Wednesday, September 5, 2012

“နိဗ္ဗာန်ကို နောက်စေ့ပြုလိုကြသူများ”

“နိဗ္ဗာန်ကို နောက်စေ့ပြုလိုကြသူများ”

အခုနောက်ပိုင်းမှာ လူငယ်လူလတ်ပိုင်းတွေ တော်တော်များများ ဓမ္မစာပေတွေ အတော်လေး လေ့လာ ဖတ်ရှုလာကြတာကို တွေ့ရတာဟာ ဝမ်းသာစရာကောင်းတဲ့ အချက်တစ်ခုပါပဲ။ လူ့ဘဝမှာ ဗဟုသုတလေးတွေ အတော်အတန့်ရှိလာတဲ့ အရွယ်ဖြစ်ပေမယ့် ဓမ္မစာပေနဲ့က ခပ်စိမ်းစိမ်း နေလာ ကြခဲ့ကြသူတွေ များပါတယ်။ အခုအချိန်ရောက်မှ ဓမ္မစာပေရဲ့ အရသာကို နည်းနည်းပါးပါး စားဝါး ကြည့်ကြတာဆိုတော့ ကြီးမှပေါက်တဲ့ သွားများလိုပဲ စားပုံ ဝါးပဲုနေရာ မကျတဲ့အတွက် ကိုယ့်ပါးစောင် ကိုယ် ပြန်ကိုက်မိသလို ဓမ္မစာပေကို ဖတ်ရှုလေ့လာကာမှ မကျေမညက်နိုင်ပဲ ခိုးလိုးခုလုပြဿနာတွေနဲ့ ကသိကအောက်ကြုံရတာတွေလည်း အတော်လေးကြုံကြပုံရပါတယ်။ အမေးအမြန်းလည်း အတော်လေး ထူလာတာ တွေ့ရတယ်။

    တချို့ကျတော့လဲ ဓမ္မစာပေများနဲ့သာ မရင်းနှီးခဲ့ကြပေမယ့် အစဉ်အလာဓလေ့ဟောင်းများနဲ့က အတော်ကလေး ရင်းနှီးခဲ့ကြပြီးဖြစ်လို့ အစွဲအလမ်းဟောင်းကလေးတွေက အတော်လေးအထိုင်ကျ ပြီး ဓာတ်ခံကောင်းနေကြတယ်။ ဒီမှာတင် “အခံနဲ့ အမှန်”တို့ရဲ့ တိုက်ပွဲကြားမှာ သံသယ ဝိစိကိစ္ဆာဆိုတဲ့ ယုံမှားတွေးတောမှုဒဏ်ရာ ဒဏ်ချက်ကလေးတွေလည်း အနည်းနဲ့အများဆိုသလို ရရှိထားကြမှာပါ။ ဒါကြောင့်လည်း တစ်ခါတစ်ခါ သူတို့ရဲ့ မေးခွန်းတွေဟာ ရှေးဟောင်းရိုးစွဲတို့ကို တိုက်ခိုက်ထိုးနှက်သလိုလို၊ ဆန့်ကျင်ဘက် ကန်ကြသလိုလို သဘောမျိုးသက်ရောက်ပြီး ငြင်းကြခုံကြ ဖြစ်ပါလိမ့်မယ်။ ဒါကိုပဲ သမားရိုးကျ ပုဂ္ဂိုလ်တချို့ကလည်း မကျေနိုင် မချမ်းနိုင်ဖြစ်ပြီး “မိစ္ဆာဒိဋ္ဌိလေးတွေ”လို့ သတ်မှတ်ကျိန် ဆဲတာကိုလည်း တိုက်ရိုက်ရော တစ်ဆင့်စကားရော နည်းမျိုးစုံ ကြားနေရတယ်။

    မိမိအနေနဲ့တော့ ဆရာတော်ကြီးတစ်ပါး(တုံးနာမ် တိုင်နာမ်လို့ ဟောတဲ့ ဆရာတော်ကြီး ထင်ပါတယ်) ပြောသလိုပဲ “တစ်သံသရာလုံး သားအ တွက်၊ မယားအတွက်၊ အစားအတွက်၊ အကြွား အတွက်တွေနဲ့ ငြင်းခုံလာ၊ ရန်ဖြစ်လာကြတာ များလှပြီ၊ အခုလို သာသနာကြုံတုန်း၊ လူဖြစ်တုန်း အခိုက်အတန့်ကလေးရောက်မှ တရားအတွက် ငြင်းကြ ခုံကြတယ်ဆိုတာမျိုးနဲ့ ကြုံကြရတာ၊ ငြင်းကြ ခုံကြပါစေ”လို့ပဲ သဘောထားပြီး ဒီအတိုင်းပဲ ခွင့်ပြုထားပါတယ်။ ဟုတ်တယ်လေ။ မောတော့ လျှော့ သွားမယ်။ လျှော့်တော့ ပျော့ပြောင်းလာလိမ့်မယ်။ ပျော့်ပြောင်းလာရင် ယဉ်ကျေးအောင် ပြောဆို ဆွေးနွေးလို့လည်း လွယ်ကူလာမှာပါ။

    ဒီလိုလူငယ် လူလတ်တွေနဲ့ တွေ့တိုင်း ပြောဖြစ်တဲ့ စကားတစ်ခုကတော့“ ပညာရပ်တစ်ခု လေ့လာတဲ့အခါမှာ မိမိရဲ့ ပင်ကိုယ် ရှိပြီးသား အသိဉာဏ်အယူအဆလေးတွေကို ချိန်ခွက်အဖြစ် အသေကိုင်ထားပြီး “စတုတ်တိုက်”ချိန်ကြည့်တဲ့နည်းနဲ့ လေ့လာ ဆည်းပူးကြမလား။ မိမိရဲ့ အသိအခံ လေးတွေကို အသေမထားဘဲ ပညာရပ်နယ်ပယ်ထဲကို ကျယ်ပြန့်သည်ထက် ကျယ်ပြန့်အောင် ချဲ့ထွင် ကြည့်မလားဆိုတာကတော့ ပထမဆုံး တိတိကျကျ ရွေးချယ်သတ်မှတ်ပါ။

   မိမိရဲ့အသိအခံကို“စံ”အဖြစ် အသေကိုင်ထားမယ်၊ လေ့လာရမယ့် အသိပညာရပ်တွေကို ကိုယ်ရှိတဲ့ စံခွက်ကလေးနဲ့ပဲ စတုတ်တိုက် ချိန်ကြည့်ပြီး ဆည်းပူးလေ့လာနေမယ်ဆိုရင်တော့ ကိုယ့် အတွက် အတွေးအမြင်သစ်တွေ၊ အသိပညာသစ်တွေ၊ ဗဟုသုတ အသစ်တွေ မတိုးဘဲ စတုတ်တိုက် လို့ ဘေးစဉ်ထွက်သမျှ အယူအဆတွေ၊ ပညာရပ်တွေနဲ့ အမြဲပဲ ဆန့်ကျင်ငြင်းခုံရင်း “ဆေးရှာခါမှ ဘေးနဲ့တွေ့”သလို ဖြစ်နေကြမယ်၊ အဲဒါကို အလေးအနက် သတိထား စဉ်းစားကြဖို့လိုမယ်” ဆိုတဲ့ အကြောင်းပါပဲ။

   သူတို့ရဲ့ သိမြင်လိုမှု၊ စူးစမ်းလေ့လာလိုမှု၊ လွတ်လပ်စွာ စဉ်းစားတွေးခေါ်လိုမှုတို့ကို မဟန့်တား မပိတ်ပင်ဘဲ စွမ်းနိုင်သမျှ တည့်မတ်ပေး၊ ဖြည့်စွက် ကူညီဖြေကြားပေးတဲ့အတွက်ကြောင့်ပဲ လူငယ် လူလတ်တော်တော်များများက အကြောင်းတိုက်ဆိုင်တိုင်း မေးရဲမြန်းရဲရှိလာကြလို့ မိမိအတွက်လည်း ဒီနေ့ လူငယ် လူလတ်ပိုင်းရဲ့ သိမြင်လိုတဲ့ အချက်တွေ၊ လိုအပ်နေတဲ့အချက်အလက် အကြောင်းအရာ တွေ၊ ပြဿနာတွေကို သိခွင့်ရလိုက်လို့ နှစ်ဦးနှစ်ဘက်အကျိုးများတယ်လို့ သဘောရပါတယ်။

   အခုလဲ လူလတ်ပိုင်းတစ်စုက “တပည့်တော်တို့အလွန်သဘောကျလို့ ဖတ်နေတဲ့စာအုပ်ထဲမှာ သိပ်ပြီးမရှင်းတာရှိလို့ မေးချင်လို့ပါ၊ အဲဒီစာအုပ်ထဲမှာ “မဟာယာနဝါဒ”အရ နိဗ္ဗာန်နဲ့သံသရာဟာ ကွဲ ပြားခြင်း မရှိဘူး၊ ကြည့်ရှုပုံကိုလိုက်ပြီး  ဖြစ်တယ်လို့ ယူဆတယ်တဲ့။ ဒါကတော့ သူတို့ဝါဒနဲ့သူတို့ ဘယ်လိုပဲ ယူဆယူဆ အရေးမကြီးပါဘူး။ ဒါပေမယ့် အဲဒီစာအုပ်ကိုရေးတဲ့ မူလစာရေးဆရာတော်က “ဒီအယူအဆဟာ မူလထေရဝါဒပါဠိတော်လာ သဘောတရားများကနေ ချဲ့ထွင်ပေါက်ဖွားလာတာ ဖြစ်ကောင်းဖြစ်နိုင်တယ်”လို့ မှတ်ချက်ချထားပါတယ်။ အဲဒါ တပည့်တော်တို့ ထေရဝါဒပိဋကတ်တော် တွေထဲမှာ အဲဒီလို နိဗ္ဗာန်နဲ့ သံသရာဟာ ကွဲပြားခြင်းမရှိဘူးဆိုတဲ့ အဓိပ္ပာယ်မျိုးနဲ့ မြတ်စွာဘုရားဟော ထားတာ ရှိလားဆိုတာ နည်းနည်းရှင်းပြပေးပါ”တဲ့။

   ဒီလောက်ဆိုရင် သဘောပေါက်ပြီး မောင်ရင်တို့ဖတ်တဲ့စာအုပ်ဆိုတာ ဒေါက်တာဝါလ်ပိုလာ ရာဟုလာရေးပြီး ဆရာဦးကိုလေး(ဇေယျာမောင်) မြန်မာပြန်ထားတဲ့ “မြတ်ဗုဒ္ဓဒေသနာ”စာအုပ်မဟုတ် လား၊ အေး.. ဒီနေ့လူငယ်တွေ ဒီစာအုပ်မျိုးဖတ်တာ အလွန်တိုးတက်တဲ့ လက္ခဏာတစ်ရပ်ပဲ။ ငါတော့ အဲဒီ စာအုပ်ကို ဟိုး- ၃-ကျပ်တန် ခေတ်ကတည်းက ဖတ်လာတာ ဘယ်နှစ်ကြိမ်မှန်းတောင် မသိတော့ ဘူး။ ခုလဲ အကြောင်းအားလျှော်စွာ ဖတ်မိတုန်းပဲ။ မင်းတို့ကသာ နည်းနည်းရှင်းပြပေးပါဆို ပေမယ့် ဒီအကြောင်းအရာက နည်းနည်းလေးမဟုတ်ဘူးဟ၊ အတော်အကျယ် တဝင့်ရှင်းရမယ့် ပြဿနာမျိုး။ ကဲ.. ထားပါတော့ ငါ သဘောပေါက်သလောက်တော့ ရှင်းပြပေးပါမယ်။ နောက်ဆုံးတော့ အောင်မောင်ကြီးနဲ့ စိန်ဘမောင်လိုပေါ့ကွာ၊ ဆိုတဲ့လူကလည်း ဆိုချင်ရာဆို၊ တီးတဲ့ လူကလည်း တီးချင်ရာတီး၊ အပြီးသတ်တဲ့အခါတော့ သူ့ဟာနဲ့သူ အံကိုက်ဆိုသလို ဖြစ်သွားမှာပါပဲ။

   ထေရဝါဒပိဋကတ်တော်တွေထဲမှာ နိဗ္ဗာန်နဲ့သံသရာဟာ ကွဲပြားခြင်းမရှိဘူးလို့တော့ ဟောထားတာမရှိဘူး၊ မဟာယာနဝါဒက ဒီအယူအဆအတွက် အခြေခံတယ်လို့ဆိုနိုင်လောက်တဲ့ မြတ်စွာဘုရားဟောပြောချက်တစ်ခုတော့ရှိတယ်။ အင်္ဂုတ္တရနိကာယ်၊ စတုက္ကနိပါတ်(၃၅၇)၊ ရောဟိတဿသုတ်မှာ- “သညာစိတ်တို့နဲ့တကွဖြစ်တဲ့ ဒီတစ်လံမျှလောက်ရှိတဲ့ ခန္ဓာကိုယ်မှာပဲ၊ လောက(သံသရာ)ကို၎င်း၊ လောကဖြစ်ကြောင်း (သံသရာလည်ကြောင်း)ကို၎င်း၊ လောကချုပ်ငြိမ်းရာ နိဗ္ဗာန်ကို၎င်း၊ လောကချုပ်ငြိမ်းရာ နိဗ္ဗာန်ကို ရကြောင်း ရောက်ကြောင်းအကျင့်ကို၎င်း ငါဘုရားရှင် ဟောကြားပညတ်တော်မူတယ်”လို့ ဟောထားတာရှိတယ်။ ဒီအထဲမှာ ပြောတဲ့ လောက(သံသရာ) ဆိုတာ ဒုက္ခကိုပြောတာပါပဲ။

    “လောက(သံသရာ)ဆိုတာလဲ ဒီခန္ဓာကိုယ်မှာပဲ၊ လောကချုပ်ငြိမ်းရာနိဗ္ဗာန်ဆိုတာလဲ ဒီခန္ဓာကိုယ်မှာပဲ ” ဆိုတာကိုကြည့်ပြီး “နိဗ္ဗာန်နဲ့ သံသရာ ဆိုတာ ကွဲပြားခြင်းမရှိဘူး”လို့ သူတို့က ယူဆပုံ ရတယ်လို့ ကျမ်းရေးတဲ့ ဆရာတော်က မှတ်ချက်ချလိုက်တာပါ။ ကျမ်းဆရာက ဒီအယူအဆကို ထောက်ခံတဲ့သဘောမဟုတ်ပါဘူး။ အယူအဆတစ်ခုကို ပြောပြတာပဲ ရှိပါတယ်။

    “လောက(သံသရာ)ဆိုတာလဲ ဒီခန္ဓာကိုယ်မှာပဲ၊ နိဗ္ဗာန်ဆိုတာလဲ ဒီခန္ဓာကိုယ်မှာပဲ”လို့ ဆိုရုံနဲ့ နိဗ္ဗာန်နဲ့ သံသရာဟာ ကွဲပြားခြင်းမရှိဘူးလို့တော့ လုံးထွေးပြီး မှတ်ချက်ချလို့မရပါဘူး၊ တည်နေရာချင်း မကွဲပြားပေမယ့် ဖြစ်ချိန်ခြင်း ၊ ဖြစ်ရပ်အခြေအနေခြင်းက ကွဲပြားပါတယ်။ သူတို့က “သံသရာ” လို့သုံးတဲ့ ဒုက္ခတရားဖြစ်နေချိန် ဒီခန္ဓာကိုယ်ကြီးထဲက နာမက္ခန္ဓာတွေက သင်္ခါရတရားတို့ကိုသာ အာရုံပြုပြီး သိရှိခံစားမှတ်သား ကြံစည်နေကြတာပါ။ နိဗ္ဗာန်ကို အာရုံပြုချိန်မှာတော့ အဲဒီသင်္ခါရအာရုံတွေကို အာရုံ မပြုပါဘူး။ ဒါကြောင့် ဖြစ်ချိန်နဲ့ ဖြစ်နေပုံအခြေအနေချင်း ကွဲပြားပါတယ်။

   ဒီအကြောင်းနဲ့ ဆက်စပ်တဲ့စကားကို မြတ်ဗုဒ္ဓဒေသနာစာအုပ်မှာ ဒီစကားရပ်ရဲ့ ရှေ့နားဆီ(စာ-၈၂)မှာ ကျမ်းဆ၇ာကိုယ်တိုင် ပြောထား တာလည်းရှိပါတယ်။ အဲဒီ စာပိုဒ်တွေကိုပြန်ပြီး ဖတ်ကြည့်ပါ။ စာပိုဒ်ထဲမှာ “ဒုက္ခမျိုးစေ့သည် ဒုက္ခတရား ကိုယ်တွင်းသာရှိ၍ အပြင်ပတွင် မဟုတ်ကြောင်း”စတဲ့ စကားရပ်တွေပါတယ်။ အဲဒီမှာ “ဒုက္ခတရား ကိုယ်တွင်း”ဆိုတာ ဒုက္ခလို့သတ်မှတ်ထားတဲ့ ဒီခန္ဓာကိုယ် တွင့်လို့ယူရင် ပိုပြီးအမြင်ရှင်းမယ် ထင်ပါတယ်။ မူလကျမ်းဆရာတော် ဒေါက်တာဝါလ်ပိုလာ ရာဟုလာကတော့ ဒီအဓိပ္ပာယ်ရဲ့ ပါဠိတော်နောက်ခံအဖြစ်နဲ့ တရားအသိရသွားကြတဲ့ အရှင်အညာသိ ကေဏ္ဍညမထေရ်တို့ ဥဒါန်းကျူးခဲ့တဲ့ “ယံကိဉ္စိ သမုဒယ ဓမ္မံ၊ သဗ္ဗံ တံ နိရောဓ ဓမ္မံ” ဆိုတဲ့စကားကို ကိုးကားပါတယ်။ ဖြစ်ပေါ်ခြင်းသေဘာရှိတဲ့ တရားဟူသမျှဟာ ချုပ်ပျောက်ခြင်း သဘောရှိတယ်”လို့ အဓိပ္ပာယ်ရတဲ့ ဒီဥဒါန်းစကားကို “ဖြစ်ပေါ်နေချိန်မှာ သံသရာ(ဒုက္ခ)ဖြစ်တယ်။ အဲဒီဒုက္ခချုပ်ပျောက် နေချိန်ကို နိဗ္ဗာန်လို့ အဓိပ္ပာယ်ဆိုလိုရင်း ဖြစ်တယ်ဆိုပြီး ကျမ်းဆရာကိုယ်တိုင် ရှင်းပြထားပါတယ်။

   မိမိကိုယ်တိုင်လဲ ယဉ်ကျေးလိမ္မာကလေးသင်တန်းတစ်ခုမှာ ဝင်ရောက်ပြီး မေးလျှောက်တဲ့ ဒကာမကြီးတစ်ဦးကို ဒီသဘောမျိုးနဲ့ ရှင်းပြခဲ့ဖူးပါတယ်။ အဲဒီတုန်းက ဒကာမကြီးက မိမိတို့ အနားယူ ချိန်နေ့ခင်း(၁)နာရီသာသာလောက်မှာ မိမိနားနေတဲ့ ကျောင်းဆောင်ကို ရောက်လာတာပါ။ နေပူထဲမှာ လာခဲ့တာဆိုတော့ ချွေးတွေလည်းရွှဲလို့၊ နည်းနည်းလည်း မောနေပုံရပါတယ်။ “ဘာဖြစ်လို့ နေပူကြီး ထဲမှာ ဒုက္ခခံပြီးလာရတာလဲ”လို့ဆိုတော့ “တပည့်တော်က ဝေယျာဝစ္စကုသိုလ်ယူနေရတာ ဖြစ်လို့ သူများတွေတရားနာချိန်မှာ နာခွင့်မရလို့ပါ၊ အခုနားချိန် လေးရတုန်း တရားလေးနည်းနည်း ချီးမြှင့်ပေး ပါ”တဲ့။ ဘယ်လိုတရားလဲ ဆိုတော့ “နိဗ္ဗာန်ရောက်ကြောင်း တရားပါတဲ့၊ ပြီးတော့ “နိဗ္ဗာန် ရချင်ရင် ဘယ်လို အရည်အချင်းမျိုးတွေနဲ့ ပြည့်စုံရမလဲ”ဆိုတာလည်း မေးပါတယ်။ “နိဗ္ဗာန်ကို တကယ်မျက် မှောက် ပြုလိုတဲ့ ဆန္ဒပြင်းပြင်းထန်ထန်ရှိဖို့က အဓိကပါပဲ၊ ဒကာမကြီးမှာ အဲဒီဆန္ဒရှိရဲ့လား”ဆိုတော့ “ဘယ်နှယ့်ပြောပါလိမ့်ဘုရား၊ တကယ်ဆန္ဒရှိတာပေါ့၊ လိုချင်လွန်းလို့ကို အချိန်အား ရတိုင်း ကြိုးစား ရှာဖွေနေတာပါ”တဲ့။

    “နိဗ္ဗာန်ကိုရှာနေတယ်ဆိုတော့ အဲဒီနိဗ္ဗာန်ဘယ်နားမှာ ရှိသလဲဆိုတာကော သိရဲ့လား”ဆိုတော့ “မသိပါဘူးတဲ့”၊ မသိတဲ့အရာကိုလိုက်ရှာနေလို့ ဘယ်တွေ့ပါ့မလဲ၊ ဘယ်မှာရှိတယ်ဆိုတာကို အရင်သိအောင် လေ့လာထားရတယ်”ဆိုတော့ “အရှင်ဘုရားသိရင်ပြောပါ”တဲ့၊ အရှင်ဘုရားက သိတာတော့ မဟုတ်ပါဘူး၊ အဘိဓမ္မာကျမ်းများကို လေ့လာရင်းသဘောပေါက်သလိုလိုရှိတာ ပြောရမယ်ဆိုရင် နိဗ္ဗာန်က ဒကာမကြီးရဲ့ နောက်ကျော ဘက်မှာကပ်လျက်ရှိတယ်”လို့ ပြောရင်း မိမိက လက် ထွာနှစ်ခုကို ဆိုင်ပြလိုက်တယ်။

   ဟောဒီမှာ လက်ထွာနှစ်ခုဆိုင်ထားတာကို တွေ့တယ်မို့လား၊ အဲဒါ တစ်ဘက်က လောက (သံသရာ)၊ တစ်ဘက်က နိဗ္ဗာန်ပဲ၊ သူတို့ချင်းက မျက်နှာချင်းဆိုင်လျှက် ကပ်နေတာနော်၊ အဲဒီမျက်နှာ ချင်းဆိုင်နှစ်ခုရဲ့ အလည်တည့်တည့်မှာဆိုင်လျက် ကပ်နေတာနော်၊ အဲဒီမျက်နှာချင်း ဆိုင်နှစ်ခုရဲ့ အလယ်တည့်တည့်မှာ ကျုပ်တို့အားလုံး ဒကာမကြီးပါ အပါအဝင် လောကသားတွေအားလုံး ရပ်တည် နေကြတာ။ အဲဒါကိုမြင် အောင်ကြည့်၊ အခု ဒကာမကြီး ကိုယ်ရောက်နေတဲ့ နေရာကိုလဲ သိပြီ၊ လောကကိုကျော်လွန်တဲ့ လောကုတ္တရာ နိဗ္ဗာန်ဟာ ဘယ်မှာလဲ ဆိုတာလည်း သိပြီနော်၊ သဘော ပေါက်ရဲ့လား” ဆိုတော့ “သဘောပေါက်ပါတယ်”တဲ့။

  “ကဲ.. ဒါဖြင့် အခု ဒကာမကြီးဘာကို မျက်မှောက်ပြုနေသလဲ။ ဒကာမကြီးရဲံ စိတ်တွေဟာ ဘာကို အာရုံပြုနေသလဲ၊ ဘယ်ဆီစိတ်ရောက်နေသလဲလို့ ပြောတာ။ မိသားစုတွေ၊ ကိုယ့်အိမ်၊ ကိုယ့်နေရာ၊ ကိုယ့်ဆွေမျိုးသားချင်းတွေဆီ ရောက်နေသလား၊ နိဗ္ဗာန်ဆီရောက်နေသလား”ဆိုတော့ “အခုတော့ ကိုယ့်အိမ် ကိုယ့်နေရာတွေဆီပဲ ရောက်နေတာပေါ့”တဲ့။ “ကိုယ်အာရုံပြုနေတာ၊ စိတ်ရောက်နေ တာကို မျက်မှောက်ပြုတယ်လို့ ခေါ်တာပဲ၊ အခု ဒကာမကြီးရဲ့စိတ်တွေ ရပ်ထဲ ရွာထဲဆီ ရောက်နေတယ်ဆိုရင် ဒကာမကြီးဟာ လောကကြီးကို မျက်မှောက်ပြုနေတယ်လို့ ဆိုရမှာပေါ့၊ ဒီဘက်ကိုလေ ဆိုပြီး မိမိက လောကလို့ သတ်မှတ်ထားတဲ့ လက်ထွာကို လှုပ်ပြလိုက်တယ်။ ပြီးတော့ လောကုတ္တရာဖြစ်တဲ့ နိဗ္ဗာန်လို့ ပြောထားတဲ့ လက်ထွာကို လှုပ်ပြပြီး“ ဒီအချိန်မှာ လောကုတ္တရာဖြစ်တဲ့ နိဗ္ဗာန်က ဘယ်မှာရောက်နေမလဲ”ဆိုတော့ ရယ်ကျဲကျဲလုပ်နေပြီး “အဲလိုဆိုတော့ နိဗ္ဗာန်က ကျော ဘက်ရောက်နေမှာပေါ့”တဲ့။

   အေး… ဒကာမကြီးက လောကဘက်ကို မျက်မှောက်ပြုနေသမျှ လောကုတ္တရာဖြစ်တဲ့ နိဗ္ဗာန်က ကျောဘက်မှာ ရောက်နေမှာပဲ၊ အဲလိုဆိုရင် ဒကာမကြီး နိဗ္ဗာန်ကို တကယ်ပဲ အခုချက်ချင်း မျက်မှောက်ပြုချင်တယ်ဆိုရင် ဘာလုပ်ရမလဲ သိပြီလား၊ လောကအာရုံကို မျက်မှောက်ပြုနေတာကို ရပ်ပြီး ကျောခိုင်းကြည့်စမ်းပါ၊ အဲဒီလိုဖြစ်လာရင် စိတ်က နိဗ္ဗာန်ကို အလိုလို မျက်မှောက်ပြုမိ လျှက် သား ဖြစ်မသွားလောက်ပေဘူးလား”ဆိုတော့ “ဒီလိုတောလဲ လွယ်သလိုလိုပဲ”တဲ့။

   ကဲ..ဒကာမကြီး ရောက်ရောက်ချင်းပြောတာ နိဗ္ဗာန်ကို အလွန်မျက်မှောက် ပြုချင်လွန်းလို့ ဟောပြ ပေးပါလို့ တောင်းဆိုခဲ့တာနော်၊ အခု ဟောပြပြီးပြီ၊ နိဗ္ဗာန်ရှိတဲ့ နေရာလဲ သိပြီ၊ နိဗ္ဗာန်ကို မျက်မှောက်ပြုချင်ရင် ဘာလုပ်ရမယ်ဆိုတာလည်း သိပြီမဟုတ်လား။

   နိဗ္ဗာန်ဆိုတာ လူတွေထင်နေကြသလို ဟိုး အဝေးကြီးမှာ ရှိတာမဟုတ်ဘူး။ လူတွေ မျက်မှောက်ပြုနေတဲ့ လောကကြီးနဲ့( ၁၈၀)ဒီဂရီလောက် တိမ်းစောင်းပြီး အာရုံပြုလိုက်ရု့ပါပဲ။ အဲဒီ အချိန်မှာ အိမ်က ဒကာကြီးရော၊ သားသမီးတွေရော ကျောခိုင်းပြီးသား ဖြစ်သွားမှာနော်၊ အဲ.. ဘယ်နှယ့်လဲ နိဗ္ဗာန်ကို အမြန်ဆုံး မျက်မှောက်ပြုချင်တယ်ဆို၊ အခုမျက်မှောက်ပြုတော့လေ”လို့ လည်း ဆိုလိုက်ရော ဒကာမကြီးက ရယ်တော့ မလိုလို၊ ငိုတော့ မလိုလို၊ ဘယ်လို ထားရမှန်း မသိတဲ့ မျက်နှာ ကြီးနဲ့…

    အင်း.. သူတို့အဖေကတော့ အရေးမကြီးပါဘူး၊ ခုလည်း ရိပ်သာမှာပဲ အမြဲတမ်း နိဗ္ဗာန်ဆော် လုပ်နေတာပဲဟာ၊ အိမ်မှာက သမီးနှစ်ယောက် အလွတ်ရှိနေသေးတော့ ကိုယ့်တာဝန်တွေက မကျေ သေးသလိုဖြစ်နေလို့ပါ” ဆိုသလို ဘာလိုလိုနဲ့ တဖြည်းဖြည်း နောက်ကို ရွှေ့သွားပါတယ်။
“ဒကာမကြီးအရင်က ဈေးရောင်းခဲ့တယ်ဆို၊ ကိုယ့်ဈေးဆိုင်မှာ ဝယ်သူက သူကြိုက်သလို ဈေး ဆစ်ကြီးမှ မဝယ်ဘူးဆိုပြီး ထပြန်သွားရင် ဘယ်လိုပြောမလဲ”လို့ ပြောလိုက်တော့ နည်းနည်းတန့်သွား ပြီး လက်သည်းနဲ့ ကြမ်းကို ကုတ်သလိုလို၊ အပြင်မှာပဲ အရေးကြီးတဲ့ကိစ္စရှိသလိုလိုနဲ့ လှမ်းကြည့်နေပါ တယ်။

    မဝယ်ဘဲနဲ့ နင်းကန်ဈေးဆစ်နေကြတာဟာ ဈေးဖျက်တာပဲလို့ ပြောတယ်မဟုတ်လား၊ မြတ်စွာ ဘုရားဟောခဲ့တဲ့ နိဗ္ဗာန်တရားတော်ကြီးကလဲ ဒီအတိုင်းပါပဲဗျာ၊ မဝယ်နိုင်ဘဲနဲ့ ဈေးလာလာ ဆစ်နေ ကြတာ၊ ကြာတော့ နိဗ္ဗာန်ဈေး ပျက်ပျက်လာနေတယ်၊ တော်ကြာရင် “နိဗ္ဗာန်တွေ အလကားရမယ် နော်”လို့များ အော်ရောင်းနေရတဲ့ အခြေအနေတောင် ရောက်သွားမလား မပြောတတ် တော့ဘူး။ နောက်ဆိုရင် မဝယ်နိုင်ဘဲနဲ့တော့ ဈေးမဆစ်တော့နဲ့နော်” ဆိုတော့ ဒကာမကြီးလဲ ယောင်ရမ်းပြီး “တင်ပါ နောက်တော့ ဝယ်မှာပါ ဘုရား”လို့ ပြောရင်း ဦးမြန်မြန်ချပြီး ထပြန်တော့တာပဲ။

   သူတံခါးဝရောက်တော့မှ မိမိက “အေးဗျာ ပွင့်တော်မူသမျှ ဘုရားအဆူဆူကလဲ “နိဗ္ဗာန်ကို မျက်မှောက်ပြုရမယ်”လို့ချည်း ဟောတော် မူသွားကြတယ်။ ဒီဘုရားရှင်တွေ ဟောခဲ့သမျှ နိဗ္ဗာန် မဂ် ဖိုလ် ရက်တိုတိုနဲ့ ရ ရ ရောက်ရ ပါလို၏”ဆိုတာတွေ ဆုမတောင်းတော့နဲ့၊ “နိဗ္ဗာန်ကို နောက်စေ့နဲ့ ပြုလို့ရတယ်လို့ဟောပေးမယ့် ဘုရားရှင်မျိုးနဲ့ တွေ့ရပါလို၏” လို့သာ ဆုတောင်းနော်၊ ကြားလား” လို့လည်း ဆိုလိုက်ရော ဒကာမကြီးလဲ မျက်နှာပူလို့လား၊ အရေးကြီးလို့လားတော့မသိဘူး နောက်ကို ပြန်မကြည့်တော့ဘူး တစ်ခါတည်း လစ်တော့တာပဲ။

   အမှန်ကတော့ အဲဒီဒကာမကြီးကို ပြောတာတွေဟာ ရယ်စရာစကားမျိုး မဟုတ်ပါဘူး၊ နိဗ္ဗာန်နဲ့ သံသရာတို့ရဲ့ ခြားနားချက်က အာရုံအနေ နဲ့(၁၈ဝ)ဒီဂရီသာကွာတယ်လို့ပဲ ပြောရမှာ၊ ဘေးထွက်ပြီး အထူးရှာရမှာ မဟုတ်ဘူး၊ ဒီဒုက္ခခန္ဓာကြီးထဲမှာပါပဲ။ သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ= အကျဉ်းချုပ် အနေနဲ့ပြောရရင် အစွဲဥပါဒါန်တွေနဲ့ ဖွဲ့နှောင်ထားတဲ့ ခန္ဓာငါးပါးဟာ ဒုက္ခဖြစ်တယ်”လို့ မြတ်ဗုဒ္ဓက ဟောတော်မူထားတယ်မို့လား။ အဲဒီထဲက “အစွဲဥပါဒါန်”ဆိုတဲ့ အနှောင်အဖွဲ့ကြီးကို ဖယ်ရှားလိုက်ရင် ဒုက္ခဆိုတာလဲ ဖယ်ရှားပြီးဖြစ်သွားမှာပါ။

  ဒီလိုဆိုရင် အစွဲဥပါဒါန်ကင်းစင်သွားတဲ့အခါ ခန္ဓာငါးပါးကြီးဟာ ဒုက္ခချုပ်ငြိမ်းနေတဲ့ ခန္ဓာကြီးဖြစ် မသွားပေဘူးလား။ မောင်ရင်တို့ ဖတ်တဲ့စာအုပ် ကိုရေးတဲ့ ဆရာတော်ကလည်း ဒါကိုပြောပြချင်တာပါ။ ကဲ မောင်ရင်တို့လည်း နိဗ္ဗာန်ကို ဈေးလာလာဆစ်မနေကြတော့နဲ့၊ နောက်ဆုံးတော့ မျက်မှောက်ပြုလို ကြတာ မဟုတ်ဘူး၊ နောက်စေ့နဲ့ပြုပဲ ပြုလိုကြတဲ့ အစားထဲပါနေမှာပဲမဟုတ်လား။ ကဲ… ဒါဆိုတော်ကြ စို့။
နိဗ္ဗာန်ကို နောက်စေ့ပြုလိုစိတ်များ ကင်းဝေးကြစေသော်….။     ။

ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)