မြတ်ဗုဒ္ဓ၏ တမန်တော်များ
ကျွန်ုပ်တို့ ရဟန်းတော်များ ဒေသစာရီကြွလေ့ရှိသော နိုင်ငံခြားခရီးသည် အမျိုးအစားအားဖြင့်
(၄)မျိုးရှိကြောင်း တွေ့ရ၏။ ၎င်းတို့မှာ (က)လေ့လာရေးခရီး (ခ)သာသနာပြု(ဂ) ပညာတော်သင်
(ဃ)အမြဲနေ ဟူ၍ဖြစ်၏။
(က)လေ့လာရေးခရီးဆိုရာ၌ ဘုရားဖူးကြွခြင်း၊ ဆေးကုကြွခြင်း၊အလည်အပတ် အပျော်တမ်း သက်သက်
ခရီးထွက်ခြင်းတို့ပါဝင်၏။ ထိုခရီးမှာ များသောအားဖြင့် ဗုဒ္ဓဂယာ၊မလေးရှာ၊ထိုင်း၊ စင်္ကာပူ၊
သီရိလင်္ကာ စသည်တို့ ဖြစ်လေသည်။
(ခ) သာသနာပြုဆိုရာ၌ တရားဟောကြွခြင်း၊ တရားစခန်းပွဲဖွင့်ခြင်း၊ တရားပြခြင်းတို့ပါဝင်၏။
အင်္ဂလန်၊ အမေရိက အပါအ၀င် နိုင်ငံကြီးများသို့ ကြွရတတ်ပေသည်။
(ဂ) ပညာတော်သင်ဆိုရာ၌ အိန္ဒိယား၊သီရိလင်္ကာတို့လို ဗုဒ္ဓစာပေနှင့် ပတ်သက်သည့် B.A -
M.A Ph.D ဘွဲ့များရယူဖို့အတွက် နှစ်အလိုက် အမြဲနေကာ ပညာသင်ကြ၊ ဆည်းပူးကြ ၊ဘွဲ့တံဆိပ်
များရယူကြခြင်းရှိသလို အမေရိက၌လည်း ၎င်းဘွဲ့များရယူနိုင်ပေသည်။
လောကုတ္တရာစာပေ သာမက လောကီစာပေ ဘက်၌ပါ ထူးချွန်ထက်မြက်လိုသော စွယ်စုံရ နှစ်ဘက်လှ ရဟန်းတော်များ
ကြွရောက်
သင်ယူကြလေ သည်။
(ဃ) အမြဲနေ ဟူရာ၌ ကမ္မဋ္ဌာန်းရိပ်သာတစ်ခု အဖြစ်ဖြစ်စေ ၊ ဘုန်းကြီးကျောင်း တစ်ဆောင် အဖြစ်ဖြစ်စေ၊
သင်တန်းဌာနတစ်ခုအဖြစ်ဖြစ်စေ သာသနာပြု လုပ်ငန်းတစ်ခုခုဖြင့် နိုင်ငံခြားမှာ အခြေချ သာသနာပြုနေသော
ရဟန်းတော်များကို ဆိုလိုသည်။
ဂလိုဘယ်မျက်လုံး။ ။ ယ္ခုအခါ ကျွန်ုပ်တို့သာသနာတော်၌ နိုင်ငံခြားသို့
ပညာသင်ကြွသည့် ရဟန်းတော်များထွန်းကားလာလေသည်။အိန္ဒိယနှင့်သီရိလင်္ကာတို့သို့ ပညာသင်ကြွသည့်ရဟန်းတော်များ
က ပိုများ၏။ အင်္ဂလိပ်၊ သက္ကဋ၊ ဟင်ဒီစသည့် ဘာသာစကားများ တတ်ကျွမ်းလျှင် ကျွမ်းသလို
M.A၊ Ph.D ဘွဲများ အလွယ်တကူ ရရှိနိုင်သောကြောင့် ကြွကြခြင်းဖြစ်၏။ နိုင်ငံတော်အစိုးရနှင့်
အလှုရှင်များက လည်း
ကျောင်းဆောက်လှုခြင်း၊
ငွေကြေးထောက်ပံ့ခြင်း၊ တခြားလိုအပ်သည်များကို ကူညီလှုဒါန်းခြင်းဖြင့် ချီးမြှောက်လျက်ရှိပါ၏။
ရှေးအခါက နိုင်ငံခြားပညာသင်ကြွသည့်
ရဟန်းတော်များမှာ အနည်းငယ်မျှသာ
ရှိလေသည်။ ထိုအနည်းငယ်မျှသာ
ရှိသော ရဟန်းတော်များသည်ပင် အမိမြန်မာပြည် အတွက် အဖိုးမဖြတ် နိုင်သော ရတနာအဖြစ် ရပ်တည်ခဲ့ကြ၏။
ဆရာတော်ဦးဥတ္တမသည် နိုင်ငံခြားအတွေ့အကြုံများကြောင့် နိုင်ငံရေးအမြင်ကြွယ်ဝပြီး ကရက်ဒေါက်
ထွက်သား( Go back)ဟူသောစကားဖြင့် တစ်မျိုးသားလုံးကို နိုင်ငံရေး မျက်စိ ဖွင့်ပေးနိုင်ခဲ့၏။
ဗိုလ်ချုပ်အောင်ဆန်းတို့၏
လွတ်လပ်ရေးကြိုးပမ်းမှု၌ များစွာအထောက် အကူပြုပေးခဲ့၏။ နိုင်ငံတကာအကူအညီရအောင်၊ စစ်ပညာသင်နိုင်အောင်၊
လွတ်လပ်ရေးကိုအရယူနိုင် အောင် နိုင်ငံတကာနှင့် မိတ်ဖွဲ့ပေးခဲ့၏။ ဆရာတော်ဦးဥတ္တမ၏ ကရက်ဒေါက်
ထွက်သွား-ဟူသောစကား သည် မြန်မာတစ်မျိုးသားလုံး၏ သန္တာန်၌ ဖုံးလွှမ်းနေသောအကြောက်တရားများ
၊မသိ မောဟတရားများ တည်းဟူသောတိမ်သလာကို ဖယ်ရှား၍ အလင်းမှန်ရစေခဲ့လေသည်။
“ကိုယ်တော့်ကရုဏာ”
ကိုယ်တွေ့ဝတ္ထုများကိုပြန်ပြောင်းပြောပြသောရခိုင်အမျိုးသား
ဆရာတော်ဦးနာရဒသည်လည်းမြန်မာလူမျိုးတို့၏
အမျိုးသားရေးမျက်စိကို ဖွင့်လှစ်ပေးနိုင်ခဲ့လေသည်။ အိန္ဒိယ၌ ပညာသင်ရင်းလေ့လာပြုစုခဲ့သောအိန္ဒိယနိုင်ငံ
ဗုဒ္ဓသာသနာသမိုင်းစာအုပ်သည်မြန်မာတို့အတွက် များစွာအဖိုးထိုက်တန်လေသည်။ ထို့အပြင်
နိုင်ငံခြားသို့ ပညာသင်ကြွပြီး အမိနိုင်ငံ၌လူပျံတော်ဘ၀ဖြင့် နိုင်ငံအကျိုး၊ ဘာသာ၊ သာသနာအကျိုးကို
စာပေဖြင့်ဆောင်ရွက်မြှင့်တင်သွားခဲ့သော လူပညာရှိပုဂ္ဂိုလ်ကြီး များလည်း မနည်းပေ။ ဗုဒ္ဓ(သို့မဟုတ်)လောကသားတို့၏
အနှိုင်းမဲ့ကျေးဇူးရှင်ဟူသော ကိုယ်ကျင့်ဗုဒ္ဓ၀င် ကျမ်းကြီးကို ပြုစုခဲ့သော ဆရာကြီးဦးရွှေအောင်
(၀ဋံသကာ၊သိရောမဏိ၊မဟာဝိဇ္ဇာ(သက္ကဋ)မှာ ထင်ရှားပေသည်။
အိန္ဒိယမှ ပညာသင်ကြွလာပြီး မြန်မာပြည်၌ ဆရာတော်ဦးသာသန၀ရ (M.A.ဓမ္မာစရိယ)သည် ဓမ္မဗိမာန်
စာပေဆုအသင်းတည်ထောင်ပြီး ရှေဟောင်း ဗုဒ္ဓစာပေ ကျမ်းစာများကို ပြန်လည်ရိုက်နှိပ်ထုတ်ဝေခြင်း
၊အဋ္ဌကထာဝတ္ထုများကို ဘာသာပြန်ခြင်း အဘိဓာန်ကျမ်းကြီးများကိုပြုစုခြင်း၊ လူထုအကျိုးပြု
ဘာသာရေးစာပေများကို ရွေးချယ်ဆုချီးမြှင့်ခြင်းစသည့်
သာသနာပြုလုပ်ငန်းများ ကိုဦးစီးတည်ထောင်လျက်
တစ်ဖက်တစ်လှမ်းမှလည်း
စာပေပို့ချခြင်း၊ စာကြည့်တိုက်များထောင်ခြင်းဖြင့် သာသနာပြုလျက် ရှိပေသည်။ ဆရာတော်တည်ထောင်သည့်စာကြည့်တိုက်များသည်
အရေအတွက်အား(၂၀)ကျော်ရှိသည် ဟုသိရပေသည်။
ကျွန်ုပ်တို့ မစိုးရိမ်တိုက်သစ် ဘ၀အလင်းရောင်စာကြည့်တိုက်ကိုပင်လျှင်
ဆရာတော်ဦးသာသန၀ရက
များစွာထောက်ပံ့ပေးခဲ့၏။ ဆရာတော်၏လုပ်ငန်းများကို ကြည့်လျှင် ရဟန်းသံဃာအတွက်ရော လူပုဂ္ဂိုလ်များအတွက်ပါ
သာသနာတစ်ရပ်လုံး
အကျိုးရှိမည့် စာပေပရိယတ္တိလုပ်ငန်းများဖြစ်သည်ကို
တွေ့ရှိနိုင်ပေသည်။
ထို့ကြောင့် နိုင်ငံခြားပညာသင်ကြွသော
ဆရာတော်များသည်ကျွန်ုပ်တို့နိုင်ငံ ကျွန်ုပ်တို့သာသနာ၏ ဂလိုဘယ်မျက်လုံး၊ ဂလိုဘယ်လက်ရုံးကြီးများ
ဖြစ်ကြလေသည်။ နိုင်ငံခြားပညာသင်ကြွသော ဆရာတော်များ သည်ထက်ပို၍ ပေါ်ထွန်းလာအောင် နိုင်ငံခြား၌ပစ္စည်းလေးပါး
မပင်မပန်းမညှိုးနွမ်းစေရဘဲ ပညာရေးသက်သက်ကိုသာ ဆောင်ရွက်နိုင်အောင်၊ပညာသင်စရိတ် စာအုပ်စာတမ်းများကအစ
အစစအရာရာ မပူပင်ရလေအောင်၊ ထောက်ပံ့လှုဒါန်းဖို့ရန်မှာကျွန်ုပ်တို့နိုင်ငံ ကျွန်ုပ်တို့လူမျိုး၌ တာဝန်ရှိလေသည်။ ဖြစ်နိုင်လျှင်
နိုင်ငံခြားပညာသင်ရဟန်းတော်များ ထောက်ပံ့ရေးအသင်း တည်ထောင် ပြီး၊ထိုအသင်းကြီးမှအရည်အချင်းရှိသည့်
ရဟန်းတော်များကို ရွေးချယ်ခြင်း၊ စေလွှတ်ထောက်ပံ့ခြင်း၊ ပညာရေးပြီးဆုံးလျှင် ပူဇော်ပွဲများကျင်းပပေးခြင်း၊
ကျောင်းရှာ၊ကျောင်းအပ်၊ ကျောင်းလှုခြင်းများ ပြုလုပ်လျှင် ပို၍ပင် ထိရောက်ပေမည်။
အချို့ထူးချွန်သော ရဟန်းတော်များမှာ အရည်အချင်းရှိပါလျှက် ထောက်ပံ့လှုဒါန်းမည့်ဒကာ/မ
များ မရှိ၍ ပညာသင်ကြွချင်ပါလျက် မကြွနိုင်ပေ၊ ပြည်တွင်း၌လည်း ထိုင်စရာကျောင်းမရှိ၍
သာသနာ့ အား များ အလဟဿ ဖြစ်နေလေသည်။ ထိုအသင်းမျိုး ပေါ်ပေါက်လာလျှင် သာသနာအားများ အလဟဿမဖြစ်တော့သည့်အပြင်
ပို၍အားရှိလာမှာဖြစ်လေသည်။ ထို့ထက်တစ်ဆင့်တက်၍ အသင်းကစေလွှတ် ခြင်းမဟုတ်ဘဲ ကိုယ့်စရိတ်နှင့်ကိုယ်
အလွတ်တန်း ပညာသင်ကြွနေသည့် ရဟန်းတော်များကိုလည်း နိုင်ငံတော်နှင့်ပူးပေါင်း၍ ထောက်ပံ့လှုဒါန်းနိုင်ပေသည်။
ဓမ္မဒူတတမန်တော်များ။ ။နိုင်ငံခြားရောက် ရွှေမြန်မာများသည်
တရားငတ်မွတ်နေသူများဖြစ် ကြပေသည်။ အချိန်နှင့်အမျှ ငွေရှာ၍ အချိန်လည်း ဆင်းရဲကြလေသည်။ငွေကြေးပြည့်စုံကြသော်လည်း
အပူတောထဲမှာနေရ၍ အပူမိနေကြသူများဖြစ်၏။ အမိမြန်မာပြည်လို စိတ်၏ဖြေဆည်ရာတရားဌာနများ
မရှိ။ အခက်အခဲများ အပူအပင်များကို ပွင့်လင်းစွာတိုင်ပင်နိုင်ရန် ဆရာတော်သံဃာတော်များလည်း
မရှိကြ။ တိုင်တစ်ပါးရောက်နေမှ ဘာသာတရားတန်ဖိုးကိုသိ၍ ဘာသာတရားတန်ဖိုးကိုသိချိန်တွင်
ဘာသာရေးကို လိုက်စားဖို့ရန် ခက်ခဲသည့်အချိန်- ခက်ခဲသည့်နေရာလည်း ရောက်နေကြလေသည်။
သံဃာရှားခြင်း၊ တရားငတ်မွတ်ခြင်းတို့ကြောင့် အပြင်ရောအတွင်းပါ အပူမီးတောက်လောင်နေကြပေသည်။
ဘာသာရေးထုံးတမ်းဓလေ့များဖြစ်သော မွေးနေ့မင်္ဂလာ၊ အိမ်တက်မင်္ဂလာ၊ ကလေးကင်းမွန်း တပ်မင်္ဂလာ၊
သာရေးနာရေး အလှုအဒါန်း၊အသုဘရှု၊သရဏဂုံတင်-စသည်တို့၌ သံဃာရှားပါး၍ သရဏဂုံတင်စရာသံဃာမရှိခြင်းစသည်တို့ကြောင့်
အသုဘချသည်ကိုပင် ဗုဒ္ဓဘာသာ ဓလေ့ထုံးစံများအရ
ပြုလုပ်ခွင့်မရရှာ၍တစ်ပူပေါ် တစ်ပူဆင့်ကာ အပူကြီးကြ၊
စိတ်အားငယ်ကြရပေသည်။
ဤလိုအပ်ချက်များ၏ တောင်းဆိုလာမှုကြောင့် ပြည်ပရောက်ရွှေမြန်မာများသည် မြန်မာပြည်မှ သာသနာပြုရဟန်းတော်များကို
ပင့်ဆောင်ကြလေသည်။ ထိုရဟန်းတော်များအတွက် စုပေါင်းအကုန် အကျခံကာ ပစ္စည်းလေးပါး ထောက်ပံ့ကြလေသည်။ဆရာတော်ဦးသေဋ္ဌိလ၊
သပြေကန်ဆရာတော် ဦးဝါသေဋ္ဌ၊ ဆရာတော်ဦးညာဏိက၊ ဆရာတော်ဦးသီလာနန္ဒ၊ ဆရာတော်ဦးပညာဒီပ စသည့်ဆရာတော်များ
မဟာစည်၊ချမ်းမြေ့၊ ရွှေတောင်ကုန်း၊ တောင်ပုလု၊မိုးကုတ်၊ စွန်းလွန်းစသည့်ရိပ်သာများမှသာသနာပြုဆရာတော်သံဃာတော်များ
ကြွရောက်ချီးမြှင့်ကြသည့်အခါ ခိုကိုးရာမဲ့နေကြသော အဝေးရောက်ရွှေမြန်မာများ ၀မ်းသာအားရ
လှိုက်လှိုက်လဲလဲကြိုဆိုကြ၊ကြည်ညိုဆည်းကပ်ကြလေသည်။
နိုင်ငံခြား၌
သာသနာပြုနေကြသော အမြဲနေဆရာတော်များသည် ဘာသာခြားများကိုစည်းရုံး သွတ်သွင်းနိုင်သည်က
နည်းလှပေသည်။ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်စကား၊ကိုယ်ယဉ်ကျေးမှု မပပျောက်အောင်
ကာကွယ်စောင့်ရှောက်ရေးကိုသာ အဓိကထားရလေသည်။ မီဒီယာများ၊ ဂျာနယ်လစ်များ၏ နိုင်ငံခြားသာသနာပြုဆရာတော်များနှင့်
တွေ့ဆုံခြင်းများ ဖော်ပြချက်အရ ကိုယ့်လူမျိုး၊ကိုယ့်ဘာ သာ၊ကိုယ့်သာသနာအတွက် ရင်အုပ်မကွာ
လိုက်လံစောင့်ရှောက်ရကြောင်းသာ တွေ့ရလေသည်။
ဆရာကြီးဂိုအင်ဂါတို့လိုတစ်ဟုန်ထိုးအောင်မြင်မှုမျိုးကိုမတွေ့ရပေ။အချို့မိဘများမှာအချိန်ပြည့်စီးပွားရှာနေရ၍
မိမိသားသမီးများကို ဗမာစကားပင် သင်ပေးချိန်မရကြပေ။ ဗမာစကားပြောတတ်သောအရွယ်ရှိကလေးငယ်များကိုလည်း
ဘာသာတရားနှင့် ပတ်သက်သည့် ကိုးကွယ်ယုံကြည်မှုပိုင်းဆိုင်ရာ တရားတော် များ ၊အဆုံးအမများ
မပေးနိုင်ကြပေ။
ထို့ကြောင့် လူငယ်လူရွယ်အများစုမှာ မိခင်ဘာသာစကားပျောက်နေပြီး၊ မိခင်သာသနာကွယ်ပနေ ကြရှာလေသည်။
ထို့ကြောင့် နိုင်ငံခြားသာသနာပြု ဆရာတော်များက တစ်ဖက်တွင်လူကြီးများအတွက် တရားပြ သာသနာပြုပြီး၊တစ်ဖက်တွင်
ကလေးများအတွက် ဗမာစာ ဗမာစကားသင်ပေးခြင်း၊ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်းများ ပို့ချခြင်းဖြင့်ဘာသာယဉ်ကျေးမှုအမွေ
ပေးကြရလေသည်။ ကျေးဇူးတရားကြီးမား ပေစွ။
ကျွန်ုပ်သည် မင်းကွန်းဆရာတော်ကြီးလို အရည်အချင်းရှိသော မင်းကွန်းဆရာတော်ကြီး၏တပည့်
တစ်ပါးက ယ္ခုကဲ့သို့ နိုင်ငံခြားမှာ ကလေးထိန်းခြင်းမျိုး လုပ်နေရကြောင်း ဂျာနယ်တစ်ခု၌
ဖတ်လိုက်ရလေ သည်။ များစွာဝမ်းနည်းမိလေသည် ။ ဘာသာစကားမကျွမ်းကျင်၍ ဘာသာခြားများကိုလည်း
မစည်းရုံးနိုင်၊ ဓမ္မကထိကများ၊ ကမ္မဋ္ဌာန်းဆရာများကဲ့သို့လည်း တရားဟော၊ တရားပြ မစွမ်းနိုင်ဘဲနိုင်ငံခြားသာသနာပြု
ကြွသည်မှာပြည်တွင်း
အင်အားဆုံးရှုံးရလေသည်။
မင်းကွန်းဆရာတော်ကြီးလိုတက္ကသိုလ်များ၊
ကျောင်းထိုင်ဘုန်းကြီးသင်တန်းများ
ထောင်မည်။ မင်းကွန်းဆရာတော်ကြီး၏
ကျောင်းတိုက်များကို ဦးစီးစောင့် ရှောက်မည်။ သို့မဟုတ် မိခင်နိုင်ငံ၌ လိုအပ်နေသော
အမျိုး၊ဘာသာ၊ သာသနာအတွက်ဦးစီးဦးကိုင် ပြုမည်ဆိုလျှင် မင်းကွန်းဆရာတော်ကြီးလိုပင်
အမှန်တကယ်အောင်မြင်မည်ဖြစ်လေသည်။
သာသနာအတွက်အမှန်တကယ်အလုပ်လုပ်မည်ဆိုလျှင်လုပ်စရာတွေများလှပေသည်။စာသင်ကျောင်းများ၌
ဆရာ/မများနှင့် ပူးပေါင်းပြီးကျောင်းသူ/သားများကို အသိအလိမ္မာပေးမည်လား ၊နွေ ရာသီကျောင်ပိတ်ရက်များ၌
အလဟဿဖြစ်နေသော ကလေးများ၏စွမ်းအားကို ယဉ်ကျေးမှုသင်တန်းဖွင့်လှစ်ခြင်းဖြင့် မြှင့်တင်ပေးမည်လား၊
ရပ်ထဲ ရွာထဲဆင်းပြီး ခေတ်လူငယ်များလူကြီးသူမများကို အဘိဓမ္မာတရားများ
ရက်ရှည် ဟောပြောပို့ချမည်လား၊
ဗြဟ္မစိုရ်ဆရာတော်ကြီးလို နာရေးအသင်းများ
ဦးစီးတည်ထောင်မည်လား၊
သီတဂူဆရာ တော်၊ရွှေပြည်ဟိန်းဆရာတော်တို့လို ကျန်းမာရေးကိုအခြေခံသည့် သာသနာရေးဆောင်ရွက်မည်လား
၊ ထွန်းဖောင်ဒေးရှင်းလို ကင်ဆာရောဂါသည်များ၊ H.I.V ရောဂါသည်များအတွက်လမ်းညွှန်မှုပြုနိုင်မည်လား၊
အမှန်တကယ်လိုအပ်နေသော ကျေးလက်များ ပြည်နယ်များသို့ သာသနာပြုရေး စီမံပေးမည်လား၊ စာသင်တိုက်ဖွင့်မည်လား၊ရိပ်သာဖွင့်မည်လားစသည်ဖြင့်
မနည်းလှပေ။ ဤမျှများပြားလှသည့်
သာသနာပြုလုပ်ငန်းများကို လျစ်လျူရှုပြီး နိုင်ငံခြားသွားကလေးထိန်းခြင်းကို ၀မ်းနည်းမိခြင်းဖြစ်လေ
သည်။
နိုင်ငံခြားသို့ ကိုယ်မသွားလျှင်လည်း သွားမည့်သူရှိပေသည်။ ပြည်တွင်း၌ကား ကိုယ်မလုပ်လျှင်
လုပ်မိသူ မရှိသလောက်ပင်။ ပြည်တွင်း၌ ထိရောက်စွာ သာသနာပြုနိုင်ပါလျက်ပြည်ပ၌ကလေးများဖြင့်သာ
အချိန်ကုန်နေရသည်မှာ မိခင်သာသနာအတွက် များစွာနစ်နာရလေသည်။
ကျွန်ုပ်နှင့်အတူ စေတီယင်္ဂဏ၊ သကျသီဟ စာမေးပွဲများ ဖြေဆိုခဲ့သည့် အဘိဝံသဘွဲ့ရ ဆရာတော်လေးတစ်ပါး
နိုင်ငံခြားသို့သွားခဲ့ဘူးပေသည်။
အခြားသာသနာပြုဆောင်ရွက်ချက်မရှိဘဲ ကလေးများနှင့်သာ အချိန်ကုန်နေရ၍ တစ်နှစ်မပြည့်ခင်ပြန်လာခဲ့လေသည်။
ကလေးများကို
စာသင်ပေးရသည်မှာရုံးပိတ်ရက်၊ကျန်ငါးရက်မှာ
ဘာမျှလုပ်စရာမရှိ၊ ပျင်း၍ပြန်လာကြောင်းပြောပြလေသည်။ နိုင်ငံခြားနေ မိဘများ၏ အခက်အခဲ၊ကလေး
များ၏အခွင့်အရေးကို ကျွန်ုပ်ကိုယ်ချင်းစာလေသည်။ သို့သော် ဤလုပ်ငန်းကို ပြည်တွင်းသာသနာပြုရာ၌
ထိရောက်မှု မရှိနိုင်သော ရဟန်းတော်များသာ ပြုသင့်လှပေသည်။
ဤနေရာ၌ မင်းကွန်းတိပိဋက ဆရာတော်ကြီးကိုပင် ညွှန်းဆိုလိုပေသည်။ဆရာတော်ဘုရားကြီး၏ အရည်အချင်းနှင့်ဆောင်ရွက်ချက်များကို
ကြည့်လျှင် သာမန်ပုဂ္ဂိုလ်များ မစွမ်းနိုင်သည့်အခန်းကဏ္ဍကိုတွေ့ရပေမည်။ သို့သော် ဆရာတော်ကြီးသည်
နိုင်ငံခြားစကားမပြော၊ နိုင်ငံခြားတရားမဟော၊ နိုင်ငံခြားသို့ ကြွရောက်တော်မမူပေ။ ယုတ်စွအဆုံး
သံဝေဇနိယလေးဌာန ဘုရားဖူးခရီးကြွသည်ကိုပင် မတွေ့ခဲ့ဘူး၊ မကြားခဲ့ဘူးပေ။
ထို့ကြောင့်လည်းပြည်တွင်း၌ထိရောက်စွာသာသနာပြုနိုင်ခြင်းဖြစ်လေသည်။အကယ်၍
မင်းကွန်းဆရာတော်ကြီးလိုအရည်အချင်းရှိသော
ဆရာတော်များက ပြည်ပမှာပြည်တွင်းလို ထိရောက်စွာသာသနာပြုနိုင်လျှင် အပါးတစ်ထောင် အပါးတစ်သောင်းပင်
ကြွစေချင်ပေသေးသည်။
ဂုရုကြီးဂိုအင်ဂါ၏ သာသနာပြုအောင်မြင်မှုများကို ဖတ်ရ ကြားရသည်မှာ များစွာမုဒိတာပွားရပေသည်။
ဂုရုကြီး၏ အဓိကသော့ချက်မှာ လူထဲဆင်းပြီး သာသနာပြုခြင်း မီဒီယာဖြင့် ထိုးဖောက်ခြင်းပင်ဖြစ်
လေသည်။ ဂုရုကြီးသည် ဘာသာတရား အမှန်တကယ်အလိုအပ်ဆုံးသော နေရာများသို့ ကိုယ်တိုင်သွား
ရောက်
ပို့ဆောင်နိုင်ခဲ့လေသည်။
အကျဉ်းထောင်များသို့ သွားသည်။ အကျဉ်းသားများကို တရားဟောသည်။ ကမ္မဋ္ဌာန်းပို့ချသည်။ အောင်မြင်သည်။စာသင်ကျောင်းသို့သွားသည်၊
ကျောင်းသား/သူများကို တရား ဟော ၊တရားပြသည်၊ အောင်မြင်သည်။ ထို့နောက် ရိပ်သာဖွင့်သည်။အောင်မြင်သည်။
ထိုအောင်မြင်မှုများ ကိုခေတ်စနစ်နှင့်အညီ ကမ္ဘာသို့ ချပြသည် ။ Computer,Internet သုံးသည်။
မီဒီယာများဖြင့် ယောဂီ တစ်ဦးချင်း၏ အောင်မြင်တိုးတက်မှု၊ချမ်းမြေ့ကြည်နူးမှုတို့ကို
သတင်းဆောင်းပါးအဖြစ် ကြေငြာသည်။
အောင်မြင်သည်။
ရဟန်းတော်များထက် လူပုဂ္ဂိုလ်ကပင် လက်စောင်းထက်လျှက်ရှိပေသည်။
ရှေးကလည်း ဆရာဦးဘခင်စသည့် နိုင်ငံခြားသာသနာပြု လူပုဂ္ဂိုလ်များရှိခဲ့၍ နိုင်ငံခြားသာသနာပြု
ရာ၌ ရဟန်းတော်များထက် လူပုဂ္ဂိုလ်များက ပိုထိရောက်သည်ဟု ယုံကြည်မိကြလေသည်။ ရဟန်းတော်များ၏
အ၀တ်အရုံများမှာ နိုင်ငံခြားယဉ်ကျေးမှုနှင့်တခြားစီဖြစ်နေ၍လောမပြောတတ်ပေ။ ဆရာကြီးဂိုအင်ဂါ၏
ရိပ်သာမှာ ကမ္ဘာအနှံ့အပြားမှာဖြန့်ကျက်ထားနိုင်ပြီဟု သိရလေသည်။ ဆရာကြီးမျက်စိမမှိတ်သေးခင် ဆရာကြီးလိုစွမ်းဆောင်နိုင်မည့်
တပည့်များရဟန်းတော်များ ပေါ်ပေါက်ကြပါစေကြောင်း ဆုတောင်း မေတ္တာပြုမိလေသည်။
နိုင်ငံခြားသာသနာပြု ဆရာတော်များသည် ကိုယ့်ရပ်ကိုယ့်ရွာမဟုတ်သည့်
သူစိမ်းနယ်မြေမှာခြေချခွင့်ရဖို့ပင်ခဲယဉ်းကြောင်းသာသနာပြုရေးကိုထား၍စားရေးနေရေးအတွက်ပင်
မနည်းလုံးပန်းရကြောင်း ကျွန်ုပ်သိခဲ့ရဖူးလေသည်။ မည်သည့်အလုပ်မဆို အစပထမ၌ခဲယဉ်းမည်ဖြစ်သော်လည်း
နောက်ပိုင်းတွင် အခက်အခဲအကျပ်အတည်းများ၊ အဟန့်အတားများသည်အောင်မြင်မှုတံခါးခုံအောက်ရောက်သွားကြသည်သာဖြစ်ပေသည်။
အောင်မြင်မှု၏သော့ချက်များမှာ ပန်းတိုင်ထင်ရှားခြင်း၊ အရောက်ချီတက်ခြင်း၊ လောကဓံမှန်သမျှသည်းခံနိုင်ခြင်း(ဇွဲရှိခြင်း)၊
နည်းပညာပြည့်စုံ ကျွမ်းကျင်ခြင်းတို့ ဖြစ်လေသည်။ ကျွန်ုပ်တို့မြန်မာနိုင်ငံ၌ ကျွန်ုပ်တို့၏
ကျောင်းထိုင်သာသနာပြုနည်းသည် အောင်မြင်ချင် အောင်မြင်နိုင် မည်ဖြစ်သော်လည်း တိုင်းတစ်ပါး၌
အောင်မြင်နိုင်ဖို့မလွယ်ချေ။
တိုင်းတစ်ပါး၌ တံခါးခေါက်စနစ်ဖြင့်
ဈေးရောင်းခြင်း၊ခရစ်ယာန်သာသနာပြုနည်းသည် အစဉ်အလာတစ်ရပ်အဖြစ် ရိုးအီနေပြီဖြစ်သော်လည်း
ကျွန်ုပ်တို့နိုင်ငံ၌ အထူးအဆန်းဖြစ်နေမည်မှာ အမှန်ပင်။ ထို့ကြောင့်တိုင်းတစ်ပါးနှင့်အံဝင်ခွင်ကျဖြစ်သော
သာသနာပြုနည်း ဗျူဟာများကိုလည်း ကျင့် သုံးဖို့ လိုလေသည်။ IcRc(ကမ္ဘာ့ကြက်ခြေနီအသင်း)လို၊
ခရဇ်ယာန်ဓမ္မဆရာများလို ရပ်ထဲရွာထဲ ဆင်းသင့်ဆင်းရမည်။ လူဝတ်လဲကာလူထဲ ဆင်းပြီးလူတွေနှင့်
ထိတွေ့မှုကို ယူကာ တရားဆွေးနွေးသင့်လျှင်ဆွေးနွေးရမည်။ ပို့ချသင့်ဟောပြောသင့်လျှင် ပို့ချဟောပြောရမည်။
တရားစခန်းပွဲများမှာလည်းမီဒီယာနှင့်ပူးပေါင်း၍
ကြော်ငြာသင့်က ကြော်ငြာရမည်။စက်မှုဖွံ့ဖြိုး သောနိုင်ငံကြီးများ၌ ရုပ်ဝတ္ထုချမ်းသာသော
သူဌေးကြီးများသည်စိတ်ချမ်းသာနည်းငတ်မွတ်နေကြပေသည်။ ၎င်းတို့၏ ကိုယ်ချမ်းသာမှုသည် သောကအပြည့်ဖြင့်ချမ်းသာနေခြင်းသာဖြစ်ပေသည်။
စိတ်ချမ်းသာချင်ကြ၊သောကငြိမ်းချင်နေကြသောသူတို့အတွက်
ဝိပဿနာကို အသင့်စားသုံးနိုင်သော Ready made ဖြစ်အောင်ပို့ဆောင်ပေးနိုင်ပါက သေချာပေါက်အောင်မြင်လိမ့်မည်ဟုယုံကြည်ရပေသည်။
ဤသည်မှာကျွန်ုပ်၏စိတ်ကူးမျှသာ ဖြစ်လေသည်။ နိုင်ငံခြားသာသနာပြုရာ၌ အောင်မြင်သည်ဖြစ်စေ၊မအောင်မြင်သည်ဖြစ်စေ၊
နိုင်ငံခြား သာသနာပြုဆရာတော်များသည်ကျွန်ုပ်တို့၏ ဓမ္မ+ဒူတ (တရား+တမန်တော်)များဖြစ်ကြလေသည်
။ရှေ့တန်းရောက် သာသနာ့စစ်သည်တော်များ၊ တိုက်စစ်မှုးကြီးများဟုလည်း ဆိုနိုင်ပေသည်။ အမိမြန်မာပြည်အတွက်
အကောင်းဆုံး ကျေးဇူးပြုမည့် ဆရာတော်များဖြစ်ကြလေသည်။
ခေတ်စနစ်နှင့်အညီ
လိုအပ်သောသာသနာပြုနည်းပညာများဖြင့် အိုမင်း ဟောင်းဆွေးလှပြီဖြစ်သော ကျွန်ုပ်တို့၏ ဟာကွက်များကို
ပြန်လည်ဆန်းသစ်လန်းခွင့်စေမည်မှာ အမှန်ပင်ဖြစ်လေသည်။ သီတဂူဆရာတော်ကြီး၏ သီတဂူဆေးရုံနှင့်
ဗုဒ္ဓတက္က သိုလ်ကြီးက သက်သေပြနေပေသည်။ ပီနန်ဆရာတော် ဦးပညာဝံသဆိုလျှင်လည်း ရန်ကုန်မြို့၌
သန္တိသုခစင်တာသာသနာပြုဌာနကြီးကို ဖွင့်နိုင်ခဲ့သည်။ သင်္ကန်းကျွန်းမြို့နယ်၊ ငါးကျမ်းပြန်၊
ထားဝယ်သာသနာ့ရိပ်သာမှ ဆရာတော်ဦးဓမ္မပိယဆိုလျှင် အမေရိကမှာ တရားလည်းပြ၊သာသနာလည်းပြု၊
ပညာလည်းသင်၍ Ph.Dဘွဲ့ကို ရယူနိုင်ခဲ့ပြီး မြန်မာပြည်၌ ယဉ်ကျေးမှုသင်တန်းဖွင့်ခြင်း၊
စာကြည့်တိုက်များထောင်ခြင်း၊ သင်တန်းကလပ်များ ထောင်ခြင်းဖြင့် ပြန်လည်ကျေးဇူးဆပ်နိုင်ခဲ့လေသည်။
ထို့ကြောင့်ကျွန်ုပ်တို့သည်ကျွန်ုပ်တို့တမန်တော်များစစ်သည်တော်များတိုက်စစ်မှုးကြီးများကို
အားရှိအောင် ၀ိုင်ဝန်း ထောက်ပံ့ကြရမည်ဖြစ်လေသည်။ အရာရာဟာ သာသနာအတွက်သာဖြစ်ရမည်။
ကျွန်ုပ်တို့ သာသနာတော်၌ ပညာသင်လည်းမဟုတ်၊ တရားဟော၊ တရားပြလည်းမဟုတ်ဘဲနိုင်ငံခြားသို့အပျော်တမ်းခရီးထွက်သူများလည်းခေတ်စားလှပေသည်။
ဟိုကပင့်လို၊ လမ်းသင့်လို့၊ ဗီဇာလွယ်လိုစသည်ဖြင့် များစွာသောအကြောင်းများကိုတွေ့ရလေသည်။
ထိုသူတို့ကိုကျွန်ုပ် မေးချင်လှပေ သည်။ မိခင်ရပ်ရွာ၊မိခင်စာသင်တိုက်၊ မိခင်မြန်မာပြည်ကို
မည်သည့် အတိုင်းအတာထိ ကျေးဇူးပြုပြီး ပြီနည်း? ဟူ၍ ဖြစ်ပါသည်။ ထိုပုဂ္ဂိုလ်အများစုသည်
မသွားခင်
အလှုခံကြသည်။ ဟိုရောက်ပြန်တော့လည်း
ဘာမျှမစွမ်းဆောင်နိုင်၊ ကျေးဇူမပြုနိုင်ခဲ့၊ ဒေါ်လာအလှုခံပြီးပြန်လာသည်။ နိုင်ငံခြားပြန်ဆိုသည့်
ဂုဏ်ပုဒ်ကြီးဖြင့် ဆိုင်းဘုတ်ထောင်ပြီး အထင်ကြီးမှုကို ခံယူကြလေသည်။
စာသင်တိုက်ကြီးများမှ စာချဆရာတော်ကြီးများမှာ အနာဂတ်သာသနာအတွက်မျိုးဆက်သစ်ပေါင်းများစွာမွေးဖွားခဲ့ပြီးပေပြီ။
ထိုသို့မွေးဖွားရာ၌ သွေးချွေး၊မျက်လုံး နှလုံးပေါင်းများစွာကို ပေဆပ်ခဲ့ရလေ သည်။ တစ်သက်လုံးစာချ၊
စာကြည့်၊ စာအံကျောင်း၊ စာဝါ၊ စာမေးပွဲ၊ သံဃာထိန်းစသည်တို့ဖြင့်သာ အချိန်ကုန်ခဲ့ရလေ၏။
သာသနာအတွက်များစွာ တာဝန်ကျေလှလေပြီ။ ထိုအပင်ပန်းဆင်းရဲခံ ၊ အနစ်နာခံကာ သာသနာကို စောင့်ရှောက်ခဲ့သောဆရာတော်ကြီးများ
နွေအခါ၌ အမေရိကမှာ အနားယူခြင်းအတွက်ပင့်သူပို့သူ များကိုပင် ကျေးဇူးတင်ထိုက်လှပေသည်။
အကြောင်းမှာပို၍ အမြင်ကျယ်လာသောကြောင့်ဖြစ်၏။ သို့သော် ဆရာတော်ကြီးများ၏ နိုင်ငံခြားခရီးသည်
ကျွန်ုပ်တို့ သာသနာအတွက် အလဟဿ မဖြစ်ခဲ့ပေ။ သာသနာကို မြတ်နိုးသောစိတ်များ အခံရှိထားသဖြင့်
ဆရာတော်ကြီးများ၏ ဆောင်ရွက်ချက် မှန်သမျှသည် သာသနာအတွက်သာ ဖြစ်လေသည်။
ဓမ္မာစရိယတန်းနှင့်ပတ်သက်သည့်
မစိုးရိမ်အဖြေကျမ်းများပြုစုတော်မူသောဆရာတော် ဦးကောဝိဒဆိုလျှင် နိုင်ငံခြားမှလှုဒါန်းကြသော
န၀ကမ္မများဖြင့် ကျောင်းဆောက်ခြင်း၊ တံတားခင်းခြင်းများ ပြုလုပ်ခဲ့လေသည်။ ဆရာတော်၏ကျေးဇူးကြောင့်မြို့သူ/သားများ
သင်္ဂဇာချောင်းကိုဖြတ်၍လွယ်ကူစွာသွားလာနိုင်ကြပေပြီ။ ယခင်ကဆိုလျှင် တံတားအိုကြီးမှာရေလည်းမြုပ်၊
ယိုင်လည်းယိုင်၊ခိုင်လည်းမခိုင်၊ ပျဉ်ခင်းများလည်း ဆွေးမြေ့
ကျဲတောက်နေ၍ စက်ဘီးစီးဖို့
မပြောနှင့် လူပင်အနိုင်နိုင် ဖြတ်ကူးဖြတ်လာ လုပ်ရ ပေသည်။
တစ်ချို့သော နိုင်ငံခြားရောက် ရဟန်းတော်များမှာ ချမ်းသာသည့် ဒကာတွေ့လျှင် ပွပေါက် ကြံကာ
အတင်းရော အဓမ္မပါ အလှုခံကြလေသည်။ အလှုခံတုန်းက သံဃာဗန်းပြအလှုခံခဲ့ပြီ့းပြန်ရောက်သည့်အခါ
ရောင်းစားပစ်ကြ၊ ကိုယ်ကျိုးအတွက်
သုံးစွဲကြသည်လည်းရှိကြလေသည်။
နိုင်ငံခြားသာသနာပြု ဆရာတော်များမှာ မြန်မာပြည်မှ အလှုခံလာသော ပုဂ္ဂိုလ်များကြောင့် အနေရခက်ကြလေသည်။
နိုင်ငံခြားနေ ဆရာတော်များ၊ ဒကာ/မများနှင့်တွေ့လျှင် “မြန်မာပြည်က ဘုန်းကြီးတွေ အလှုခံပြီးပြန်သွား
ကြတာပါ ”ဟု ပြောကြသည်က များလေသည်။ တစ်ချို့ဆရာတော်ကြီးများဆို အတွေ့ပင်မခံဟု သိရ လေသည်။
တစ်ချို့ပုဂ္ဂိုလ်များမှာ နိုင်ငံခြားပြန် ဂုဏ်ပုဒ်ကြီးကိုကြော်ငြာထည့်ကာ တရားပွဲများ
ကြေငြာနေသည်ကို တွေ့ရလေသည်။ နယ်တရားပွဲများ ၊ကျေးရွာတရားပွဲများအတွက် နိုင်ငံပိုင်
သတင်း စာများမှာ ကြေငြာသောအားဖြင့် တရားနာ ပရိသတ် မည်မျှတိုးလာမည်နည်း။ တရားပွဲ ကြော်ငြာထဲ၌
ဖုန်းနံပါတ်များပင် တွေ့ရလေသည်။ တရားနာဖိတ်သော ကြော်ငြာမျိုးမဟုတ်ဘဲ တရားကို ရောင်းကုန်
တစ်ခုလို ကြော်ငြာသည့် တရားပွဲကြော်ငြာများဖြစ်နေလေသည်။ တရားဟောချင်၊သာသနာပြုချင်လွန်း
လျှင်လည်း စာသင်ကျောင်းများ၊ ကျေးရွာများ၊ပြည်နယ်များ၌ တရားများလိုအပ်နေပေသည်။ ထိုသို့
လိုအပ်နေသော နေရာမျိုး၌ စီးပွားမကိုက်၍ ဟောကြမည် မဟုတ်ပေ။
နိဂုံးချုပ်အနေဖြင့်ပြောရလျှင်မည်သည့်ပုံစံဖြင့်ပင်
နိုင်ငံခြားခရီးထွက်သည်ဖြစ်ပါစေ
စရထ ဘိက္ခဝေ စာရိကံ=
ရဟန်းတို့ ခရီးထွက်ကြ။ ဒေသေထ ဘိက္ခဝေ ဓမ္မံ= ရဟန်းတို့တရား ဟောကြ။ မာ ဧကေန ဒွေ အဂမိတ္ထ=
တစ်ကြောင်းတည်းသော ခရီးမှာ နှစ်ပါးအတူ မသွားကြနှင့် ဟူသောမြတ်စွာဘုရား၏ လမ်းညွှန်ချက်နှင့်အညီ
ကျွန်ုပ်တို့ ရဟန်းတော်များ၏ပြုမူဆောင်ရွက်ချက်မှန်သမျှသည် သာသနာအတွက်သာ ဖြစ်ဖို့လိုပေသည်။
By- အရှင်ဝီရသူ
(မစိုးရိမ်)