်ပဲရှိတယ်လို့ ကျွန်ုပ် ပြောလိုက်လျှင် လွန်များနေ မလား မပြောတတ်ပေ။ “ငါ့စကားနွားရ” ဆိုတဲ့သဘောမျိုးနဲ့ ကျွန်ုပ်ပြောခြင်း မဟုတ်တာ အမှန်ပါ။ ဘာကြောင့်လဲဆိုတော့ လူအများစုဟာ နေ့ခင်းမှာ အလုပ်လုပ်ကြပြီး ညပိုင်းကျရင် တစ်နေ့တာ ပင်ပန်းနွမ်းနယ်သမျှကို တစ်ညတာ အိပ်စက် အနားယူတတ်ကြလို့ပါပဲ။

 ဒါကြောင့် တစ်ရက်မှာ ၂၄နာရီရှိသည့်အနက် နေ့ပိုင်း၁၂ နာရီကို နိုးနေတဲ့အချိန်လို့သတ်မှတ်ပြီး ညပိုင်း၁၂နာရီကိုတော့ အလုပ်မလုပ်ဘဲ အိပ်စက်အနားယူတဲ့ အချိန်လို့ ခွဲခြားကြည့်လိုက်ပါ။ သက်ရှိသတ္တဝါတိုင်း ပဋိသန္ဓေ စိတ်ရယ်(မိခင်ဝမ်းထဲမှာ ရှိနေခြင်း)၊ ဘဝင်စိတ်ရယ်(အိပ်စက်ခြင်း)၊ စုတိစိတ်ရယ်(သေခြင်း) အတူတူ ပဲဆိုတာကို ဗုဒ္ဓအဘိဓမ္မာမှာ အတိအလင်း ဟောကြားထားပါတယ်။ 

ဒီအတိုင်းဆိုလျှင် အိပ်ပျော်နေသူ တစ်ယောက်မှာ ဘဝင်စိတ်ဖြစ်နေတာမို့ သူ့မှာ ဘာကုသိုလ်မှ မရသလို ဘာအကုသိုလ် မှလည်း မရနိုင်ပါဘူး။ ကုသိုလ်လည်း မဖြစ်၊ အကုသိုလ်လည်း မဖြစ်တဲ့သူ တစ်ယောက်အတွက် လူ့လောကမှာ နေတာဟာ အလကားနေသလို ဖြစ်မနေဘူးလားဗျာ။ ဒါကြောင့်
ခုနက ၇၄ နှစ်သက်တမ်းရှိသူ တစ်ယောက်ရဲ့ အိပ်စက်ခြင်းအချိန်တွေကို နှုတ်လိုက်မယ်ဆိုလျှင် သူတကယ် အသက်ရှည်ခဲ့တာ ၃၇ နှစ်ပဲလို့ ကျွန်ုပ်ပြောခဲ့ခြင်း ဖြစ်ပါတယ်။

၃၇နှစ် အသက်ရှည်တဲ့ လူသားတစ်ယောက် လူ့ဘဝနေရသည့်အခိုက် ကောင်းတာတွေနဲ့ချည်း နေခဲ့ရသလား ဆိုတာ ထပ်စဉ်းစားကြည့်ရအောင်။ ရှေးဦးစွာ ဗာလဆိုတဲ့စကားလုံးလေးကို သတိပြု ကြည့်လိုက်ပါ။ ဗာလဆိုတဲ့စကားလုံးကိုတော့ စာဖတ်သူများ ကြားဖူးပြီးဖြစ်မှာပါ။ မင်္ဂလသုတ်မှာ ဗုဒ္ဓဟောကြားခဲ့ပါတယ်။
ဗာလကို ကျွန်ုပ်က ၂ မျိုးခွဲပြချင်တယ်။

၁။ဗာလ=မသိခြင်း။ 

မသိခြင်းဆိုသည်မှာ ကုသိုလ်+ အကုသိုလ် ခွဲခြားမသိတာကို ဆိုလိုပါတယ်။ နို့စို့အရွယ်ကလေးငယ် ဘဝကစပြီး ပညာသင်ကြားလို့ရမယ့် လေးငါးနှစ်အရွယ်ထိ ဆိုပါတော့။ အဲ့ဒီအချိန်မှာ သူတို့လေးတွေ ရဲ့စိတ်ထင်မှာ အချိန်တန်စား၊ အချိန်တန်အိပ်၊ အချိန်တန်ဆော့ကစားဖို့လောက်ပဲ သိသေးတာမို့ ကုသိုလ်+အကုသိုလ် တစ်ခုခုပြုမိသော်လည်း ခွဲခြားမသိနိုင်သေးတဲ့အတွက် ဗာလ=မသိခြင်းလို့ အဓိပ္ပါယ်ဖွင့်ဆိုလိုက်ပါတယ်။

၂။ဗာလ=မိုက်မဲခြင်း(လူမိုက်)။ 

လူမိုက်ဆိုကတည်းက သိလျက်နဲ့မိုက်တယ်ဆိုတာ သဘောပေါက်သင့်ပါပြီ။ အသက်ကြီး၊ အသိကြီး လာပေမယ့် အမှားကို မှားမှန်းသိလျက်နဲ့ မပြုပြင်ဘဲ မိုက်နေကြသူတွေကို ဆိုလိုတာပါ။ စာဖတ်သူများ ရဲ့ ပတ်ဝန်းကျင်ကို လေ့လာကြည့်ရင် သိနိုင်ပါတယ်။ (ဥပမာ= အရက်ကို စွဲစွဲလန်းလန်း သောက်နေ ကြတဲ့သူတွေ၊ သူ့အသက်သတ်ပြီး အသက်မွေးဝမ်းကျောင်းပြုနေကြတဲ့သူတွေ စသည်စသည် များစွာ တွေ့နိုင်ပါတယ်။)

နောက်တစ်ခုက ဇရာဆိုတဲ့ ပါဠိစကားလေး တစ်လုံးပါ။ မြန်မာလိုတော့ အိုမင်းခြင်း၊ ရင့်ရော်ခြင်းလို့ ပြန်ဆိုနိုင်ပါတယ်။ “အိုမင်းမစွမ်း” ဆိုတဲ့ ရှေးလူကြီးတွေ သုံးခဲ့တဲ့စကားလေး ပြန်လည် မြင်ယောင်ကြည့်လိုက်ပါ။ လူသားတို့ အိုးမင်းမစွမ်းဖြစ်လာပြီဆိုလျှင် နီးလျက်နဲ့ဝေးရတဲ့ ရထားသံလမ်း များ ဘယ်တော့မှ မဆုံဖြစ်ကြသလို စိတ်နဲ့ကိုယ်နဲ့ ဘယ်လောက်ပဲ နီးနေပေမယ့်လို့ ဆုံနိုင်ဖို့ ခဲယဉ်းလှပါတယ်။ အိုမင်းရင် မစွမ်းတော့ပါဘူး၊ စိတ်သွားတိုင်း ကိုယ်မပါနိုင်တော့ဘူးလို့ ဆိုလိုပါ တယ်။ ဒါကြောင့် ဘုရားသွားကျောင်းတက်ချင်စိတ် ဘယ်လောက်ပဲရှိနေပေမယ့် ကိုယ့်အိမ်က ဘုရားစင်ရှေ့ သွားဖို့တောင် အနိုင်နိုင်ပါပဲ။ ကုသိုလ်ကောင်းမှု ဘယ်လောက်ပြုချင်ပေမယ့် ပြုလုပ်ဖို့ အခွင့်အလမ်းတွေ ကင်းမဲ့နေတာကို တွေ့ရမှာပါ။ 

စာဖတ်သူများအနေနဲ့ တကယ်အသက်ရှည်တာ ၃၇နှစ်ပဲဆိုတာကို မမေ့လိုက်ပါနဲ့။ အဲ့ဒီ ၃၇နှစ်ကို အခု ကျွန်ုပ်ပြောခဲ့တဲ့ ဗာလနဲ့ဇရာတရားက ဝါးမျိုးသွားလိုက်တာ ထက်ဝက်လျော့သွားပြန်ပါပြီ။ ဘာကြောင့်လဲဆိုရင် လူတွေအသက်ရှင် လှုပ်ရှား နေတဲ့ အချိန်တွေမှာ ကုသိုလ်မဖြစ်ရင် အကုသိုလ်ဖြစ်နေလို့ပါပဲ။ ဗာလနဲ့ဇရာတရား လက်ဝယ်ပိုက် ထွေး ထားသူများအတွက် ကုသိုလ်နဲ့အကုသိုလ် ဘယ်ဟာအဖြစ်များမလဲဆိုတာ တွေးကြည့်လိုက်ရင် ကျွန်ုပ်ပြောတာ လက်ခံနိုင်မယ်ထင်ပါတယ်။ ဒါဆို သက်တမ်းစေ့နေသူ တစ်ယောက် တကယ်အသက် ရှင်နေထိုင်သွားရတာဟာ ၁၈ နှစ်နဲ့ ၆လပဲ ရှိပါတော့တယ်။
ဒီ ၁၈နှစ်နဲ့၆လကိုရော ကုသိုလ်တွေနဲ့ချည်း ပျော်ပျော်ရွှင်ရွှင် အသက်ရှင်နေသွားရမှာလား ဆိုတာ ဆက်ကြည့်ကြပါအုံးစို့။ 

ဗျာဓိ=နာခြင်းတရားတဲ့။

 ဒီဗျာဓိတရားဟာ လူသားတွေ မွေးဖွားလာစဉ် ကတည်းက လူသားနှင့်အတူ လက်တွဲဖော်အဖြစ် ပါလာခဲ့တဲ့တရားလို့ ပြောလို့ရပါတယ်။ လူ့ဘဝ ခဏတာလေးအတွင်းမှာ နာခြင်းအမျိုးမျိုး ကျွန်ုပ်တို့ ကြုံတွေ့ခဲ့ကြဖူးပါပြီ။ သေးသေးမွှားမွှားနာခြင်း (ခလုပ်တိုက်လို့ ခြေထောက်ပဲ့သွားတာမျိုး၊ ချော်လဲလို့ ဒူးပွန်းသွားတာမျိုး၊ ဆူးစူးတာမျိုး၊ အအေးမိလို့ နှာစေးချောင်းဆိုးတာမျိုး စသည်…)သာမက တစ်ခါတစ်ရံ ကြီးကြီးမားမား နာခြင်းမျိုးပါ ခံစားကြရပါ တယ်။ အစားအသောက်မှားလို့ ဗိုက်အောင့်ဗိုက်နာဖြစ်တာတို့၊ လေနာတာတို့၊ လေဖြတ်ခံထားရတဲ့ အတွက် အိပ်ရာထဲမှာ ကိုယ့်မစင်ကိုယ် မသန့်ရှင်နိုင်တဲ့အထိ ခံစားရပြီဆိုလျှင် သေတာကမှ ကောင်းသေးတယ်လို့ သေမင်းကိုလက်ယပ်ခေါ်မိတဲ့အထိတောင် ကြားဖူးကြမှာပါ။ 

ကျွန်ုပ်သူငယ်ချင်း တစ်ယောက် အူအတက်ပေါက်လို့ ဗိုက်အောင့်တဲ့ဝေဒနာခံစားရစဉ်တုန်းက သူပြောခဲ့တဲ့စကားလေး ဖောက်သည်ချပါရစေ…..“ဒီဝေဒနာခံစားရတာ ထက် သေတာကမှ ကောင်းသေးတယ်ကွာ”တဲ့ ကျွန်ုပ် နားနဲ့ဆက်ဆက် ကြားခဲ့ရတာပါ။ ဒါကြောင့် တကယ်အသက်ရှင်နေထိုင်ရတဲ့ ၁၈နှစ်နဲ့၆လဟာလဲ အကောင်းနဲ့ချည်း အသက်ရှင်ခဲ့ရတာမဟုတ်၊ ဗျာဓိတရားနဲ့ နပန်းလုံးရင်း အသက်ရှင်ခဲ့ရတာ ဖြစ်ပါ တယ်။

“လူတစ်ခု ပူမှုရယ်တဲ့ ဆယ်ကုဋေ”ဆိုသည့် စကားအတိုင်း လူသားတစ်ယောက်အဖို့ လူမှုကိစ္စ အဝဝ ရှိကြမှာ မလွဲပါဘူး။ လူဖြစ်လာစ အချိန်ကတည်းက လူသားတစ်ယောက်ရဲ့တာဝန်ဟာ အလို အလျောက် ပါလာစမြဲပါပဲ။ အရွယ်ကြီးလာတာနှင့်အမျှ လိုချင်မှုများလည်း ပိုပိုကြီးလာတတ်ကြပါတယ်။ သမုဒ္ဒရာ ဝမ်း တစ်ထွာအတွက် ရှာဖွေရုန်းကန်ကြရင်း လောဘတဏှာရဲ့ ကြီးစိုးမှုဒဏ်ကို အလူးအလဲ ခံစားကြရပြန်ပါတယ်။ တစ်ဝမ်းတစ်ခါးအတွက်သာ ရှာဖွေစားသောက်နေရုံနှင့်
အားမရ မတင်းတိမ်နိုင်ကြတဲ့အခါမှာ လူသားတွေ အဓိပ္ပါယ်အမျိုးမျိုးဖွင့်ဆိုနေတဲ့ “အချစ်”ဆိုတာကြီး နှလုံးသားကိုယ်စီမှာ ကိန်းအောင်းလာပါတော့တယ်။

အချစ်ဆိုတဲ့အရာကို ရင်တွင်းမှာမျိုသိပ်ထားရတာ ငြီးငွေ့လာပြန်တော့ နှလုံးသားမှပွင့်အန် ထွက်လာပြီး လင်မယားဇနီးမောင်နှံ ဖြစ်ဖို့အရေး ကြိုးစားကြပြန်ပါတယ်။
နှစ်ဝမ်းနှစ်ခါး ရှာဖွေစား သောက်နိုင်ရေးအတွက် စီးပွားဥစ္စာတွေ မတော်မတရားနည်းနဲ့ ကြိုးပမ်းရှာဖွေ လာကြပါတယ်။ ဒါကိုပဲ လူသားတို့က “အချစ်” (တပ်မက်ခြင်း)ဟု နာမည်ကင်ပွန်းတပ်ကာ လောကကို အရောင်ခြယ်လိုက် ကြခြင်းပါပဲ။

 “အချစ်တစ်ခုရှိလျှင် ဒုက္ခတစ်ခုရှိသည်” ဆိုတဲ့ ဆိုရိုးစကားအတိုင်း အချစ်တို့ပေါင်းဆုံရာမှ ဒုက္ခတုံးလေးများ လောကထဲ ပေါများလာပါတော့တယ်။ ဒုက္ခတုံးလေးများဆိုတာ တစ်ခြားမဟုတ် ပါဘူး။ ကျွန်ုပ်တို့ လူသားများပါပဲ။ ဒုက္ခတုံးလေးများလေ ပိုရှာဖွေရလေဖြစ်ပါတယ်။ နှစ်ဝမ်းနှစ်ခါးတင် မဟုတ်တော့ ဝမ်းဗိုက်ပေါင်းများစွာအတွက်၊ တိုးပွားလာသည့် သားစဉ်မြေးဆက်အတွက်၊ ဆွေစဉ်မျိုး ဆက်အတွက်၊ ရပ်ကျိုးရွာကျိုးအတွက်၊ ထို့မှတဆင့် မြို့နယ်-တိုင်း-နိုင်ငံ အကျိုးအတွက် စသည် စသည် …။

ဤသို့ဖြင့် ၁၈နှစ် ၆လပတ်လုံး လူမှုဝန်ထမ်းဘဝဖြင့် အချိန်ကုန်ကာ ဝမ်းစာရှာခဲ့ရပေသည်။ ထိုလူသား၏ ဘဝနောက်ဆုံးခရီးတွင် မိမိချစ်ခင်မြတ်နိုးရသည့် ဇနီးမယား သမီးသားနှင့် ဆွေမျိုးသား ချင်းများကို ထာဝရအပြီးအပိုင် ခွဲခွါသွားရတော့မည်ဆိုလျှင် ထိုလူသားအတွက် လူ့ချမ်းသာဆို သည်မှာ အင်မတန်မှ နည်းပါးလှသည်ဟု ကျွန်ုပ် ယူဆမိပါသည်။

အချုပ်ဆိုရလျှင် လူ့ဘဝရခိုက် ဘုရားသာသနာတော်နှင့်လည်းကြုံခိုက် လူ့သက်တမ်းဟာ တကယ်ပင် တိုတောင်းလှတာမို့ မဝေးတော့တဲ့ သေခြင်းတရားကို တွေးမြင်ဆင်ခြင်ပြီး လူ့ချမ်းသာ အစစ် (ကုသိုလ်တရားများ)ကို ရယူနိုင်ကြစေရန်အတွက်....
အောက်ပါသံဝေဂကဗျာဖြင့် အဆုံးသတ်လိုက်ပါရစေ....
လူ့အသက်….အလုအယက်တစ်ရာ။
အိပ်ခြင်း ထက်ဝက်ခြမ်း.… ခြမ်းဝက်နိုးလာ။
ဗာလနဲ့ဇရာ…. တာတဝက်ကုန်သွား။
ဗျာဓိရယ် လာငြိတယ် မကြာမကြာပေါ့။
တစ်ခါတစ်ခါ သေလောက်နီးပါပဲ။
ကြီးလိုက်လေ လူမှုထမ်းရာက
ဝမ်းစာရှာ ခင်တာနဲ့ခွဲရရင်
သုခရယ်ဆိုဖို့ပဲ
နည်းလှချည်လား…။





Monday, February 25, 2013

“ရှင်ကောင်းတပါး သားကောင်းတထောင်”



 “ရှင်ကောင်းတပါး သားကောင်းတထောင်” 

ကွန်ပြူတာ Screen ညာဘက်စွန်းမှ 1:40 AM ဟုအချိန်ကိုတွေ့လိုက်မှ ညဥ့်နက်ပါပကောဟု အမှတ်ပြုလိုက်မိသည်။ Laptopလေးရှေ့မှ ထလိုက်သည်။ ဝန်းကျင်သည် ငြိမ်ဆိတ်လျက်၊ Winter ရာသီအစပေမင့် အအေးကမနိမ့်။ ခါးကို အသာဆန့်လိုက်ရာ ဖျိုးဖျိုးဖျစ်ဖျစ် မြည်သွားသည်။ အိပ်ချိန်ကို ခန္ဓာက တောင်းဆိုနေပြီလေ။ တံခါးကိုဟ၍ အပြင်ကို ထွက်လိုက်သောအခါ အံ့သြသွားရသည်။ အခန်းမျက်နှာချင်းဆိုင်စားပွဲတွင် အလုပ်လုပ်နေသော ကိုယ်တော်လေးကြောင့် တော့မဟုတ်။ သည်မြင်ကွင်းက ရိုးနေလှပြီ။

     မြင်ကွင်းဆန်းက ထိုကိုယ်တော်လေး၏စားပွဲဘေးတွင် တိတ်ဆိတ်စွာရောက်နေကြသော စုံတွဲ ကြောင့်ပင်၊ ပူပူနွေးနွေး နာမည်ကျော်များဟု ဆိုရမည့်လင်မယား၊ မှတ်မှတ်ရရ ပြီးခဲ့သည့် သီတင်းကျွတ် လပြည့်ညကဇာတ်လမ်း၊ "ကရင်မက ဖိုးနီကို တူနဲ့ထုလိုက်လို့၊ ကရင်မကို ရဲဖမ်းသွားပြီ" ဆိုသည့် သတင်း၊ ယခု … ထိုသတင်း၏နောက်ဆက်တွဲ။

အပိုင်းပိုင်း၊ အမွှာမွှာပြတ်နေသော စာရွက်များကို ရှေ့မှာချရင်း ကိုယ်တော်လေးက ဆက်စပ်၍ အဓိပ္ပါယ်ဖေါ်ရန် အားထုတ်နေဟန်၊ ထိုမောင်နှံကို ပြုံး၍နှုတ်ဆက်ပြီး စေ့ငုမိတော့ ပို၍အံ့သြသွား ရသည်။ ယောက်ျားကို တူနှင့်ထုပြီး 911 ကို ဦးအောင်ခေါ်ခဲ့သော်ငြား ကရင်မ အမှုကမပေါ့၊ ရင်သွေး ငယ်များရှေ့တွင် ပြုခဲ့သည့်အတွက် ပို၍အပြစ်လေးနေသည်။ သည်တိုင်းပြည်မှာ Woman Right က မြင့်သည်မှန်ပေမယ့် တူနှင့်ထု လောက်အောင် မမြင့်ကြောင်းကို သိပုံမရ၊ တော်ပေသေး၊ ဒဏ်ရာက မကြီးလို့၊ သည်အထဲ ငယ်ပေါင်းဖြစ်ကြောင်းထောက်ကူမည့် လက်ထပ် စာချုပ်စာတမ်းတွေကိုလည်း စိတ်လိုက်မာန်ပါ ဆုတ်ဖြဲပစ်ခဲ့သတဲ့။ ခုတော့ လင်မယားနှစ်ယောက်လုံး ဒေါသတွေပြယ်ပြီး သောက ဖယ်ဖို့ သူတို့အားကိုးရာဆီ ရဲတွေမသိအောင် တိတ်တဆိတ် ရောက်နေကြခြင်း၊ ကိုယ်တော်လေးက တော့မသိ၊ ကိုယ့်မှာ ကြားရုံနှင့် ရယ်မောရသည့် အဖြစ်၊ ရယ်ပြီး မောခဲ့ရသည့် အဖြစ်ပင်။

သူတို့ကို နှုတ်ဆက်ကာ အိပ်ယာဝင်ခဲ့သည်။ ဗုဒ္ဓါနုဿတိ ပွားပြီးသွား၍ အတန်ကြာသည့်တိုင် အိပ်မပျော်။ အတွေးစဉ်သည် အမျှင်တန်းတော့သည်။ ကိုယ်နှင့် ကိုယ်တော်လေးတို့ ဆက်နွယ်မှုက ပြက်ထင်လာပြန်သည်။ သည်နိုင်ငံကြီးသို့ မရွယ်ဘဲရောက်ခဲ့ပြီး မရည်ဘဲကျောင်းထိုင်ဖြစ်ခဲ့သော ကိုယ့်အတွက် သူသည် အစစ ဖေးမခဲ့သူ၊ ကိုယ့်အတွက်မှမဟုတ်ပါဘူးလေ … မြန်မာပြည်ဖွားမှန်လျှင် လူမျိုးမရွေး၊ ဘာသာမခြား … အားလုံး အတွက် သူဟာ ... ။

တောင်ကြီးမြို့၊ သိမ်တောင်ဆရာတော် အရှင်နေမိန္ဒာလင်္ကာရာဘိဝံသက မိတ်ဆက်ပေးကာ ကိုယ့်ကို အပ်နှံသွားခဲ့သည်။ ပါဠိစာပေ ပညာရှင်တဦး၏သား၊ (၈၈)မျိုးဆက် တက္ကသိုလ်ကျောင်းသား တပ်မှ သာသနာ့ ဘောင်ဝင်လာသူ … စသည့် သူ့ထုပ္ပတ် တစွန်းတစကိုလည်း ပြောပြလိုက်သေးသည်။ သူ့ဖခင်၏ အမည်ကိုကြားသောအခါ မင်းကွန်းတိပိဋကဆရာတော်ဘုရားကြီး၏ ဟောစဉ်စာအုပ်ကြီး တအုပ်တွင် နိဒါန်းရေးသူဟု သိလိုက်သည်။

၂ဝ၁ဝခု ဇွန်လက နယူးယောက်၊ ယူတီကာမြို့ထိ လာကြိုမှ သူ့ကိုတွေ့ဖူးခြင်းပင်၊ ကိုယ်နေမည့် ဝစ္စကွန်စင်ပြည်နယ်ထိ ဆယ့်နှစ်နာရီခန့်ခရီးကို အေးအေးဆေးဆေး ကားဒိုင်ခံမောင်းပေးနေသော သူ၏ နံဘေးမှာထိုင်ရင်း အကဲခတ်ခဲ့သည်။ ကြားခဲ့ဖူးသောသူ့အကြောင်းနှင့် မြင်နေရသော သူ့သွင်ပြင်တို့သည် မတိမ်းလှ။ဘွဲ့အမည် "အရှင်ကုသလ" ၊ “ကုလပုတ္တ"

ဟူသောစကားလုံးလေးကို တီးတိုးရွတ်လိုက်မိသည်။ ပိဋကတ်စာပေတွင် တွေ့ရလေ့ရှိသော စကားလေး။ "အမျိုးကောင်းသား" တဲ့။ သာသနာ တော်သို့ သဒ္ဓါ စစ်ဖြင့် ဝင်ရောက်လာသော " ယသ " သူဌေးသားလိုလူတွေကို နှင်းသည့်နာမ၊ အင်း … သူလဲ … ။

သို့နှင့် အတွေးတို့ညောင်းကာ မှေးခနဲ အိပ်ပျော်သွားခဲ့သည်။ မည်မျှကြာသည်မသိ၊ ရေဟောင်း စွန့်လိုမှ ဖျတ်ခနဲနိုးလာသည်၊ လူးလွန့်ထစဉ် အခန်းပြင်မှ တချက်ချက်မြည်သံကိုကြားရရာ ကိုယ်တော် လေး ကျိန်းသေးဟန်မတူ၊ တံခါး အသာလှပ်၍ ထွက်လိုက်တော့ ထင်သည့်အတိုင်းပင်၊ စားပွဲထက်မှာ ကွန်ပြူတာတလုံးနှင့် အလုပ်လုပ်ဆဲ၊ မနီးမဝေးတွင် လူတဦးကလည်း ထိုင်လျက်သား၊ လူသာပြောင်း သွားသည်၊ သူကမပြောင်း။

နံရံထက်မှ နာရီကိုအကြည့်ရောက်တော့ 3:15 AM တဲ့။ ဒုတိယဆိုင်းလုပ်သားဖြစ်မည်။ ကိုယ့်ကို မြင်တော့ " တပည့်တော် Food Stamp လျှောက်ဖို့အတွက် အလုပ်အပြန် တန်းဝင်လာတာ ဘုရား " တဲ့။ လက်အုပ်ချီကာ လှမ်းပြောလာ၍ ပြုံးးကာ ခေါင်းညိတ်ပြလိုက်သည်။
အခန်းတွင်းပြန်ရောက်၍ အိပ်ယာထက်လှဲအိပ်သည်၊ တော်တော်နှင့် အိပ်မပျော်ပြန်၊ စိတ်သည် အတွေးကို ယာဉ်ပြုကာ ခရီးထွက်ချေပြီ။

တနေ့ ကိုယ်ရောက်ခိုက် " ဆရာတော်၊ ဆေးရုံမှာ လူနာအတွက် ပရိတ်ရွတ်ဖို့ ကြွပေးပါဘုရား " ဆို၍ သူနှင့်အတူ သည် ဖို့ဝိန်းမြို့က ဆေးရုံကြီး ကိုရောက်ခဲ့သည်။ အရေးပေါ်ခန်းတခုတွင် လူနာကား အသက်ပြင်းစွာ ရှူနေရုံမှတပါး မလှုပ်မယှက်၊ ပကတိ ပက်လက်၊ ခြောက်မျိုးထက် မနည်းသော ဆေးပိုက်တွေက ဝဲယာ ချိတ်ဆွဲလျက်၊ Monitor ပေါ်မှ လူနာ၏အခြေအနေကို ဆရာမတဦးက စစ်ဆေး နေသည်။ ဇနီးနှင့်၊ မတိမ်းမယိမ်းရင်သွေးငယ် လေးယောက်ကား ညှိုးငယ်သော မျက်နှာတို့ဖြင့်။

ဆရာမက ပြုံးပြကာ ထွက်ခွာသွားမှ ကိုယ်တော်လေးက သွေး၊ ဆေး၊ ဆီး စသည့် အညွှန်းကိန်း တို့ကို ဖတ်ကြည့်ပြီး လူနာရှင်အား နှစ်သိမ့်နေသည်။ ပြီး … သူနှင့်ကိုယ် ကုတင်တဘက်တချက်မှာ ရပ်လျက် ပရိတ်မေတ္တာတို့ ရွတ်ပွားခဲ့ကြသည်။ တကြိမ်မက၊ ရက်ခြား၊ လေး၊ ငါး၊ ခြောက်ကြိမ်ပင်။

ဇနီးသည်အလုပ်ပြန်တွင် အိမ်ရှေ့၌ မေ့မြောနေတာ တွေ့ရသတဲ့၊ ခုတော့ ဆေးရုံမှာ နှစ်ပတ် ကျော်ခဲ့ပြီ။ ငါးဆယ် - ငါးဆယ် ရာနှုန်းအနေအထားမှ ခုတော့ မျှော်လင့်ချက်မဲ့ပြီတဲ့။ ကမ္မသကာ ဇုံသို့ပို့ရန် လူနာရှင်၏လက်မှတ်ထိုးဖို့သာ လိုတော့သည်တဲ့။ သတင်းမေးလာသူတို့ကလည်း အားပေး သလိုနှင့် ထင်ကြေးတွေသာ တယောက်တမျိုး ပေးသွားကြသည်။ လက်လွှတ်လိုက်သင့်ပြီ၊ ဘာ … ညာ ... နှင့်။ ကိုယ်တော်လေးက ထိုထင်ကြေးများကို ပယ်ဖျက်ပေးနေရသည်။ အခြေအနေထူးကြောင်း၊ မနေ့ကထက်ပင် နှလုံးခုန်တာကောင်းကြောင်း လူနာရှင်မိသားစုကို ရှင်းပြရသည်မှာ ရောက်တိုင်း လိုလိုပင်။

ကိုယ်ကတော့ လူနာကိုငေးရင်း ဘဝကို ဘာဖြစ်လို့များ လက်လွတ်စပယ် ထားကြပါလိမ့်ဟု တွေးနေမိသည်။ အသောက်အစားက မကင်း၊ ဇနီးသည်ကို ရိုက်နှက်မှုပြစ်ချက်နှင့် အလုပ်ကရှာမရ၊ သည်တော့စိတ်ညစ်၊ စိတ်ညစ်တော့တိုးသောက်၊ သောက်တော့ … ဟူး … ။

အင်း … အသက်ရှူသေးရင် လူ့တန်ဖိုးမချတဲ့ တိုင်းပြည်မို့တော်ပါသေးရဲ့။ ကိုယ်တို့မြေမှာဆို ဆေးဝါးကမပြည့်စုံ၊ နည်းပညာက မကြွယ်ဝ၊ ကိရိယာ တန်ဆာပလာက မလောက်လုံ၊ ကရုဏာက ပါးရှား၊ အုပ်ချုပ်သူက တာဝန်မဲ့နှင့် … ၊ ဘဝကိုတန်ဖိုးမထားလိုသူတဦး၏ တန်ဖိုးထားခံရမှုကိုတွေးရင်း အဲဒီနေ့က ပြန်ခဲ့ကြသည်။  သင်း … ဆက်၍ ကံကောင်းပါစေဟုလည်း မေတ္တာပြုခဲ့သည်။

အံ့စရာပင်၊ ပရိတ်တော်တို့၏ အာနုဘော်၊ ဆေးဝါးတို့၏ အာနိသင်၊ ကိုယ်တော်လေး၏မေတ္တာတို့ ပေါင်းစုံစွမ်းကြောင့်ထင့်၊ ခုတော့ သေရွာက ပြန်ခဲ့ပြီတဲ့၊ မိသားစုဝန်တို့ကိုပင် ထမ်းနေပေပြီ။

ဟော … တခုသတိရပြန်ပြီ။ တည … ကိုယ် စင်္ကြံင်္လျှောက်နေစဉ် ကိုယ်တော်လေး အဝန်းညီစွာ သင်္ကန်းရုံနေ၍ ညဉ့်နက်မှ ဘယ်ကြွမလို့လဲဟု စနည်းနာမိသည်။ သူက အပြင်ကြွလျှင် ဘယ်ခါမဆို သင်္ကန်းရုံကြွသည်။ ခြေအိတ်မဝတ်၊ ရှူးဖိနပ်မစီး၊ ပကတိခြေညှပ်ဖိနပ်သာ၊ သွေးခဲအောင် အေးသော သည်ရာသီကို သူဂရုမထား၊ အခြားပြည်များမှ အခြေချလာသော ရဟန်းသွင်ပြင်တို့နှင့် မနှော။ မြန်မာရဟန်းတော် သွင်ပြင်နှင့်သာ သွားလာနေထိုင်လေ့ရှိသည်။ ဥတုကြမ်းနှင့် လိုက်လျှောညီထွေ ဝတ်သင့်ကြောင်း၊ "ခုဒ္ဒါနု ခုဒ္ဒက" ငယ်သောသိက္ခာပုဒ်လေးတွေကို ကာလဒေသလိုက်ပြီး လိုအပ်က နှုတ်ပယ်လိုက နှုတ်ပယ်နိုင်ကြောင်း ကိုယ်ကဝိနည်းကို ပြောသည့်ခါ ပြုံး၍နေသည်၊ မပြင်။ သူ့ဘကြီး တောမသိမ်တောင် ဆရာတော်ထံမှရရှိသော ကောင်းမွေကို အသက်ထက်ဆုံး ထိန်းလိုဟန်ပင်၊ ခုလည်း သင်္ကန်းရုံနေ၍ ဘယ်လဲဟုမေးမိရာ
“ ကိစ္စတခု ပေါ်လာလို့ဆရာတော်၊ မကျိန်းသေးရင် လိုက်ကြွပါလားဘုရား "

ကားပေါ်ကို အသာတက်လိုက်သည်။ မလွှဲသာ၊ မရှောင်သာ၍ ကားကိုမူ သူမောင်းရသည်။ Downtown ထဲမှ ဓာတ်ဆီဆိုင်တဆိုင်ကို ကားဝင်လိုက်တော့ ပုဆိုးခေါင်းမြီးခြုံပြီး  လမ်းသလားနေသူ တယောက်၊ ကားပေါ်ထိုသူတက်လိုက်တော့ အနံ့စူးစူးရသည်။ ပြီး ငိုသံနှောကာ ပြောလိုက်သည်က"ဘုန်းဘုန်းသာမကယ်ရင် သွေးခဲသေရမည့်အကြောင်း၊ မိန်းမက သိပ်ရက်စက်ကြောင်း၊ တံခါး ဖွင့်မပေးကြောင်း၊ သူ မြန်မာပြည် ကိုသာ ပြန်ချင်တော့ကြောင်း" စသည် အသံဝဲဝဲနှင့် ပြောပြနေသည်။ နားထောင်ရင်း ကိုယ့်မှာ ရယ်ရမလား၊ ငိုရမလား ခွဲခြားမရ၊ ကိုယ်တော်လေးကတော့ အပြုံးမပျက်၊

     သည်သို့ ... ထိုနှယ်၊ သေရေးတဖုံ၊ ရှင်ရေးတတန်၊ လူတွေနှင့် ပြဿနာရောင်စုံတို့သည်၊ သည် ဇေတဝန်ကျောင်းရိပ်သို့ရောက်လာမြဲ၊ ရောက်လာမစဲ၊ ဇေတဝန်ကိုယ်တော်လေးသည်လည်း လူမျိုးမခြား၊ ဘာသာမခွဲ ကူညီမြဲ၊ ဖြေရှင်းပေးမြဲနှင့် မအားမလပ်ရှိလွန်း၍ " ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး " ဟုပင် ကျီစယ်ခေါ်ကြခဲ့။

ကျန်းမာရေး၊ ပညာရေး၊ အိမ်ဝယ်၊ ဘဏ်ကိစ္စ၊ တရားရုံးအာမခံ၊ ဝင်ငွေခွန်၊ Green Card, Citizen ကိစ္စ၊ အို … Citizen ဖြေဖို့ဆို Fort Wayne မြို့မှ Indianapolis သို့ သုံးနာရီခန့်ခရီးကို ကိုယ်တိုင်ကား မောင်းပြီး လိုက်ပို့ပေးမြဲ၊ အေးလေ … ကိုယ့်တုန်းကလည်း နယူးယောက်ထိ ကားမောင်း ပို့ခဲ့တာပါပဲ။ တခါတလေ … ခင်ပွန်းအလုပ်သွားခိုက်၊ "အာဝေဏိက" ဒုက္ခကြုံကြသည့် ကိုယ်ဝန်သည်တွေကိုလည်း "ကမ္မဇလေ" အရေးပေါ်လှုပ်၍ ဆေးရုံကို ကားမောင်းပို့ပေးရမြဲ၊ လက်မှတ်ထိုးဖို့လိုလျှင် အရေးပေါ် ဖခင် နေရာမှာ ထိုးပေးရမြဲ၊ "
ခေတ်သစ်အရှင်အင်္ဂုလိမာလပေါ့ " ဟု ကိုယ်ရယ်မောပြောမိသေး။
သူ့အကြောင်းတွေးနေလို့ မပြီးသေးဘူး၊ အိပ်ဦးမှ … အိပ်ဦးမှ … စောင်ကိုဆွဲတင်လိုက်စဉ်
“ နံပါတ်မှတ်မိလား "

“ မမှတ်မိဘူးဦးဇင်း၊ ဂရင်းကဒ်က ရပြီးနောက်နေ့မှာ ပျောက်သွားတာ "
ကိုင်း … မှတ်ကရော၊ ကိုယ်အကြီးအကျယ်အံ့သြသွားသည်။ နေမှုအတွက် အရေးကြီးသော အရာတခုသည် နေ့ရ ညပျောက်ရတယ်လို့ ...။
“ အင်း … သုံးလလောက်တော့ ကြာနိုင်တယ်၊ အစက ပြန်စရမှာ "

“ ငွေအများကြီးကုန်မလား ဦးဇင်း " အသံတိတ်သွားသည်။ စဉ်းငယ်ကြာမှ
“ အင်း … နည်းနည်းတော့ကုန်မယ်၊ အချိန်ကြာမယ် " ၊  တိတ်သွားကြပြန်သည်။ လူးလဲထကာ ကိုယ်အပြင်ထွက်ခဲ့သည်။ အနှီ Green Card ပျောက်ဆုံးသူသည် လက်တဖက်မပါရှာ။ အမိမြေ တောနက်တနေရာတွင် မျက်လုံး၊ ခြေလက် အင်္ဂါတွေ ပျောက်ကွယ်ခဲ့ရရှာသော ကျောင်းသား တပ်မတော် သားတွေမှ တယောက်ပင်၊ အသက်ကိုပင် ပဓါနမထားတဲ့သူတွေပဲလေ … ဟူး ... ။

“ ကိစ္စမရှိပါဘူး၊ ဒါမျိုးကမှ ပိုစိတ်ဝင်စားဖို့ကောင်းတာ၊ နေ့စဉ်ကိစ္စတွေက ကွက်လပ်ဖြည့်၊ လက်မှတ်ထိုးရုံဆိုတော့ သိပ်မခက်ဘူး "

အာဂ ကိုယ်တော်လေးပါလား။ သူ့ဇေတဝန်ရိပ်တွင် စည်ကားနေခြင်း၏ အကြောင်းစစ်ကို ပြက်ခနဲမြင်လိုက်သည်။ ထိုစည်ကားသူတွေထဲတွင် ခေါင်းမြီးခြုံသူလေးတွေလည်း အရေးကြုံလျှင် လူခြေတိတ်တွင် ရောက်လာတတ်သည်။ ကိုယ်တော်လေးက မငြင်း၊ ကူမြဲ၊ ဖေးမမြဲ။ မြန်မာပြည်ဖွား ဖြစ်လျှင် ပြီးစတမ်း။

ဒါပေမယ့် အချို့ချို့သောမြန်မာပြည်ဖွားတချို့၏လုပ်ရပ်၊ ကောင်းဖို့၊ ကိုယ်ကျိုးရှိဖို့ဆိုလျှင် သူတို့လူမျိုးဟု ဂုဏ်ယူဝံ့ကြွားကြပြီး၊ ထိုလုပ်ရပ်ကြောင့် နာမည်ပျက်ဖို့၊ ဂုဏ်သိမ်ငယ်ဖို့ကြုံမူ မြန်မာ ပြည်သားဟု ပြောတတ်ကြခြင်းကိုကား ကိုယ်တော်လေး စိတ်မချမ်းမြေ့။ တခါက အများသုံး အဝတ် လျှော်စက် (Loundromat) တခုမှာ ကွမ်းတံတွေး ထွေးသည့်လုပ်ရပ်မျိုး ... ။

နောက်ပြီး ... လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လာစဉ်ကအဖြစ်မျိုး၊  " စပါးထောင်း ရာ မောင်မပါ၊ စပါးပြာရာ မောင်မလာ၊ ထမင်းစားရာ မောင်ကပါ " ဆိုသည့် လူတချို့၏ လုပ်ရပ်များ ... စသည် ... စသည် ... ။

တခါတလေတော့ ဘယ်အတွက်ကြောင့်ရယ် မဆိုနိုင်။ FBI ကလာပြီး သူ့ကိုတွေ့တတ်ပြန်သည်။ မြန်မာကွန်မြူနတီမှာ အမှုအခင်းနည်းပါးရေး ကူညီဖို့ပြောပင် သွားသေးသတဲ့။ ကိုယ်တော်ကမူ ပြုံးဝတ် မပျက်။

ဘာပဲဖြစ်ဖြစ်လေ၊ ကိုယ်တော်လေးကတော့ သူ့သီတင်းသုံးဖေါ် အရှင်တိက္ခ၊ အရှင်ဝါသဝ တို့နှင့်အတူ "သမဂ္ဂသုခ" ရှိစွာ ဝတ်မပျက်၊ ဗုဒ္ဓါနုဿတိပွား၊ ပရိတ်မေတ္တာပွားများရင်း သံဃာတော်တို့ အရေးလည်း ဦးမလေး၊ လူတွေအတွက်လည်း ကိုယ်လက်မနှေးသူပင်။ ဒါသည်ပင် ဘုရားရှင် စေတော် မူသည့် " ဗဟုဇနဟိတာယ၊ ဗဟုဇနသုခါယ၊ လောကာနုကမ္ပါယ " မဟုတ်လား။

အုပ်ချုပ်သူပယောဂကြောင့် သူ့ဘက်၊ ကိုယ့်ဘက် အပြစ်မြင်နေကြပေမယ့် တကယ်တော့ တောမှီရဟန်း (အရညဝါသီ) ဖြစ်စေ၊ ရွာနေရဟန်း (ဂါမဝါသီ) ဖြစ်စေ၊ ခုလို တိုင်းကြီးပြည်ကြီးနေ (မဟာရဋ္ဌဝါသီ) ဖြစ်စေ၊ နှုတ်ဖြင့်ပြုသူ၊  ကိုယ်ဖြင့်ပြုသူ၊ စိတ်ဖြင့်ပြုသူ၊ ကိုယ် နှုတ် နှလုံး သုံးပါးလုံး ဖြင့် ပြုသူ၊ ပြုပုံခြင်းသာ ကွဲကောင်းကွဲမည်၊ လူအများကို အကျိုးစီးပွားရှိစေမှု၊ လောကကို စောင့်ရှောက်မှုက တော့ အတူတူပါပဲလေ။ ခု ... ဒီကိုယ်တော်လေး ... ဆို ...

အလို ... ကြည့်စမ်း၊ (၈၈) အရေးတော်ပုံကြီးဟာ အမိမြေအတွက် သားကောင်းများစွာကို မွေးဖွားပေးခဲ့ရုံမက သာသနာတော်အတွက်လည်း ရှင်ကောင်းတပါးကိုပါ သန့်စင်ပေးခဲ့ပါရောလား။
ကံထွန်းသစ်
02-19-2013
4:58 A.M

Sunday, February 24, 2013

အိမ် .....


အိမ် .....

အိမ် ဆိုတာ ...ကျွန်မအတွက်တော့ နွေးထွေးမှုတွေ၊ ကြင်နာထွေးပွေ့မှုတွေ၊ အချစ်တွေ ပြည့်နှက်နေတဲ့ အရိပ်အာဝါသလေးပေါ့... စိန်တွေ ရွှေတွေ ဂုဏ်တွေ မာနတွေ အတ္တတွေနဲ့ လွတ်ကင်းနေတဲ့ နေရာလေးပေါ့...
သူစိမ်းတွေ နဲ့ဆက်ဆံဖို့ အမြဲခက်ခဲခဲ့တဲ့ကျွန်မက အပြင်မှာ စိတ်ပင်ပန်းလာခဲ့ရသမျှတွေဟာ အိမ်ခြံဝင်းဝမှာ မေမေ့မျက်နှာကို မြင်လိုက်ရတာနဲ့ အဲဒီစိတ်ညစ်စရာတွေက ခွာချခဲ့တဲ့အရေခွံလို ဟိုတစဒီတစ နဲ့အိမ်အပြင်မှာ ကျန်ခဲ့မြဲလေ...

ရီသံလွင်လွင်လေးတွေ၊ စနောက်သံတွေ၊ တခါတခါ အော်ဟစ်ဆူပူတတ်တဲ့ မေမေ့အသံတွေ၊ လောကကြီးအကြောင်း ဘဝအကြောင်းတွေ ပြောပြနေတတ်တဲ့ ဖေ့ အသံတွေ၊ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ ကျွန်မနဲ့အမရဲ့ ရန်ဖြစ်သံတွေ၊ သီချင်းဆိုသံတွေ... အရာအားလုံးဟာ အေးချမ်းတဲ့ နွေးထွေးမှုလေး တခုတည်းအောက်က အသိုက်အမြုံလေးလေ... ကျွန်မ အဘိဓာန်မှာ ဖွင့်ထားတဲ့ အိမ် ရဲ့ အဓိပ္ပါယ်က အဲ့လိုလေ... ခုတော့ ကျွန်မသိပ်တန်ဖိုးထားခဲ့ရတဲ့.. အိမ် လေးနဲ့ အဝေးမှာ.. မေမေ့ရင်ခွင်နဲ့ ဝေးသထက် ဝေးဝေး... ဟိုး... အဝေးကြီးမှာ... ကျွန်မ တစ်ယောက်တည်း......

အိမ်ဆိုတာ...အမိုးအကာနဲ့နားခိုရာဆိုရင်တော့ ကျွန်မအိမ်လို့မသတ်မှတ်ထားတဲ့ အိမ်ဆိုတဲ့နေရာတခုမှာ နေနေတယ်လေ... ကျွန်မ စက်ဆုပ်ရွံရှာခဲ့တဲ့ ဟန်ဆောင်အပြုံးတွေနဲ့ ဖွဲ့စည်းထားတဲ့ လူမဟုတ် စက်ရုပ်မဟုတ်တွေ စုစည်းထားရာ နေရာဒေသတစ်ခုမှာပေါ့...။ ကျွန်မ အမုန်းဆုံးဟန်ဆောင်ပြုံးတွေ အေးစက်စက်နွေးထွေးမှုတွေ ကောက်ကျစ်တဲ့ကြင်နာမှုအတုတွေကြားမှာ ငယ်ဆိုတာ ငယ်မဟုတ်တော့သလိုပဲ..

ကျွန်မမျက်နာ ကျွန်မနာမည်ကြီးနဲ့အသက်ရှင်နေရပေမယ့်ကျွန်မရဲ့ ဖြစ်တည်မှုအစစ်မှန်က ပျောက်ခြင်းမလှ ပျောက်နေခဲ့တယ်...။ မှန်ကြည့်ရင်တောင် အကြည့်တွေက သူစိမ်းဆန်နေသလို အလန့်တကြားခံစားမိတယ်။ သူတို့ရဲ့ ဟန်ဆောင် အပြုံးတွေကို အရိုးသားဆုံးအပြုံးတခုနဲ့ ပြန်တုန့်ပြန်နိုင်ဖို့ခက်ခက်ခဲခဲကြိုးစားရင်း ဓာတ်ပုံလေး ထဲက အရိုးသားဆုံးအပြုံးတွေကို ပြန်ကူးယူနေရတယ်လေ...။ ငယ် ဆိုတဲ့ ကောင်မလေး ကျွန်မဘဝထဲက ထာဝရထွက်ခွာသွားမှာစိုးလို့ပါ...။

ကျွန်မသိပ်ခင်တဲ့ ကျွန်မသူငယ်ချင်းလေးက အားပေးတယ်...။ နောင်တချိန်နီးရဖို့ခနဝေးတယ်ပဲ သဘောထားလိုက်ပါတဲ့... သူကတော့ အဲ့လိုပဲခံယူတယ်တဲ့...။ သူ့ရဲ့ အဲ့ဒီစိတ်တွေ ကျွန်မဆီမှာရှိနေခဲ့ရင် ကောင်းမယ်လို့ အားမလိုအားမရ ချက်ချင်းတွေးမိတယ်... ကျွန်မဘာလို့အဲ့လိုတွေးလို့မရတာလဲ...။ သူပြောဖူးသလို ကလေးဆန်နေလို့လား...။

 ဟုတ်မှာပါ.... ကျွန်မက မေ့အိမ်က မေ့ကလေးလေးပဲ ထာဝရဖြစ်နေချင်ခဲ့သူပဲလေ...။ ခုတော့ အပြုံးတုတွေ အချစ်ယောင်တွေရဲ့ကြားမှာ ကျွန်မကိုယ် ကျွန်မ ပျောက်မသွားရအောင် ကြိုးစားနေရတာကိုက အလုပ်ပိုတခုဖြစ်နေခဲ့တယ်လေ....။ သူပြောသလို နောင်တစ်ချိန်ပြန်နီးခွင့် မရခင်... ကျွန်မအစစ်ပျောက်ဆုံးသွားခဲ့ရင် ဘယ်လိုလုပ်မလဲသူငယ်ချင်းရယ်....။ ဟန်ဆောင်ပြုံးတွေသတ်လို့ ငယ်ဆိုတဲ့ ကောင်မလေး ကျွန်မဘဝထဲက ထွက်သွားခဲ့ရင်.......။

ဝမ်းနည်းမျိုသိပ်မှုတွေ၊ ထိန်းချုပ်သိုဝှက်မှုတွေ၊ တိုးတိတ်ငိုကြွေးမှုတွေရဲ့နှိပ်စက်မှုတွေအောက်မှာ ကျွန်မရဲ့ခံနိုင်ရည်တွေ ပြိုလဲမသွားခင်.... အိမ် ပြန်ခဲ့ပါရစေလား မေမေရယ်...။

အမတ ငယ်

Saturday, February 23, 2013

မောင်နှမ အချစ် (ရင်ကို စူးရှ ထိဝင်သွားသည့် ဇာတ်လမ်းလေး တစ်ပုဒ်)


မောင်နှမ အချစ်


ကျမမှာ ကျမထက် သုံးနှစ်ငယ်တဲ့ မောင်လေး တစ်ယောက် ရှိတယ်။ ကျွန်မဟာ ကိုယ့် ပတ်ဝန်းကျင်က မိန်းကလေးငယ်လေးတွေ အားလုံးလိုလိုမှာ ရှိကြတဲ့ လက်ကိုင်ပုဝါလေး တစ်ထည်ကို ဝယ်ချင်ခဲ့တယ်။ ဒါကြောင့်မို့ ကျမဟာ တစ်နေ့မှာတော့ ဖေဖေ့ စားပွဲအံဆွဲထဲက ငွေ ပြာငါးဆယ်ကို ခိုးယူမိပါတယ်။

ချက်ခြင်းဆိုသလိုပဲ ဖေဖေက ငွေပျောက်သွားတာကို သိပါတယ်။ ဖေဖေက ကျွန်မကိုရော မောင်လေးကိုပါ နံရံကို မှီပြီး ဒူးထောက်စေပါတယ်။ သူ့လက်ထဲမှာလည်း ကြိမ်လုံးကို ကိုင်ထားတယ်။

“ဘယ်သူ ပိုက်ဆံ ခိုးသလဲ”လို့ သူက မေးပါတယ်။

ကျမလေ ကြက်သေသေသွားပြီး စကားပြောမထွက်အောင် ကြောက်ရွံ့နေပါတယ်။ မောင်နှမ နှစ်ယောက်လုံး ဘယ်သူကမှ အပြစ်ကို ဝန်မခံကြပါဘူး။ ဒီတော့ ဖေဖေက
“ကောင်းပြီလေ။ ဘယ်သူမှ ဝန်မခံချင်ရင်တော့ နှစ်ယောက်လုံးကို ရိုက်ရမှာပေါ့”လို့ ပြောပြီး ကြိမ်လုံးကို မြှောက်လိုက်ပါတော့တယ်။



ရုတ်တရက် မောင်လေးက ဖေဖေ့ရဲ့ လက်ကို ဆွဲဖမ်းလိုက်ပြီး “ဖေဖေ၊ ပိုက်ဆံခိုးတာ သားပါ”လို့ ပြောလိုက်တယ်။ ကြိမ်လုံးရှည်ကြီးဟာ မောင်လေးရဲ့ ကျောပြင်ပေါ်ကို တဖြန်းဖြန်း ကျလာပါတော့တယ်။ ဖေဖေဟာ အသက်ရှူရပ်သွားလောက်အောင် မောင်လေးကို ရိုက်တဲ့ အထိ ဒေါသထွက်နေခဲ့ပါတယ်။ အဲဒီနောက်တော့ ဖေဖေဟာ ကျောက်တုံး ခုံပေါ် ထိုင်ပြီး မောင်လေးကို ဆူပူကြိမ်းမောင်ပါတယ်။

“မင်းဟာ အခုပဲ ကိုယ့်အိမ်ကပစ္စည်း ခိုးတတ်နေပြီ။ နောင်မှာ ဘယ်လို စိတ်အနှောင့်အယှက် ဖြစ်စရာတွေကို လုပ်လာနိုင်ဦးမယ် မသိဘူး။ မင်းကိုတော့ သေအောင် ရိုက်ပစ်သင့်တာပဲ။ မင်းဟာ အရှက်မရှိတဲ့ သူခိုးပဲ။”

အဲဒီညက မေမေရော ကျမပါ မောင်လေးကို ပွေ့ဖက်ထားတယ်။ သူ့တစ်ကိုယ်လုံး အရိုက်ခံရတဲ့ ဒဏ်ရာတွေနှင့် ပြည့်နှက်နေတာပဲ။ ဒါပေမဲ့ သူ မျက်ရည် တစ်စက်မကျဘူး။ ညသန်းခေါင်မှာ ကျမ ရုတ်တရက် အော်ငိုမိတယ်။ မောင်လေးက ကျမပါးစပ်ကို သူ့လက်လေးနှင့် ပိတ်လိုက်ပြီး
“အစ်မ မငိုနဲ့တော့နော်။ အားလုံးက ဖြစ်ပြီးသွားပြီလေ”တဲ့။

ကျမဟာ ကိုယ်လုပ်ခဲ့တာကို ကိုယ် ဝန်ခံနိုင်တဲ့ သတ္တိမရှိတဲ့ အတွက် ကိုယ့်ကိုကိုယ် အခုထိ မုန်းနေတုန်းပါပဲ။ နှစ်တွေ ကုန်လွန်သွားခဲ့ပေမဲ့ မနေ့တစ်နေ့ကမှ ဖြစ်ခဲ့တဲ့ အပြစ်အပျက် တစ်ခုလို ရှိနေတုန်းပါပဲ။ ကျမကို ကာကွယ်ခဲ့တုန်းက မောင်လေးရဲ့ ဖွင့်ထုတ်ဝန်ခံခဲ့တဲ့စကားကို ကျွန်မ ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး။

မောင်လေးက အသက် (၈)နှစ်၊ ကျွန်မက အသက် (၁၁)နှစ် အရွယ် နှစ်မှာပေါ့။ မောင်လေး secondary school နောက်ဆုံးတက်ရတဲ့ နှစ်တုန်းက သူ upper secondary school မှာ ဆက်တက်ခွင့်ရခဲ့တယ်။ တစ်ချိန်တည်းမှာပဲ ကျမကတော့ ပြည်နယ် တက္ကသိုလ်တစ်ခုမှာ တက်ခွင့်ရခဲ့ပါတယ်။

အဲဒီနေ့ညက ဖေဖေဟာ ဆေးလိပ်တစ်ဗူးပြီး တစ်ဗူး သောက်ရင်း ခြံထဲမှာ ဆောင့်ကြောင့်ထိုင်နေတယ်။ ဖေဖေက “ဒို့ ကလေးနှစ်ယောက်လုံးက ရလဒ် ကောင်းကြတယ်။ တကယ်ကို ကောင်းကြတာကွာ”လို့ မေမေ့ကို ပြောနေတာကို ကျမ ကြားရတယ်။ မေမေက မျက်ရည်သုတ်၊ သက်ပြင်းချရင်း -
“အမှတ်ကောင်းတော့ရော ဘာအသုံးကျမှာလဲ၊ နှစ်ယောက်လုံးအတွက် ဘယ်လိုလုပ် ငွေကြေးတတ်နိုင်မှာလဲ” လို့ ပြန်ပြောတယ်။
အဲလို ပြောနေကြတုန်း မောင်လေးက ပြေးထွက်သွားပြီး ဖေဖေ့ရှေ့မှာ ရပ်လို့ ပြောလိုက်တယ်လေ။
“ဖေဖေ … သား စာဆက်မသင်ချင်တော့ဘူး။ ဒီလောက် သင်ရပြီးရင် တော်ပါပြီ”တဲ့။

ဖေဖေက သူ့လက်ဝါးကို တစ်ချက်လွှဲပြီး မောင်လေးမျက်နှာကို ရိုက်ထည့်လိုက်တယ်။ ဘာလို့ ဒီလောက် စိတ်ဓာတ်အားနည်းရတာလဲတဲ့။ မင်းတို့ မောင်နှမ ကျောင်းထားရလို့ ဖေဖေ လမ်းထွက်ပြီး တောင်းစားရလျှင်တောင် မင်းတို့ နှစ်ယောက်လုံး ကျောင်းပြီးသည် အထိ ငါ ကျောင်းထားမယ်။

အဲဒီနောက်တော့ ဖေဖေဟာ တစ်ရွာလုံးက အိမ်တွေကို တံခါးလိုက်ခေါက်ပြီး ငွေးချေးတော့တာပဲ။ ကျမကတော့ မောင်လေးရဲ့ ရောင်ရမ်းနေတဲ့ မျက်နှာလေးကို ကျမလက်လေးနှင့် အတတ်နိုင်ဆုံး ညင်ညင်သာသာလေး ကိုင်စမ်းရင်း “မောင်လေးရယ် … ယောက်ျားလေး ဆိုတာ ကျောင်းပြီးအောင် စာသင်ရမယ်။ မဟုတ်ရင် အစ်မတို့ အခု ရင်ဆိုင်နေရတဲ့ ဆင်းရဲမှုကို လွန်မြောက်အောင် မောင်လေး လုပ်နိုင်မှာ မဟုတ်ဘူးလေ”လို့ ပြောမိတယ်။

အခြားတစ်ဖက်မှာတော့ ကျမဟာ တက္ကသိုလ်ဆက်မတက်ဖို့ ဆုံးဖြတ်ထားခဲ့ပါတယ်။
နောက်နေ့ အာရုံမတက်ခင်မှာတော့ ဟောင်းနွမ်းစုတ်ပြတ်နေတဲ့ အဝတ်လေး နဲနဲပါးပါးရယ်၊ ပဲသီးခြောက်လေး နဲနဲရယ်ကို ယူပြီး မောင်လေး အိမ်ကနေ လစ်ထွက်သွားတာကို ဘယ်သူမှ မသိလိုက်ကြဘူးလေ။ ကျမ အိပ်ရာဘက်ကို အသာလေးလာပြီး ခေါင်းအုန်းအောက် စာတိုလေး ထားသွားခဲ့တယ်။ သူ့စာလေးက
“အစ်မရယ် … တက္ကသိုလ် တက်ခွင့်ရတယ် ဆိုတာ လွယ်တာ မဟုတ်ဘူးနော်။ ကျနော် အလုပ်တစ်ခု သွားရှာပြီး အစ်မဆီကို ငွေပို့ပေးမယ်နော်”တဲ့။ အိပ်ရာပေါ်ထိုင်ပြီး စာလေးကို ဆုပ်ကိုင်ထားရင်း အသံမထွက်တော့တဲ့ အထိ ကျမ ငိုခဲ့ရပါတယ်။

မောင်လေးက အသက် (၁၇)နှစ်နှစ်၊ ကျမက (၂၀)နှစ်ရောက်တဲ့ နှစ်ကပေါ့။ ဖေဖေ တစ်ရွာလုံးက ချေးငှါးထားတဲ့ ငွေရယ်၊ ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ ဘိလပ်မြေသယ်လို့ မောင်လေး ရထားတဲ့ ငွေလေးတွေနှင့် နောက်ဆုံးမှာတော့ တက္ကသိုလ် တတိယနှစ်ကို တက်ရောက်နိုင်ခဲ့တယ်။

တစ်နေ့မှာတော့ ကျမ အခန်းမှာပဲ စာဖတ်နေတုန်း အခန်းဖော်က လာပြီး “အပြင်မှာ ရွာသားတစ်ယောက် မင်းကို စောင့်နေတယ်”လို့ ပြောတယ်။ ရွာသားတစ်ယောက်က ဘာလို့ ကျမကို လာရှာနေတာပါလိမ့်။ ကျမ ထွက်သွားလိုက်တော့ အဝေးကပဲ မောင်လေးကို မြင်လိုက်ရပါတော့တယ်။ သူ့တစ်ကိုယ်လုံးမှာလည်း အညစ်အကြေးတွေ၊ အမှုန်တွေ၊ ဘိလပ်မြေတွေ၊ သဲတွေ ကပ်နေလို့ပေါ့။

“မောင်လေးရယ် … အစ်မရဲ့ အခန်းဖေါ်ကို မင်းဟာ အစ်မရဲ့ မောင်လေးပါလို့ ဘာလို့ မပြောရတာလဲ”လို့ ကျမက မေးတော့

သူက “ကျနော့ ပုံကိုလည်း ကြည့်ဦးလေ။ ကျနော်ဟာ အစ်မရဲ့ မောင်လေးပါ ဆိုရင် သူတို့တွေ ဘယ်လို ထင်ကုန်မလဲ။ သူတို့တွေ အမကို မဟားကြပေဘူးလား”လို့ ပြုံးပြုံးလေးနှင့် ပြန်ပြောတယ်။

ကျမဟာ အလွန် စိတ်ထိခိုက်ရပြီး ကျမ မျက်လုံးတွေမှာလည်း မျက်ရည်တွေ ပြည့်လို့ပေါ့။ မောင်လေး ကိုယ်ပေါ်က အညစ်အကြေးတွေ၊ ဖုန်မှုန့်တွေကို သုတ်ပစ်လိုက်ပြီး လည်ချောင်းမှာ တစ်ဆို့ကြီးနှင့် “တစ်ခြားလူတွေ ဘာပြောပြော အစ်မ ဂရုမစိုက်ဘူး။ မောင်လေးဟာ ဘာပုံပဲ ပေါက်နေပေါက်နေ ကိစ္စမရှိဘူး။ မောင်လေးဟာ အစ်မရဲ့ မောင်လေးပါ”လို့ ပြောလိုက်တယ်။

သူက သူ့အိပ်ကပ်ထဲကနေ လိပ်ပြာပုံ ဆံညှပ်လေးကို ထုတ်လိုက်တယ်။ ကျမရဲ့ ဆံပင်ကို ညှပ်ပေးပြီး မြို့က မိန်းကလေး အားလုံးရဲ့ ခေါင်းမှာ ဒီဆံညှပ်လေး ညှပ်ထားတာကို ကျနော် တွေ့တယ်။ ဒါကြောင့်မို့ အစ်မှမှာလည်း တစ်ခုတော့ ရှိသင့်တယ်လို့ ကျနော် ထင်လို့လေတဲ့။ ကျမဟာ နောက်ကို ပြန်မဆုတ်နိုင်တော့ပဲ မောင်လေးကို ဆွဲဖက်ပြီး ငိုမိတယ်။

မောင်လေး အသက် (၂၀)၊ ကျမ အသက် (၂၃)နှစ် အရွယ်ကပေါ့။ ကျမရဲ့ ရည်စားကို အိမ်ကို စပြီးခေါ်ခဲ့တုန်းက ကွဲနေတဲ့ ပြတင်းပေါက်ကို ပြင်ထားတာကို ကျမ သတိထားမိတယ်။ အိမ်ကိုလည်း သန့်ရှင်းနေအောင် တိုက်ချွတ်ဆေးကြောထားတယ်။ ကျမရည်စား ပြန်သွားတော့ မေမေ့ ရှေ့မှာ ကလေးမလေးလို ကရင်း ‘မေမေရယ် အိမ်ကို သန့်ရှင်းရေးလုပ်တာ ဒီလောက် အချိန်ကုန်ခံစရာ မလိုပါဘူး’လို့ ပြောလိုက်တယ်။
ဒါပေမဲ့ မေမေက ပြုံးပြီးတော့ “အိမ်ကို သန့်ရှင်းရေးလုပ်ဖို့ အစောကြီး သွားတာ သမီးရဲ့ မောင်လေးပါ။ သူ့လက်က ဒဏ်ရာကို သမီး မမြင်ဘူးလား။ ပြတင်းပေါက်ကို လဲတပ်နေတုန်း သူ့လက် ထိသွားတာလေ” တဲ့။

ကျမ မောင်လေးရဲ့ အိပ်ခန်းထဲကို သွားလိုက်တယ်။ မောင်လေး မျက်နှာကို ကြည့်ရင်း ကျမရဲ့ ရင်ထဲမှာ ရာပေါင်းများစွာသော အပ်တွေ စူးဝင်ခံရသလို ခံစားရတယ်။ မောင်လေး ဒဏ်ရာကို လိမ်းဆေးလိမ်းပေးပြီး ပတ်တီး စည်းပေးပါတယ်။ “နာလားဟင်”လို့ သူ့ကို မေးတော့ “ဟင့်အင်း၊ မနာပါဘူး”တဲ့။ ဆောက်လုပ်ရေးဆိုက်မှာဆိုရင် ကျောက်ခဲတွေက ကျနော့် ခြေထောက်ပေါ် တစ်ချိန်လုံးလိုလို ကျနေတယ်လေ။ အဲဒီလို ဖြစ်နေတာကတောင် အလုပ်မလုပ်အောင် ကျနော့ကို မတားဆီးနိုင်ခဲ့ပါဘူး။ အဲဒီ ဝါကျရဲ့ အလယ်လောက်မှာ သူက စကားကို ရပ်လိုက်တယ်။ ကျမ မောင်လေးကို ကျောပေးလိုက်ပေမဲ့ မျက်ရည်တွေကတော့ ကျမရဲ့ မျက်နှာပေါ်ကို လိမ့်ဆင်းကျလာတယ်လေ။

မောင်လေး အသက် (၂၃)နှစ်၊ ကျမ အသက် (၂၆)နှစ်မှာပေါ့။ လက်ထပ်ပြီးတဲ့နောက် ကျမဟာ မြို့မှာ နေပါတယ်။ ကျမ ခင်ပွန်းက ကျမ မိဘတွေကို ကျမတို့နှင့် လာပြီး အတူနေဖို့ အကြိမ်ပေါင်းများစွာ ဖိတ်ခေါ်ပါတယ်။ ဒါပေမဲ့ မိဘတွေက လာမနေချင်ကြပါဘူး။ ရွာကထွက်လာလိုက်တာနှင့် သူတို့ ဘာလုပ်ရမယ်ဆိုတာ သိတော့မှာ မဟုတ်ဘူးလို့ ပြောကြတယ်။ မောင်လေးကလည်း မိဘတွေနှင့် တစ်သဘောထဲပါပဲ။ သူက “အမရယ် … ယောက္ခမတွေကိုသာ ဂရုစိုက်ပါ။ ကျနော်က ရွာမှာ မေမေနှင့် ဖေဖေကို ဂရုစိုက်ပါ့မယ်”တဲ့။

ကျမ ခင်ပွန်းက သူ့စက်ရုံမှာ ညွှန်ကြားရေးမှုး ဖြစ်လာပါတယ်။ မောင်လေးကို ပြုပြင်ထိန်းသိမ်းရေး ဌာနမှာ မန်နေဂျာ အဖြစ် ကမ်းလှမ်းတာကို လက်ခံဖို့ ကျမတို့က ပြောကြတယ်။ ဒါပေမဲ့ ကမ်းလှမ်းမှုကို မောင်လေးက ငြင်းခဲ့တယ်လေ။ အဲဒီအစား အစဆုံး ပြုပြင်ရေးအလုပ်သမားအဖြစ် အလုပ်လုပ်ဖို့ပဲ ဇွတ်ပေပြောနေခဲ့တယ်။

တစ်နေ့မှာတော့ မောင်လေးဟာ ကေဘယ်ကြိုးတစ်ခုကို ပြုပြင်ရင်း လေခါးထိပ်မှာ ရောက်နေတာပေါ့။ အဲဒီ အချိန်မှာပဲ ဓာတ်လိုက်ခံရပြီး သူ့ကို ဆေးရုံကို ပို့ရတယ်။ ကျမနှင့် ကျမ ခင်ပွန်းတို့ ဆေးရုံကို လိုက်သွားပြီး သူ့ကို တွေ့ပါတယ်။ သူ့ခြေထောက်မှာ ကျောက်ပတ်တီးစည်းထားတာကို ကြည့်ရင်း

“မန်နေဂျာ ခန့်တာကို ဘာလို့ ငြင်းလိုက်ရတာလဲ။ မန်နေဂျာဆိုတာ ဒီလိုမျိုး အန္တရာယ်ရှိတဲ့ အလုပ်မျိုးတွေ မလုပ်ရဘူးလေ။ အခု ကြည့်ပါလား။ မောင်လေး ပြင်းထန်တဲ့ ဒဏ်ရာကို ခံစားနေရတာလေ။ အစ်မတို့ ပြောတာကို ဘာလို့ နားမထောင်ရတာလဲ”လို့ ညည်းငြူပြောဆိုလိုက်ပါတယ်။

သူ့မျက်နှာပေါ်မှာ လေးနက်တဲ့ မျက်နှာထားနှင့် သူက သူ့ဆုံးဖြတ်ချက်ကို ကာကွယ်ပြောဆိုပါတယ်။ “ယောက်ဖအတွက် စဉ်းစားပါဦး။ သူက အခုမှ ဦးဆောင်ညွှန်ကြားရေးမှူး ဖြစ်ကာစလေ။ ကျနော်က ပညာမတတ်ပဲ မန်နေဂျာဖြစ်လာမယ်ဆိုရင် ဘယ်လို ကောလဟလ စကားတွေ ပြန့်နေမလဲ”တဲ့။

ကျမ ခင်ပွန်းရဲ့ မျက်လုံးတွေမှာ မျက်ရည်တွေ ပြည့်လို့ပေါ့။ ဒီလိုဆိုရင် “အစ်မကြောင့် မောင်လေး ပညာမတတ်တာလေ”လို့ ပြောလိုက်တော့ “ဘာလို့ အတိတ်အကြောင်း ပြောရတာလဲ”လို့ ပြောပြီး ကျမလက်ကို ဆုပ်ထားတယ်။

အဲဒီနှစ်က မောင်လေးက အသက် (၂၆)နှစ်၊ ကျမက (၂၉)နှစ်ပေါ့။ မောင်လေး ရွာက လယ်သူမလေးကို လက်ထပ်တော့ သူ့ အသက် (၃၀) ရှိပါပြီ။ မင်္ဂလာဧည့်ခံပွဲမှာ အခမ်းအနားမှူးက “မင်း အလေးစားဆုံးနှင့် အချစ်ဆုံး တစ်ယောက်ဟာ ဘယ်သူလဲ”လို့ သူ့ကို မေးတယ်။ စဉ်းစားချိန်တောင် ယူမနေပဲ “ကျွန်တော့ အစ်မပေါ့ဗျာ”လို့ သူက ဖြေလိုက်တယ်။ ကျမ မှတ်တောင် မမှတ်မိနိုင်တော့တဲ့ အဖြစ်အပျက်လေး တစ်ခုကို ပြောရင်း သူက ဆက်ပြောပါတယ်။

“မူလတန်းကျောင်းမှာ ကျောင်းတက်တုန်းက ကျောင်းက တစ်ခြားရွာ တစ်ရွာမှာလေ။ နေ့တိုင်း ကျွန်တော်နှင့် ကျွန်တော့ အမတို့ဟာ ကျောင်းကို နှစ်နာရီကြာအောင် သွားရပြီး အိမ်ပြန်ရတယ်။ တစ်နေ့မှာတော့ လက်အိပ်တစ်စုံ ပျောက်သွားတယ်။ အစ်မက သူရဲ့ လက်အိပ်တစ်ဖက်ကို ပေးတယ်။ သူက တစ်ဖက်ပဲ ဝတ်ပြီး အဝေးကြီး လမ်းလျှောက်ရတယ်။ ကျနော်တို့ အိမ်ရောက်တော့ အစ်မဟာ အေးလွန်းတဲ့ ရာသီဥတုကြောင့် တူကိုတောင် မကိုင်နိုင်တော့လောက်အောင်ကို တုန်နေပါတော့တယ်။ အဲဒီနေ့ကစပြီး ကျနော် အသက်ရှင်သမျှ ကာလပတ်လုံး အစ်မကို စောင့်ရှောက်ပြီး အမြဲတမ်း သူ့အပေါ် ကောင်းပါ့မယ်လို့ ကျွန်တော် အဓိဋ္ဌာန်ပြုခဲ့ပါတယ်”တဲ့။

တစ်ခန်းလုံး လက်ခုပ်သြဘာသံတွေနှင့် ပြည့်လျှံသွားခဲ့တာပေါ့။ ဧည့်သည်အားလုံးက ကျွန်မဘက်ကို အာရုံစိုက်လာပါတယ်။ ကျမ စကားပြောဖို့ ခက်ခဲနေတာကို တွေ့ရပါတယ်။ “ကျမ တစ်သက်လုံးမှာ ကျေးဇူးအတင်ရဆုံး တစ်ယောက်ကတော့ ကျမရဲ့ မောင်ပဲ ဖြစ်ပါတယ်ရှင်”လို့ ပြောပြီး ဒီ ပျော်ရွှင်ဖွယ် အခါသမယမှာ လူအုပ်ရဲ့ ရှေ့မှာတင်ပဲ မျက်ရည်တွေဟာ ကျမပါးပြင်ပေါ်ကို စီးဆင်းလိမ့်ကျနေပါတော့တယ်။

ဘဝသင်ခန်းစာ
သင့်ဘဝမှာ နေ့စဉ်နေ့တိုင်း သင် မေတ္တာသက်တဲ့ တစ်ယောက်သောသူကို ချစ်မြတ်နိုးပြီး ဂရုစိုက်ပါ။ သင်လုပ်ဆောင်ပေးလိုက်တာလေးက တကယ့် သေးသေးလေးလို့ သင် ထင်ချင်ထင်နိုင်ပေမဲ့ အဲဒီ တစ်ယောက်သောသူ အတွက်တော့ အများကြီးလို့လည်း အဓိပ္ပါယ်သက်ရောက်နိုင်တာပါပဲဗျာ။
**********************

Bone Nyan
 အေးချမ်းမွန်

Friday, February 22, 2013

ဒေါသကို ဘယ်လိုပယ်


ဒေါသကို ဘယ်လိုပယ်

တစ်ခါတစ်လေ ဒေါသ ဖြစ်မိတဲ့အခါ ရင်ထဲက"ဒုတ်. ဒုတ်" ဒုတ် ဒုတ်"နဲ့ အိပ်မပျော်တော့ပါဘူး။
 ဒေါသဖြစ်တာထက် အိပ်မပျော်တာက ပိုတောင် စိတ်ဆင်းရဲရပါတယ်။ 
အဲဒီ အိပ်မပျော်တာ တစ်ချက်နဲ့ တင် ဒေါသ မဖြစ်ချင်တာပါ။ မဖြစ်ချင်ပေမယ့် ဖြစ်နရတုန်းပါ။ 
အနာဂါမ် မဖြစ် သရွေ့တော့   ဒေါသ ဖြစ်နေရဦးမှာပါ။ 
ဒါကြောင့် ဒေါသကို ဘယ်လို ပယ်ရမလဲ ဆိုတာကို သိပ်သိချင်တာပါ။ မဟာစည်ဆရာတော်ဘုရားကြီးက ဒေါသနဲ့ပတ်သက်လို့ဝမ္မိကသုတ်တရားတော်မှာမျက်မှောက်ခေတ်တကယ့်ဖြစ်စဉ် ဇာတ်လမ်းလေးတစ်ပုဒ်ကို ထည့်ဟော ထား ဖူးပါတယ်။ ဟောစဉ်တရားတော်က ဒီလိုပါ။


*** တစ်ခါက … သုဓမ္မ၀တီပုံနှိပ်တိုက် တိုက်အုပ် ဦးပန်းမောင်ဆိုတဲ့ ဒကာကြီးကမှတ်ဖွယ် ၀တ္ထုကလေး တစ်ခုကို ပြောပါတယ်။ ဦးပန်းမောင်ဆိုတာကြားကောင်းကြားဖူးပါလိမ့်မယ်။ အဲဒီဦးပန်းမောင်က ရေဒီယိုထဲကနေပြီးတော့ "မဖြစ်စလောက်တရားတော်" ဟောမယ်ဆိုလို့ "ဘာများ ဟောမှာပါလိမ့်မတုန်း" လို့ဘုန်းကြီးကနားထောင်နေတယ်။ သူ ပြောပုံကမဖြစ်စလောက်ကလေးနဲ့လည်း ဒုက္ခဖြစ်တတ်တယ်၊ မဖြစ်စလောက်ကလေးပဲဆိုပြီးတော့မရိုမသေမလုပ်လိုက်ပါနဲ့တဲ့။ ဒကာလူရော အဲဒီတုန်းက မကြားလိုက်ဘူးလား၊ မကြားဘူးတဲ့သူတွေကပဲ များပါလိမ့်မယ်။ မဖြစ်စလောက် တရားတော်တဲ့၊ သူ ဥစ္စာကောင်း တယ်၊ အမည်ပေးပုံကလေးကိုက သိပ်ကောင်းနေတယ်။
ဖြစ်ပုံကလည်း ဆန်းတယ်၊ ဘယ်လို လဲဆိုတော့ တစ်ခါက အင်မတန် ရင်းရင်းနှီးနှီးအတူနေကြတဲ့ ဦးပဉ္စင်းနှစ်ပါး ရှိပါသတဲ့။ တစ်ပါးက ရေချိုးနေတယ်။ အဲဒီလို ရေချိုးနေတုန်းသူ့ဖိနပ်ကို တစ်ပါးက ကျီစယ်လိုတဲ့အနေနဲ့ ၀ှက်ထားတယ်။ ဟိုရေချိုးနေတဲ့ ဦးပဉ္စင်းကရေးချိုးပြီးတဲ့အခါဖိနပ်စီးမယ်လို့ကြည့်လိုက်တော့ သူဖိနပ်ကို မတွေ့ရဘူး။မတွေ့ရတော့ အဲဒီ ဦးပဉ္စင်းကလည်း သူ့ဖိနပ်ဝှက်ထားမှန်းသိလို့ ရယ်စရာအနေနဲ့သူက ပြောတယ်။ ပေါ့ပေါ့ဆဆ ပြောလိုက်တာပါပဲ။ "ဟေ့… ငါ့ဖိနပ်ကို ဘယ်ခွေးချီသွားမှန်း မသိဘူး" လို့ ပြောလိုက်သတဲ့။ ဒီတော့ ဖိနပ် ၀ှက်ထားတဲ့ ဦးပဉ္စင်းက စိတ်နာလိုက်တာမပြောပါနဲ့ကွာ။ " ငါကိုခွေးဖြစ်အောင် ဆိုတယ်"လို့ အတွေးခေါင်ပြီးတော့  စိတ်နာလိုက်တာတဲ့။
ဟို ဖိနပ်ရှင် ဦးပဉ္စင်းကတော့ စေတနာမပါပါဘူး၊ ခပ်ပေါ့ပေါ့ ပြောလိုက်တာပါပဲ၊ စိတ်နာလောက်အောင်လို့ပြောလိုက်တာ မဟုတ်ပါဘူး။ သူ့ဖိနပ် ပျောက်သွားတော့ ဒီလိုပြောရမှာပဲ။ ဖိနပ်ခွေးချီတယ်လို့ ပြောတာဟာပြောရိုး ပြောစဉ်ပဲ။ အပြောခံရတဲ့ ဦးပဉ္စင်းကတော့ "ငါကိုခွေးဖြစ်အောင်ပြောရမလား" ဆိုပြီး စိတ်ဆိုးတာနဲ့ အုတ်ခဲကြီးနဲ့ဖိနပ်ရှင် ဦးပဉ္စင်းရဲ့ခေါင်းကိုထုလိုက် တာ ပျံလွန်တော်မူရှာသတဲ့။ အောင်မယ် ပြောတာကတော့ သူ့ဥစ္စာမဖြစ်စလောက်ပဲ။ ဒါပေမဲ့ ပြောတဲ့ဦးပဉ္စင်းမှာ ပျံလွန်တော်မူရတယ်။ အုတ်ခဲနဲ့ ထူတဲ့ ပုဂ္ဂိုလ်လည်း ရာဇ၀တ်ပြစ်မှုကြီး ဖြစ်ရတယ်"။
ဝမ္မိကသုတ်တရားတော် - နှာ၁၃၉၊၁၄၀၊၁၄၁။ *** 
စာရေးသူတို့ မမီလိုက်တဲ့ တရားတစ်ပုဒ်ကို ဆရာတော်ဘုရားကြီး ပြန်ဟောပြလို့သိခွင့် ရတာပါ။ ဇာတ်လမ်းလေးက စာကတစ်ဆင့် ဖတ်ရရုံနဲ့တင် ကြက်သီးထစရာပါ။ စိတ်သဘော မွန်မြတ်မှုလေးတွေကတော့ အတိုင်းအတာတစ်ခုအထိ ရှိနေမှာပါ။ ဒါပေမယ့် ဖြစ်လာတဲ့ဒေါသကို မထိန်းလိုက်နိုင်တဲ့ အတွက် ကာယကံမြောက် ကျူးလွန် မိသားဖြစ်သွားရတာပါ။
ဒါမျိုးလေးတွေက လူလောကမှလည်း အများကြီးပါပဲ။ ဒေါသအလျောက် ရာဇ၀တ်သင့်နေတဲ့ ထောင်ထဲက သူတွေကို လော့လာကြည့်ရင် ပင်ကိုယ်ဓာတ်ခံအားဖြင့် စိတ်ထားလေးတွေက ကောင်းကြပါတယ်။ ဒါပေမယ့် ဖျက်ခနဲဖြစ်လိုက်တဲ့ ဒေါသကိုဖျက်ခနဲမထိန်းလိုက်နိုင် တဲ့အတွက် ဖျတ်ခနဲ ပြုမိသွားကြတာပါ။ သတိဝင်တဲ့အခါမှာ အားလုံးကျူးလွန်ပြီးသား ဖြစ်နေပါပြီ။
ဒီလို ကျူးလွန်မိလိုက်တာကို "ငါ ပြုမိလိုက်တာမှ ဟုတ်မှ ဟုတ်ပါမလား" ဆိုပြီး ကိုယ့်ကိုယ်ကိုတောင် မယုံပါဘူး။
ဒါပေမယ့် အရာအားလုံးက နောက်ကျ သွားခဲ့ပါပြီ။ နောက်ဆုံးတော့ လောကပြစ် ဓမ္မပြစ်တွေကို နင့်နင့် ကြီးခံစားသွား ရတော့တာပါ။ တကယ်လို့ ဒေါသမဖြစ်ဘဲ မနေနိုင်လို့ ဖြစ်မယ်ဆိုရင်လည်း မနောကံအဆင့် လောက်မှာပဲ ဖြစ်နေပြိး ၀စီကံ၊ ကာယကံကို ကောင်းကောင်း စောင့်ထိန်း ထားလိုက်နိုင်ရင် အခုလို အဖြစ်ဆိုးကြီးနဲ့ ကြုံရမှာ မဟုတ်ပါဘူး။ 

အနာဂါမ် မဖြစ်သရွေတော့ ဒေါသကရှိနေဦိးမှာပါ။ ဒါပေမယ့် ဖြစ်ဦးတော့ မနောကံအဆင့်မှာပဲ ထိန်းထားလိုက်နိုင်အောင် ကြိုးစားရပါမယ်။ မနောကံအဆင့်မှာပဲ ဖြစ်နေတာဆိုတော့သူတစ်ပါး မသိပါဘူး။ ဒီတော့ကိုယ့်ကိုလည်း သူတစ်ပါးက အထင်မသေးတော့ပါဘူး။ တကယ်လို့ ပက်ကနဲ ပြန်ပြောမိလိုက်ရင် ကိုယ်ဒေါသထွက်တာ လူသိသွားပါပြီ၊ ဒါဆို ကိုယ့်ကိုလည်း အထင်သေးသွားပါပြီ။ ဦးဇင်လေးနှစ်ပါးရဲ့ ဖြစ်စဉ်ကို အားလုံးကြားဖူးတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်နဲ့နှိုင်း ယှဉ် ကြည့် ရအောင်ပါ။ 
*** တစ်ခါတုန်းက ရဟန်းတစ်ပါးဟာ ကျောင်းဆောက်ဖို့ သစ်ပင်ခုတ်ပါတယ်။ အဲဒီသစ်ပင်မှာ သားငယ်တစ်ဦိးနဲ့နေနေတဲ့နတ်သမီးက သူနေနေတဲ့ ဗိမာန်ကို မဖျက်ဆီးဖို့ တောင်းပန်ပါတယ်။ ဒါပေမယ့် မရပါဘူး။ ရဟန်းက စိတ်လက်မာန်ပါနဲ့ ခုတ်ချလိုက်တာနတ်သမီးရဲ့  သားငယ်လေးလက်ကို ထိခိုက်သွားပါတယ်။ ဒီတော့နတ်သမီးက ဒေါသအကြီးအကျယ်ထွက်ပြီး ရဟန်းကို သတ်ပစ်မလို့ ကြံလိုက်ပါတယ်။ ဒါပေမယ့် ဖြစ်နေတဲ့ ဒေါသကိုထိန်းသိမ်းပြီး မြတ်စွာဘုရားရှင်ကို အကျိုးအကြောင်း သွားလျှောက်ပြပါတယ်။ ဒီတော့ မြတ်စွာဘုရားက  

"ချစ်သမီး..ကိုယ့်ရဲ့ ဒေါသကို သိမ်းဆည်းနိုင်ခဲ့တာသိပ်ကောင်းတာပဲ။ တကယ်လို့ ချစ်သမီးက အဲဒီအရဟန်းရဲ့အသက်ကိုအန္တရယ်ပြုလိုက်ရင် ချစ်သမီးအတွက် အကုသိုလ်တွေတိုးပွားသွားလိမ့်မယ်"  လို့ အားပေးနှစ်သိမ့်စကားပြောလိုက်ပါတယ်။ ပြီးတော့ မြတ်စွာဘုရားရှင် ကျောင်းအနီးမှာရှိတဲ့ သစ်ပင်တစ်ပင်မှာနေဖို့ ပေးလိုက် ပါတယ်။ 

ရဟန်းငယ်လေးကော၊ နတ်သမီးလေးကောဒေါသတော့ ဖြစ်လိုက်ကြတာပါပဲ။ ဒါပေမဲ့ ရဟန်းငယ်လေးက ကာယကံနဲ့ ၀စီကံကိုမထိန်းလိုက်နိုင်ပါဘူး။ နတ်သမီးလေးက ကာယကံ နဲ့ဝစီကံကိုထိန်းလိုက်နိုင်ပါတယ်။ ဒေါသဖြစ်တာချင်းအတူတူ ကာယကံနဲ့ ၀စီကံကို ထိန်းနိုင်ခြင်းနဲ့ မထိန်းနိုင်ခြင်းကွာသားပါတယ်။ ဖြစ်စဉ်လေးက စက္ကန့်ပိုင်း ၊ မိနစ်ပိုင်း အတွင်းလေးပါ။ ကိုယ်က ဒီစက္ကန့်ပိုင်း၊ မိနစ်ပိုင်း တွင်းလေးကိုကောင်းကောင်း ထိန်းလိုက်နိုင်ဖို့ပါ။ မထိန်းလိုက်နိုင်ရင် ကြီးမားတဲ့ အပြစ်ဆိုး ကျိုးကြီးကို ရလိုက်တော့တာပါ။ 
ဒီနေရာမှာ နည်းယူဖို့ကောင်းတာက နတ်မီးသလေးရဲ့ အပြုအမူပါ။ နတ်သမီးလေးက ဖြစ်လာတဲ့ဒေါသကိုထိန်းပြီးအားကိုးလေးစားရာမြတ်စွာဘုရားကိုသွားလျှောက်တာပါ ။ သွားလျှောက်တာ အမှားမဖြစ်တော့ပါဘူး။ 
ကိုယ်က ဒါလေးကို နည်းယူပြီး ဒေါသဖြစ်လာတဲ့အခါ ကိုယ်လေးစားရတဲ့တရား အသိအတော်အတန်ရှိတဲ့ ဆရာသမား၊မိဘမိတ်ကောင်းဆွေကောင်း တစ်ဦးဦးဆီ ပြောပြလိုက်ဖို့ပါ။ ဆရာမိတ်ဆွေတွေရဲ့တရားစကားလေး တစ်ခွန်းလောက် ကြားလိုက်ရရင် ဖြစ်နေတဲ့ ဒေါသ က ပြေသွားတာများပါတယ်။
ဒါလည်း နည်းယူရမယ့် ဒေါသဖြေနည်းတစ်ခုပါ။ 
 ဒေါသ ဖြစ်လာတဲ့အခါ ကိုယ်တိုင်မဆုံးဖြတ်ဘဲ ကိုယ့်ထက်အသိဉာဏ် အတွေ့အကြုံရှိတဲ့သူကို တိုင် ပင်ပြီးမှ လုပ်တာက အကောင်းဆုံးပါ။ ဒေါသဖြစ်နေတုန်း ကိုယ့်သဘောနဲ့ ကိုယ် ဆုံဖြတ်ရင် မှား တာများပါတယ်။ ဒီတော့ ဒေါသဖြစ်လာပြိဆိုရင် ကိုယ်လေးစားရသူ တစ်ဦးဦးကို ရင်ဖွင့်ပြောပြလိုက်ပါ။ ရင်ဖွင့်လိုက်ရင် စိတ်ကပေါ့သွားတာ များပါတယ်။ 
တစ်ခု သတိထားရမှာက ကိုယ်တိုင်ပင် နည်းခံတဲ့သူက တရားအသိ အားနည်းပြီး " ကိုယ့်ကို ဒီလို စောကားတာငြိမ်ခံမနေနဲ့၊ ပြန်သာ ဆော်ပစ်လိုက်ပါလား၊ ငါဘာကူညိရမလဲ"  ဆိုပြီမြှောက်ပေးတဲ့သူ မဖြစ်ဖို့ောတ့ လိုပါတယ်။ အဲဒီလို တရားအသိအားနည်းတဲ့ လူမျိုးများသွားတိုင်ပင်မိရင်ကိုယ်က မကျူးလွန်ချင်ဦးတော့သူကြောင့် ကျူးလွန်ချင် စိတ်တောင် ဖြစ်သွား ဦးမှာပါ။ 
လူသုံးမျိုးတွေ့ရပါတယ်။ ဒေါသမဖြစ်အောင်နေတဲ့သူရယ်၊
ဒေါသဖြစ်ပေမယ့် ကိုယ့်ဖြစ်တဲ့ ဒေါသကို သိပြီး ရတဲ့နည်းတစ်ခုခုနဲ့ ပယ်ပစ်တဲ့သူရယ်၊ ဒေါသဖြစ်ပေမယ့် ကိုယ်ဒေါသ ဖြစ်နေမှန်းမသိဘဲ ဆက်ကာဆက်ကာ ဖြစ်နေတဲ့သူ ရယ်ပါ။ တစ်ချို့က ဒေါသမဖြစ်အေင်ကို နေတာပါ။ သူ့ကို ကြည့်လိုက်ရင် ပြုံးပြုံးနဲ့ပါ။ မျက်နာကလည်း ကြည်လင်နေတာပါ။ ဒေါသမဖြစ်တော့ စိတ်ကကြည်နေ၊ စိတ်ကြည်နေတော့ ရုပ် ကပါ လိုက် ကြည်လင်နေတာပါ။ 
တစ်ချို့ကျတော့ အလိုမရှိတဲ့အာရုံ တစ်ခုခုကိုတွေ့ပြီး ဒေါသတော့ ဖြစ်လိုက်တာပါပဲ။ ဒါပေမယ့် ကိုယ်ဒေါသဖြစ်နေမှန်းကို ချက်ချင်းသိလိုက်ပါတယ်။ သိတာနဲ့ ပယ်လို့ရတဲ့ နည်း တစ်ခုခုနဲ့ပယ်ပယ်ပစ်တာပါ။ ဒေါသဖြစ်ပေမယ့် ဖြစ်တဲ့ဒေါသက အကြာကြီး တည် မနေတော့ပါဘူး။
တချို့ကျတော့ ကိုယ်ဒေါသဖြစ်ပေမယ့် ဖြစ်မှန်းကို မသိတော့တာပါ။ ဒါကြောင့်ဒေါသကို ဆက်ကာဆက်ကာ ဖြစ်နေတော့တာပါ။ မနေနိုင်တော့တဲ့ အဆုံး မပြောသင့်တဲ့ စကားတွေပြောချလိုက်မိရော။ မလုပ်သင့်တာတွေ လုပ်ချလိုက်မိရော၊ နောက်ဆုံးတော့ ကြီးမားတဲ့ လောကပြစ်၊ ဓမ္မပြစ်ကြီးတွေပါ ကျူးလွန်မိသူ ဖြစ်သွားတော့တာပါ။ 

ဒီအခြေနေမျိုး ရောက်သွားရင်သိပ်ကြောက်ဖို့ ကောင်းတာပါ။ ကိုယ်က ပါရမီအားနည်းသေးလို့ ပထမ အမျိုးအစားမှာ မပါသေးရင်တောင် ဒုတိယအမျိုးအစားတော့ ပါအောင်ကြိုးစားရမှာပါ။ ဒေါသဖြစ်လာပြီဆိုရင် ကိုယ်ဒေါသဖြစ်နေတာကို သိလိုက်ဖို့ပါ။ 
ကိုယ်ရှေ့မှာရှိတဲ့ ခွက် ကလေးကို ထိုင်ကြည့်နေသလို ဖြစ်နေတဲ့ ဒေါသလေးကို စိတ်ကလေးနဲ့ ထိုင်ကြည့်နေဖို့ပါ။ တတ်နိုင်သရွေ့ဒေါသရဲ့ သဘောလေးကို မိနိုင်သမျှမိအောင် ကြည့်နေလိုက်ဖို့ပါ။ ဒေါသလေးကဘယ်လိုလေးလဲ။ 

ဘယ်လိုလေးဖြစ်နေတာလဲဆိုပြီး ဒေါသရဲ့သဘော လေးကိုသိနေလိုက်ဖို့ပါပဲ။ ဒီတော့ ဒေါသဖြစ်ဖြစ်လာပြီဆိုရင် နှုတ်ကလည်း ပြောလိုက်ပါဦး။ "ကိုင်း… ဒေါသရေ ကြိုက်သလောက်ဖြစ်စမ်း၊ ငါကတော့မင်းကိုစိုက်ကြည့်နေမှာပဲ" လို့ ပြောပြီး ဒေါသကို သေချာသာစိုက်ကြည့်နေလိုက်ပါ။ မျက်စိနဲ့ကြည့်ရမှာတော့မဟုတ်ပါဘူး။ 
စိတ်နဲ့ကြည့် နေရမှာပါ။ ရှေ့မှာချထားတဲ့ ကော်ဖီခွက်ကလေးကို သေချာစိုက်ကြည့်နေရင် ခွက်ကလေးရဲ့သဘောလေးကိုသိရသလို ဖြစ်နေတဲ့ဒေါသလေးက ဘယ်လိုလေးလဲ၊ ဘယ်လိုသဘောလေး ဖြစ်နေတာလဲဆိုတာ သိအောင်ကြည့်ရမှာပါ။ 

သိစ ကြည့်စမှာတော့ ဒေါသကလေးက ပျောက်ဦးမှာ မဟုတ်သေးပါဘူး။ သိပါ၊ သိပါ၊ ကြည့်ပါ ကြည့်ပါများလာရင် ဒေါသလေးက လျော့လျော့သွားတာ များပါတယ်။ လိုရင်းကတော့ ဒေါသဖြစ်လာရင် ဒေါသကိုပြန်ကြည့်နေလိုက်ဖို့ပါ။ အဲဒီလို ဒေါသဖြစ်တာလေးကို သိလိုက် တာဟာ အဆင့်မြင့် ၀ိပဿနာနဲ့ ပယ်လိုက် တာပါပဲ။ မဟာသတိပဋ္ဌာန်သုတ်မှာ ဒေါသဖြစ်ရင် ဖြစ်တယ်လို့ သိလိုက်ပါတဲ့၊ မြတ်စွာဘုရားက ရိုးရိုးလေးပဲ ပြထားတာပါ။ ကျင့်စမှာတော့ ခက်နေမှာပါ။ ကျင့်ပါများသွားရင် အလေ့အကျင့်ဖြစ်ပြီးလွယ်သွားလိမ့်မယ်။ 
မခက်လှတဲ့ကျင့်စဉ်လေးကို လက်တွေ့ကျင့်သုံးကြည့်သင့်ပါတယ်။ ကျင့်နေတဲ့ အချိန်မှာ တစ်ဖက်ကလည်း "ငါ မြတ်စွာဘုရားကို အကျင့်နဲ့ ပူဇော်နေတယ်၊ ငါ မြတ်စွာဘုရားကို အကျင့်နဲ့ ပူဇော်နေတယ်" လို့ နှလုံးသွင်းနေလိုက်ပါ။

 မြတ်စွာဘုရားကို အကျင့်နဲ့ပူဇော် နေတာဆိုတော့ မြတ်စွာဘုရားရဲ့မျက်နှာတော်လေးကို မြင်ယောင်ပြီး မြတ်စွာဘုရားကို အားနာသွားပြီး ဒေါသကို ဆက်ပြီးမဖြစ်ရက်တော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်က မြတ်စွာဘုရားကို အနှို်င်းမဲ့ ကြည်ညိုထားလို့ပါ။ "ဒေါသ ဖြစ်လိုက်တာနဲ့ သိလိုက်ပြီး မြတ်စွာဘုရားကို အကျင့်နဲ့ပူဇော်လိုက်"၊ "ဒေါ သဖြစ်လိုက်တာနဲ့ သိလိုက်ပြိး မြတ်စွာဘုရားကို အကျင့်နဲံပူဇော်လိုက်" နဲ့ ကြာလောတော့ ဒုတိယအမျိုးအစားထဲမှာ ပါသွားပါလိမ့်မယ်။ 

ဆက်လက်ပြီးကျင့်သွားမယ်ဆိုရင်တော့ ပထမ အမျိုးအစားထဲမှာတောင် ပါသွားတော့မှာပါ။ အဲဒီလိုမှ မပျောက်ရင်" ငါ ဒေါသဖြစ်နေတယ်၊ ငါ ဒေါသဖြစ်နေတယ်"လို့ ထပ်ကာထပ်ကာ ဆိုနေလိုက်ပါ။ တကယ်လို့ ဒေါသက အင်အားသိပ်ကောင်းနေရင်လည်း "ငါ ဒေါသဖြစ်နေတယ်၊ ငါ ဒေါသဖြစ်နေတယ်" လို့ အသံကို မြှင့်ပြီး ခပ်ကျယ်ကျယ်လေးသာ အော်ဆိုနေလိုက်ပါ။ ရွတ်ဆိုရင်းနဲ့အသိဉာဏ် ၀င်လာတဲ့အခါဒေါသက လျော့သွားတာ များပါတယ်။ 

အဓိကကတော့ဒေါသကို ပယ်ချင်တဲ့စိတ် ရှိဖို့ပါပဲ။ ပုထုဇဉ်အလျှောက် ဒေါသကိုမပယ်နိုင်သေး လို့ဒေါသဖြစ်နေရသေးပေမယ့် ကိုယ်ကဒေါသကို ပယ်ချင်စိတ်ရှိဖို့ပါပဲ။ ပယ်ချင်စိတ်ကိုအခြေခံပြီးရွတ်နေရင် လျော့လျောသွားတာများပါတယ်။ 
နောက်တစ်ခု သတိထားရမှာက ဒေါသဖြစ်နေတဲ့ အချိန်မှာ ကိုယ်ဒေါသ ဖြစ်ရ သူနဲ့ဘာစကားမှ မပြောမိအောင်ရယ် ဘာမှမလုပ်မိအောင်ရယ် အထူးသတိထားရပါမယ်။ ဒေါသထွက်နေတု န်းပြောလိုက် ပြုလိုက်ရင် မှားသွားတာများလို့ပါ။
စာထဲမှာ ဘာဖြစ်လို့ ဒေါသဖြစ်ရသလဲလိုတော့ အနိဋ္ဌာရုံနဲ့ အယောနိသောမနသိကာရကြောင့်ပါတဲ့။ အနိဋ္ဌာရုံဆိုတာ ကိုယ်မနှစ်သက်တဲ့ အာရုံ ကိုယ်အလိုမရှိအပ်တဲ့ အာရုံပါ။ ကိုယ်မနှစ်သက်တဲ့အဆင်း အသံ အနံ့ အရသာ အတွေ့အထိ ကိုယ်မနှစ်သက်တဲ့ အစား အစညာကိုယ်နှစ်သက်တဲ့ ပစ္စည်း၊ ကိုယ်မနှစ်သက် တဲ့လူ စသည် စသည်တွေကြောင့် ဒေါသဖြစ်ရပါတယ်။ 
နောက်တစ်ခုက အယောနိသောမနသိကာရ နှစ်လုံးသွင်းမှားမူကြောင့်လည်း ဖြစ်ရ ပါတယ်။ ကိုယ်မနှစ်သက်တဲ့ အနိဋ္ဌာရုံကြောင့်လည်း ဒေါသဖြစ်ရတာဆိုတော့ အနိဋ္ဌာရုံတွေကိုမမြင်အောင် မကြားအောင် ကြိုရှောင်ထားလိုက်ရင်လည်း ဒေါသကို ကြိုတားပြီးသား ဖြစ်နေပါတယ်။ စာမှာတော့ ဒေါသဖြစ်ရခြင်းရဲ့ အကြောင်းရင်းဖြစ်တဲ့ အနိဋ္ဌာရုံနဲ့ အယောနိသောမနသိ ကာရ ကြောင့်လို့ဆိုပေမယ့် အယောနိသောမနသိကာရအဓိကကျပါတယ်တဲ့။ ဘာဖြစ်လို့လဲ ဆိုတော့ကိုယ်မနှစ်သက်တဲ့အနိဋ္ဌာရုံနဲ့တွေ့ဦးတော့ ယောနသောမနသိကာရနဲ့ 
 နှစ်လုံးသွင်းလိုက်၇င် ဒေါသမဖြစ်တော့ပါဘူးတဲ့။ 
ဒေါသကို ပယ်ချင်တဲ့သူက ဒီစာမှတ်ချက်ကလေးကို သေချာအာရုံပြုထားရမှာပါ။ ကြုံလာတဲ့ အာရုံတိုင်းကို ယောနိသော မနသိကာရနဲ့ နှလုံးသွင်းထားလိုက်၇င် ဒေါသဖြစ်နိုင်စရာ မရှိတော့ပါဘူး။ စာထဲမှာ ထပ်ပြထားတာကတော့ အနိဋ္ဌာရုံကို တားလို့မရပါဘူးတဲ့။ ဟုတ်လည်း ဟုတ်ပါတယ်။ ပတ်ဝန်းကျင်နဲ့ နေရတာဆိုတော့ ကိုယ်မနှစ်သက်တဲ့ အနိဋ္ဌာရုံကတော့ အရှေ့ အနောက် တောင်မြောက် ၀ဲ ယာကနေ ပေါ်ချင်သလို ပေါ်ပေါ်နေမှာပါ။ ဘယ်လိုမှ တားလို့ ရမှာ မဟုတ်ပါဘူး။ 
ယောနသောမနသိကာရကို လက်ကိုင်ထားနိုင်မှ ကိုယ်မဖြစ်ချင်တဲ့ ဒေါသက မဖြစ် မှာပါ။ 
ဒီတော့ကိုယ်မနှစ်သက်တဲ့အာရုံကို ယောနိသောမနသိကာရနဲ့ နှလုံးသွင်းတဲ့အလေ့လေးကိုထပ်ကာထပ်ကာ လေ့ကျင့်ထုံထားနိုင်ရပါမယ်။ လေ့ကျင့်စမှာတော့ ရချင်မှရမှာပါ။ လေ့ကျင့်ပါ များလာရင်တော့ အတိုင်းအတာ
တစ်ခုအထိတော့ ရင့်ကျက်သွား တော့မှာပါ။
ဒါကြောင့် ကိုယ်မနှစ်သက်တဲ့ အနိဋ္ဌာရုံတွေ့လိုက်တာနဲ့  "ငါ ယောနိသောမနသိကာရနဲ့ နေမယ်" "ငါ ယောနိသောမနသိကာရနဲ့ နေမယ်" လို့ ငါးခါခြောက်ခါလောက် ဆင်ခြင်ပစ် လိုက်ပါ။ ဆင်ခြင်မှုကို လျှော့မတွက်ပါနဲ့။ ဆင်ခြင်ပါများရင် အဲဒီဆင်ခြင်မှုကပဲ ယောနိသော မနသိကာရ ဖြစ်ဖို့ အတွက် ကူညီသွားပါလိမ့်မယ်။
ဇာတ်ဝတ္ထုတွေထဲမှာ ဆင်ခြင်ရင်းနဲ့ သံဝေဂဖြစ်၊ အဲဒီသံဝေဂကိုပဲ အခြေခံပြီး ၀ိပဿနာ ဆက်ကူးသွားတာတရားထူး တရားမြတ်ရဖို့အထိတောင် အထောက်အပံ့ ဖြစ်တာပါ။ ဒီတော့ ရတာ မရတာထား၊
 ဆင်ခြင် စရာရှိတာတင်းတင်းသာ ဆင်ခြင်နေလိုက်ပါ။ ဆင်ခြင်မှုရဲ့ အကျိုးကိုတော့ခံစား ရပါလိမ့်မယ်။ ဒေါသပယ်နည်းတွေကတော့ စာထဲမှာ အများကြီးပါပဲ။ ဒီတော့ ဆင်ခြင် နှလုံးသွင်းပြီး ပယ်တာရယ်၊ ၀ိပဿနာနဲ့ ပယ်တာရယ်ပဲ ရေးပြလိုက်ပါတယ်။ 
ကဲ… စာဖတ်သူ၊ ဒေါသဖြစ်လာတဲ့အခါ "ကဲ… ဒေါသ ၊ မင်းကြိုက်သလောက် ဖြစ်စမ်း၊ ငါကတော့ မင်းကိုသေချာထိုင်ကြေည့်နေမှာပဲ" ဆိုပြီး ဖြစ်လာတဲ့ ဒေါသကလေးကို စိုက်ကြည့်နေလိုက်ပါ။ ကြည့်ပါ ကြည့်ပါများလာရင်တစ်နေ့သောအခါမှာ
 ဒေါသနည်းသူတစ်ယောက် ဖြစ်သွားပါလိမ့်မယ်။ 
http://shwephyulay.blogspot.in/တွင်လည်းဖတ်ရှုနိုင်ပါသည်။