ကြိုဆိုပါသည် … သို့သော် ….
မြန်မာ့နိုင်ငံတော်သည်
ဒီမိုကရေစီစနစ်ဆီသို့ အသွင်ကူးပြောင်းလာပြီဆိုတော့ … ။ ဒီမိုကရေစီစနစ်ရဲ့
မူဝါဒဖြစ်တဲ့ “လွတ်လပ်စွာ ပြောဆိုခွင့်” တို့ “လွတ်လပ်စွာ
ပုံနှိပ်ထုတ်ဝေခွင့်” တို့ “လွတ်လပ်စွာ ကိုးကွယ်ခွင့်” တို့ဆိုတာ
စနစ်နှင့်အတူ မွေးဖွားလာခဲ့ခြင်းပါ။ ပြည်သူတွေအား ̏လွတ်လပ်စွာ
ပုံနှိပ်ထုတ်ဝေခွင့်˝ကို ဥပဒေပြု၍ ခွင့်ပြုပေးခြင်းအတွက်
ဒီမိုကရေစီအစိုးရအား ကျေးဇူးတင်မိခြင်းပါ။ သို့သော် လွတ်လပ်စွာ
ပုံနှိပ်ထုတ်ဝေခွင့်ရပြီဆိုပေမဲ့ ဒီမိုကရေစီစနစ်ရဲ့မူဝါဒများကို ပြည်သူများ
စနစ်တကျနားလည်မထားကြသေးဘူးဆိုရင် အမျိုးသား ယဉ်ကျေးမှု ကို
ထိုက်ခိုက်သွားနိုင်ခြင်းပါ။
ပြည်သူအများစုဟာ
အမျိုးသားယဉ်ကျေးမှုကိုထိန်းသိမ်းပြီး ဒီမိုကရေစီနိုင်ငံတော်ကို
စနစ်တကျတည်ဆောက် လိုတာဖြစ်တဲ့အတွက်ကြောင့် စာနယ်ဇင်းများ၊
ပုံနှိပ်ထုတ်ဝေသူများ၊ အင်တာနက်မီဒီယာများမှ ဘာစာမူကိုပဲ ထုတ်ထုတ်၊
ဘယ်ရုပ်ပုံမျိုးကိုပဲ ဖေါ်ပြဖေါ်ပြ၊ ဘယ်ဘလော့ဂ်မှာပဲတင်တင် မြန်မာ့ယဉ်ကျေးမှု၊
အမျိုးသားယဉ်ကျေးမှုကို ဆန့်ကျင်တဲ့စာမျိုး၊ ပုံမျိုး၊
ဗီဒီယိုဖိုင်မျိုးကို စိစစ်ပြီးမှ ပုံနှိပ်ထုတ်ဝေ ဖြန့်ချိပေးသင့်ခြင်းပါ။
ကိုယ်ရေးချင် တာတွေကို ရေးလို့ရတယ်ဆိုတိုင်း၊ အင်တာနက်စာမျက်နှာ များမှာ
ကိုယ်တင်ချင်တာတွေကို တင်လို့ရတယ်ဆိုတိုင်း ထင်ရာစိုင်းကြမယ်ဆိုရင်တော့
ကျားသေကို အသက်သွင်းမိလို့ ဒုက္ခရောက်သွားတဲ့ အဖြစ်မျိုးတွေ
ဖြစ်သွားနိုင်လို့ပါ။ မြန်မာနိုင်ငံမှာ နှစ်အတော်ကြာကြာ ဒီမိုကရေစီစနစ် ပျောက်ဆုံးသွားခဲ့တဲ့
အတွက် ပြည်သူ၊ ပြည်သား များ အချုပ်အချယ်
အဖိအနှိပ်ဒဏ်များကို အလူးအလဲခံခဲ့ရခြင်းပါ။
ဒီသင်ခန်းစာများကို
ပြန်လည်ဆန်းစစ်ကြည့်တဲ့အခါ ဟိုယခင်အခါများက ပုံနှိပ်ထုတ်ဝေခြင်းကိစ္စမှာ
လွတ်လပ်ခွင့် မရှိခဲ့လေတော့ ပြည်သူ၊ ပြည်သားများ အမှန်တရားကိုမသိနိုင်ကြပဲ
ဆင်းရဲတွင်းနက်ခဲ့ကြရတာပါ။ ထို့ကြောင့် လွတ်လပ်စွာ ပုံနှိပ်ထုတ်ဝေခွင့် ကို
မျှော်လင့်ခဲ့ကြတာပါ။ နိုင်ငံတော်အကြီးအကဲများရဲ့
အမျှော်အမြင်ကြီးမားမှုကြောင့် လွတ်လပ်စွာ ပုံနှိပ်ထုတ်ဝေခွင့်မူကို
ပြဋ္ဌာန်းပေးလိုက်ပြီမို့ ထိုဥပဒေကို ကြိုဆိုမိခြင်းပါ။ သို့သော်
အမျိုးသားရေး ယဉ်ကျေးမှုကို မသိနားမလည်သေးတဲ့ (သို့မဟုတ်)
အမျိုးသားယဉ်ကျေးမှုရဲ့တန်ဖိုးကို မမြတ်နိုးတတ်သေးတဲ့ လူငယ်၊ လူရွယ်အများစုက
မီဒီယာကွန်ယက်များကို အများဆုံးအသုံးပြုနေကြတာဆိုတော့ … ။
မြန်မာ့ယဉ်ကျေးမှု၊ အမျိုးသားယဉ်ကျေးမှုများကို ကာကွယ်ပေးနိုင်တဲ့
မူဝါဒတစ်ခုကို ဥပဒေပြု၍ ပြဋ္ဌာန်းပေးဖို့ ဥပဒေပြုအဖွဲ့အား
တိုက်တွန်းလိုခြင်းပါ။
နိုင်ငံရေးမှာ လွတ်လပ်စွာ ပုံနှိပ်ထုတ်ဝေခွင့်မရှိလို့ ပြည်သူ၊
ပြည်သားများ များစွာနစ်နာဆုံးရှုံးမှုများ ဖြစ်ရတယ်ဆိုတာ လက်ခံနိုင်ခြင်းပါ။
သို့သော် ပြည်သူ့နီတိလို့ခေါ်တဲ့ အက်သစ်ခ် (Ethics) ကို စနစ်တကျ
လေ့လာထားမှုမရှိတဲ့ လူငယ်လူရွယ်များအား လွတ်လပ်စွာ ပုံနှိပ်ထုတ်
ဝေခွင့်မူကို လုံးလုံးလျားလျားကြီး ခွင့်ပြုလိုက်မယ်ဆိုရင်
ပြည်သူများအတွက် ကောင်းကျိုးနှင့်ဆိုးကျိုး ဘယ်သင်းက
ပိုများလာနိုင်တယ်ဆိုတာ ပြည်သူ၊ ပြည်သားများ ကြိုတင်စဉ်းစားနိုင်ကြဖို့ပါ။
Ethics ဆိုတာ ဘာလဲ။ Ethics ဆိုတာ ပြည်သူ့နီတိကို ပြောတာ။ အဓိပ္ပါယ်က
လူ့ယဉ်ကျေးမှုရဲ့ အခြေခံဖြစ်တဲ့ ကိုယ်ကျင့်သီလ၊ ကိုယ်ကျင့်
သိက္ခာကိုအလေးထားခြင်း၊ ယဉ်ကျေးတဲ့အမူအယာ၊ ယဉ်ကျေးမှုနှင့်နွယ်တဲ့
မြန်မာဂုဏ်ကို ဖေါ်ဆောင်နိုင်တဲ့ ၀တ်စားဆင်ယဉ်မှု ပြုလုပ်ခြင်း မျိုးကို
Ethics လို့ခေါ်တာ။ တိုင်းပြည်တစ်ခုမှာ ကိုယ်ပိုင်ယဉ်ကျေးမှု၊
ကိုယ်ပိုင်ဓလေ့ထုံးစံ၊ ကိုယ်ပိုင်ဝတ်စားဆင်ယဉ်မှု၊ ကိုယ်ပိုင် စာပေမရှိရင်
ထိုလူမျိုး၊ ထိုတိုင်းပြည်ဟာ နောက်ဆုံးတော့ ပျောက်ကွယ်သွားတတ်တာဟာ ဓမ္မတာပါ။
ဒါကို အမျိုးသားရေးစိတ်ဓာတ်ရှိသူများ သိနား လည်နိုင်ကြဖို့ပါ။
မြန်မာပြည်ဖွား အများစုဟာ ဗုဒ္ဓဘာသာဝင်များပါ။
မြတ်စွာဘုရားတရားတော်များမှာ ယဉ်ကျေးမှုကိုရော၊ လောကလူသားများကိုပါ
မပျက်မစီးအောင် ထိန်းသိမ်းစောင့်ရှောက်နိုင်တဲ့ တရားနှစ်ပါး (လောကပါလ တရား –
လောကကိုစောင့်ရှောက်တဲ့တရားနှစ်ပါး) ကို ဖေါ်ပြ ထားခြင်းပါ။
အဲဒီတရားနှစ်ပါးက ဟိရီ (မကောင်း မှုကိုပြုခြင်း၊
မလုံတလုံဝတ်စားဆင်ယင်မှုများကို ရှက်ခြင်း) နှင့်
သြတ္တပ္ပ(မကောင်းမှုကိုပြုခြင်း၊ မလုံတလုံဝတ်စားဆင်မှုများကို
ကြောက်ရွံ့ခြင်း) တို့ကို ဖေါ်ညွှန်းထားခြင်းပါ။ ဒီတရားနှစ်ပါးက
လောကကြီးကိုကော လူသားများကိုပါ စောင့်ရှောက် ထားခြင်းဖြစ်လို့
စောင့်ထိန်း လိုက်နာသင့်တဲ့တရားနှစ်ပါးပါ။
အရှက်အကြောက်ကင်းတဲ့
ဝတ်စားဆင်ယင်မှုမျိုးဟာ မြန့်မာ ယဉ် ကျေးမှုနှင့် ဘာသာယဉ်ကျေးမှုများကိုပါ ဖျက်ဆီးနိုင်တာမို့ သတိများ
ကြိုတင် သိရှိထားနိုင်ကြဖို့ပါ။ နောက်ပြီး အခုခေတ်မှာ စတိုင်တစ်ခုလိုဖြစ်လာတဲ့
မလုံတလုံ ၀တ်စား ဆင်ယင်မှုများကြောင့် ဆိုရှယ်ပြဿနာများ၊ ဒုစရိုက်မှုများနှင့်
လူမှု ရေးပြဿနာများဟာ တစ်နေ့တစ်ခြား တိုးပွားလာနေခြင်းပါ။
ဥပမာ-
ပတ်ဘလစ်ဂ်ဧရိယာ (Public Area) များ၌ မိန်းကလေးများ မလုံမခြုံ ၀တ်
ဆင်ထားခြင်းဟာ ပြဿနာကို နှိုးဆွပေးခြင်း၊ ဒုစရိုက်မှုများကို တစ်နည်းမဟုတ်
တစ်နည်းနည်းဖြင့် တိုက်တွန်းပေးသလို ဖြစ်ပွားစေခြင်း ပါ။ ယထာဘူတကျကျ
သုံးသပ်နိုင်ကြဖို့ပါ။ မလုံတလုံ ၀တ်ဆင်ထားတဲ့ ညီမ (သို့မဟုတ်)
အမတစ်ယောက်ကြောင့် လှောင်ပြောင်ကြည် စယ်ခံရတဲ့ မောင်တစ်ယောက်ရဲ့ ဒေါသ၊
မုဒိန်းမှု၊ လူသတ်မှုများ အထိ ဖြစ်ပွားသွားခဲ့ခြင်းကြောင့်
နောက်ဆက်တွဲဖြစ်ပေါ်လာတဲ့ လူမှုရေးပြ ဿနာ၊ မလုံတလုံ ၀တ်ဆင်ထားတဲ့ သမီးနှင့်
ဟိုနားဒီနား အတူသွားလို့မှ မသင့်တော်တဲ့ ဖခင်ရဲ့အဖြစ်၊
မပေါ်တပေါ်ဝတ်ဆင်ထားတဲ့ အမ သို့မဟုတ် ညီမနှင့် ဟိုနား ဒီနား အတူတကွ
မသွားလာရဲတဲ့ ညီအကိုမောင်ဘွားတို့ရဲ့ဒုက္ခ၊ ဒါတွေကို ခြုံငုံစဉ်းစားကြည့်ရင်
မြန်မာယဉ်ကျေး မှု၊ အမျိုးသား ယဉ်ကျေးမှုများကို ခြိမ်းခြောက်နေခြင်းပါ။
ဒီမိုကရေစီစနစ်အရ လွတ်လပ်ပေါ့ပါးစွာဝတ်ဆင်ထားခြင်းဟာ
လူ့အခွင့်အရေး တစ်ရပ်ပဲ မဟုတ်လားလို့ မေးခွန်းထုတ်လိုသူများလည်း ရှိ
ကောင်းရှိမှာပါ။ ကုလသမဂ္ဂမှ ၁၉၄ဂ ခုနှစ်ကထုတ်ပြန်ခဲ့တဲ့
လူ့အခွင့်အရေးကြေညာစာတမ်းကြီး (Human Rights) မှာ ̏ဤကမ္ဘာတွင် လူဟူ
သမျှတို့သည် မိသားစုအဖွဲ့ဝင် ညီအစ်ကိုမောင်နှမများသဖွယ်ဖြစ်၏။ ထို့ကြောင့်
သင်သည် လူချင်းဆက်ဆံရာ၌ ကြင်နာစွာ ဖော်ရွေစွာ ယဉ် ကျေးစွာပြုမူသင့်၏˝ လို့
ဖေါ်ပြထားခြင်းပါ။ အဖေနှင့်သမီး၊ အကိုနှင့် နှမ၊ မောင်နှင့် အမတို့အကြား
မလုံတလုံဝတ်ဆင်ထားမှုဟာ ယဉ်ကျေး စွာ ပြုမှုနေခြင်းပါလို့
မည်သူမျှပြောဝံ့မည်မဟုတ်ပါ။
“လွတ်လပ်စွာ ပုံနှိပ်ထုတ်ဝေခွင့်” မူကို အလွဲသုံးစားပြုမှုနှင့် စပ်လျဉ်း၍
မြန်မာပြည်မှာ ဖြစ်ပျက်သွားတဲ့
ဖြစ်ရပ်လေးတစ်ခုကို ကွန်ပျူတာဂျာ နယ်မှာ
ဖတ်လိုက်ရခြင်းပါ။ ဖြစ်ပုံက – မိန်းကလေးတစ်ယောက်ဟာ သူ့ချစ်သူ
(ဘွိုင်းဖရင့်ဒ်) တစ်ယောက်နှင့် ကိုယ်ပိုင်လက်ပ်တော့ကွန်ပျုတာ
အင်တာနက်လိုင်းမှတဆင့် ချက်တင် (စကားပြော) ပြောခဲ့ကြခြင်းပါ။
ထိုသို့ပြောကြားနေစဉ် မိန်းကလေးက မလုံတလုံဝတ်ဆင်ထားပြီး သူမရဲ့
ဘွိုင်းဖရင့်ဒ်အား ကွန်ပျုတာမှတဆင့် ချက်တင်လုပ်ကြခြင်းပါ။
တစ်ဖက်မှ
အက်သစ်ခ်မရှိတဲ့ ဘွိုင်းဖရင့်ဒ်က ၀က်ဘ်ကင် (ကင်မရာ) ဖြင့်
ထိုပုံကိုရိုက်ကူးပြီး၊ ထိုဓာတ်ပုံကို အင်တာနက်ဝက်ဘ်ဆိုက်
စာမျက်နှာပေါ်မှာတင်ထားခဲ့ရာ ထိုပုံကို ထိုမိန်းကလေးရဲ့အဖေကတွေ့ရှိ၍
ထိုဓာတ်ပုံများမှာပါတဲ့ မိန်းကလေးဟာ သူ့သမီးနှင့်တူသလိုလိုရှိတာမို့
ထိုပုံကို အသေအခြာကြည့်ရှုရာ သူ့သမီးရဲ့ဓာတ်ပုံဖြစ်နေ၍ ယူကျုံးမရ
ဖြစ်သွားခဲ့ရတဲ့ အဖြစ်အပျက်လေးတစ်ခုပါ။ အက်သစ်ခ်မရှိတဲ့ သို့မဟုတ်
အက်သစ်ခ်ရဲ့တန်းဖိုးကို အလွဲသုံးစားပြုလိုသူများနှင့် စာပေစိစစ် ရေး၌
အထိန်းအကွပ်မရှိတော့တဲ့ “လွတ်လပ်စွာ ပုံနှိပ်ထုတ်ဝေခွင့်” ဆိုတဲ့
ဒီမူဝါဒတို့အကြား ဘာတွေများ ဆက်လက်ဖြစ်ပေါ်လာမလဲဆိုတာ ရင်တမမဖြင့်
ဆက်လက်ရှုစားကြဖို့ပါ။
̏သားသမီးတွေကို လွတ်မထားပါနဲ့ အင်တာနက်က ဒုက္ခပေးလိမ့်မယ်˝ဆိုတဲ့
ခေါင်းစဉ်လေးကိုတွေ့ရလို့ ဖတ်ကြည့်မိတယ်။ အင်တာနက်နဲ့ လူငယ်တို့ရဲ့ဘ၀ဟာ စိတ်ပူစရာ အဆင့်ထိ ရောက်နေကြောင်းကို
ပြည်သူ များကို သိစေလိုတဲ့ စေတနာအရင်ခံနဲ့
ရေးသားထားခြင်းပါ။ လော ကကြီးက တစ်ခါတစ်ရံမှာတော့ စိတ်ရှုပ်စရာကြီးပါ။
ရိုးသားသူနှင့် ကောက်ကျစ်သူ၊ ပွင့်လင်းသူနှင့် လျှို့ဝှက်သူ၊
ဖြောင့်မတ်သူနှင့် လိမ် တတ်သူ၊ လယ်သူနှင့် အသူ၊ ဒီလူတွေ အားပြိုင်လာကြရင်
ရိုးသားသူတွေ၊ အသူတွေသာ အများဆုံး ခံကြရတာပါ။ နယ်မြို့တစ်မြို့က အဖြစ်
အပျက်လေးတစ်ခုပါ။
ငယ်ရွယ်သူတို့ရဲ့သဘာဝက စူးစမ်းချင်တဲ့သဘာဝ။ ဖြစ်ပုံက
မိန်းကလေးနှစ်ယောက်ဟာ အိမ်ခန်းထဲမှာ အ၀တ် အစားတွေချွတ်ပြီး
ဓာတ်ပုံရိုက်ကြတဲ့ဖြစ်ရပ်ပါ။ ဓာတ်ပုံတွေ စိတ်တိုင်းကျရိုက်ပြီးတဲ့အခါ
အဲဒီထဲက တစ်ယောက်က ဒီဓာတ်ပုံတွေကို အင် တာနက်ပေါ်မှာတင်မယ်ဆိုပြီး
ငွေညှစ်ယူတဲ့ကိစ္စပါ။ ကိုယ်လုံးတီးအရိုက်ခံရတဲ့ မိန်းကလေးက သူ့ပုံတွေ
အင်တာနက်ပေါ်မှာ တင်ခံရမှာကို ကြောက်တော့ တောင်းသမျှငွေကို ပေးနေရင်း
မပေးနိုင်တော့တဲ့အဆုံးမှာမှ ဒီဇာတ်ထုပ်က ပေါ်လာခဲ့ခြင်းပါ။ ဒီနေရာမှာ
ဆယ်ကျော်သက်တို့ကို ပြောလိုတာက မလယ်ပဲနဲ့ မဆန်းချင်ပါနဲ့လို့။
ဒီလိုပြောရတာက် လောကကြီးထဲမှာ အန္တရာယ်တွေကများလွန်းလို့ပါ။
သားသမီးရှိသူတိုင်း စဉ်းစားနိုင်ကြဖို့ပါ။
ကျားသေကို အသက်သွင်းပေးမိတဲ့ယောက်ျား ဘာဖြစ်သွားလဲဆိုတဲ့အချက်ကို
စဉ်းစားသူက မရှိသလောက်ပါ။ အခုအချိန်မှာ ပြည်သူများရဲ့ ဆန္ဒများ
ပြည့်ဝလာပြီလို့ဆိုလို့ရပေမဲ့ တစ်ဖက်မှလည်း ရင်ဆိုင်ဖြေရှင်းရမဲ့အရာတွေက
များပြားလာနေခြင်းပါ။ လွတ်လပ်စွာ ပုံနှိပ်ထုတ်ဝေ ခွင့်မူကို
ပြဋ္ဌာန်းပေးလိုက်ခြင်းအတွက် ကြိုဆိုနေမိသော်လည်း နေရာတိုင်းမှာတော့
မကြိုဆိုချင်ပါ။ အဘယ်ကြောင့်ဆိုသော် ̏တင်းလွန်းရင် ပြတ်၊ လျှော့လွန်းရင်
ပတ်˝ ဆိုတာမျိုးလို လွတ်လပ်စွာ ပုံနှိပ်ထုတ်ဝေခွင့်မူက
သိပ်လျှော့လွန်းနေရင်တော့ အမျိုးသားယဉ်ကျေးမှုကို ရစ် ပတ်ပြီး
မြန့်မာ ယဉ်ကျေးမှုကို အနောက်တိုင်းယဉ်ကျေးမှုတွေနှင့် ဖုံးလွမ်းသွားမှာကို
စိုးရိမ်မိလို့ပါ။ ယဉ်ကျေးမှုပျောက်ရင် လူမျိုးပျောက်သွား
နိုင်တယ်ဆိုတဲ့အချက်ကိုတော့ မြန်မာ့ယဉ်ကျေးမှုကို မြတ်နိုးသူတိုင်း
ကြိုတင် စဉ်းစားနိုင်ကြဖို့ပါ။
နိုင်ငံတော်ရဲ့အချုပ်အချာအာဏာတည်မြဲရေးနှင့် ပြည်သူ၊
ပြည်သားများငြိမ်းချမ်းစွာ အတူနေထိုင်နိုင်ရေးမှာ ဒီမိုကရေစီစနစ်မှလာတဲ့
မူဝါဒ များနှင့် မလုံလောက်နိုင်ပါ။ မြန်မာ့ယဉ်ကျေးမှု၊ အမျိုးသားယဉ်ကျေးမှု၊
ဘာသာယဉ်ကျေးများကို ရှင်သန်စေနိုင်တဲ့ အမျိုးသားရေး စိတ်ဓာတ် များ၊
ဘာသာရေး စိတ်ဓာတ် များကို မြှင့်တင်ပေးနိုင်ကြဖို့ပါ။ မြန်မာ့ယဉ်ကျေးမှု၊
အမျိုးသားယဉ်ကျေးမှုများကို စနစ်တကျ ထိန်းသိမ်းနိုင်ဖို့
သင့်တင့်လျှောက်ပတ်တဲ့ ဥပဒေ မူဝါဒများကို ရေးဆွဲ ထားသင့်ခြင်းပါ။
နိုင်ငံရေးလွတ်လပ်ခွင့်အတွက် လွတ်လပ်စွာပုံနှိပ်ထုတ်ဝေခွင့်ကို အတည်ပြု ပြဋ္ဌာန်းပေးခြင်းဟာ ဒီမိုကရေစီစနစ်ရဲ့ အဓိက မဏ္ဍိုင် ဖြစ်သော်လည်း
တစ်ချိန်တည်းမှာပင် ထိုစနစ်ဖြင့်ပင် လူ့အခွင့်အရေးများကို တပါတည်း
ကာကွယ်ပေးနိုင်ကြဖို့ပါ။
ဒီမိုကရေစီစနစ်ကို ကျင့်သုံးရာမှာ ကာလဒေသအလိုက်၊ နိုင်ငံအလိုက်၊
လူမျိုးအလိုက် ကျင့်သုံးမှုများ ကွဲပြားခြားနားမှုများ ရှိနေခြင်းပါ။ ဥပ မာ၊
မလေးရှားနိုင်ငံ ပြည်နယ်နှစ်ခု၌ မိန်းကလေးများ မျက်နှာပေါ်ရုံမျှ တပါး
ခေါင်းတစ်ခေါင်းလုံးကို အပြင်ထွက်တိုင်း ခြုံထားရခြင်း၊ လက်
ကောက်ဝတ် ဖုံးအောင်၊ ခြေမျက်စိဖုံးအောင် အမြဲတမ်းဝတ်ထားရခြင်းတို့ကို
ဥပဒေဖြင့် ပြဋ္ဌာန်းပေးထားခြင်းပါ။ ဒီလိုပြုလုပ်ရခြင်းဟာ ဒီမိုက
ရေစီကျင့်ထုံးကို သူတို့ယဉ်ကျေးမှုနှင့် လိုက်လျော ညီထွေရှိအောင် ဥပဒေပြု၍
ပြဋ္ဌာန်းပေးရခြင်းလို့ သူတို့ယုံကြည်ထားကြခြင်းပါ။
ထို့ကြောင့်
လွတ်လပ်ခွင့် ရှိတယ်ဆိုတိုင်း ထင်ရာစိုင်းလို့မသင့်တော်ပါ။ ဖြစ်သင့်တာက
စုံပုဝါ ဘယ်ညာ ချထားတဲ့ မြန်မာ ပီသတဲ့ မြန်မာ အမျိုးသမီးတို့ရဲ အလှကြက်သရေကို
မြန်မာအမျိုးသမီးတို့ ဂုဏ်ယူ တတ်ကြဖို့ပါ။ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများ၊
ဘလော့ဂ်များ၌လည်း မပေါ်တပေါ်၊ မလုံ့ တလုံဝတ်ဆင်ထားတဲ့ ဓာတ်ပုံများကို
ပုံနှိပ်ထုတ်ဝေခြင်း၊ ဖြန့်ချီနေခြင်း၊ ဖေါ်ပြနေခြင်းမျိုးတွေကို မပြုစေပဲ၊
မြန်မာ့ယဉ်ကျေးမှု၊ အမျိုးသား ယဉ်ကျေးမှုများကို ကာကွယ်စောင့်ရှောက်နိုင်ရန်
ဥပဒေပြုပြဋ္ဌာန်း၍ တားဆီးပိတ်ပင်ပေးနိုင်ရန် တိုက်တွန်းရခြင်းပါ။
မြန်မာယဉ်ကျေးမှုနှင့် မြန်မာဂုဏ်ရောင်ကို ထွန်းပြောင်နိုင်စေဖို့
စုံပုဝါ ဘယ်ညာချထားတဲ့ မြန်မာ့ အမျိုးသမီးများရဲ့ ယဉ်ကျေးတဲ့ဟန်အမူအယာ၊
ကျော့ရှင်းတဲ့အင်္ကျီ၊ ခန့်ထည်တဲ့ထမိန်ကို ၀တ်စား ဆင်ယင်နိုင်ကြဖို့ပါ။
ထိုကဲ့သို့ပြုလုပ်နိုင်ကြမယ်ဆိုရင် မြန်မာအမျိုးသမီးတွေရဲ့ ၀တ်စားဆင်
ယင်မှုကို ကမ္ဘာ့လူသားများက မကြာမတင်မှာပင် အသိအမှတ်ပြုလာကြမှာပါ။
ယဉ်ကျေးမှုကို ညစ်ထေားစေနိုင်တဲ့ လွတ်လပ်လွန်းတဲ့ ပုံနှိပ်
ထုတ်ဝေမှုများကိုလည်း တားဆီးပေးနိုင်ကြဖို့ပါ။ ပြောလိုတာကတော့
ယဉ်ကျေးမှုအမွေ အနှစ်များ မပပျောက်မီ လောကပါလတရားများ ဆက်လက်ထွန်းကားနေအောင်
ဝိုင်းဝန်းစောင့်ရှောက်ပေးကြဖို့ပါ။ ချမ်းသာစွာ အိပ်စက်နိုင်ကြပါစေ။
ဒေါက်တာဓမ္မပိယ (ITBMU)
စက်တင်ဘာ ၁၅၊ ၂၀၁၂
စက်တင်ဘာ ၁၅၊ ၂၀၁၂