ခံသင့်သလောက်ပဲ ခံမည်
နားလည်မှု
မှားယွင်းလို့ ကျင့်စဉ်လွဲချော်နေတဲ့ ပါဠိစကားလုံး (၂)ခု ရှိပါတယ်။ အဲဒါတွေက “သန္တုဋ္ဌီ နဲ့ ခန္တီ “ပါ။
ခန္တီ=ကို သည်းခံခြင်းလို့ ရိုးရိုး လွယ်လွယ် မြန်မာပြန်ဆိုလို့ ရပေမယ့် ဘယ်လိုသည်းခံရတယ်၊ ဘယ်လောက်ထိ သည်းခံရမယ်ဆိုတာ လေ့လာမထားရင် ရှင်းပြဖို့ အတော် ခက်ခဲပါတယ်။
ခန္တီ-ဆိုတာက သူရဲ့ပင်ရင်း သဘောက စိတ်နှလုံးခိုင်ခံ့တဲ့ သွင်ပြင်
လက္ခဏာရှိပြီး အကြောင်းအားလျှော်စွာ တွေ့ကြုံလာတတ်တဲ့ ကောင်းဆိုး နှစ်တန်
လောကဓံ တရားတွေကို တည်တည်ငြိမ်ငြိမ် ဣနြေ္ဒရရ မဖောက်မပြန် အမှန်အတိုင်း
လက်ခံနိုင်တဲ့ အစွမ်းသတ္တိ ရှိပါတယ်။ ပါရမီမြောက်တဲ့ ခန္တီ ဟာ (ဘ၀နဲ့ လောက
အကြောင်းကို နောကျေအောင် သိထား တာမို့ သဘောထား ကြီးမြတ် နားလည် ခွင့်လွှတ်
တတ်တဲ့) သူတော်ကောင်းတို့ရဲ့ ရင်ခွင်တွင်း ကသာ သက်ဆင်း လာရိုးရှိပြီး၊
သူရဲ့ ပုံစံ အချင်း အရာဟာ သူတစ်ပါးတွေက မဟုတ် မမှန် လုပ်ကြံ စွပ်စွဲပြီး
လွန်လွန် ကြူးကြူး အပြစ်ဖို့စော်ကား လာရင်တောင်မှ အကြမ်းမဖက် အမျက် မာန်မပါ
နူးညံ့ ချိုသာ မှန်ကန် စွာနဲ့ သည်းခံဖြေရှင်း တတ်ပါတယ်။
အနိုင်အထက်ပြုမူနဲ့ တွေ့ကြုံရတဲ့အခါ “ငုံခံခဲ့” တာဟာ မကောင်းလှသလို
“လက်တုံ့ပြန်” တာဟာလည်း မှားယွင်းပါတယ်။ အဓမ္မတစ်ခုဟာ ငုံ့ခံ လိုက်ရုံနဲ့
ပပျောက်သွားမှာ မဟုတ်သလို၊ လက်တုံ့ပြန် လိုက်တာနဲ့လည်း ပြေလည်သွားမှာ
မဟုတ်ပါဘူး။ ငုံခံတာဟာ အစွန်းတစ်ခု ဖြစ်သလို၊ လက်တုံ့ပြန်တာဟာလည်း
အစွန်းတစ်ခုပဲ ဖြစ်ပါတယ်။ အဲဒီလို အစွန်းနှစ်ဖက် မထွက်စေဘဲ
မဇ္ဈိမပဋိပဒါဆိုတဲ့ အလယ်အလတ် လမ်းစဉ်အတိုင်း အကြမ်း မဖက်တဲ့ နည်းနဲ့
ငြိမ်းချမ်းစွာ ဖြေရှင်းခြင်းကိုပဲ ခန္တီ-သည်းခံခြင်းလို့ ခေါ်တာပါ။
သည်းခံခြင်းဆိုတာ တစ်ဖက်သားကို အနိုင်ရဖို့ အားထုတ်တာ မဟုတ်သလို အရှုံးပေး
အညံ့ခံတာလည်း မဟုတ်ပါဘူး။ အနိုင်- အရှုံးမဖက် သရေ သဘောထား သက်သက်ပဲ
ဖြစ်ပါတယ်။ သည်းခံ ခြင်းမှာ လွတ်လပ်ပွင်းလင်းတဲ့စိတ်ထား၊ ယဉ်ကျေးပျူငှာတဲ့
နှလုံးသား ၊ ချစ်ကြည်နွေးထွေးနဲ့ ကမ်းလှမ်းမှု များနဲ့အတူ
စာနာနားလည်မှုများလည်း ဖွဲ့စည်းပါဝင် နေပါတယ်။ သည်းခံခြင်းဟာ ကောင်းမြတ်တဲ့
အလားအလာတွေနဲ့ တောက်ပနေတဲ့ ကျယ်ဝန်းတဲ့ မိုးကုတ်ဝိုင်းကြီးတစ်ခု ဖြစ်ပါတယ်။
သည်းခံခြင်းမှာ လှပတဲ့ မျက်နှာစာတွေ အများကြီး ရှိပါတယ်။ သည်းခံတတ်သူဟာ
လူများစုရဲ့ ချစ်ခင် နှစ်သစ်မှုကို ခံယူရတယ်။ ဘေးရန် မရှိဘူး၊ အမှားအယွင်း
နည်းတယ်။ မတွေ မဝေ သေရတယ်။ သေပြီးနောက် ကောင်းတဲ့ဘ၀ ရောက်ရတယ်လို့
ဗုဒ္ဓမြတ်စွာက ဟောတော် မူခဲ့တာပါ။ တကယ်တော့ သည်းခံခြင်းဆိုတာ
သဘောကြီးမြတ်ခြင်းရဲ့ သင်္ကေတ၊ အနစ်နာခံနိုင် မှုရဲ့ စံနမူနာ၊
ခွင့်လွှတ်နိုင်မှုရဲ့ သက်သေ သာဓကတွေပဲ ဖြစ်ပါတယ်။
အခု သည်းခံခြင်း= ခန္တီနဲ့ ပတ်သက်တဲ့ ပုံပြင်ကလေးတစ်ပုဒ်ကို
ပြောပြချင်ပါတယ်။ ဒီ ဓမ္မပုံပြင် ကလေးဟာ ငယ်ငယ်တုန်းက စာချ ဆရာတော် တစ်ပါး
ပြောပြခဲ့တာပါ။
ခံသင့်သလောက်ပဲ ခံမည်
တစ်ခါတုန်းက ဟိမ၀န္တာတောအုပ်ကြီးထဲမှာ တရားကျင့်နေတဲ့ ရသေ့ကြီးတစ်ပါး
ရှိခဲ့ ဖူးတယ်။ အဲဒီရသေ့ကြီးဟာ “လောကမှာရှိတဲ့ အကျင့် တွေထဲမှာ သည်းခံခြင်း
ခန္တီဟာ အမြတ်ဆုံးပဲ”လို့ အယူရှိပြီး၊ သည်းခံခြင်းကို အဓိကထားကာ
တရားကျင့်လေ့ရှိတာမို့ “ခန္တီဝါဒီ ရသေ့ကြီး”လို့လည်း အများက ခေါ်ကြသတဲ့။
တစ်နေ့တော့ ဗာရာဏသီပြည်ကို လာရင်း ဗြဟ္မဒတ်မင်းကြီးရဲ့ ဥယျာဉ်ထဲမှာပဲ
ခေတ္တခဏ သီတင်းသုံးနေတယ်။ ညနေတိုင်းမှာ ဗာရာဏသီပြည်သူ၊ ပြည်သားတွေဟာ
ပန်းနံ့သာတွေကို လက်ဆွဲပြီး ရသေ့ကြီးထံမှာ တရားနာ လာတတ်ကြသလို
နေ့လယ်ဘက်မှာလည်း နွားကျောင်းသား တစ်ယောက်နဲ့ မြွေဟောက်ကြီး တစ်ကောင်ဟာ
မကြာမကြာ တရားနာလာတတ်သတဲ့။
အဲဒီလိုနဲ့ တစ်ချိန်မှာ ရသေ့ကြီးက နွားကျောင်းသားနဲ့ မြွေဟောက်ကြီးကို
ဒေါသမကြီးဖို့၊ ဒေါသဖြစ်ခဲံလို့ ရှိရင်လည်း သတ္တ၀ါတွေကို မညှင်းဆဲ
မနှိပ်စက်ဖို့ ဆုံးမရင်း လောကမှာရှိတဲ့ အကျင့်တွေထဲမှာ သည်းခံခြင်း= ခန္တီဟာ
အမြတ်ဆုံး အကျင့်ဖြစ်ကြောင်း၊ သည်းခံခြင်း=ခန္တီ အကျင့်ဆိုတာ သူတစ်ပါးတွေက
ကြမ်းကြမ်း တမ်းတမ်း ဆဲဆိုလာရင် “ကိုယ်ထိလက်ရောက် မရိုက်နှက် မပုတ်ခတ်တာ
တော်သေးရဲ့”ဆိုပြီး၊ တကယ်လို့ ကိုယ်ထိ လက်ရောက် ရိုက်နှက် ပုတ်ခတ်
လာခဲ့ရင်လည်း “ သေအောင် မသတ်ဖြတ်တာ တော်သေးရဲ့” ဆိုပြီး၊ ဒီထက်မက သေအောင်
သတ်ဖြတ် လာရင်တောင်မှ “ဪ-တချို့သူတွေဟာ ကိုယ်ဟာကိုယ် သတ်သေဖို့ ကိုယ်တိုင်
အားထုတ်ကြရတယ်၊ ငါ့မှာတော့ ဒီလို ကြောင့်ကြရတာမျိုး မရှိဘူး”ဆိုပြီး ၊
ကောင်းတဲ့ ဘက်လှည့်တွေးကာ သည်းခံခွင့်လွှတ်တတ်ရမှာ ဖြစ်ကြောင်းကို ဟောကြား
သင်ပြ ပေးလိုက်ပါတယ်။
နွားကျောင်းသားနဲ့ မြွေဟောက်ကြီးတို့ကလည်း ရသေ့ကြီး သင်ပေးလိုက်တဲ့
ခန္တီဝါဒကို လိုက်နာ ကျင့်ကြံပါမယ်ဆိုတဲ့ ၀န်ခံချက်နဲ့ ရသေ့ကြီးကို ရိုသေစွာ
ရှိခိုးပြီး ကိုယ့်နေရာ ကိုယ်ပြန် သွားကြတယ်။ နွားကျောင်းသားက ကိုယ့်နေရာ
ရောက်တဲ့အခါ “ယနေ့ကစပြီး ခန္တီဝါဒ ကို ကျင့်သုံးမယ်၊ ဒါပေမယ့် လူမသိမှာ
စိုးရတယ်။ အကုန်လုံး သိအောင် အိမ်ရှေ့မှာ စာရေးကပ် ထားမယ် “ ဆိုပြီး
“ကျွန်ုပ်သည်းခံသည်”လို့ စာရေးပြီး ကပ်ထားသတဲ့။
ဒီလိုနဲ့ ရွာလည်လျှောက်ပြီး သောင်းကျန်းနေတဲ့ လူငယ်တွေဟာ
နွားကျောင်းသားရဲ့ အိမ်ရှေ့က ကပ်ထားတဲ့ စာကိုဖတ်ရတော့ တကယ်တမ်း သည်းခံသလား
ဆိုတာ စမ်းသပ်ကြမယ်ဆိုပြီး၊ နွားကျောင်းသားကို တချို့က ခဲနဲ့ပေါက်ကြ၊
တချို့က တုတ်တွေနဲ့ ရိုက်ကြတယ်။ နွားကျောင်းသား ကတော့ ဆရာရသေ့ရဲ့
အဆုံးအမကို အသက်နဲ့လဲပြီး ကာကွယ်မယ်ဆို ကာ အင်မတန် သည်းခံပါတယ်။
ဒါကြောင့်ပဲ လူငယ်တွေက စိတ်တိုင်းကျ အားရအောင် ရိုက်နှက် ပုတ်ခတ်ပြီး
ပြန်သွား ကြတဲ့အခါ နွားကျောင်းသားဟာ ဒဏ်ရာတွေ ဗရပွနဲ့ ခွေခွေ လေး
လဲကျကျန်ခဲ့တယ်။
ဒီလိုပဲ မြွေဟောက်ကြီးကလည်း “ယနေ့ကစပြီး ခန္တီဝါဒကို ကျင့်သုံးမယ်” ဆိုပြီး
သူနေရာ သစ်ပင် ခြေရင်းမှာ ခွေခွေလေး အိပ်နေသတဲ့၊ အဲဒီအချိန်မှာ
နွားကျောင်းသား တချို့ရောက် လာပြီး မြွေဟောက်ကြီးကို အဝေးကနေကာ တုတ်တွေ၊
ခဲတွေနဲ့ ပစ်ခတ်တို့ထိ စကြတယ်။ ခါတိုင်းဆိုလို့ ရှိရင်တော့ မြွေဟောက်ကြီးဟာ
သူကို ထိဖို့ မဆိုထားနဲ့ အနားကပ်လာတာနဲ့ ပါးပျဉ်းကြီးထောင်ပြီး
တရှုးရှုးမှုတ်ကာ ပြေးလိုက်တော့တာပဲ။ အဲဒီအခါ နွားကျောင်းသားတွေ လည်း သေပြေး
ရှင်ပြေး ပြေးကြတော့တာပါပဲ။ ဒါပေမယ့် ဒီကနေ့တော့ ဆရာရှင် ရသေ့ရဲ့ အဆုံး
အမကို လိုက်နာမယ်ဆိုတဲ့ စိတ်ကူးနဲ့ မြွေဟောက်ကြီးဟာ ငြိမ်ကုပ်ပြီး နေတယ်။
မြွေဟောက်ကြီးက ဘာမျှ မတုံ့ပြန်မှန်းသိလေ နွားကျောင်းသားတွေဟာ ကဲလေပါပဲ။
တချို့က ခဲတွေနဲ့ ပစ်လို့အားမရတော့ စူးချွန်တွေနဲ့ ထိုးကြတယ်၊ တချို့
ရိုက်နှက်ရတာ အားမရ လို့ အမြီးကိုဆွဲပြီး လေထဲမှာ ဝှေ့ရမ်းကြတယ်၊ ပြီးတော့
သစ်ပင်နဲ့ ရိုက်ပြီး ပစ်ထားကြတယ်။ နွား ကျောင်းသားတွေ ပြန်သွားမှ
မသေရုံတစ်မည် ကျန်ခဲ့တဲ့ မြွေဟောက်ကြီးဟာ သူ့နေရာသစ်ပင် ရင်းကို
မနည်းရောက်အောင် ပြန်ခဲ့ရသတဲ့။
ဒီလိုနဲ့ ၂ ၇က် ၃ ရက်လောက် ကြာတဲ့အခါ ခန္တီဝါဒီ ရသေ့ကြီးဟာ သူ့တပည့်
နွားကျောင်း သားနဲ့ မြွေဟောက်ကြီတို့ “ဘာကြောင့်များ သူ့ဆီကို
မလာကြပါလိမ့်၊ နေထိုင် မကောင်း ဖြစ်နေကြသလား”ဆိုပြီး သူတို့နဲ့ တွေ့ရအောင်
ထွက်လာခဲ့တယ်။ ပထမဆုံး နွားကျောင်းသားထံ ရောက်တဲ့အခါ ပတ်တီးအဖွေးသားနဲ့
သူ့တပည့်ကို မြင်လိုက်ရတော့ ရသေ့ကြီးက “ဘယ့်နှယ့်ဖြစ်တာတုံး”လို့
တအံ့တသြမေးမြန်းပါတယ်။ ဖြစ်ပျက်ပုံ အလုံးစုံကို နွားကျောင်းသားက
ပြောပြတဲ့အခါ၊ ရသေ့ကြီးက “ဖြစ် -ဖြစ်ရလေ ငါ့တပည့်ရယ်၊ သည်းခံတယ်ဆိုတာ
အဲဒီလို အဓိပ္ပာယ်မဲ့ ပေါက်ကရလေးဆယ်ကို ငုံ့ခံရမယ်လို့ ပြောတာ မဟုတ်ဘူးကွယ်၊
ကိုယ့်ရည်မှန်းချက်၊ ကိုယ့်ကျင့်စဉ်ကို ထိပါးပုတ်ခတ် စော်ကားလာတဲ့အခါ
ကိုယ့်လမ်းကြောင်း ပျောက် မသွားအောင် တစ်ဖက်သားကို အမျက်ဒေါသနဲ့
လက်တုံ့မပြန်နဲ့လို့ ဆိုလိုတာပါ။ ကဲ-ကဲ- ငါပြုပြင်ပေးခဲ့ပါ့မယ်” ဆိုပြီး
နွားကျောင်းသား အိမ်ရှေ့မှာ ကပ်ထားတဲ့ စာကို “ကျွန်ုပ်သည်းခံသည်၊ သို့သော် ခံသင့်သလောက်ပဲခံမည်”လို့ ဆက်ရေးထားခဲ့သတဲ့။
ရသေ့ကြီးဟာ အဲဒီကနေဆက်ပြီး မြွေဟောက်ကြီးဆီကို ရောက်သွားတယ်၊ မြွေဟောကြီး
လည်း ဒဏ်ရာ အနာတရတွေနဲ့ မချိမဆံ့ ခံစားနေရတာကို တွေ့တဲ့အခါ “တပည့်ရယ်၊
သည်းခံတယ် ဆိုပေမယ့် အစွန်း ရောက်အောင် မကျင့်ရဘူးကွယ်”လို့ ဆုံးမသတဲ့။
အဲဒီအခါ မြွေ ဟောက်ကြီးက “အရင်တုန်းက မင်းကို တုတ်တွေ၊ ခဲတွေ ပစ်ကြတဲ့အခါ
တပည့်ဘယ်လို လုပ်သလဲ” ဆိုတော့ မြွေဟောက်ကြီးက “အဲဒီတုန်းကတော့ တစ်ခါတည်း
ပါးပျဉ်းထောင်ပြီး တရှုးရှုးမှုတ်ကာ လိုက်ပေါက် သတ်ပစ်လိုက်တာပဲ”လို့ ဖြေတယ်။
အဲဒီအခါ ရသေ့ကြီးက “ အခုလို ငုံခံတာဟာ မကောင်းသလို အရင်တုန်းကလို ဒေါသနဲ့
လိုက်ကိုက် တာလလည်း မကောင်းဘူး၊ သည်းခံတယ် ဆိုတာ အဲဒီအစွန်း
နှစ်ဖက်ကြားထဲမှာ ကိုယ့်အကျိုးစီးပွား၊ သူ့အကျိုးစီးပွား မထိခိုက်အောင်
လိမ်လိမ် မာမာ နေတတ်တာကို ခေါ်တာပဲ။ ဥပမာ ဆိုပါတော့ နွားကျောင်းသားတွေ
နောက်တစ်ခါ လာပြီးတော့ တပည့်ကို တုတ်တွေ ၊ခဲတွေနဲ့ ပစ်ပေါက်ကြရင်
အခုလိုလည်း ငုံ့မခံဘဲ၊ အရင်တုန်းက လိုလည်း ဒေါသနဲ့ လိုက်မကိုက်ဘဲ
သူတို့အဝေးကို ထွက်ပြေးရုံလောက် ဟန်ဆောင်ပန်ဆောင် ပါးပျဉ်းထောင်ပြီး
ရှုးခနဲ၊ ရှဲခနဲ မှုတ်ထုတ်ပြလိုက်ရင် တပည့်လို မြွေဟောက် တစ်ကောင်အတွက်
သည်းခံခြင်း ခန္တီ ဆိုတာ ပြည့်စုံပါပြီကွ”လို့ စိတ်ရှည် လက်ရှည် ဆုံးမသတဲ့။
ရသေ့ကြီး ပြန်သွားပြီးတဲ့ နောက်တစ်နေ့မှာ ရွာလယ်က လူငယ်တွေဟာ လူငယ်
နွားကျောင်းသားကြီးရဲ့ အိမ်ကိုနောက်တစ်ခေါက် ရောက်လာ ကြပြန်ပါတယ်။ ဒါပေမယ့်
ရသေ့ကြီး ပြင်ဆင်ရေးသားထားခဲ့တဲ့ အိမ်ရှေ့က စာတန်းကိုဖတ်ပြီး
ပုခုံးနှစ်ဖက်ကိုတွန့်ကာ သူတို့အားလုံး အသာ တကြည်ပဲ ပြန်သွားခဲ့ကြပါတယ်။
အဲဒီလိုပဲ မြွေဟောက်ကြီးကို နှိပ်စက် မယ်ဆိုပြီး လာကြတဲ့
နွားကျောင်းသားတွေကလည်း မြွေဟောက်ကြီးက ပါးပျဉ်းထောင်ကာ တရှုးရှုးမှုတ်ပြီး
လိုက်တာကြောင့် ထွက်ပြေး သွားကြပြီး နောက်ထပ်လည်း မစရဲတော့ပါဘူး။
အဲဒီနေ့ကစပြီးတော့ နွားကျောင်းသားနဲ့ မြွေဟောက်ကြီးတို့ဟာ
ခန္တီဝါဒီရသေ့ကြီးရဲ့ အဆုံး အမအောက်မှာပဲ ငြိမ်းငြိမ်းချမ်းချမ်း
တရားကျင့်သုံး သွားနိုင်ကြပါတော့တယ်။
ဒီပုံပြင်ကလေးဟာ သည်းခံမှု အနုပညာနဲ့ နက်ရှိုင်းသိမ့်လှပပုံ
တစ်စိတ်တစ်ဒေသကို ထုတ် ဖော်ပြသပေးတာ ဖြစ်သလို ခန္တီပါရမီ အပေါ်မှာ
အုပ်မိုးနေတဲ့ မသိနား မလည်မှုဆိုတဲ့ မြူတိမ် ၊ မီးခိုးတွေကိုလည်း အထိုက်
အလျောက် မှုတ်လွှင့်ပေးတာလည်း ဖြစ်ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ ရန်ငြိုး အာဃာတ-
အကြမ်းဖက်မှုတွေနဲ့ ပြည့်နှက်နေတဲ့ ယနေ့ခေတ်လို ကာလမျိုးမှာ သည်းခံ ခြင်း=
ခန္တီတရားဟာ တိမ်ညို တိမ်မည်းတွေကြားက ဘွားခနဲ ပေါ်လာတဲ့ လပြည့်ဝန်းကြီးလို
အင်မတန် ချစ်ခင်အားကိုး ကြည်ညိုကျေနပ်စရာ ကောင်းပါတယ်။
ခန္တီဝါဒဟာ တစ်ဦးချင်းကစပြီး တစ်ကမ္ဘာလုံး အထိ မေတ္တာတရားနဲ့
ဖြန့်ကြက်လွှမ်းခြုံ ပေးပြီး အပြစ်ကင်း ကောင်းကျိုးရတဲ့ ကိစ္စတွေကို ကမ္ဘာနဲ့
အ၀န်း ဖြစ်ထွန်း ပေါ်ပေါက်စေ ပါတယ်။ ခန္တီဝါဒ၊ မထွန်းကားသေးသမျှ ကမ္ဘာဟာ
စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို လုံးဝရနိုင်စရာ မရှိပါဘူး။ တကယ်တော့
သည်းခံခြင်းဆိုတာ အာဃာတနဲ့ မုန်းတီးမှုတွေကို ကာကွယ်ဖို့၊ သဘော ကွဲလွဲမှုရဲ့
အောက်ခြေမှာ အချင်းချင်း ယုံကြည်လေးစားမှုကို အခြေခံပြီး မေတ္တာကမ္ဘာ ကို
တည်ဆောက်ခြင်းဖြစ်ပါတယ်။
သည်းခံခြင်းဟာ လူ့ဘ၀ကို နေခြည်နုလို နွေးထွေးပြီး ယုံကြည်ရဲရင့်စေပါတယ်။
လေခြနုလို အေးချမ်းပြီး ကြည်ရွှင် လန်းဆန်း စေပါတယ်။ ဒါကြောင့်မို့
ပုံပြင်ထဲကလို ငုံ့မခံနိုင်ရင်တောင်မှ “ခံသင့်သလောက်တော့ ခံကြစေ”ချင်ပါတယ် ။
ဘ၀မှာ အမျက်ဒေါသကြောင့် ဖြစ်ပေါ်လာ နိုင်တဲ့ ဆုံးရှုံးမှုတွေနဲ့
သည်းခံခွင့်လွှတ်နိုင်မှုကြောင့် ရလာနိုင်မယ့် အောင်ပွဲတွေကို အသေ အချာ
လေ့လာသုံးသပ်မိရင် လူသားတိုင်း “ခန္တီဝါဒီ”တွေ ဖြစ်လာကြမှာပါ။
တော်ဝင်နွယ်