Tuesday, September 25, 2012
တဒင်္ဂထဲက တစ်ခဏဘဝ
လှမ်းနေသာသူ၏ ခြေလှမ်းများသည် တုံ့ကနဲ ရပ်သွားပါသည်။ ရေချိုးပြီးစ အပေါ်ဗလာကျင်းကျင်း သည် အနည်းငယ် ချမ်းစိမ့်စိမ့် ရှိနေသော်လည်း ထိုအချမ်းသည် ရေချိုးခန်းပြတင်းပေါက်မှ ၀င်လာသော အသံအာရုံကို မလွှမ်းမိုးနိုင်တော့ပါ။
***
ဆင်းရဲရင်လည်း နှစ်တစ်ရာပဲ
ဌေးရရင်လည်း နှစ်တစ်ရာပဲ
ဘယ်လိုနိဒါန်းစစ လမ်းဆုံးအတူတူပါ
ထာဝစဉ် ထာဝရတော့ မရှိပါဘူး
ကံကြမ္မာရယ် လမ်းပြလို့ရှေ့  ကခေါ်မယ်
ဘယ်လိုဘယ်နည်းနဲ့ ခေါင်းခါမလဲ
သွားပေါ့လာပေါ့ လူခရီးကို
ဆင်းလိုက်တက်လိုက် တဒင်္ဂမှာပဲ
တမလွန်ဟာ အားလုံးအတွက် တစ်နေ့တစ်ရက်မှာပါ
ဘယ်သူအရင်သွားမလဲ မပြောနိုင်ဘူး
အရာရာဟာ အနိစ္စရဲ့  ဖ၀ါးအောက်မှာပါ
ရောင်နီဟာ တစ်ချိန်တော့ ဆည်းဆာပဲ
လင်းလိုက်မှောင်လိုက် တဒင်္ဂမှာ
ဖြစ်သမျှ ပျက်သမျှ ရေတစ်ပွက်ပါပဲ
***
သည်မှာတင် အသံက ဆုံးသွားသည်။ အသံ၏ အစကို မမီလိုက်၊ စိတ်ထဲက မသိမသာ အသံကို ဆက်လက်ငံ့လင့်နေမိသော်လည်း အသံက ဆက်ပေါ်မလာတော့၊ သီချင်းသံသည် သီချင်းစာသားထဲက အတိုင်း " လင်းလိုက် မှောင်လိုက် တဒင်္ဂမှာ ဖြစ်သမျှ ပျက်သမျှ ရေတစ်ပွက်ပါပဲ " ဟု ဆိုရမလိုပင်။
သီချင်းသည် သူနဲ့ လုံးဝ မအပ်စပ်သော်လည်း ထိုသီချင်းလေးကိုတော့ သူ စိတ်ဝင်စားမိသည်။ နေရာသစ်မှာ သီချင်းက အရင်လာမိတ်ဆက်နေဟန်ထင်သည်။
ဘာတဲ့ .. " ဆင်းရဲရင်လည်း အနှစ်တစ်ရာပဲ၊ ဌေးရရင်လည်း အနှစ်တစ်ရာပဲ " တဲ့။
ဟုတ်တယ်လေ ဘယ်လောက်ပဲ ဆင်းရဲဆင်းရဲ အနှစ်တစ်ရာထက် ပိုမဆင်းရဲနိုင်သလို ဘယ်လောက်ပဲ ချမ်းသာချမ်းသာ အနှစ်တစ်ရာထက် ပို၍ မချမ်းသာနိုင်။
အဆိုတော်က အနှစ်တစ်ရာဟု ဆိုထားသော်လည်း နှစ်ဆယ်၊ သုံးဆယ်၊ လေးဆယ်၊ ငါးဆယ်နှင့် လည်း ဆင်းရဲချမ်းသာ နိဂုံးချုပ်သွားနိုင်ပါသည်။ ချုပ်လည်း ချုပ်နေကြသည်သာ။
အဲဒါကိုပဲ ဆင်းရဲချမ်းသာကို အမှီပြုပြီး အမုန်းတွေ ၊ မနာလိုမှုတွေ ထားနေကြသေးတယ်။
" ဘယ်လိုနိဒါန်းစစ လမ်းဆုံးအတူပါ " တဲ့။
ဆင်းရဲချမ်းသာနှင့်ပဲစစ၊ ဂုဏ်ရှိဂုဏ်မဲ့နှင့်စစ၊ ရာထူးဌာနန္တရ အနိမ့်အမြင့်နှင့်ပဲစစ၊ လမ်းဆုံးကတော့ အတူတူပါပဲလေ။ သေခြင်းတရားကို ရှောင်လွှဲလို့မှ မရတာ။
" တမလွန်ဟာ အားလုံးအတွက် တစ်နေ့တစ်ရက်မှာပါ
ဘယ်သူအရင်သွားမလဲ မပြောနိုင်ဘူး
အရာရာဟာ အနိစ္စရဲ့  ဖ၀ါးအောက်မှာပါ
ရောင်နီဟာ တစ်ချိန်တော့ ဆည်းဆာပါ "
***
ပစ္စည်းကိုအမှီပြုပြီး မာနတွေဖြစ်ကြသည်။
ပညာကိုအမှီပြုပြီး မာနတွေ ဖြစ်ကြသည်။
အောင်မြင်မှုကို အမှီပြုပြီး မာနတွေဖြစ်ကြသည်။
ရာထူးကိုအမှီပြုပြီး မာနတွေ ဖြစ်ကြသည်။
ပြီးတော့ တစ်ဆင့်တက်ပြီး တစ်ဦးနှင့်တစ်ဦး မုန်းနေကြပြန်သည်။
အာဃာတတွေ၊ ဣဿာမစ္ဆရိယတွေ စသည် စသည် ..မရေတွက်နိုင်သော အကုသိုလ် စိတ်တွေ။
မသိနိုင်သည့် တစ်နေ့နေ့မှာ သေကြရမှာ သိနေကြလျက် ဘာဖြစ်လို့ တစ်ဦးနှင့် တစ်ဦး မုန်းနေကြ ပါလိမ့်။ ဘာဖြစ်လို့ ဣဿာမစ္ဆရိယတွေ ထားနေကြပါလိမ့်။ ဘ၀တစ်ခုမှာ တဒင်္ဂလေး တွေ့နေကြခြင်း ဖြစ်သည်။ တဒင်္ဂထဲက တစ်ခဏဘ၀လေးမှာ အချစ်တွေနှင့်သာ နေလိုက်ဖို့ကောင်းသည်။ စိတ်ကောက်လိုက်၊ ၀န်တိုလိုက်၊ မုန်းလိုက်၊ နာကြည်းလိုက်နှင့်ဘ၀ကို အချိန်ကုန်မသွားချင်ပါ။
ကိုယ်လည်း အရင်သေသွားနိုင်သလို ၊ သူလည်း အရင်သေသွားနိုင်သည်။
တကယ်တွက်ကြည့်လျှင် နေရမယ့်အချိန်က ဘာမှမကျန်တော့၊ မသေခင်လေးမှာ အချစ်တွေနှင့်သာ နေသင့်ပါသည်။ အရာရာ အချစ်နှင့်တွေး၊ အချစ်နှင့်ပြော၊ အချစ်နှင့်ပြုနေလျှင် သက်ရောက်မှုအားလျော်စွာ ၀န်းကျင်ကလည်း ကိုယ့်ကိုအချစ်နှင့် ပြန်တုံ့ပြန်နေပါလိမ့်မည်။
ကိုယ်က ၀န်းကျင်ကို မုန်းနေလျှင် ၀န်းကျင်ကလည်း ကိုယ့်ကို ပြန်မုန်ုးပေလိမ့်မည်။ ထိုသို့ သိနေကြပါလျက် လူတွေဘာလို့ မုန်းနေကြပါလိမ့်၊ ပြီးတော့ မသေမှာကျနေတာပဲ။ သေသွားမှ နောင်တရနေမည်ဆိုလျှင်တော့ ထိုနောင်တသည်ကော အသုံးဝင်ပါဦးမည်လား။ နောင်တများစွာတွင် သေခြင်းနှင့်နွယ်သော နောင်တသည် ပြန်လည်အစားထိုး၍ မရသော ဆုံးရှုံးမှုကြီးဖြစ်သည်။
သူသည် ထိုအတွေးများကို စကားလုံးမဲ့စွာ တွေးနေမိသော်လည်း သူ့အပေါ် ကျေးဇူးများခဲ့သော လူတစ်ယောက်ကိုတော့ သူကောင်းကောင်းမုန်းခဲ့ဖူးပါသည်။
သည်တုန်းက သူငယ်ချင်းက သူ့ကို ၀ထ္ထုလေးတစ်ပုဒ် ပြောပြဖူးပါသည်။ " ဆမ်းမားဆက်မွန်" ၏ ၀ထ္ထုလေးဟု ဆိုရပါမည်။
တစ်ခါက ဘက္ကဒက်မြို့ တွင် ကုန်သည်ကြီးတစ်ယောက်ရှိသည်။ တစ်နေ့တော့ ကုန်သည်ကြီးက သူ့တပည့်တစ်ယောက်ကို ဈေးဝယ်ဖို့ ဈေးကို လွှတ်လိုက်သည်။ မကြာခင်မှာပဲ တပည့်ဖြစ်သူ မျက်စိပျက် မျက်နှာပျက်နှင့် ပြန်ရောက်လာသည်။ ပြီးတော့ သခင်ကုန်သည်ကြီးကို တုန်တုန်လှုပ်လှုပ်နှင့် စကားဆို သည်။
" သခင်ရယ် ကျွန်တော် ဈေးထဲမှာ အမှတ်တမဲ့ အမျိုးသားတစ်ယောက်နဲ့ ၀င်တိုက်မိကြတယ်၊ ကြည့်လိုက်တော့ သေမင်းဖြစ်နေပါတယ်၊ ပြီးတော့ သူက ကျွန်တော်ကို စူးစူးဝါးဝါးနဲ့ ပြန်ကြည့်နေပါတယ်၊ အဲဒါ သေမင်းနဲ့ နောက်တစ်ခါ ပြန်တွေ့ရမှာ အလွန်ကြောက်နေပါတယ်၊ ကျွန်တော့်ကို သခင်ရဲ့  အပြေး အမြန်ဆုံး မြင်းတစ်ကောင်ခဏငှားပါ၊ ကျွန်တော် မသေချင်သေးဘူးသခင်၊ ကျွန်တော် အသက်ဆက်ရှင်ဖို့ သေမင်းရှာမတွေ့နိုင်တဲ့ ဟိုးအဝေးကြီးမှာရှိတဲ့ 'ဆမ်မာရာ ' ကို ပြေးပါမယ်"
သခင်ကုန်သည်ကြီးကလည်း ကျေးဇူးရှိထားသည့် တပည့်ကို အပြေးကောင်းသော မြင်းတစ်ကောင် ပေးလိုက်သည်။
တပည့်ဖြစ်သူကလည်း မြင်းရသည်နှင့် ကဆုန်စိုင်းပြေးတော့သည်။ တပည့်မရှိတော့ ကုန်သည်ကြီး က ဈေးကို ကိုယ်တိုင်ထွက်ခဲ့ရသည်။ ဈေးရောက်တော့ လူအုပ်ထဲမှာ သေမင်းကို တွေ့လိုက်ရသည်။ သို့နှင့် သေမင်းအနားကပ်သွားပြီး " မနက်တုန်းက ခင်ဗျားက ကျုပ်တပည့်ကို စူးစူးဝါးဝါးကြည့်ပြီး ဘာဖြစ်လို့ ခြိမ်းခြောက်လိုက်ရတာလဲ " ဟု မေးလိုက်သည်။
သည်တော့ သေမင်းက..
" ကျွန်တော် သူ့ကို ခြိမ်းခြောက်လိုက်တာ မဟုတ်ပါဘူး။ စူးစူးဝါးဝါး ကြည့်လိုက်တယ်ဆိုတာကလည်း သူ့ကို ဒီဘက္ကဒက်မှာ တွေ့လိုက်ရတော့ အံ့သြလွန်းလို့ ကြည့်လိုက်တာပါ။ သူနဲ့ ကျွန်တော် ဘက္ကဒက်မှာ တွေ့ရလိမ့်မယ်လို့ လုံးဝမထင်မိဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ဒီည ဆမ်မာရာမြို့  မှာ သူနဲ့ ကျွန်တော် စာရင်းရှင်းကြဖို့ ချိန်းထားတဲ့နေ့ပဲ၊ ဘာပဲပြောပြော ကျွန်တော်ကတော့ သူနဲ့ ချိန်းထားတဲ့ ဆမ်မာရာမြို့ ကို သူလာသည်ဖြစ်စေ၊ မလာသည်ဖြစ်စေ သွားစောင့်နေရမှာပဲ " ဟု ပြောဆိုလိုက်သည်။
ဝထ္ထုက သည်မျှသာဟု ဆိုပါသည်။
***
သူငယ်ချင်းက ဆရာနန္ဒာသိန်းဇံ၏ " တွေးချိန်ချင့်ရာ " စာအုပ်ထဲက ၀ထ္ထုလေးကို ကြိုက်လွန်းလို့ ပြန်ပြောပြတာဟုလည်း ဆိုပါသည်။
ပြီးတော့ သူငယ်ချင်းက ဆက်ပြောပြပါသေးသည်။
" သံသရာနဲ့ချီပြောရင် အားလုံးဆွေမျိုးတွေချည်းပဲ၊ ဘ၀တွေဝေးသွားလို့ တစိမ်းတွေ ဖြစ်သွားကြတာ၊ တကယ်တော့ လူတွေကို ချစ်ရတယ်ဆိုတာ မသေခင်လေး ချစ်ခင်ရတာ၊ တစ်ယောက်ယောက် သေသွားခဲ့ရင် ချစ်ခွင့် ခင်ခွင့် ရတော့မှာ မဟုတ်ဘူး၊ အသက်ဆိုတာ အစိုးရတာမှ မဟုတ်တာ၊ မနက်ဖြန် သေရင် သေသွားနိုင်တာပဲ၊ ပြီးတော့ ပရဟိတတွေ လုပ်ကြတယ်ဆိုတာ အချစ်ကိုပဲ အခြေခံပြီးလုပ်လို့ ရတယ်၊ အမုန်းကို အခြေခံပြီး လုပ်လို့မရဘူး၊ အဖွဲ့အစည်းတစ်ခုမှာ အမုန်းတစ်ခု ၀င်လာပြီဆိုရင် အဲဒီအဖွဲ့အစည်း မကြာခင် ကွဲတော့တာပဲ၊ ရိပ်သာပဲဖြစ်ဖြစ် ၊ အများအကျိုးပြု အဖွဲ့အစည်းပဲဖြစ်ဖြစ်၊ ပညာတတ်တွေစုပြီး လုပ်ကြတာပဲ။ ဒါပေမယ့် အမုန်းတွေ ၀င်လာတော့ ကွဲကြတာပဲ။ အဲဒါ ပညာနဲ့ မဆိုင်ဘူး။ အချစ်နဲ့ပဲဆိုင်တယ်။
 အချစ်ဆိုတော့ မြန်မာလိုပြောတော့ နည်းနည်းပေါ့နေတယ်။ ပါဠိလို မေတ္တာလို့ ပြောတာပဲကောင်းတယ်။ အဖွဲ့အစည်းတွေမှာ မေတ္တာမရှိကြတော့ဘူးဆိုရင် ကွဲကြတာများ တယ်။ ဒီသဘောကို ကိုယ်ကသိပြီး ကိုယ်က မေတ္တာဓာတ် ပြန်မွေးလိုက်ဖို့ သိပ်အရေးကြီးတယ်။ တရားသဘောနဲ့ ကြည့်ရင် မုန်းတဲ့စိတ်ဟာ ကုသိုလ်စိတ် မဟုတ်တာတော့ သေချာတယ် "
စာစုံဖတ်သော သူငယ်ချင်းက သူဖတ်ခဲ့သော စာများကို အခြေခံ၍ ပြောပြခဲ့သည်။
***
ဘုရားရေ .. ငါဘာတွေ တွေးနေမိပါလိမ့်။
အပေါ် ပိုင်း ဗလာကျင်းနှင့် ခြေစုံရပ်လျက် တွေးကြောရှည်နေသော သူ့အနေအထားကို သတိရပြီး အချမ်းနှင့်ရောနေသော အတွေးပုံရိပ်တို့သည်လည်းေ၀၀ါးသွားသည်။ ယခုအထိတော့ သူမသေသေးပါ။ မသေသေးသော သူသည် ချမ်းစိမ့်စိမ့် အပြုံးတစ်ခုကိုတော့ ပြုံးလိုက်မိပါသည်။
ဒါပေမယ့် အတွေးမဆုံးခင် အအေးပတ်ပြီး သေသွားနိုင်သည်။ သေသွားခဲ့လျှင်တော့ သူငယ်ချင်း ပြောပြသော လူသားတွေကို ချစ်ခွင့်ရတော့မှာ မဟုတ်တော့ပါ။
(ဆရာနန္ဒာသိန်းဇံရဲ့  " တွေးချိန်ချင့်ရာ " စာအုပ်နဲ့ ခွန်သန်းထွန်းရဲ့  " တဒင်္ဂထဲက တစ်ခဏသောဘ၀ " ကို အခြေခံပြီး ရေးပါတယ်)
ရဝေနွယ်-အင်းမ ၏ အမြဲစီးဆင်းနေသောမြစ်တစ်စင်းအကြောင်း စာအုပ်မှ
အောင်ကလေး