Friday, September 28, 2012

"မကျန်းမာခြင်းသည် လာဘ်နှစ်ပါး"


 "မကျန်းမာခြင်းသည် လာဘ်နှစ်ပါး"

" အာရောဂျ ပရမာ လာဘာ = လာဘ်တကာတို့ထက် ကျန်းမာခြင်းက သာလွန်တယ် " ဆိုတဲ့ ဒေသနာစကားက ဗုဒ္ဓဘာသာဝင်တိုင်းနဲ့ ရင်းနှီး ကျွမ်းဝင် ရှိပြီးသားဖြစ်မှာပါ။ "ကျန်းမာခြင်းသည် လာဘ်တစ်ပါး" ဆိုတဲ့ မြန်မာဆိုရိုးစကားဟာလည်း ဒီဒေသနာစကားကိုပဲ အကြောင်းပြုပြီး ဖြစ်ပေါ်လာဟန် ရှိပါတယ်။
ကျန်းမာခြင်းဟာ လာဘ်တစ်ပါးလို့ပြောမယ်ဆိုရင် မိမိကိုယ်တွေ့အနေနဲ့တော့ "မကျန်းမာခြင်းသည် လာဘ်နှစ်ပါး"လို့တောင်ဆိုလိုက်ချင်ပါတယ်။ မိမိရဲ့ကိုယ်တွေ့အနေနဲ့သာ မဟုတ်ပါဘူး။ မြတ်ဗုဒ္ဓ လက်ထက်တော်က ဖြစ်ရပ်ကို ထောက်ရှုကြည့်ရင်လဲ ဒီလိုပဲပြောရမလို ထင်ပါတယ်။

  မြတ်ဗုဒ္ဓလက်ထက်တော်တုန်းက ရဟန်းတစ်ပါး ဝမ်းလားတဲ့ဝေဒနာနဲ့ အိပ်ရာမှာလဲနေပြီး ကူညီ ပြုစုမယ့်သူမရှိဘဲဆင်းရဲဒုက္ခရောက်နေတာကို မြတ်စွာဘုရားရှင်ကြားသိတော်မူတော့ ကိုယ်တော်တိုင် ကြွရောက်ပြီး အညစ်အကြေးတွေကိုဆေးကြောသုတ်သင် ပြုစုတော်မူခဲ့တယ်။ ဒါကို ရဟန်းတော် များကမြင်တော့ ဘုရားရှင်ကို ဝိုင်းဝန်းကူညီရင်း ဂိလာနရဟန်းကို  ပြုစုကြပါတယ်။ ဒီဖြစ်ရပ်ကို အကြောင်းပြုပြီးတော့ ဘုရားရှင်က "ဘယ်ပုဂ္ဂိုလ်မဆို ငါဘုရားရှင်ကို လုပ်ကျွေးပြုစုလိုရင် ဂိလာန ပုဂ္ဂိုလ်ကို လုပ်ကျွေးပြုစုကြ။ ဂိလာနပုဂ္ဂိုလ်ကို လုပ်ကျွေးပြုစုခြင်းဟာ ငါဘုရားရှင်ကို လုပ်ကျွေး ပြုစုတာနဲ့အတူတူပဲ" လို့ မိန့်ကြားတော်မူပါတယ်။

   ဒီသြဝါဒစကားတော်ကြောင့်ပဲ ဗုဒ္ဓဘာသာလောကမှာ ဂိလာနကို လုပ်ကျွေးပြုစုခြင်းဟာ မြတ်ဗုဒ္ဓ အလိုကျ အရေးပါတဲ့ ကုသိုလ်တစ်ခုအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။ မြတ်ဗုဒ္ဓ ချမှတ်ခဲ့တဲ့ ဒီအစဉ်အလာကောင်းဟာ ထေရဝါဒဗုဒ္ဓဘာသာဝင်တို့အတွင်းမှာသာမက မဟာ ယာနဗုဒ္ဓဘာသာဝင်တို့ အတွင်းမှာလဲ အလေးထားတဲ့ အစဉ်အလာကောင်းတစ်ခုအဖြစ် လေးစား လိုက်နာကြပါတယ်။

   လော့စ်အိန်ဂျလိစ် (L.A) လို့ခေါ်ဆိုတဲ့ မြို့များထဲက Alhambra ဆိုတဲ့မြို့မှာ တိုင်ဝမ်က မဟာယာနဗုဒ္ဓဘာသာဝင်သီလရှင်တစ်ဦး ကြီးမှူးဖွင့် လှစ်ထားတဲ့ ကုသိုလ်ဖြစ်ဆေးခန်းတစ်ခု ရှိပါတယ်။ ဒီဆေးခန်းမှာ ဆရာဝန်များကလဲ အလှည့်ကျ စေတနာ့ဝန်ထမ်း ကူညီကုသ ပေးကြတယ်။ မြန်မာများထဲက ဒေါက်တာဗျူတီဆွေကလဲ အဲဒီမှာ ကုသိုလ်ဖြစ်အလှည့်ကျ ကုသပေးနေတာမို့ မိမိဒူးနာတဲ့အခါ ကျန်းမာရေး စောင့်ရှောက်မှု အာမခံလက်မှတ် (Medical Insurance ) မရှိတဲ့ မိမိကိုလဲ အဲဒီဆေးခန်းမှာပဲ ခေါ်ယူစစ်ဆေး ကုသပေးပါတယ်။

   အဲဒီဆေးခန်းရဲ့ ဧည့်သည်များစောင့်ဆိုင်းနားနေတဲ့အခန်းရဲ့ မျက်နှာစာမှာ အိပ်ရာထဲလဲနေတဲ့ ရဟန်းတစ်ပါးကို ရဟန်းလေးငါးပါးလောက်က ဖေးမပြုစုပေးနေတဲ့ ပန်းချီကားချပ်ကြီးတစ်ခု ချိတ်ဆွဲထားပါတယ်။ ပုံကိုမြင်လိုက်ကတည်းက မြန်မာနိုင်ငံက ဇီဝိတဒါနဆေးရုံတွေမှာ တွေ့ရလေ့ရှိတဲ့ မြတ်ဗုဒ္ဓရဲ့ ဂိလာနရဟန်းကို ပြုစုပေးနေပုံမျိုးပဲလို့ သဘောတော့ ပေါက်လိုက်မိတယ်။ ပုံထဲမှာက ရဟန်းတော်နှစ်ပါးက ဂိလာန ရဟန်းကို ဖေးမတွဲထူပေးနေပြီး နံဘေးမှာ ရဟန်းနှစ်ပါးက ရေတကောင်းနဲ့ ရေခွက်ကို ကိုင်ထားကြပါတယ်။ ခေါင်းရင်းမှာ ရဟန်းတော် တစ်ပါးက ဂိလာနရဟန်းကို ညင်ညင်သာသာကိုင်ရင်း ကြည့်ရှုအားပေးနေတဲ့ပုံပါ။

    သေသေချာချာကြည့်လိုက်တော့မှ ခေါင်းရင်းကရဟန်းတော်ပုံက တခြားရဟန်းများထက် အရပ်လဲ နဲနဲပိုမြင့်တယ်။ မျက်နှာတော်လဲ သပ္ပါယ်ကြည်လင်ပြီး ဂိလာနရဟန်းကိုလဲ ကြင်နာတဲ့ အကြည့်နဲ့ ကြည့်ရှုပြီး နှုတ်က တစ်စုံတစ်ရာကိုပြောပြနေဟန်နဲ့၊ ပြီးတော့ ဦးခေါင်းတော် တစ်ဝိုက်မှာ ရောင်ခြည်တော်ဝန်းလို အဝန်းအဝိုင်းတစ်ခု ခပ်ဖြူဖြူ ခပ်ရေးရေးလေးပါနေတာကို ကြည့်ပြီး ဘုရားရှင်ရဲ့ပုံတော်လို့ သဘော ပေါက်လိုက်ရပါတယ်။ ဘယ်လိုပဲပုံဖေါ်ထားထား ဘုရားရှင်ရဲ့ ဂိလာန ရဟန်းကို ပြုစုခဲ့ပုံဟာ ထေရဝါဒမှာရော၊ မဟာယာနမှာပါ ခုချိန်အထိ အစဉ်အလာကောင်း၊ စံနမူနာကောင်းတစ်ခုအဖြစ်နဲ့ အလေးထား၊ အတုယူ လိုက်နာကြဆဲ ဖြစ်တယ်ဆိုတာကတော့ ထင်ရှားပါတယ်။

   ဒါကြောင့် မြတ်ဗုဒ္ဓခေတ်က ဘုရားရှင်ရဲ့ပြုစုခြင်းကိုခံယူရတဲ့ ဂိလာနရဟန်းတော်ရဲ့ မကျန်းမာခြင်းဟာလဲ သူတစ်ဦးတည်းအတွက် ကျန်းမာခြင်းဆိုတဲ့ လာဘ်တစ်ပါးသာမက နောင်လာနောင်သား ဂိလာနပုဂ္ဂိုလ်များအတွက်လဲ အစဉ်အလာကောင်းတစ်ရပ်အဖြစ်နဲ့ "အကြင်နာပေါင်း" ဆိုတဲ့လာဘ်ကြီး ကိုရစေခဲ့တာဖြစ်လို့ သူ့ရဲ့မကျန်းမာခြင်းဟာ "လာဘ်နှစ်ပါး" ဒါမှမဟုတ် "လာဘ်အများ " လို့ ဆိုနိုင် လောက် တယ်ထင်ပါတယ်။

ဒီအကြောင်းကိုစဉ်းစားမိခဲ့တဲ့ မိမိရဲ့ကိုယ်တွေ့ဖြစ်ရပ်တစ်ခုဆိုတာကိုလဲ နဲနဲပြောပါဦးမယ်။
မိမိရဲ့ ညာဘက်မျက်စိမှာရှိတဲ့ အတွင်းတိမ်ကို လော့စ်အိန်ဂျလိစ်ဧရိယာထဲက Alhambra ဆေးရုံမှာ လေဆာနဲ့ကုသဖို့စီစဉ်ကြပါတယ်။ မျက်စိက ကြည့်လိုက်ရင် ဆံခြည်ထွေးလိုလို မြူလိုလို အရာတစ်ခုက ကာဆီးထားသလိုလိုဖြစ်ပြီး အမြင်မရှင်းခဲ့တာ အတော်ကြာပါပြီ။ မနှစ်က L.A မှာ ဆရာကြီးဒေါက်တာဦးစံအေးနဲ့ပြကြည့်တော့ အတွင်းတိမ်ဖြစ်နေတယ်၊ နဲနဲနုသေးလို့ နောက်ထပ် ခြောက်လလောက်နေမှ ထုတ်လို့ရမယ်လို့ သိခဲ့ရပါတယ်။

   အမေရိကန်မှာကဆေးကုသခွင့်အာမခံကဒ် (Medical Insurance)မရှိရင် ဆေးကုသစရိတ်က အလွန်ကြီးမားပါတယ်။ မြန်မာပြည်မှာလဲ ဒီလိုလေဆာရောင်ခြည်နဲ့ကုသမှုမျိုး လုပ်နိုင်နေပြီဖြစ်လို့ မြန်မာပြည်ရောက်မပဲ ကုတော့မယ်လို့ဆုံးဖြတ်ထားတာပါ။ L.A မှာရှိတဲ့ မြန်မာဆရာဝန်များရဲ့ စုပေါင်းဆွမ်းကပ်တရားပွဲတစ်ခုမှာ ဒီအကြောင်းစပ်မိကြတော့ ဒေါက်တာမောင်မောင်ဦးက မျက်စိကုသရေး အတွက်သူတို့ပဲ တာဝန်ယူပါမယ်၊ ဒီ (U.S.A) ကိုပဲ ပြန်လာကုပါလို့ ဝိုင်းပြောကြတာနဲ့ ဒီနှစ်မှာနောက်တစ်ခေါက်ပြန်လာပြီး ကုသဖို့စီစဉ်ကြတာပါ။

   ကုသပေးမယ့်ဆရာဝန်ကတော့ ဒေါက်တာမောင်မောင်ဦးတို့မိဘများကို ကုသပေးတဲ့ ဗီယက်နမ် ဆရာဝန်မ Dr. Linda Vu ဖြစ်ပါတယ်။ ခွဲစိတ်ကုသဖို့အတွက် သွေး၊ ဆီးစတဲ့ လိုအပ်တဲ့စစ်ဆေးမှု များကိုတော့ ဒေါက်တာမောင်မောင်ဦးနဲ့ ဇနီးဒေါက်တာအက်ဒ်နာတိုက်ကွဲလ် တို့ရဲ့ဆေးခန်းမှာပဲ ပြုလုပ်ပါတယ်။ ကုသစရိတ်အားလုံးကိုလဲ သူတို့မိသားစုကပဲ ကုသိုလ်ယူကြမှာ ဖြစ်ပါတယ်။

မျက်စိကုသနိုင်ဖို့အတွက် အမေရိကန်ကိုလာဖို့ စပွန်စာ (Sponsor) ကိစ္စကစပြီး အလုပ်ပိတ်ရက် မဟုတ်တဲ့ ကြားရက်တွေမှာ ဆေးခန်းပြဖို့ သွားရေးလာရေး စတဲ့ကိစ္စအဝဝကိုတော့ ဘော်ဒွင်ပတ်ခ် (Baldwin Park)မြို့  ဓမ္မဇောတိကျောင်းဆရာတော် အရှင်ဂုဏိဿရက အစစ တာဝန်ယူဆောင်ရွက် ပေးပါတယ်။
 အဲ... လာဘ်နှစ်ပါးဖြစ်ပုံကတော့... မိမိမျက်စိကုသရမယ်ဆိုတဲ့အကြောင်းက မိမိသင်တန်း လှည့်လည်ပြခဲ့တဲ့ နေရာအသီးသီး ကမြန်မာများ ဆီကိုလဲ ပျံ့နှံ့သွားပုံရပါတယ်။ ဟိုကဒီက ဆေးဖိုး လှူဒါန်း လိုသူတို့၊ မေတ္တာပို့သသူတို့က ဆက်သွယ်ပြောကြားလာကြတယ်။

   ဒီအထဲမှာ တချို့က မိမိနဲ့ တွေ့တောင်မတွေ့ဖူးဘူးတဲ့ ပုဂ္ဂိုလ်တွေလဲပါပါတယ်။ သူတို့တတွေ ဘယ်လို နည်းနဲ့မိမိအပေါ် အခုလိုစေတနာ ပေါက်လာကြတာပါလိမ့်လို့စုံစမ်းကြည့်တော့ ပေါ့တလန်မြို့၊ သီရိမင်္ဂလာကျောင်းဆရာတော် အရှင်သိရိန္ဒက သူ့ရဲ့ www.ashinsirinda.com "မေတ္တာဥယျာဉ်" ဝက်ဘ်ဆိုက်မှာ မိမိရေးတဲ့ ဓမ္မဆောင်းပါးတွေ၊ တရားခွေနဲ့ ပဋ္ဌာန်း၊ ဓမ္မစကြာသင်တန်းပို့ချချက်တွေ လွှင့်တင်ထားလို့ နာယူ ဖတ်ကြားကြရတဲ့အတွက် ကျေးဇူးကြီးလို့ပါဆိုတဲ့အကြောင်း ပြောလာကြပါတယ်။ "အော်...ကိုယ့်ရဲ့ ကံမျိုးစေ့ကလေးတွေ မေတ္တာဥယျာဉ်မှာ အတော်လေးပေါက်ရောက် ရှင်သန်အောင်မြင်နေကြ ပါပကော" လို့တွေးရင်း မေတ္တာဥယျာဉ်မှူးကိုလဲ အကြိမ်ကြိမ်သာဓုခေါ်ပြီး မေတ္တာတုံ့ပြု လိုက်မိပါတယ်။

    မိမိအနေနဲ့ "မေတ္တာပို့သပါတယ်" ဆိုသူများကို ကျေးဇူးတင်သာဓုခေါ်ပါကြောင်းပြန်ကြားပြီး၊ နဝကမ္မ လှူလိုသူ များကိုတော့ မိမိအနေနဲ့ ဆေးကုသစရိတ်မပေးရလို့ လက်မခံပါရစေနဲ့၊ စေတနာထားတဲ့ အတွက် သာဓုခေါ်ပါတယ်ဆိုတဲ့အကြောင်း ပြန်ပြောပြခဲ့ပါတယ်။ ဒီလိုတားတဲ့ကြား ကပဲ သုံးလေးဦး ကတော့ သူတို့ဆုံးဖြတ်ထားပြီးဖြစ်လို့ လိုရာသုံးပါဆိုပြီး လှူလာကြပါသေးတယ်။

    ဒီအကြောင်း စာရေးဆရာကံထွန်းသစ်ဆီဖုန်းဆက်ဖြစ်တဲ့အခါ "အေးဗျာ... မကျန်းမာဘူးဆိုမှ အခုလို လှူဒါန်းသူတွေ၊ မေတ္တာထားကြသူ တွေကိုတွေ့လာသိလာရတယ်၊ မကျန်းမာခြင်းသည်လာဘ်နှစ်ပါးလို့ တောင် ဆိုရမလိုဖြစ်နေပြီ " လို့ပြောမိတော့ "အား... ကောင်းသားပဲ၊ ဒီခေါင်းစီးနဲ့ ဒီအကြောင်း စာတစ်ပုဒ်လောက်ရေးပါလား" လို့ တိုက်တွန်းတဲ့အတွက် အခုလို ရေးဖြစ်သွားခဲ့တာပါ။

   
   ဒီစာကို ဒီလိုခေါင်းစီးအမည်ပေးလိုက်တာဟာ အနီးကပ်ဖြစ်တဲ့အကြောင်းအကျိုးကိုပြောဆိုစပ်မိရာက လောကဓံကို အံတုသရော်လိုတဲ့ သဘောမျိုးနဲ့သာ ပေးလိုက်တာပါ။ တကယ်တန်းဆန်းစစ်ကြည့်မယ် ဆိုရင်တော့ မိမိရဲ့မကျန်းမာခြင်းဟာ သူတို့တတွေအခုလို စေတနာ ပေါ်ပေါက် လာရခြင်းရဲ့ အနီးကပ် အကြောင်းတရားသာ ဖြစ်ပါတယ်။ တကယ့်အခြေခံအကြောင်းတရားကတော့ မိမိရဲ့ ဓမ္မဆိုင်ရာ ပို့ချ၊ ရေးသား၊ ဟောကြားမှု များသာဖြစ်လို့ ဒါဟာ မြတ်ဗုဒ္ဓဟောညွှန်ခဲ့တဲ့ ပရိယတ်၊ ပဋိပတ်ဆိုတဲ့ တာဝန်နှစ်ရပ်ထဲက ပရိယတ်တာဝန်ကို အထိုက်အလျှောက် ကျေပွန်ခဲ့တဲ့ အတွက်ကြောင့်လို့ပဲ ဆိုရမှာပါ။

   ဒီလိုဖြစ်ပေါ်ရရှိလာတာဟာ "ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရိံ = တရားကျင့်သူကိုတရားက ပြန်လည် စောင့်ရှောက်တယ်" ဆိုတဲ့ ဓမ္မနိယာမ၊ ကမ္မသတ္တိအတိုင်းသာဖြစ်လို့ ဒီအကြောင်းအရာရဲ့ခေါင်းစီးကို အလျှော်အနေနဲ့ဆိုရင် "တရားကျင့်ခြင်းသည် လာဘ်အများ"လို့ ပေးရရင် ပိုပြီးလျှော်ကန် သင့်မြတ်မယ် ထင်ပါတယ်။

ဓမ္မကို စွမ်းနိုင်သလောက်ကျင့်သုံးနိုင်ကြပါစေ။

(စာကြွင်း ။ မိမိရဲ့ညာဘက်မျက်စိကို ၂ဝ၁၂ခု စက်တင်ဘာလ ၁၃ရက်နေ့က လေဆာကုသနည်းနဲ့ အောင်မြင်စွာ ကုသကောင်းမွန်သွားပါပြီ။  ကုသိုလ်ရှင်၊ စေတနာရှင်အားလုံးတို့ကို ဒီစာနဲ့ ကျေးဇူးတုံ့ပြု လိုက်ပါတယ်။)

ဓမ္မဘေရီအရှင်ဝီရိယ