Sunday, September 23, 2012

လှအောင်ပြင်ကြည့်ခြင်း

  လှအောင်ပြင်ကြည့်ခြင်း
နေ့စဉ်ရေချိုး ကိုယ်လက်သန့်စင်တယ်။ ဒါပေမယ့် စိတ်ထဲမှာမစင်ကြယ်သ လိုပဲ။ ခန္ဓာကိုယ် အသားအရေနူးညံ့အောင် လိုးရှင်းတွေလိမ်းနေပေမယ့် စိတ်ထဲမှာမနူးညံ့သလိုပဲ။ တစ်နေ့သုံးလေး ကြိမ်ထက်မက မှန်ကြည့်ဖြစ် တယ်။ ဒါပေမယ့် ကိုယ့်အလှကို အားမရသလိုပဲ။ အ၀တ်အစားအသစ် အဆန်းတွေ အမြဲလိုဝယ်ဝတ်တယ်။ ဒါပေမယ့် မလှုံခြုံသလိုပဲ။ ခေါင်းရှော်၊ ဆံပင်ဖြောင့် ဆိုးဆေးတွေတင်တယ်။ ဒါပေမယ့် စိတ်ထဲမှာ မဲညှစ်ညှစ် နဲ့ ကောက်နေသေးသလိုပဲ။ မျက်လုံးမျက်ခုံးတွေပြင်ပေမယ့် ကြည့်ရတာ သိပ်ပြီးကြည်လင်မှုမရှိသလိုပဲ။ ပြင်နေတဲ့နှုတ်ခမ်းတွေလဲ လိမ်နေသလိုပဲ။ မျက်နှာကြီးတစ်ခုလုံး မလှလှအောင် အမျိုးမျိုးပြင်ကြည့်တယ်။ ဒါပေမယ့် အမဲစက်တွေ၊ အဖုအပိန့်တွေ၊ အစွန်းအထင်းတွေ ရှိနေသလို ခံစားနေရ တယ်။
မှန်ရှေ့မှာထိုင်ပြီး နေစဉ်တော့ပြင်နေကြတာပဲ။ ဒါပေမယ့် ကိုယ်တကယ်လှမလှဆိုတာ မိမိကိုယ်တိုင် ဝေခွဲ မရဘူးဖြစ်နေတယ်။ လှမလှ သူများကြည့်ခိုင်းနေရတယ်။ သူတစ်ပါး အကြည့်ခံဖို့အတွက်၊ သူများအတွက် များ ပြင်နေတာလား။ ကိုကိုက မမအတွက်၊ မမက မောင်မောင်အတွက်များ ပြင်နေတာလား။ ပြီးတော့ ကိုယ့်ကိုလှတယ်လို့ သတ်မှတ်ပေးကြသူတွေကိုကော ကိုယ်ကဘယ်နှစ်ယောက်တောင် ပိုင်ဆိုင်ခွင့်ရခဲ့ကြလို့ လဲ။ ကိုယ့်ရဲ့အလှကိုကော ဘယ်နှစ်ယောက်များ ပိုင်ဆိုင်ကြလို့လဲ။ ကံကောင်းလှ တစ်ယောက်ပေါ့။ တသက်လုံးပြင်လာတဲ့အလှ တစ်ယောက်မှ မပိုင်လိုက်ရတာတွေလဲ အများကြီးပဲ။
ရုပ်ကိုပမ်းပြပြီး ဘ၀ကိုဖြတ်သန်းမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ နေ့စဉ်ပြင်နေကြတာလား။ ရုပ်လှပြီး မလှမပ ဘ၀ ကိုဖြတ်သန်းနေကြတာတွေလဲ အများကြီးပဲ။ တစ်ချို့ကြတော့လဲ ရုပ်မလှပေမယ့် ဖြတ်သန်းနေရတဲ့ဘ၀လေး က သာယာစိုပြေလို့။ တစ်ချို့ကြတော့ ရုပ်လဲမလှ ဘ၀လဲမလှကြ။ တစ်ချို့ကြတော့ ရုပ်လှသလောက် ဖြတ် သန်းနေတဲ့ဘ၀လေးကလဲ သာယာအေးချမ်းနေလိုက်ကြတာ။
အတိတ်ကံကချပေးလိုက်တဲ့ရုပ်က ဘယ်လောက်ပြင်ပြင် အမေမွေးပေးလိုက်တာထက် ပိုလှလာမယ်တော့ မထင်ပါဘူး။ ရုပ်လှဖို့ထက် စိတ်လှဖို့ကများ ပိုအရေးကြီးနေမလား။ ဘာကြောင့်လဲဆိုတော့ ရှင်ဒေ၀ဒတ်ရဲ့ ဥပဓိရုပ်ရည်နဲ့ ဘ၀၊ သီရိမာ ပဋာစာရီတို့ရဲ့ရုပ်ရည်နဲ့ ဘ၀၊ ခါးကုန်းမခုဇ္ဇုဒ္ဒရာရဲ့ ဘ၀တွေကို ယှဉ်ကြည့် လိုက်မယ်ဆိုရင် ရုပ်ဆိုးလို့ ဘ၀မဆိုးနိုင်ဘူး။ ဒါပေမယ့် စိတ်ဆိုးပြီဆိုရင်တော့ ရုပ်လဲဆိုးသွားသလို ဘ၀လဲ ဆိုးသွားတတ်တယ်ဆိုတဲ့ သီအိုရီကို ရလိုက်သလိုပဲ။

စဉ်းစားကြည့်လိုက်တော့ သူတို့တွေရဲ့ဘ၀သံသရာမှာ ပုံဆိုးကြီးတွေပေါ်လာအောင်လဲ သူတို့ပဲ ဖန်တီးခဲ့ကြ တာပဲ။ ပုံချောပုံလှလေးတွေပေါ်လာအောင်လဲ သူတို့ပဲဖန်တီးခဲ့ကြတာနေမှာ။ ရွက်ကြမ်းရေချို အဆင့်လောက်ရှိတဲ့ ကိုယ့်ရုပ်ကို မှန်ထဲပြန်ကြည့်လိုက်တော့ အရင်ဘ၀က ငါပြင်ခဲ့သလောက်ပဲ လှမှာပေါ့။ ရရှိပိုင်ဆိုင်ထားတဲ့ဘ၀လေးတော့ လှအောင်ပြင်မယ်ဆိုပြီး မှန်ထဲကြည့်လိုက်တော့ လောဘဒေါသမောဟ
တွေနဲ့ မောက်မာနေတဲ့မျက်နှာ၊ ပြီးတော့ အညှစ်အကြေးတွေစွန်းထင်းပြီး အကျည်းထန်နေတဲ့ ကိုယ့်စိတ် ကိုတောင် ရွှံမုန်းမိခဲ့တယ်။
အခန်းအပြင်ဖက်ထွက်လိုက်တော့ “သဒ္ဓါတရားနည်းများမဆို ပါဝင်လှူဒါန်းကြဖို့ နိဗ္ဗာန်အကျိုးမျှော်၍ တိုက် တွန်းနိုးဆော်အပ်ပါသည်”ဆိုတဲ့ ရပ်ကွက်ဓမ္မာရုံကအသံ၊ တီဗွီမှာတော့ ပရိသတ်တွေ ဥပုသ်သီလယူနေကြ တယ် ပြီးတော့ ဆရာတော်တိုင်ပေးနေတယ်။ “ရုပ်ကိုလဲပြင်၊ စိတ်လဲပြင်၊ ပြုပြင်နိုင်မှ၊ ပြင်တိုင်းလှ၊ သုခ နိဗ္ဗာန်တိုင်လိုက်မည်။” “ဒါနနဲ့ပြင်၊ စည်းစိမ်ရှင်၊ အမှန်ပင်လှတော့သည်။ သီလနဲ့ပြင်၊ နာကင်းစင်၊ အမှန်ပင် လှတော့သည်။ ဘာဝနာနဲ့ပြင်၊ ဥာဏ်ကြီးရှင်၊ အမှန်ပင်လှတော့သည်။”
စားပွဲပေါ်ကစာအုပ်ကို ကောက်ဖတ်လိုက်တော့ လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဣဿာ၊ မစ္ဆရိယစတဲ့ အကောက်တွေနဲ့ပေါင်းရင် နဂိုရှိပြီးသားအလှပါ ပျောက်သွားတတ်တယ်။ ဘီလူးဆိုတဲ့အမျိုးက ဒေါသကြီး လွန်းလို့ ရုပ်ဆိုးနေတာတဲ့။ ဇာတ်ကားတစ်ကားထဲမှာ အကြွေးမရလို့ဆိုပြီး ရွာရိုးကိုးပေါက် အော်ကြီးဟစ် ကြယ်နဲ့ ရန်တွေ့နေတဲ့ မိန်းမကြီးရဲ့နီမြန်းနေတဲ့မျက်နှာ၊ လူချမ်းသာ ပညာတတ် မင်းသမီးတစ်ယောက်ကလဲ အလှမာန်တွေတက်ပြီး လူတကာကို မတူမတန်သလိုအကြည့်မျိုးနဲ့၊ သူတို့နှစ်ယောက်ရဲ့ပြိုင်ဆိုင်မှုကြားမှာ ကံငါးပါးမလှုံတဲ့ လင်သားတို့ရဲ့ ရီဝေေ၀ပုံရိပ်တွေ မျက်လုံးထဲမှာ ရုပ်လုံးပေါ်လာသလိုပဲ။
ရုပ်ဆိုးလို့ ဘ၀မဆိုးနိုင်ဘူး၊ စိတ်ဆိုးပြီဆိုရင်တော့ ရုပ်လဲဆိုးမယ် ဘ၀လဲဆိုးမယ်ဆိုတာ သိပေမယ့် နေ့စဉ် မှန်ရှေ့မှာထိုင်ပြီး အလှပြင်နေမိတာက ရုပ်လှဖို့အတွက်ပဲဖြစ်နေတယ်။ အိုလာတဲ့ရုပ်ကို ပျိုလာအောင်လို့ ကြိုးစားရင်းက တစ်နေ့ထက်တစ်နေ့ ပိုပြီးဆိုးလာတဲ့စိတ်ထားတွေကို ပြုပြင်ဖို့မေ့နေတယ်။ တကယ်တော့ ငါဟာ ဘော်ဒီလောက်သာ အရောင်တောက်ပြီး စက်ပိုင်းဆိုင်ရာချို့ယွင်းနေတဲ့ နောက်ဆုံးပေါ် ကားစုပ် တစ်စီးလိုပါပဲလား။
သာသနာတော်ကို ဗြူတီစလွန်းလိုသဘောထားမယ်ဆိုရင် အလှပြင်ခန်းမထဲကို ရောက်နေပြီပဲ။ ပြင်ပေးမည့် သံဃာတော်တွေလဲ အများကြီးပဲလေ။ ဒါနသီလ ဘာဝနာစတဲ့ ပြင်စရာပစ္စည်းတွေလဲ စုံလို့။ ဗုဒ္ဓရဲ့အဆုံးအမ တရားဓမ္မနဲ့ စိတ်ထားတွေလှအောင် ပြင်ဖြစ်မယ်ဆိုရင်…။ ရုပ်ကိုပြင်ရတာ လွယ်သလောက် တာရှည်တော့ မခံဘူး။ မနက်ကပြင်ထားတဲ့ လှလှပပလေးက ညနေကျတော့ ချွေးနံ့တွေနဲ့ အဆီပြန်နေပြီ။ စိတ်ကိုပြင်ရတာ ကျတော့ခက်တယ်။ ဒါပေမယ့် တာရှည်ခံတယ်။ ပြင်တတ်ဖို့တော့ လိုတာပေါ့။
လူတွေက ရုပ်လှတာကို မျက်စိအရသာခံဖို့လောက် သဘောထားကြတာ။ ဘ၀နဲ့ချီပြီးပြောလာကြပြီဆိုရင် စိတ်သဘောထားနဲ့ အတွင်းသားအလှကို ဦးစားပေးရွေးချယ်တတ်ကြတယ်လေ။ မေတ္တာရှင် (ရွှေပြည်သာ)
ရေးထားတဲ့စာသားလေးတောင် အမှတ်ရမိတယ်။ “လူတို့သည် သောက်ရေအိုးစင်ကရေကို သောက်ရုံသာ
သောက်ကြ၏၊ ဘယ်တောမှ ခြေမဆေး။ ခြေဆေးရေအိုင်ကရေကိုလဲ ခြေဆေးရုံသာဆေးကြ၏၊ ဘယ်တော့ မှ မသောက်ကြ။ ထိုအတူ ယောကျာ်းအများစုတို့သည် ကိုယ်ကျင့်သီလနှင့်ပြည့်စုံ၍ ဣနြေ္ဒရှိသောမိန်း ကလေးကို ရာသက်ပန်အတည်သာကြံ၏၊ အပျော်မကြံ။ အညှာလွယ်၍ ကိုယ်ကျင့်သီလမရှိသော မိန်းကလေးကိုမူ သာယာမှုရရုံ အပျော်ကြံ၍ ရာသက်ပန် အတည်မကြံကြ ပေ”တဲ့။
သက်တမ်းတစ်ခုရဲ့ ဆယ်စုနှစ်အတွင်းလောက်မှာပဲ ဘ၀အတွက် ရုပ်အလှကိုအားကိုးပြီး တည်ဆောက်နိုင် တာပါ။ အဲဒီအတွင်းမှာ တစ်ခုခုကိုမှ မပိုင်ဆိုင်လိုက်ရဘူးဆိုရင်တော့ “အရမ်းလှတာပဲ”ဆိုတဲ့ ချိုးမွမ်း စကားလောက်နဲ့ တသက်လုံးကျေနပ်နေရုံပေါ့။ အကယ်၍ ဘ၀အတွက် အလှတရားနဲ့ ပတ်သက်ပြီး ရွေး ချယ်ရတော့မယ်ဆိုရင် ဘယ်အလှကို ဦးစားပေးပြီးရွေးချယ်မယ်လို့ သင်ထင်သလဲ။ ကိုယ်ကကော ဘယ် အလှကို ဦးစားပေးပြီးရွေးချယ်မှာလဲ။ “စက္ခုရူပေန သံဝါသာ၊ ရာဂပုတ္တံ ၀ိဇာယတိ”ဆိုတဲ့ ဘုရားဟောဒေသ နာအရဆိုရင်တော့ ရုပ်အလှဆိုတာ မျက်စိအရသာခံပြီး ရာဂကို မွေးဖွားပေးရုံလောက်ပါပဲ။
မတတ်သာလို့ စက္ကူပန်းကို သုံးနေရတာ။ လူတွေက ပန်းချင်းတူတာတောင် ရနံ့သင်းတဲ့ ပန်းရဲ့အလှကိုပဲ ပိုပြီးနှစ်သက်တတ်ကြတာ။ နှလုံးသားထဲကနေ မွေးကြိုင်တဲ့ရနံ့ တစ်စုံတစ်ရာမပေးနိုင်ခဲ့ဘူးဆိုရင် မိမိရဲ့ အလှက ပန်ဆင်သူအတွက် စက္ကူပန်းလို အတုများဖြစ်နေမလားပဲ။ မတူတဲ့အလှနဲ့ ဘ၀တွေကြားမှာ တစ်ချို့ ကြ ရှင်လျက် အလှတွေသေနေကြတယ်။ တစ်ချို့ကြ ဘ၀တွေမရှိကြတော့ပေမယ့် သူတို့ရဲ့အလှက ရနံ့တွေ နဲ့ သင်းပျံ့နေဆဲပါ။ တကယ့်အလှဆိုတာ ဘယ်ဘ၀ရောက်ရောက် အကျည်းတန်တယ်ဆိုတာ မရှိပါဘူး။
သကြားမင်းကတော်လေးယောက် လူ့ဘ၀တုန်းက လုပ်ဆောင်ချက်လေးကလဲ မှတ်သားစရာပါပဲ။ မသုဓမ္မာ က သုဓမ္မာဇရပ်ဆောက်၊ မသုစိတ္တာက ဥယျာဉ်ဗိမာန်ဆောက်၊ မသုနန္ဒာက သုနန္ဒာရေကန် ဆောက်လုပ်ပြီး အသီးသီးလှူဒါန်းနေကြတဲ့အချိန် မသူဇာကတော့ မှန်ရှေ့ထိုင်ပြီး အလှပြင်နေတယ်။ သေလွန်ပြီးတဲ့နောက် သကြားမင်းကတော်လာဖြစ်ကြတော့ တစ်ချိန်လုံးအလှပြင်နေတဲ့ မသူဇာတစ်ယောက် လူ့ပြည်မှာကျန်ခဲ့ တယ်လေ။ ရုပ်လှတာလေးတစ်ခုလောက်နဲ့ ကတော်မဖြစ်နိုင်ဘူးဆိုတာကို မသူဇာက သက်သေပြနေသလိုပဲ။
ခေမာမိဘုရားက ဇမ္ဗူတစ်ခွင်မှာ သူသာလျင်အလှဆုံးဖြစ်တယ်ဆိုပြီး အလှမာန်တွေတက်လို့ပေါ့။ တစ်နေ့
မြတ်စွာဘုရားရဲ့အဆုံးအမကို ခံယူပြီးတဲ့နောက် ရူပါရုံအလှဆိုတာ ကာမဂုဏ်ခံစားဖို့အတွက် ရေပွက်ပမာ တစ်ခဏမျှသာပဲဖြစ်တယ်။ မာနတရားတွေကိုခ၀ါချ နှလုံးသားလှဖို့အတွက် စိတ်ထားတွေကိုပြင်မှသာ တကယ်လှတယ်ဆိုတာကို နားလည်သဘောပေါက်သွားတော့ ဗိဗ္ဗိသာရမင်းကြီးကိုယ်တိုင် ရှိခိုးတယ်လေ။ ဒါကြောင့် မယားချောရင် လင်ကတောင်ရှိခိုးယူရတယ်ဆိုတာ ဒါမျိုးကိုပြော တာနေမှာ။
အတ္ထာစရိယလို့ခေါ်တဲ့ မိမိသူတစ်ပါးရဲ့ ကောင်းကျိုးကိုလိုလားတဲ့တဲ့စိတ်ထား။ သမာနတ္ထတာလို့ခေါ်တဲ့ မာန မထားပဲ တစ်ဖက်သားအပေါ်မှာ မိမိနဲ့တစ်သားထဲထားနိုင်တဲ့စိတ်ထား။ ဒါနလို့ခေါ်တဲ့ ပေးကမ်းစွန့်ကြဲ ရက်ရောပြီး လောဘနည်းတဲ့။ ပေမ၀ဇ္ဇလို့ခေါ်တဲ့ ဒေါသနည်း မေတ္တာထားပြီး ချိုသာတဲ့စကားပြောတတ်တဲ့။ သီလလို့ခေါ်တဲ့ ကိုယ်နှုတ်နှလုံးသုံးပါး စောင့်စည်းမှုနဲ့အတူ။ သမာဓိလို့ခေါ်တဲ့ ဣနြေ္ဒမဲ့ ပရမ်းပတာ ပြုမှုပြော ဆိုနေထိုမှုမျိုးကို ရှောင်ကျဉ်ပြီး ယဉ်ကျေးသိမ်မွေ့ တည်ငြိမ်တဲ့အမူအရာ။ နောက်ပြီး အခြေခံအသိဉာဏ်ဖွင့် ဖြိုးစွာနဲ့ နှလုံးသားကို အလှဆင်လိုက်မယ်ဆိုရင်…။
လူတစ်ယောက်ရဲ့ စစ်မှန်တဲ့အလှပေါ်လွင်ဖို့ နှလုံးသားဖြူစင်မှုကို စာရိတ္တနဲ့ မှတ်ကျောက်တင်ကြည့်လိုက် မယ်ဆိုရင်။ နေ့စဉ်နဲ့အမျှ ရုပ်ကိုပြုပြင်ကြသလို၊ မလှပတဲ့ အကျဉ်းတန်နှလုံးသား အပိုင်းအဆတွေရှိခဲ့လို့ ဖယ်ရှားပြုပြင်လိုက်မယ်ဆိုရင်။ ဆရာဇော်ဂျီက “ရွှေဂုဏ် ငွေဂုဏ် ရာထူးဂုဏ်သည်၊ လူ့ဘုံလောက အကာမျှ တည့်၊ သူကငြူစူ မကြည်ဖြူ၍၊ ခွါယူလိုက ခွါ၍ရ၏။ ရိုးဂုဏ် ဖြောင့်ဂုဏ် ယဉ်ကျေးဂုဏ်သည်၊ လူ့ဘုံလော က နှစ်သာရတည့်၊ သူကငြူစူ မကြည်ဖြူလဲ၊ ခွါယူမရ ကွာမကျ”တဲ့။ အကာလောက် အလှဆင်နေရုံမျှနဲ့ ဘ၀ အတွက် မလုံလောက်သေးဘူးဆိုတဲ့ သဘောပါပဲ။ 
သားသမီးကို လှတယ်ပြောရင် မိဘတွေ သဘောကျတတ်ကြတယ်။ လှအောင်လဲဆင်ပေးကြတယ်။ နှလုံး သားတွေဖြူစင်အောင် နည်းပေးလမ်းပြ ပြောဆိုဆုံးမမှုတွေနဲ့ ဆေးကြောပေးဖို့၊ ဘ၀အနေ အထားမြင့်မား
အောင် မြင့်မြတ်တဲ့စိတ်ထားနဲ့ နေထိုင်သွားလာတတ်စေဖို့အတွက် စိတ်ဓာတ်ပိုင်းဆိုင်ရာကို ပြုပြင်ပေးဖို့လဲ လိုလိမ့်မယ်။ ကိုယ်ကိုတိုင်မှ မလှမပ ဘ၀အနေအထားဆိုရင်တော့ ကိုယ့်သားသမီးကို လှအောင်ဆင်ပေးဖို့ မဖြစ်နိုင်ပါဘူး။ ကိုယ်ကိုတိုင်လှအောင်ဆင်တတ်မှလဲ သူတစ်ပါးကို လှအောင် ပြင်ပေးလို့ရမှာပေါ့။ ဖြစ်သလို ဘ၀နဲ့ ကိုယ့်ကိုကိုယ်လှတယ်ထင်နေကြရင်တော့လဲ။
ဒီအတိုင်းပါပဲ ဆရာကိုယ်တိုင်က လှအောင်ပြင်ဆင်တတ်မှ ကိုယ့်တပည့်တွေရဲ့ဘ၀ကို လှပအောင်ပြုပြင်
ပေးလို့ရမှာပေါ့။ ဆရာဆိုတာ လောကကြီးလှပစေဖို့အတွက် တနည်းအားဖြင့် အလှဆင်ပေးနေ ကြသူတွေလေ။ ကိုယ်ကိုတိုင်က စေတနာ ၀ါသနာ အနစ်နာ စံနမူနာထားပြီး ကိုယ့်တပည့်တွေကို စိတ်ဓာတ် စည်းကမ်း ပညာနဲ့ပြည့်စုံအောင်ပြင်ပေးဖို့ လိုတာပေါ့။ ဆရာကောင်းတပည့်မှ ပန်းကောင်းပန်ရမှာပါ။
မြတ်စွာဘုရားကတော့ ကိုယ်တိုင်လှအောင် အရင်ပြင်ခဲ့ပါတယ်။ ပြီးတော့ သူ့ရဲ့အမျိုးတွေကို (ဉာတတ္ထစရိ ယ)လှအောင် ပြုပြင်ပေးခဲ့ပါတယ်။ ပြီးတော့မှ လောကရှိလူသားအားလုံးလှပစေဖို့ (လောကတ္ထစရိယ)ပြုပြင်
ပေးခဲ့ပါတယ်။ ဘုရားရှင်ထုံးနှလုံးမူလျက် ကိုယ်တိုင်လှအောင်ပြင်ကြပြီး လောကကြီးအတွက် တစ်ဒေါင့် တစ်နေရာကနေ အလှပြင်ပေးနေကြသူတွေလဲ အများကြီးပါပဲ။ တစ်ချို့က တရားဓမ္မနဲ့၊ တစ်ချို့က ထောက် ပံ့ပေးကမ်း လှူဒါန်းခြင်းတွေနဲ့၊ တစ်ချို့က ပညာရေးတွေနဲ့၊ တစ်ချို့က ပရဟိလုပ်ငန်းတွေနဲ့ ရောင်စုံခြယ်ပေး
နေကြတယ်လေ။
မှန်ရှေ့မှာထိုင်ပြီး ကိုယ့်ရုပ်ကိုပြင်သလို စိတ်ကိုလဲပြင်ဖို့၊ ဆံပင်တွေဖြောင့်ရင်လဲ ကောက်နေတဲ့စိတ် ကိုဖြောင့်ဖို့၊ Shampooနဲ့ခေါင်းလျော်သလို နောက်ကျု့နေတဲ့ စိတ်တွေကိုလဲလျော်ဖွတ်ဖို့၊ မျက်နှာကို ပေါင်း တင်တဲ့အခါတိုင်း မည်းညှစ်နေတဲ့စိတ်ကိုလဲ  update ပြန်လုပ်ဖို့၊ ခန္ဓာကိုယ်ကို အချိုးကျအောင် ပြုပြင်တဲ့ အခါတိုင်း စိတ်ကိုလဲ အချိုးကျအောင်ပြုပြင်ဖို့၊ အ၀တ်စားကောင်းတွေ ၀တ်ဆင်တဲ့အခါတိုင်း မွန်မြတ်တဲ့ စိတ်ထားနဲ့ နှလုံးသားလှစေဖို့၊ အမွေးနံ့သာတွေ အသုံးပြုတဲ့အခါတိုင်း စိတ်အစဉ်မှာ မေတ္တာရနံ့တွေ ထုံမွမ်း သင်းပျံ့နေစေဖို့၊ ဂရုဏာမျက်ဝန်းတစ်စုံနဲ့ နှုတ်ခမ်းထက်က သံစဉ်တွေချိုမြပြီး တည်ကြည်ခန့်ငြား စမတ် ကျအောင်ပြုပြင်ဖို့လိုသေးပါးလားဆိုတဲ့ အသိနဲ့အတူ လောကကြီး သာယာလှပဖို့အတွက် နေလတစ်စင်း မဖြစ်နိုင်သည့်တိုင် ကြယ်ပွင့်လေးလောက်တော့ လင်းလက်ပေးနိုင်ကောင်းပါရဲ့… 
ချမ်းမြေ့ပါစေ
ချယ်ရီမြေ